မြေစာမြက်ကလေးများ...


“အနူး. အိမ်ပြန်ချင်တယ်.. ဒီမှာ မနေချင်ဘူး။ ပြန်ရအောင်… ကျွန်တော် ကျောင်းမတက်ရတာလည်း ကြာပြီ။ စာမေးပွဲလည်း ဖြေရဦးမှာ။ ကျောင်းမတက်ရင် စာမေးပွဲ မဖြေရဘဲ နေတော့မယ်”

ကလေးအငယ်ကောင်ကို ပွေ့ကာ နို့တိုက်နေသည့် မထုဘူမှာ မသိသားဆိုးဝါးစွာဖြင့် ဘေးနားကနေ တစ်တွတ်တွတ်နှင့် ဂျီတိုက်နေသည့် သားအကြီးကောင် ဂမ်ရှောင်ကို စိတ်မရှည်စွာ မျက်မှောင်ကုတ်ပြီး ကြည့်နေမိရင်း သူ့ခေါင်းကို လက်သီးဖြင့်ထုတော့မည်ဟန်ပြင်လိုက်ပြီးမှ သတိဝင်လာကာ လက်ကို ပြန်ရုတ်လိုက်ရသည်။ “အင်းလေ ကလေးက ဘယ်နားလည်ပါ့မလဲ.. သူဖြစ်ချင်တာသာ သိသည်ဘဲလေ” ဟု ပြန်တွေးမိသောကြောင့် ဖြစ်လေသည်။ “နောက်တော့ ပြန်ရမှာပေါ့. အခုတော့ ဘယ်လိုပြန်လို့ ဖြစ်မှာလဲ။ အနူးတို့ ရွာတွေဘက်မှာ စစ်ဖြစ်နေတယ်လေ။ ပြန်သွားရင် အနူးတို့ ဒုက္ခရောက် ကုန်မှာပေါ့၊” ဟုသာ ဂမ်ရှောင်ကို ပြန်ပြောလိုက်သည်။ 

“အဲဒီ စစ်ကလည်း ဘာဖြစ်လို့ ဖြစ်နေကြတာလဲ၊ ကျွန်တော်တို့ ကျောင်းလည်း မတက်ရတော့ဘူး၊ ဒီမှာနေရတာ အရမ်းချမ်းတယ်.. အိမ်ဘဲပြန်ချင်တယ်။ အဝါး( အဖေ) ကလည်း ခုထိ ပြန်မလာသေးဘူး” ဟု ရေရွတ်နေရင်းက သူ့သူငယ်ချင်းများ ဆော့ကစားနေသော နေရာကို ထထွက်သွားတော့သည်။ 

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing





ဂမ်ရှောင်နှင့် ကလေးများ ဆော့ကစားနေကြသည်ကို ငေးကြည့်ရင်း မထုဘူတစ်ယောက် ဝမ်းနည်းနေမိသည်။ လူပေါင်း ၅၀၀ခန့် ခိုလှုံနေထိုင်နေရသော ဒီနေရာကို ရောက်နေသည်မှာ တစ်လခန့် ရှိနေပြီ။ မထုဘူတို့ သားအမိနှင့်အတူ ရွာကိုစွန့်ပစ်ပြီး ထွက်ပြေးလာသူများမှာ မထုဘူတို့ တစ်ရွာလုံးသာမက ထိုအနီးနားရှိ အခြားသော ရွာက လူတွေပါ ဒီနေရာလေးကို ရောက်လာကြသောအခါ သူမတို့ ခိုလှုံနေရသော ဂိုဒေါင်ကြီးတစ်ခုလုံးမှာ နောက်ထပ် လူအတွက် နေရာပင် မရှိတော့အောင် ပြည့်ကြပ် ညှပ်လို့ နေလေတော့သည်။ သူမတို့ဒီနေရာရောက်အောင် ရွာထဲမှ မိသားစုများ အားလုံး အထုပ်အပိုးများ ကိုယ်စီလွယ်ပိုးကာ ၂ရက်တိတိ လမ်းလျှောက်လာခဲ့ရသည်။ မြစ်ကြီးနားတွင် အမျိုးများရှိသော်လည်း သွားဖို့ရန် လမ်းခရီး ဝေးကွာလွန်းသည့် အပြင် လမ်းတစ်လျောက် စစ်ပွဲများဖြစ်နေသည့်အတွက် နယ်စပ်ဖက်သို့သာ တောလမ်း အသွယ်သွယ် ရှောင်ကာ ကွင်းကာဖြင့်  ရောက်လာကြရသည်။ 


Image Hosted by PicturePush - Photo Sharing

ဆန်မှအစ အိမ်တွင်ရှိသည့် စားသောက်စရာ အချို့နှင့် ၊ အဝတ်အထည်၊ စောင်အိပ်ရာခင်း စသည်တို့ကို ကလေးများပင် မကျန်နိုင်သလောက် သယ်ပိုး  ယူဆောင်လာကြသော်လည်း ရက်ကြာလာသည့်အခါ စားစရာဆန်မှာ လျော့နည်းလာကာ မရှိသလောက် ဖြစ်လာသည်။ အဆိုးဆုံးမှာ အိပ်ရာခင်း၊ စောင် စသည်တို့မှာ ထူထူထဲထဲ သယ်မလာနိုင်သည့်အတွက် ဒီဇင်ဘာလ၏ ဆောင်းရာသီကို အံတုဖို့ ခက်ခဲလွန်းလှသည်။ ဂိုဒေါင်တွင်းရှိ ကွန်ကရိခင်းထားသော ကြမ်းပြင်သည် အိပ်ရာခင်း ပါးပါးလေးသာ ခင်းထားနိုင်သောကြောင့် ညအချိန်တွင် ကျောပြင်တစ်လျှောက် ရေခဲတမျှ အေးခဲနေစေတော့သည်။ 




ပါလာသည့် စောင်ပါးကလေးနှစ်ထည်မှာ   ဘယ်လိုမှ အချမ်းမပြေနိုင်သော်လည်း ကလေးတွေကို ဦးစားပေးကာ ခြုံစေရသည်။ ဂိုဒေါင် အမိုးပေါ်တွင် ဖောက်ဖောက် မြည်အောင် ကျဆင်းနေသော ဒီဇင်ဘာည၏ နှင်းတို့ကလည်း စစ်ကြောင့် ထွက်ပြေး ပုန်းရှောင်လာရသူ များကို အညှာ အတာမဲ့စွာ နှိပ်စက်နေလေသည်။ ထိုအချိန်များတွင် အေးလွန်း၍ အိပ်မရသော လူကြီးတစ်ချို့ အပြင်တွင် မီးပုံကြီးဖိုကာ ငုတ်တုတ် ထိုင်နေကြရသောကြောင့် မထုဘူပါ မီးပုံဘေး သွားသွားထိုင်နေရသည်မှာ အမြဲလိုလိုပင်။ တဖြေးဖြေး ပိုပိုချမ်းလာသော တောင်ပေါ်ဒေသ၏ ဒီဇင်ဘာဆောင်းကို အံတုဖို့ရာက စောင်များများ မပါလာသော သူများအတွက် အခက်တွေ့ရတော့သည်။ မီးပုံဘေးတွင် ထိုင်သာ နေနေရသော်လည်း အဆက်မပြတ် ကျဆင်းလာသော နှင်းများကြောင့် ခေါင်းပေါ်တွင် ရွှဲရွှဲစိုနေလေတော့သည်သာ။ 

Image Hosted by PicturePush - Photo Sharing


စစ်ပွဲ သတင်းများကြောင့်  ရွာကလေးဆီမှာ အလျင်စလို ထွက်ပြေးလာရသည့်အခါ အခြား အရေးကြီးသော ဆန်နှင့် ရိက္ခာများ ဦးစားပေး သယ်လာရသဖြင့် စောင်များများနှင့် အဝတ်အထည်များများ သယ်ဖို့ မဖြစ်နိုင်ခဲ့သဖြင့် နိုင်သလောက်သာ နောက်လွယ်( ပလိုင်းများ) ဖြင့် သယ်ယူလာကြရသည်။ ကလေးများပင် အထုပ်အပိုးနှင့် တစ်နိုင်သယ်ကာ ၂ရက်ခရီးကို လမ်းလျှောက်ရင်း စစ်မြေပြင်ဖြစ်လာမည့် လမ်းကြောင်း တစ်လျှောက် ရှိနေသော ရွာများမှ ထွက်ပြေးလာခဲ့ရသည်။ တစ်လနီးပါးကြာလာတော့ ခိုလှုံနေသည့် ဂိုဒေါင်ကြီးနှင့် ၈မိုင်ခန့် ဝေးသော ရွာကလေးဆီ လိုအပ်တာ လေးတွေကို သွားသွား ဝယ်ရသည်မှာလည်း ပါလာသည့် ငွေစအနည်းငယ်လေးမှာ ကုန်သလောက်ရှိလေပြီ။ ဂိုဒေါင်တွင် နေရာ မရှိတော့သည့်အတွက် တောင်စောင်းတစ်လျှောက် တဲထိုးကာ နေကြရသူများလည်း ရှိသေးသည်။ ထိုအထဲတွင် မထုဘူ ညီမတို့ မိသားစုလည်း အပါအဝင်ဖြစ်သည်။
 

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ဒီကာလအတွင်းမှာ မထုဘူအတွက် စိတ်မကောင်းအဖြစ်ရဆုံးမှာ ဂမ်ရှောင်လေး ကျောင်းမတက်ရတော့ တာဘဲ ဖြစ်သည်။ သူမတို့ ငယ်ငယ်တုန်းက ယခု နေထိုင်သည့် ရွာတစ်ဝိုက်သည်လည်း စစ် မကြာခန ဖြစ်တတ်သည့် နယ်မြေ ဖြစ်သောကြောင့် လမ်းပန်းဆက်သွယ်ရေး အလွန် ခက်ခဲခဲ့သည့် အတွက် ထိုအချိန်တုန်းက ရွာတွင် ကျောင်းပင်မရှိခဲ့ပါ။ သည့်အတွက် မထုဘူမှာ ယခုအရွယ်သာ ရောက်သည် စာတစ်လုံးမှ မဖတ်တတ်ခဲ့ပါသည်။ တောင်ယာလုပ်၊ ဝက်မွေး၊ တောတောင်ထဲ ဟင်းသီးဟင်းရွက်ရှာ ဘဝဖြင့် ကြီးပြင်းလာခဲ့ရသည်။ မြစ်ကြီးနားတွင် ရှိနေသော မထုဘူတို့ အမျိုးတစ်ချို့မှာ ပညာတတ် သူများ ဖြစ်ကြပါသည်။ မြစ်ကြီးနားမြို့ကို အလည်သွားသည့် အခါတိုင်း မြို့ ပေါ် မှာ ကောင်းကောင်း မွန်မွန် နေနေရသော ပညာတတ်သည့် သူ့အမျိုးများကို အားကျမိ သည်။ မြစ်ကြီးနား ကို ပြောင်းလာဖို့ အမျိုးများက အကြံပေးကြသော်လည်း တစ်သက်လုံး တောရွာ ကလေးတွင် ကြီးပြင်းလာသော သူမအနေဖြင့် မြို့ပေါ်မှာ မလုပ်ကိုင် မစားတတ် ဖြစ် မည်ကို ကြောက်ရွံ့ မိသဖြင့် မပြောင်းဖြစ်ခဲ့ပါ။ 


မထုဘူ၏ မျှော်လင့်ချက်မှာ ဂမ်ရှောင်ဖြစ်သည်။ သားကို ပညာတတ်ကြီး ဖြစ်စေချင်သည်။ သူမ ငယ်ငယ်က မသင်ခဲ့ရသော ပညာများကို သင်စေချင်သည်။ သားများကို ပညာတတ်ပြီး မြို့ပေါ်မှာ နေထိုင် အခြေချစေချင်မိသည်။ ထို့ကြောင့်လည်း ဂမ်ရှောင် ဒီနှစ် ၄တန်းအောင်ပြီးလျှင် မြစ်ကြီးနားရှိ အဒေါ် တစ်ယောက် အိမ်တွင် ပို့ထားပြီး ကျောင်းကို တက်စေဖို့ ရည်မှန်းထားမိသည်။ ဂမ်ရှောင်လေး မှာလည်း ကျောင်းတက်ရသည်ကို အလွန်ပျော်သည့်ကလေးဖြစ်သည်။ အခြားကလေးငယ်များလို မိဘက တောင်ယာသွား၊ စိုက်ခင်းသွားသည်ကို လိုက်ချင်သည့် ကလေးမျိုး မဟုတ်၊ ချောင်းရေထဲမှာ ဖားရှာ၊ ငါးရှာ ပျော်သည်မျိုး မဟုတ်ဘဲ ကျောင်းသွားဖို့ကိုသာ အင်မတန် စိတ်ပြင်းပြသူ ဖြစ် သည်။ ကျောင်းက သင်ပေးလိုက်သည့် စာကိုလည်း စိတ်ဝင်တစား သင်ယူတတ်သဖြင့် ဂမ်ရှောင်လေးမှာ တစ်နေ့တော့ ဘွဲ့ရ ပညာတတ်ကြီးဖြစ်ဖို့ မထုဘူအတွက်  အကြီးမားဆုံး မျှော်လင့်ချက် ဖြစ်နေတော့သည်။ 

သို့သော် ယခုဖြစ်နေသော စစ်ပွဲများကြောင့် ဂမ်ရှောင်တို့ ကျောင်းမတက်ရသည်မှာ တစ်လကျော်လာပြီ။ ဘယ်ချိန်ပြီးဆုံးမည် မသိသော စစ်ပွဲသတင်းကို စောင့်မျှော်နေရသည်မှာလည်း မောလှပြီဖြစ်သည်။ ရွာမှ ဆရာမများသည်ပင်လျှင် အစောကတည်းက မြို့ပေါ်သို့ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ စစ်ဖြစ်ချိန် ရှည်ကြာပြီး ကျောင်း မတက်လိုက်ရလျှင် စာမေးပွဲလည်း ဖြေဖို့ မဖြစ်နိုင်တော့မည် ဖြစ်သည့်အတွက် ဂမ်ရှောင်နှင့်အတူ အခြားသော ကျောင်းသားအရွယ် ကလေးငယ်များအတွက် မထုဘူ ရင်လေးမိသည်။ သူမ ငယ်စဉ်တုန်းကလို ပညာမသင်ခဲ့ရသည့် အဖြစ်မျိုးကို ခုခေတ် ကလေးငယ်တွေ မကြုံတွေ့စေချင်ပါ။ စစ်ပွဲများ မရှိသည်မှာ နှစ် နှစ်ဆယ်နီးပါး ရှိလာပြီးကာမှ အခုတစ်ဖန် မထုဘူတို့ ငယ်တုန်းကလို စစ်ပွဲများ ပြန်ဖြစ်လာသည့်အတွက် ပြေးရ လွှားရ ဘဝကို စိတ်ဆင်းရဲမိရပါသည်။ အထူးသဖြင့်တော့ အရွယ်မရောက်သေးသည့် ကလေးငယ်များအတွက် ပို၍ စိတ်ပူပန်မိပါသည်။ 

လွန်ခဲ့သည့် သုံးရက်ကပင် မထုဘူ ယောင်္ကျား ကိုဘရန်အောင်နှင့်အတူ အခြားသော ရွာသား ၅ယောက်ခန့်က ရွာဘက်က အခြေအနေကို သွားကြည့်မည်ဟု ဆိုကာ ထွက်သွားကြသည်မှာ ခုထိ ပြန်မရောက်ကြသေးပါ။ အခြေအနေ ကောင်းပြီဆိုလျှင်တော့ ရွာပြန်ကြမည်ဖြစ်ပြီး မကောင်းသေးပါက ရွာထဲသို့ ဝင်လို့ရလျှင် အိမ်တွင် ကျန်ရှိနေသော ရိက္ခာများကို ရသလောက် သယ်ယူ လာကြမည်ဟု ပြောသွားကြသည်။ မထုဘူ အနေနှင့်မူ အိမ်ပြန်ရဖို့ကို မျှော်လင့်မိပါသည်။ ထိုအခါတွင်တော့ ဂမ်ရှောင်နှင့်အတူ အခြားသော ကလေးငယ်များလည်း ကျောင်း ပြန်တက်နိုင် မည်၊ ပြီးတော့လည်း အစားဆင်းရဲ အနေဆင်းရဲလှသော ဒီနေရာကနေ ထွက်ခွာပြီး မိမိ အိမ်မှာ ကောင်းကောင်း မွန်မွန် အိပ်စက် နားခိုနိုင်မည်။ ရွာက အိမ်ကလေးတွင် ကောက်ရိုးလေးခင်းပြီး အိပ်ရသည်မှာ ကောင်းလှသည် မထင်ခဲ့သော်လည်း ခုချိန်မှာ ထိုကောက်ရိုးခင်း အိပ်ရာလေးကိုပင် တမ်းတမိတော့သည်။ 

Image Hosted by PicturePush - Photo Sharing


အတွေးနယ်ထဲမှာ လွှင့်ပါနေသော မထုဘူမှာ ထမင်းချက်ရန် သတိရလိုက်ပြီး အိတ်ထဲမှ ဆန်အနည်းငယ်ကို အိုးထဲထည့်လိုက်ကာ ရေထည့်ဖို့ ပြန်သောအခါ ဝါးကျည်တောက် ထဲတွင် ရေ မရှိတော့ သည်ကို တွေ့လိုက်ရသည်။ ရေပုံးမရှိ၍ အနီးနား တောအုပ်ထဲမှာ ဝါးပင်ကို ခုတ်ယူကာ ရေဘူးအဖြစ် သုံးနေရလေသည်။ ဂိုဒေါင်အတွင်းရှိ လူ၅၀၀ ကျော်မှာ မိမိသက်ဆိုင်ရာ မိသားစု အလိုက် ထမင်းဟင်းများကို ချက်ပြုတ်စားသောက်ကြခြင်း ဖြစ်လေသည်။ အနီးဆုံးရွာမှာလည်း ၈မိုင်ခန့်ဝေးပြီး ထိုရွာကလေးမှာ အိမ်ခြေ အနည်းငယ်သာ ရှိသောကြောင့် မထုဘူတို့ လူအုပ်ကြီးကို မကူညီနိုင်ခဲ့ပါ။ သို့သော် အချို့ ရွာသူရွာသားများကတော့ တတ်နိုင်သလောက်တော့ ကူညီကြသော်လည်း ဒီလောက်များလှသည့် လူအုပ်ကြီးအတွက်တော့ ဆင့်ပါးစပ် နှမ်းပက်သလိုသာ ဖြစ်တော့သည်။

ပြီးတော့လည်း သူမတို့ နေထိုင်ရာ ဂိုဒေါင်နှင့် ရေရှိရာ တွင်းကလေးမှာ အတော်ကိုလှမ်းသည်။ သို့သော် မတတ်နိုင်။ ထမင်းချက်ဖို့ ရေသွားခပ်ရမည်ဖြစ်၍ ဝါးကျည်တောက်လေးကို ကောက်ကိုင်လိုက်စဉ်မှာ သားအငယ်လေးက သိပ်ထားရာမှ အော်လေတော့သည်။ သို့နှင့် ဝါးကျည်တောက်ကို ပြန်ချကာ ကလေးကို ချော့ရပြန်သည်။ ခပ်လှမ်းလှမ်းတွင် ဆော့နေသော ဂမ်ရှောင်လေးကို လှမ်းအော်ကာ ရေခပ်ဖို့ ပြောလိုက်ရတော့သည်။  ဝါးကျည်တောက်လေးကို ယူကာရေခပ်ရန် ထွက်သွားသော ဂမ်ရှောင် နောက်ကျောကို ကြည့်ကာ စိတ်မကောင်း ဖြစ်ရပြန်သည်။ သို့သော် ကြာကြာ စဉ်းစားမနေအားပါ။ ဂိုဒေါင် ပတ်ဝန်းကျင်အနီးက ဝါးအခြောက် အခြမ်းလေးများရှာကာ ဂိုဒေါင်က စွန့်ပစ်ထားသည့် အုတ်ခဲကျိုးကိုစုပြီး သုံးပွင့်ဆိုင် ဖိုခနောက် လုပ်ထားသည့် မီးဖိုတွင် ထမင်းချက်ရန် မီးမွှေးလေတော့သည်။ 

Image Hosted by PicturePush - Photo Sharing


အိုးမည်းမည်းတွင် ထည့်ထားသော ဆန်ကို ရေများများနှင့် ဆေးနိုင်မည်မဟုတ်။ ရေခပ်ရတာ ဝေးလှသဖြင့် ဆန်ထဲ ရေထည့်ကာ ထမင်းချက်လိုက်ရုံသာ လုပ်နေကြရသည်။ အနည်းငယ်ရှိနေသော ငရုပ်သီးကို ဆားဖြင့် ထောင်းထားလိုက်သည်။ အခြားဟင်းလည်း ချက်စရာမရှိပါ။ ငရုပ်သီးထောင်းဖြင့် ထမင်းစားနေရသည်မှာ ဘယ်နှစ်နှပ်ရှိပြီဟုပင် မရေတွက်နိုင်တော့ပါ။ ရောက်ခါစကတော့ ပါလာသည့်ရိက္ခာများကို မိသားစုအချင်းချင်း ဝေမျှ စားသောက်ကြသော်လည်း ပါလာသည့် စားသောက်စရာများ ကုန်လေသည့်အခါ ရှိသည့် ငွေကလေးနှင့် ရွာကလေးသို့ သွားရောက် ဝယ်ယူကြသည်။ ယခုအခါတွင်လည်း မည်သူ့ထံမှ ငွေစများ မရှိတော့ပါ။ ကုန်သလောက်ရှိလေပြီ။ အနီးနားရွာမှ လာရောက် လှူဒါန်းသည့် စားဖွယ်များကိုသာ မှီခိုနေရသော်လည်း မထုဘူတို့နေရာသည် အလွန်ခေါင်ဖျားလှသော နယ်စပ် တစ်နေရာတွင် ရှိလေသည့်အတွက် အလှူရှင်များလည်း အလွန်ရှားပါးလှသည်။ အနီးအနား တောတောင်များထဲမှ ပိန်းရွက်၊  မုန်ညှင်း စသည်တို့ကို ရှာဖွေ စားသောက်ရတော့သည်။ ငရုပ်သီးအခြောက်မှာ ခပ်များများ သယ်ယူလာ၍ ကျန်နေသေးသဖြင့် အခြားအသီးအရွက် မရှိသည့်ခါ ငရုပ်သီးထောင်းကိုသာ အားပြုစားရတော့သည်။ 


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


အသားငါးဆိုသည်မှာ ဘယ်ဆီနေသည်ပင် မသိတော့ပါ။ အနီးနားတစ်ဝိုက်တွင် မြစ်ချောင်း ဟူ၍လည်း မရှိသောကြောင့် ဖားရှာ ငါးရှာလည်း ရှိမရနိုင်သလို တောကောင်ပစ်ဖို့လည်း လက်နက်ကိရိယာ မရှိကြပါ။ အစားအသောက် ကောင်းကောင်းမစားရသဖြင့် နို့ထွက်နည်းလာသောကြောင့် မထုဘူ၏ နို့စို့အရွယ် ကလေးလေးမှာ တစ်နေ့တစ်ခြား ပိန်လှီလာခဲ့သည်။ သို့သော် သူမ ကလေးတင်မှ မဟုတ်ပါ။ စခန်းရှိကလေးငယ်များမှာ ထိုနည်းနှင်နှင်သာ ရှိလေသည်။ အားလုံး၏ ရင်ထဲတွင် စစ်ပွဲများ အမြန်ဆုံးပြီးဆုံး၍ နေရပ်သို့ ပြန်နိုင်ခွင့်ရဖို့ကို မျှော်လင့်ဆုတောင်းမိကြပါသည်။ ပညာမတတ်သော မထုဘူမှာ စစ်ပွဲတွေ ဘာကြောင့်ဖြစ်ရသည်ကို မသိသော်လည်း ငယ်စဉ်ကတည်းက စစ်၏ အနိဌာရုံများကို ကြုံတွေ့ခဲ့ရသူပီပီ စစ်ပွဲများကို မုန်းတီးလှသည်။ တောင်ယာလုပ်၊ အခင်းစိုက်ဖြင့် ကြီးပြင်းလာရသော်လည်း သူမတို့ ဒေသက ကလေးငယ်များကို သူမကဲ့သို့ စာမတတ် ပေမတတ် မဖြစ်စေချင်ပါ။ အများနည်းတူ ပညာတတ်အဖြစ် ကြီးပြင်းစေချင်ပါသည်။ 

ရေခပ်ရာမှ ပြန်ရောက်လာသော ဂမ်ရှောင်သည် ရေထည့်လာသည့် ဝါးကျည်တောက်ကို မထုဘူ ဘေးတွင်ချကာ  သူငယ်တန်းတုန်းက သူသင်ခဲ့ရသည့် “ပန်းကလေးများ ပွင့်တော့မည် ဖူးတံဝင့်လို့ချီ” ကဗျာလေးကို အော်ဆိုကာ သူ့သူငယ်ချင်းများရှိရာသို့ ထွက်ခွာသွားလေသည်။  အပြစ်မဲ့ ကလေးငယ်များကတော့ ဂိုဒေါင်ရှေ့ ကွင်းပြင်တွင် ထင်းများစုဆောင်း နေရာရွေ့သူရွေ့၊ ကစားသူ ကစားဖြင့် ဘာမှမသိဘဲ ရောက်သည့်နေရာတွင် ကလေးပီပီ ပျော်ရွှင်နေကြသော်လည်း စာသင်ခန်းကို သတိရနေမည်မှာ ဘယ်သူကမှ မငြင်းနိုင်ကြသည့် အမှန်တရားသာ ဖြစ်ပါလိမ့်မည်။ လူကြီးများ ကတော့ အေးစက်နေသော ကွန်ကရစ်ကြမ်းပြင်နှင့် မြေကြီးပေါ်တွင် အိပ်စက်နေရပြီး အစားအသောက် ဆင်းရဲသော စစ်ပြေးဒုက္ခသည်ဘဝမှ မိမိတို့ ကိုယ်တိုင်ရော ကလေးများကိုပါ လွတ်ကင်းလိုလှပါပြီ။ 

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing



အဖိုးအဖွားများ ပြောလေ့ရှိသည်ကို မထုဘူကြားဖူးသည်မှာ ကျွဲနှစ်ကောင်ခတ်သည့်အခါ ခတ်လမ်းကြောင်းတွင်ရှိသည့် မြေဇာမြက်ပင်တို့မှာ ညက်ညက်ကြေသွားတတ်သည်ဟူ၍ ဖြစ်သည်။ ယခုလည်း စစ်ပွဲဟူသည့် ကျွဲနှစ်ကောင် ခတ်သည့်ကြားတွင် မထုဘူ၏ သားသမီးအပါအဝင် ကလေးငယ် လေးများမှာ မြေစာမြက်ပင်များပမာ အနေဆင်းရဲ အစားဆင်းရဲ၊ ဟိုပြေး ဒီလွှားဖြင့် နေရာမရ ဒုက္ခ ရောက်ကြရလေပြီ။ စာသင်ခန်းများနဲ့လည်း ဝေးခဲ့ရပြီ။  ထို့ကြောင့်လည်း မြေစာမြက်များ ပိုမို များပြားလာခြင်း မရှိအောင် စစ်ပွဲများ အမြန်ဆုံး ပြီးဆုံးပါစေဟူ၍သာ အားလုံး၏ ရင်ထဲမှာ နာကျင်စွာနှင့် ဆုတောင်းနေမိ ပါတော့သည်။ 


****************@@@@@@@@@@***************** 



Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

မိမိရဲ့သားသမီး မောင်ညီမတွေ စာသင်နေကြချိန်မှာ ပုံထဲမှာ မြင်ရတဲ့အတိုင်း စာသင်ခန်းနဲ့ဝေးကွာပြီး အနေဆင်းရဲ အစားဆင်းရဲနဲ့ မြေစာမြက် ကလေးတွေပမာ ရှိနေကြရရှာတဲ့ ဒီကလေးတွေဟာ သင်ရဲ့ ဆွေမျိုးသားချင်း၊ မောင်နှမတွေ သာဖြစ်ခဲ့မယ်ဆိုရင် စစ်ပွဲတွေကို ဆက်ပြီး ဖြစ်စေချင်ပါသေးလား လို့ မေးကြည့်ချင်မိပါတော့တယ်။ 



Image Hosted by PicturePush - Photo Sharing

ဓာတ်ပုံများ အားလုံးမှာ စစ်ဘေးဒုက္ခသည်များ၏ ပကတိမြင်ကွင်းများ ဖြစ်ပါသည်။ 

စားကြဦးမလား အသားလုံးခေါက်ဆွဲ..

စားကြဦးမလား အော်နေလို့ မချောတစ်ယောက် ဘလောဂ့်ပေါ်ကနေ ဈေးရောင်းနေတာ မဟုတ်ပါဘူးနော်။ ဒီတစ်ပတ် စားစရာသောက်စရာအတွက် ပြီးခဲ့တဲ့ တစ်ပတ်က လုပ်စားဖြစ်တဲ့  အသားလုံး ခေါက်ဆွဲ လုပ်နည်းလေး ဖော်ပြချင်လို့ပါ။  ခုလို အေးချမ်းတဲ့ ဆောင်းရာသီရောက်လို့ လာတဲ့ အခါမှာ ခေါက်ဆွဲ ပူပူလေး စားရတာဟာလည်း အရသာတစ်မျိုးပါ။ ဒီတစ်ပတ် လုပ်ဖြစ်တဲ့ ခေါက်ဆွဲမှာ ( Snow Pea leaves) ပဲရွက်နဲ့ မုန်ညှင်းဖြူရွက်တို့ ထည့်ထားပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် တို့မှာ  ခေါက်ဆွဲထဲကို ခုလို ပဲရွက်လေးတွေ ထည့်စားကြတာ ရောက်ဖူးတဲ့သူတွေ သိကြမှာပါနော်။ သို့သော်လည်း ကျွန်မတို့ ကချင်ပြည်နယ်မှာတော့ ဆောင်းရာသီဆို ပဲရွက်ကိုသာ (ပဲရွက်က ဆောင်းမှသာ ရပါတယ်) သုံးကြပြီး ရှမ်းပြည်မြောက်ပိုင်း ဘက်မှာတော့ ပဲရွက်အပြင် မုန်ညင်းရွက်လေးတွေပါ ထည့်ပါတယ်။ ကျွန်မက ခေါက်ဆွဲကို ခုလို အရွက်တွေနဲ့ ထည့်စားရတာကို သဘောကျပါတယ်။ ဒီတော့ အရွက်ကြိုက်တဲ့ ကျွန်မက ရွှေပဲရွက်ရော မုန်ညင်းပါ ထည့်လိုက်ပါတယ်။ 

အသားလုံး ခေါက်ဆွဲဆိုတာဟာလည်း ရှမ်းပြည်မှာ စားကြတဲ့ ခေါက်ဆွဲဖြစ်ပါတယ်။ အသားလုံးကို မိမိနှစ်သက်ရာ အသားနဲ့ လုပ်နိုင်ပြီး အချို့ကတော့ အမဲလုံးခေါက်ဆွဲကို ပိုကြိုက်ကြပါတယ်။ သို့သော် ကျွန်မက အမဲသားမစားတဲ့အတွက် ဝက်သားနဲ့ လုပ်ပါမယ်။  ပထမဦးဆုံး ခေါက်ဆွဲဟင်းရည်နဲ့ အသားလုံးပြုတ်ဖို့အတွက် ဝက်ရိုးနည်းနည်းကို ကြက်သွန်ဖြူ၊ဂျင်း၊ အား၊ အရသာမှုန့် ထည့်ပြီး ပြုတ်ပါတယ်။ ချောက်ကော ပါးကော အလုံးကိုနည်းနည်းစီ ထည့်ပါတယ်. (မရှိလျှင် မထည့်လည်းရပါတယ်)
ဝက်ရိုးပြုတ်

Image Hosted by PicturePush - Photo Sharing

ဝက်သားများကို ကြိတ်ပါတယ်.. မကြိတ်လိုပါက တောက်တောက်စင်းနိုင်ပါတယ်. ပြီးလျင် ကြက်သွန်ဖြူ၊ ဆား၊ အရသာမှုန့်တို့ထည့်ပြီး နှံ့အောင် နယ်ပါတယ်။



Image Hosted by PicturePush - Photo Sharing
အသားများကို ခုလို အလုံးလေးတွေ လုပ်ပါတယ်။ (ဒီလောက်ဘဲလုပ်တာဟုတ်ဘူးနော်.. နမူနာ ပြထားတာ ) :P

ရလာတဲ့အသားလုံးတွေကို အစောက ဝက်ရိုးပြုတ်အိုးထဲ ထည့်ပြုတ်လိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing
မုန်ညှင်းဖြူနဲ့ ရွှေပဲရွက်ပါ။ အဲဒါကို ရေနွေးဆူဆူမှာ ခနလေး ပြုတ်လိုက်တာပါ။ ဆိုင်တွေမှာတော့ ခေါက်ဆွဲပြုတ်ရင်း တစ်ခါတည်းထည့်ပြုတ်ပေးပါတယ်။


Image Hosted by PicturePush - Photo Sharing
ရွှေပဲရွက်၊ မုန်ညှင်းပြုတ်


Image Hosted by PicturePush - Photo Sharing

ခေါက်ဆွဲထဲထည့်ဖို့ ပြင်ထားတဲ့ အဆာပလာတွေပါ။ ခါတိုင်းခေါက်ဆွဲချက်သလိုဘဲ သိပ်မထူးတဲ့ အဆာပလာတွေဖြစ်ပါတယ်။

ပန်းကန်ပြားအကြီးက မုန်ညင်းနဲ့ ပဲရွက်ပြုတ်ထားတာပါ။ နံနံပင်၊ကြက်သွန်မြိတ် ၊ ပဲငပိ( တိုကျန်)၊ ကြက်သွန်ဖြူ ဆီချက်၊ နှမ်းဆီချက်၊ ငရုပ်သီးကြော်နဲ့ ချောက်ကောပါးကော အလုံးတွေကိုကြော် ထားတာ ဖြစ်ပါတယ်. ဆီမွှေးအောင်လို့ပါ။ အလုံးမရှိလဲ အမှုန့်ကို ဆီသတ်ပြီး ထည့်နိုင်ပါတယ်နော်။

Image Hosted by PicturePush - Photo Sharing

ဒါကတော့ ကြက်သွန်ဖြူ၊ ဂျင်း၊ နံနံ ငရုပ်သီးစိမ်းတို့ကို သံပုရာသီးနဲ့ အချဉ်လုပ်ထားတာပါ ။ အသားလုံးနဲ့ တို့စားဖို့ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

 အသားလုံးပြုတ်ထားတာ ကျက်ပြီဆိုရင် ဆားအပေါ့အငံမြည်းလို့ အနေတော်ဆိုရင် ခေါက်ဆွဲဟင်းရည် အတွက် ရပါပြီ။

Image Hosted by PicturePush - Photo Sharing

ခေါက်ဆွဲထဲထည့်ဖို့ အဆာပလာစုံသွားပါပြီ။ 


Image Hosted by PicturePush - Photo Sharing
ရှမ်းခေါက်ဆွဲ၊ ဆန်စီး မိမိနှစ်သက်ရာနဲ့ စားသုံးနိုင်ပါတယ်။ ကျွန်မက ရေစိမ်ကို ပိုကြိုက်ပါတယ်.. ရေစိမ်ကို ကချင်နဲ့ ရှမ်းပြည်နယ်မှာ ရေစိမ်ေ ခါက်ဆွဲလို့ခေါ်ကြပြီး ရန်ကုန်မန္တလေးကတော့ ရှမ်းခေါက်ဆွဲ လို့ ခေါ်ကြ ပါတယ်။  ဆန်ခေါက်ဆွဲလို့ ကျွန်မတို့က ခေါ်တဲ့ ခေါက်ဆွဲကိုတော့ ဆန်စီးလို့ ခေါ်ကြပြန်ပါ တယ်။ 


Image Hosted by PicturePush - Photo Sharing

ဟင်းရည်နဲ့ အသားလုံးလေးထည့်လိုက်ရင် ပူပူနွေးနွေး အရသာရှိရှိ စားသုံးနိုင်တဲ့ အသားလုံး ခေါက်ဆွဲ ရပါပြီနော်။ 



ခေါက်ဆွဲက အငွေ့တောင်ထနေပါသေးတယ်. ရာသီအေးအေးမှာ ပူပူနွေးနွေး စားလိုသူများအတွက်တော့ အရသာရှိလှပါတယ်။


Image Hosted by PicturePush - Photo Sharing
အချဉ်ရည်နဲ့ တွဲစားပါ။ 



Image Hosted by PicturePush - Photo Sharing

 စားဖို့နယ်ထားတာပါ။ ထမင်းမစားဖြစ်ရင် ဒီလိုခေါက်ဆွဲလေးတွေ စားဖြစ်ပါတယ်. တစ်ခွက်ဆို ဝပါပြီ။ 
မယုံဘူး ဟုတ်လား.။ မယုံရင် အိမ်လာကြည့်ပါ :P

ဒီပိုစ့်လေး ရေးနေချိန်က မနက် ၃နာရီရှိပါပြီ။ အိပ်ရာက တစ်ရေးနိုးတာမို့ ဗိုက်ကလဲ ဆာနေတော့ ခေါက်ဆွဲ ပုံတွေမြင်ပြီး ဗိုက်ထဲက အသံပိုမြည်လာတော့တာပါဘဲ။ ကိုယ်တိုင်လည်း မြင်သာမြင်ပြီး မကြင်လိုက်ရ တဲ့ ခေါက်ဆွဲ ဖြစ်ပါတယ်.(ခုမှ မရှိတော့တာ။ ) စာ လာဖတ်သူတွေကိုမှ ပုံတွေပြပြီးနှိပ်စက်သလို ဖြစ်တာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုလဲ နှိပ်စက်သလို ဖြစ်ရပါတော့တယ် :P

ချစ်ခင်ရသော မိတ်ဆွေများအားလုံးအတွက် Happy Weekend ဖြစ်ပါစေနော်.


Image Hosted by PicturePush - Photo Sharing
 

အနားသတ်ဆည်းဆာ


ရွာကလေး၏ တောင်ထိပ်ပေါ်တွင်ရှိသော ထုံးဖွေးဖွေး စေတီကလေးပေါ်တွင် ပုတီးစိတ်၊ တရားထိုင်ပြီး တောင်ပေါ်မှ ဖြေးညင်းစွာ သူ ပြန်ဆင်းလာခဲ့သည်။ တောင်ထိပ်ဟု ဆိုသော်လည်း မြင့်မား မတ်စောက်သည့် တောင်မျိုး မဟုတ်။ ပြေပြေလေး တက်သွားရသော ခပ်နိမ့် နိမ့် ကုန်းကလေးသာ ဖြစ် သည်။ တောင်ကုန်းထိပ်ကလေးရှိ စေတီ တည်ရှိရာအရပ်သည် အလွန် တရာမှ အေးချမ်း ဆိတ်ငြိမ်လှကာ တောင်ကုန်းကလေး၏ တစ်ဖက် တောအုပ်ထဲမှ ကျေးငှက်တို့ သီးကျူး သံ၊ မျောက်စသော တောကောင်ငယ်တို့ အော်မြည်သံများကိုပင် အတိုင်းသာ ကြားနေ ရလောက်အောင် လူသူသံ ကင်းဝေးပြီး သာယာလှသော နေရာကလေး ဖြစ်သည်။ ထိုတောအုပ် သည် မည်သည့်တော တိရိစ္ဆာန်ကိုမျှ ပစ်ခတ်ဖမ်းဆီးခြင်း မပြုရသော ဘေးမဲ့တောလည်း ဖြစ်လေသည်။ တောင်ကုန်းပေါ် ရှိ စေတီလေးပေါ်သို့ ညနေခင်းတိုင်း လမ်းလျှောက်လာကာ ပုတီးစိတ်၊ တရားထိုင်၊ ဘုရားပန်းများ ညှိုးနေလျှင် အနီးနား တောစပ်က သပြေပန်းများနှင့် တောပန်းကလေးများ ချိုးကာ လဲပေးခြင်း၊ စေတီပရဝုဏ် အနီးတစ်ဝိုက် အမှိုက်သရိုက်များ လှဲကျင်းပေးခြင်း စသောဝေယျာ ဝစ္စတို့သည် သူ့အတွက်တော့ မိုးမရွာသော ရာသီဥတု သာယာသည့် နေ့တိုင်း ပြုလုပ်မြဲ ကုသိုလ် အမှုလည်း ဖြစ်လေ သည်။ 

ယနေ့တွင်လည်း ဘုရားရှိခိုး၊ ပုတီးစိတ်၊ သန့်ရှင်းရေး ပြုလုပ်ပြီးနောက် လက်တွင် ကိုင်လာသော တောင်ဝှေးကို ခပ်ဖြေးဖြေးထောက်ကာ တောင်ကုန်းလေးဆီမှ သူဆင်းလာခြင်း ဖြစ်သည်။ တောင်ခြေအရောက်တွင် ရွာကလေးကို ရစ်ခွေ စီးဆင်းနေသော ချောင်း ကမ်းစပ်နားတွင် ထိုင်ကာ ဝင်လုဆဲ ညနေခင်း၏ ဆည်းဆာအား ထိုင်ကြည့် တော့ သည်။ တောင်ကုန်းပေါ်မှ ဆင်းလာတိုင်းလဲ နေဝင်ဆည်းဆာကို သူထိုင်ကြည့်လေ့ ရှိပါသည်။ နေ့တစ်နေ့၏ နောက်ဆုံး လက်ကျန်အဖြစ် တောက်ပသော အလင်းရောင်များကို ထုတ်လွှတ်ကာ ကမ္ဘာလောကကြီးအား နှုတ်ဆက်နေ ပေပြီ။ နေမင်းကြီး ဆီမှ ဖြာဆင်း လာသော ရောင်ခြည်များသည် သူမြင်တွေ့နေ ရသည့် ပတ်ဝန်းကျင် တစ်ခုလုံးကို လိမ္မော်ရောင် ခြယ်ပစ်သည် သာမက ချောင်းရေပြင်သည် ပင်လျှင် လိမ္မော်ရည်များ လိမ်းကျံထားဘိသို့ ရှိသည့် အတွက် လိမ္မော်ရောင် ဆည်းဆာဟု သူက စိတ်ထဲမှ တီးတိုး ရေရွတ်မိလိုက်သည်။





ညနေဆည်းဆာကို သူ နှစ်သက် သဘောကျမိသည်မှာ ငယ်စဉ်ကတည်းက ဖြစ်ခဲ့သည်။ ငယ်စဉ်တုန်း က နှစ်သက်မိခြင်းသည် ဘယ်လို အတွေးမျိုးရှိ၍မှ မဟုတ်ဘဲ လိမ္မော်ရောင် နေလုံးကြီးတဖြေးဖြေး ဝင်ရောက် ပျောက်ကွယ်သွားသည်ကို ကြည့်ကောင်းကောင်း ဖြင့် နှစ်သက်မိခြင်းသာ ဖြစ်သော်လည်း ယခု အသက် ၇ဝ ကျာ်နေပြီ ဖြစ်သော အရွယ်တွင်တော့ ညနေဆည်းဆာကို နှစ်သက်ရခြင်းသည် အဓိပ္ပါယ် ရှိလာခဲ့ပြီ။ ညနေနေဝင်ချိန် ဆည်းဆာ ဟူသည်ကား နေ့တစ်နေ့၏ နောက်ဆုံးအချိန် ဖြစ်သည်။ တစ်နေ့တာ၏ အဆုံးသတ်ချိန် ဆိုပါတော့။ လောကကြီးတွင် မွေးဖွား သက်ရှင်နေထိုင်ကြသော လူတိုင်း၏ ဘဝတွင်လည်း နေ့တစ်နေ့၏ နေ့ဝင်ချိန်ကဲ့သို့ ဘဝ၏ နေဝင်ချိန်လည်း ရှိသည်သာဖြစ်သည်။ ငယ်ရာမှ ကြီး၊ ကြီးရာမှ အို စသဖြင့် ဖြတ်သန်းရသော ဘဝဖြစ်စဉ် အဆင့်ဆင့်တွင် အိုမင်းလာသော သူ့လို အသက်အရွယ် ချိန်ခါသည် ဘဝ၏ နေဝင်ဆည်းဆာချိန် ရောက်လေပြီ။ 


 ထိုဆည်းဆာချိန် ရောက်သည့်အခါ  လူတစ်ယောက်သည် သူဖြတ်သန်းလာခဲ့သော ဘဝ၏ လမ်းကြောင်း ကို နောက်ပြန်လှည့်ကြည့် သုံးသပ်သင့်သည်ဟု သူက ယူဆသည်။  နေခြည်နုနု ဖြာကျခါစ လို ငယ်ရွယ်နုနယ်သည့် နေ့ရက်များ၊ ခပ်ပြင်းပြင်း နေ့လည်ခင်းနေခြည်နှင့်တူသော တည်ငြိမ်ရင့်ကျက် လာသော သက်လတ်ပိုင်းနေ့ရက်များ ၊ ယခုကဲ့သို့ လိမ္မော်ရောင် ဆည်းဆာဖြင့် လောကကြီး ကို နှုတ်ဆက် စ ပြုနေသော သက်ကြီးပိုင်း နေ့ရက်များ စသည့် သူဖြတ်သန်း ခဲ့သော ဘဝလမ်းကြောင်း တစ်လျှောက် သူပြုခဲ့သည့် ကိစ္စရပ်များ၊ လုပ်ဆောင်ချက်များကို သူ ပြန်လည် သုံးသပ်သည်။ ဘယ်တုန်းက ဘယ်အချိန် တွင် သူလုပ်သင့်တာကို မလုပ်ခဲ့ဘူးလား၊ ဘယ်အခွင့်အရေး မျိုးကို သူအရမယူနိုင်ဘဲ ဆုံးရှုံးခဲ့သလား၊ ဘဝအတွက် ယခု နောက်ဆုံးနေဝင်ချိန်တွင် သူဖြတ်သန်းခဲ့ရသော နေ့ရက်များအတွက် လိပ်ပြာသန့်ပါ ရဲ့လား၊ စသည်ဖြင့် သူ ပြန်လည် စဉ်းစားကာ မိမိကိုယ်ကို မေးမြန်းလ့ ရှိသည်။ 

သူ့ဘဝကို ပြန်လည် စဉ်းစားဆင်ခြင်သုံးသပ်ရာတွင် မလုပ်သင့်သည်ကို လုပ်ခဲ့မိသော နောင်တ ရစရာ ဟူ၍ များများ စားစားမရှိလှပါ။ သူက ဘဝကို လူသားဆန်ဆန် ရိုးရိုးသားသား ရှင်သန်လိုသောသူ ဖြစ်လေသည်။ သူတစ်ပါး မျက်ရည်ပေါက် ကီးငယ် ကျစေခဲ့သော လုပ်ရပ်များ၊ သူတစ်ပါးအပေါ် အနိုင်ကျင့်ယုတ်မာခဲ့သော လုပ်ရပ်များလည်း သူ မပြုလုပ်ခဲ့ပါ။ မည်သူ့အပေါ်တွင်မှ ကလိန်ကကျစ် ကျခဲ့ခြင်းမျိုးဖြင့် သူ့ဘဝကို မရှင်သန်ခဲ့ဖူးပါ။ ငယ်စဉ်အချိန် ပညာသင်ယူစရာရှိတာကို သင်ယူပြီး အရွယ်ရောက်လျှင် အသက်မွေး ဝမ်းကြောင်းအတွက် ထိုက်သင့်သည့် အလုပ်ကို လုပ်ခဲ့သည်။ သူတစ်ပါးအပေါ် ခေါင်းပုံဖြတ်ခြင်းဖြင့် မတရားစီးပွားကို မလုပ်ခဲ့ပါ။ သမာအာဇီဝ ကျကျ စီးပွားရေး လုပ်ငန်းကိုသာ သူ လုပ်ဆောင်ခဲ့သည်။ 

အချို့သော စီးပွားရေးမိတ်ဆွေများက လူတိုင်းအပေါ်တွင် သူ၏ စိတ်ရင်းအတိုင်း ရိုးရိုးသားသား ဆက်ဆံမှု အပေါ် ပျက်လုံး ထုတ်တတ်ကြသည်။ စီးပွားရေးလုပ်လျှင် ခွက်ခွက်လန် ရှုံးမည်ဟုလည်း စကားတင်း ဆိုကြသည်။ သို့သော် ရိုးရိုးသားသား နေထိုင် စီးပွားရှာကာ ကတိစကား တစ်ခွန်းကို စောင့်ထိန်းတတ်သူ သူ့အတွက်တော့ စီးပွားရေးလောကတွင်ရော၊ လူမှုရေးလောကတွင်ပါ နာမည်ပျက်မရှိဘဲ လူတိုင်းက လေးစားခဲ့သည် ဖြစ်လေသည်။ လူအများက အာရုံစိုက်ရလောက်အောင် ကြီးကျယ်စွာ ချမ်းသာသော ဘဝကို မပိုင်ဆိုင်ခဲ့သော်လည်း သင့်တင့်သော စီးပွားရေးနှင့် ချစ်ခင်ဖွယ်ရာ မိသားစုလေး တစ်ခုကို သူပိုင်ဆိုင်ခွင့်ရခဲ့သည်။ ထိုအတွက်လည်း သူ့ဘဝကို သူ ကျေနပ်မိရသေးသည်။ ငွေကြေးဖြင့် ဝယ်ယူ၍ မရနိုင်သော ပျော်ရွှင်ခြင်းကို သူရရှိခဲ့သည်သာဖြစ်သည်။ အလွန်တရာ ချမ်းသာသော သူများသည် သူ့လောက် ဘဝကို ပျော်ပျော် ရွှင်ရွှင် အေးအေး ချမ်းချမ်း ဖြတ်သန်းခွင့် ရချင်မှ ရလိမ့်မည်။ နာမည်ပျက်မရှိ လူမှု အသိုင်းအဝိုင်းတွင် အများက လေးစား ကြသော သူဖြစ်ချင်မှ ဖြစ်ကြလိမ့်မည်။ သူတို့သည် မိသားစုနှင့် ပျော်ပျော် ရွှင်ရွှင် နေခွင့် ရချင်မှ ရလိမ့်မည်။ ငွေနောက် ကောက်ကောက်ပါအောင် လိုက်ရင်း မိသားစုအတွက် စိတ်ပျော်ရွှင်မှုများကို ဖန်တီးပေးဖို့ မေ့လျော့ထားချင် ထားကြလိမ့်မည်။ ဂုဏ်သိက္ခာ၊ ပျော်ရွှင်မှု၊ အေးချမ်းမှု စသည့်အရာတို့ကို သူတို့သည် ငွေကြေးအတွက် လဲပစ်ကောင်း လဲပစ်ကြလိမ့်မည်။

သူ့အတွက်တော့ ထိုအရာများကို  ငွေကြေးထက် ပိုမို မက်မောခဲ့လေသည်။  ပိုက်ဆံငွေကြေး၊ ပိုင်ဆိုင်ခွင့်များ မတန်တဆ ရှိဖို့မလို၊ စိတ်ချမ်းမြေ့ဖွယ် မိသားစုလေးတစ်ခုနှင့်အတူ ဘဝကို အေးအေး ချမ်းချမ်း ဖြတ်သန်းခွင့်ရသည်ကပင် သူကျေနပ်မိရသည်။ ဘဝအတွင် အရေးအကြီး ဆုံးသော လိုအပ်ချက်မှာ ချစ်ခင် သူများနှင့် ပျော်ပျော်ရွှင်ရွှင် စိတ် ချမ်းချမ်းသာသာ နေနိုင်ဖို့ဟု သူက ယူဆမိပါသည်။ လူတိုင်းသည် မိမိသမိုင်းကို မိမိကိုယ်တိုင် ရေးကြသည်။ မိမိတို့ဘဝ အသက်ရှင် နေထိုင်ချိန်တွင် လုပ်ခဲ့၊ ပြုခဲ့သော ကောင်းမှု၊ မကောင်းမှုတို့သည် တစ်ချိန်ချိန် တွင် ရောင်ပြန် ခံစားရမည်ဟု သူကတော့ ယုံကြည်မိသည်။ ထို့ကြောင့်လည်း မကောင်းမှုကို နည်းနိုင်သမျှ နည်းအောင် နေထိုင်ခဲ့သည်။ 

လူ့လောကကြီးတွင် ဧည့်သည်အဖြစ် ရောက်လာသော တစ်ခဏသာအတွက် ဧည့်သည်ဆိုးတစ်ယောက် သူမဖြစ်ချင်ခဲ့ပါ။ လောကကြီးအတွက် အကျိုးမပြုနိုင်ဦးတော့တောင်  ဆိုးကျိုတော့ဖြင့် မပေးလိုပါ။ သူ သားသမီးဖြစ်စဉ်က မိဘတို့ကို ပြန်လည် သိတတ်ခဲ့ပြီး ပြုစု လုပ်ကျွေးခွင့်ရခဲ့သောကြောင့် မိဘကို မကျွေးမွေး မစောင့်ရှောက် လိုက်ရသော နောင်တမျိုး မရခဲ့ပါ။  ယခု သူ့အသက် ကြီးရင့်လာသော အခါတွင်လည်း သူ၏ သားသမီးမြေးမြစ်တို့က သူ့ကို ပြန်လည် စောင့်ရှောက်ကြလေပြီ။ သူသည် ကြွေးဟောင်းကို ဆပ်ခဲ့ပြီးပြီ။ ကြွေးသစ်ကိုလည်း ချခဲ့ပြီးပြီ။ သူ့အတွက် ဘာမှ အပန်းတကြီး ဖြစ်စရာ အခြေအနေလည်း မရှိတော့ပါ။ ဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးရန်သာ ရှိတော့သည်။

ဘုရားကုန်းပေါ်မှ ဆင်းလာပြီးတိုင်း ချောင်းဘေးက ခုံတန်းလျားတွင်ထိုင်ကာ နေဝင်ချိန်ကို အမြဲတမ်း စောင့်ကြည့်လေ့ရှိပြီး သူ့ဘဝအကြောင်းများနှင့်  ဘဝတစ်လျှောက်လုံး သူလုပ်ခဲ့သော ကောင်းမှု၊ လုပ်ရပ်များကို စဉ်းစားတိုင်းလည်း  ကျေနပ်မိရပါသည်။ လိမ်ညာ လှည့်ဖြားခဲ့ ခြင်း၊ ခေါင်းပုံ ဖြတ် ခဲ့ခြင်း၊ လောဘဇောဖြင့် မတရားစီးပွားရှိခဲ့ခြင်း၊ သူတစ်ပါးကို နှိပ်စက် ညှင်းပန်းခဲ့ခြင်းမျိုးကို မပြုလုပ်ခဲ့သည့်အတွက် သူဖြတ်သန်းခဲ့သော နေ့ရက်များသည် လိပ်ပြာမလုံခြင်း၊ ထိတ်လန့် စိုးရွံ့နေရခြင်း စသည့်နေ့ရက်မျိုး မရှိခဲ့ပါ။ ဘဝတစ်လျှောက်လုံး သူတစ်ပါးအပေါ် မတရားမလုပ်ခဲ့သော၊ လောဘတကြီး  သူ့အတွက် ဘဝ ဆည်းဆာချိန်သည်လည်း ပူပင်ထိတ်လန့်သော စိတ်နှလုံးမျိုး မရှိဘဲ အေးချမ်းငြိမ် သက်လို့ နေလေသည်။


လူတိုင်းသည် မိမိ သေလွန်သွားသည့်အခါတွင် စုဆောင်းထားသော မည်သည့် ပစ္စည်းဥစ္စာမှ ယူဆောင်မသွားနိုင်ပါ။ အရာအားလုံးကို ထားပစ်ခဲ့ရမည်သာ ဖြစ်လေသည်။ သို့သော် ယူဆောင် သွားနိုင်သည့် တစ်ခုတည်းသော အရာမှာ ကုသိုလ်ကောင်းမှု ဖြစ်သည်။ ကုသိုလ်ကောင်းမှုလည်း တတ်နိုင်သမျှ သူလုပ်ခဲ့ပြီးပြီ။ လုပ်နေဆဲ လည်း ဖြစ်သည်။ နေဝင်ချိန်ဟူသည် နေ့နှင့်ညကို ပိုင်းခြား ကန့်သတ်လိုက်သည့် အနားသတ်ဟု သူက ယူဆပါသည်။ ဆည်းဆာချိန်ရောက်ပြီ ဆိုသည်နှင့် တစ်နေ့တာ ကုန်ဆုံးတော့မည်။ ယခု သူ့ဘဝသည်လည်း နေဝင် ဆည်းဆာချိန် ရောက်နေပေပြီ။ မကြာသောတစ်နေ့တွင် သူထွက်ခွာရတော့မည်။ ယခုအချိန်တွင် အေးချမ်းသော သူ့ဇာတိရွာကလေးမှာ သူ့ဘဝနေဝင်ချိန်ကို ကုန်ဆုံးဖို့ ကြိုးစားနေခြင်းသာ ဖြစ်တော့သည်။

Image Hosted by PicturePush - Photo Sharing


အစောဆီက လိမ္မော်ရောင် အဆင်းဖြင့် လင်းချင်းတောက်ပကာ ကမ္ဘာမြေကြီး၏ တစ်နေ့တာ အား နောက်ဆုံး နှုတ်ဆက်နေခဲ့သော  နေမင်းကြီးသည် ဂေါယံဆီသို့ ယွန်းသွားလေပြီ။ ကောင်းကင်ပြင်နှင့် တိမ်စိုင်တစ်ချို့ကတော့ လိမ္မော်သွေးများ လိမ်းကျံထားဆဲ ရှိလေသည်။ သို့သော် ထိုလိမ္မော်ရောင် သည်လည်း မကြာခင်တွင် စုန်းစုန်း ပျောက်ကွယ်ကာ မဲမှောင်လာပေတော့မည်။ သူသည် ခုံဘေးတွင် ချထားခဲ့သော တောင်ဝှေးကို ကောက်ယူလိုက်ပြီး ထိုနေရာမှ တစ်လှမ်းချင်း ထွက်ခွာကာ အိမ်ဆီသို့ ဖြေးဖြေးမှန်မှန် တည်တည်ငြိမ်ငြိမ် ခြေလှမ်းများဖြင့် လျှောက်လှမ်း သွားနေလေသည်။ 

ထိုအချိန်တွင် ပေါက်တူး တစ်လက်ကို ထမ်းကာ လယ်တောများဘက်ဆီမှ ပြန်လာသော သူနှင့် အသက် မတိမ်းမယိမ်း အဖိုးအို တစ်ဦးသည် သူ့ကိုကြည့်ကာ ထူးဆန်း အံ့သြနေသည်ကို သူမသိလိုက်တော့ပါ။ ထိုအဖိုးအိုသည် လယ်တောစပ်ရှိ အင်းကလေးများတွင် ဖားရှာ၊ ငါးရှာအလုပ်ကို နေ့စဉ် လုပ်ကိုင်ပြီး ခုကဲ့သို့ ညနေစောင်းတွင် ပြန်လာလေ့ရှိရာ ချောင်းကမ်းဘေးတွင် ညနေခင်းတိုင်း ထိုင်တတ်သောသူနှင့် အမြဲဆုံတတ်သည်။ ဆုံတိုင်းလည်း နေဝင် ဆည်းဆာကို ထိုင်ကြည့်နေသော သူ့ကိုကြည့်ကာ အထူး အဆန်း ဖြစ်နေရသည်။ အလုပ်မရှိ အလုပ်ရှာကာ နေဝင်ချိန်ကို လာကြည့်နေသည်ဟုလည်း ထို အဖိုးအိုက ထင်လေသည်။ နေဝင်ချိန်သည် ဘာများ ထူးဆန်းလို့ နေ့စဉ် စောင့်ကြည့်သည်ကိုလည်း သူက မေး ကြည့်ချင် ပါသေးသည်။ 

သူ့လက်ထဲတွင် ပါလာသော ငါးအတွဲကို ပြန်ကြည့် မိလိုက်တော့ နေဝင် ချိန်ကို စောင့်ကြည့်ကာ အချိန်ဖြုန်းခြင်းထက် သူ့လို အကျိုးရှိသည့် အလုပ်ကို လုပ်သည်က တော်သေးသည် ဟု  တွေးလိုက် မိသည်။ တစ်ဆက်တည်းတွင် ငါးများများ ဖမ်း၍ရလျှင် ဈေးတွင် ရောင်းချပြီး ငွေးကြေးကလေးစုမိ ဆောင်းမိ ရှိပါက တီဗီ ခပ်ကြီးကြီးတစ်လုံး ဝယ်မည်ဟု သူက တွေးမိပြန်သည်။ သို့မှသာ သူ့သားသမီး မြေးမြစ် ကလေးများနှင့် ပို၍ ပျော်ပျော် ရွှင်ရွှင် ကြည့်နိုင်မည်ဟု စဉ်းစားရင်း ပြုံးလိုက်မိသေးသည်။ စဉ်းစားနေရင်းမှ သူ့စိတ်သည် အိမ်ဆီသို့ရောက်သွားကာ ခုချိန်တွင်တော့  သူ့မြေးကလေးများက တီဗီရှေ့တွင် ဆူညံစွာ ရှိနေပေတော့မည်။ ယနေ့ညသည် သူကြိုက်သည့် ဇာတ်ကားတွဲ လာမည် ဆိုတာကို တွေးလိုက်မိပြန် လျှင်တော့ ခြေလှမ်း များမှာ စောစောကထက် ပိုသွက်လက် လာလေတော့ သည်။ 

နေ့တစ်နေ့ကို အနားသတ်ပေးနေသော ညနေဆည်းဆာ ကုန်ဆုံးချိန် နေဝင် ချုပ်ညရီတွင် ရှေ့ ဆင့် နောက်ဆင့် လျှောက်လှမ်း သွားနေသော အဖိုးအို နှစ်ဦး၏ ခြေလှမ်းများသည် တူသယောင်ယောင် ရှိသော်လည်း မတူ ကွဲပြားနေသည် ကိုတော့ သေချာ ကြည့်မည်ဆိုလျှင် တွေ့နိုင်ပေလိမ့်မည်။ တစ်ဦး၏ ခြေလှမ်းများက အေးဆေး တည်ငြိမ် နေပြီး နောက်တစ်ဦး၏ ခြေလှမ်းများ ကတော့ အလျင်စလို သုတ်သုတ်ပြာပြာဖြင့် အလောတကြီး နိုင်နေလေသည်။ ထိုသို့ ကွဲပြားနေသည်ကား ညနေ ဆည်းဆာချိန်ကို ဖြတ်သန်းပုံချင်း မတူညီသောကြောင့်သာ ဖြစ်လေတော့သည်။


Image Hosted by PicturePush - Photo Sharing

ကျွန်မနဲ့ လည်ပင်းကြေးကွင်းစွပ်ကြသူများ

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ကို ရောက်ခဲ့စဉ်က လည်ပင်းမှာ ကြေးကွင်းတွေစွပ်တဲ့ ရိုးရာ အစဉ်အလာ ရှိတဲ့ ပဒေါင်လူမျိုးနဲ့ တွေ့ဆုံခဲ့ပုံ အကြောင်းလေး ရေးချင်ပါတယ်။ ပဒေါင်လူမျိုးတွေဟာ တိုင်းရင်းသား လူမျိုးတွေထဲမှာ ထူးခြားတဲ့ သူအဖြစ် ပါဝင်ကြသူများ ဖြစ်ပါတယ်။ အားလုံးလဲ သိကြတဲ့အတိုင်း ပဒေါင် အမျိုးသမီးတွေဟာ လည်ပင်းကို ကြေးကွင်းစွပ်ကြသူတွေ ဖြစ်ပါတယ်။ ကျွန်မနဲ့ တွေ့ဆုံဖြစ်တဲ့ ပဒေါင် အမျိုးသမီး နှစ်ဦးဟာ ရှမ်းပြည်မြောက်ပိုင်းက နမ့်ခမ်းမြို့မှာ ရောက်ရှိနေ ကြတဲ့ သူတွေပါ။ တကယ် တမ်းတော့ ပဒေါင်လူမျိုးတွေရဲ့ ဇာတိဒေသဟာ ရှမ်းပြည် မဟုတ်ပါဘူး။ သူတို့ဟာ ကယားပြည်နယ် ဒီမောဆိုးမြို့နယ်က ရွာလေး တစ်ရွာမှာ နေထိုင်ကြတာပါ။  ဝေးဝေးလံလံ ဒီမောဆိုးမြို့နေ ဘာကြောင့် ရောက်လာတာလဲလို့ စိတ်ဝင်တစား မေးမြန်း ကြည့်တော့မှ အကြောင်းရင်း ကို သိရပါတော့တယ်။ 


ရှမ်းပြည်နယ် နမ့်ခမ်းမြို့ဟာ တစ်ဖက်နိုင်ငံနဲ့ ရွှေလီမြစ်သာခြားတဲ့ နယ်စပ်မြို့ကလေး ဖြစ်ပါတယ်။ နယ်စပ်မြို့ ဖြစ်တာနဲ့အညီ တစ်ဖက်နိုင်ငံက လူတွေက မူဆယ် နမ့်ခမ်းစတဲ့ မြို့တွေကို အလည်လာပြီး ဘုရားဖူးကြ၊ မမြင်ဖူးတာတွေ ကြည့်ကြနဲ့ ခရီးသွားလုပ်ငန်း စည်ကားတယ်လို့ ပြောရမှာပါ။ ဘာတွေ လာကြည့်ကြလို့လဲ ဆိုရင် သူတို့ဆီမှာ မရှိတဲ့ စေတီဘုရားတွေ ၊ မတူညီတဲ့ ဓလေ့စရိုက်တွေကို လာကြည့် ကြတာပါ။ ဒီမူဆယ် နမ့်ခမ်းလောက်ကတော့ ဝင်လာဖို့က ခက်ခက်ခဲခဲလည်း မရှိတော့ အလည် လာတတ်ကြပါတယ်။ အဲဒီမှာ မူဆယ်က ခရီးသွားလာရေး လုပ်ငန်းတစ်ချို့က တစ်ဖက်က လာတဲ့ ဧည့်သည်တွေကို ပြဖို့ဆိုပြီး အခု ပဒေါင် အမျိုးသမီးတွေကို ခေါ်ထားလိုက်ပါတယ်။ ဧည့်သည်တွေ လာရင် မြန်မာပြည်မှာ ဒီလို ထူးခြားတဲ့ တိုင်းရင်းသား မျိုးနွယ်တွေ ရှိတယ် ဆိုပြီး ပြတော့တာပါဘဲ။ ဟိုက လူတွေကလည်း ထူးဆန်းတယ်ဆိုပြီး အံ့တွေသြ၊ ဓာတ်ပုံတွေရိုက်ပေါ့။ ဧည့်သည်တွေက တောင်းဆိုရင် ကလည်း ကပြတယ်လို့ ပြောပါတယ်။ ဓာတ်ပုံရိုက်ခံပြီး၊ ကပြတဲ့အတွက် သူတို့လည်း မုန့်ဖိုး ဘာညာ ရတာပေါ့နော်။

Image Hosted by PicturePush - Photo Sharing




Image Hosted by PicturePush - Photo Sharing


ပဒေါင်တွေကို တွေမိ့တော့ ထိုင်းမှာနေတဲ့ ကြောင်ဖြူများရှင် (အမှောင်ထုထဲက ဓာတ်မီးတစ်လက်) ကို သတိရလိုက် မိပါသေးတယ်။။ အစ်မရေ ထိုင်းတွေက ပဒေါင်တွေကို သူတို့လူမျိုးပါ ဆိုပြီး ဧည့်သည်တွေကို ပြစားနေတယ်လို့သူက ပြောခဲ့ဖူးပါတယ်။  အဲဒါကို ကြားမိတော့ သာမန်ထက် ထူးခြားတဲ့ ဓလေ့စရိုက် ထုံးတမ်း အစဉ်အလာတွေ ရှိပြန်တော့လည်း လူတွေ ပြစားစရာ ဖြစ်ရပါ လားလို့ တွေးမိတော့ တာပါဘဲ။ ပဒေါင်အမျိုးသမီး နှစ်ဦးကို ကျွန်မက ဓာတ်ပုံ ရိုက်ချင်ပါတယ်လို့ ခွင့်တောင်းတော့ ကြည်ကြည်ဖြူဖြူ ခွင့်ပြုပါတယ်။ ဓာတ်ပုံရိုက်နေရင်းနဲ့ ကျွန်မ သိချင်တာလေးတွေ မေးမိပါတယ်။  သူတို့ကို ဘယ်က လာတာပါလဲ.. အသက် ဘယ်လောက် ရှိပြီလဲ.. ကြေးကွင်းတွေ ဘာလို့စွပ်တာလဲ စသဖြင့်ပေါ့နော်။ မေးလဲမေး. လက်ကလဲ သူတို့ စွပ်ထားတဲ့ ကြေးကွင်းတွေ၊ ငွေကွင်းတွေကို သေချာ ကိုင်ကြည့်မိပါတယ်။ 



Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

ဒီအမျိုးသမီးနှစ်ယောက်ဟာ သားအမိ ဖြစ်ပါတယ်.။ မိခင်ဖြစ်သူက အသက် ၆၀ ကျော်ပါပြီ။ သမီးကတော့ သုံးဆယ် ကျော်ဖြစ်ပါတယ်။ သူတို့နဲ့ စကားလက်ဆုံကျဖြစ်တော့ သူတို့ပြောပြတာလေးတွေ နားထောင်ခဲ့ ပါတယ်။ ပဒေါင်ဆိုတာ ဟိုတုန်းက ခေါ်တဲ့ နာမည်ပါတဲ့။ ခုနောက်ပိုင်းတော့ ကယန်း လူမျိုးတွေလို့ ခေါ်ကြတယ်လို့ ရှင်းပြပါတယ်။ သူတို့ဟာ မြန်မာစကားကို နည်းနည်းဝဲတာက လွဲလို့ ကျွမ်းကျွမ်း ကျင်ကျင် ပြောနိုင်ပါတယ်။ ကျွန်မကြားခဲ့ဖူးတာ ပဒေါင်လူမျိုးတွေဟာ ကြေးကွင်းတွေကို တစ်နှစ်ကို တစ်ကွင်း စွပ်ရတယ်ဆိုတာ ဟုတ်ပါသလားလို့ မေးတော့ သူတို့က ရယ်ကြပါတယ်။ ဘာလို့လဲ ဆိုတော့ မိခင်ဖြစ်သူက “ခု အဒေါ်အသက် ၆၀ကျော်ပြီ.. ဒီလိုဆိုရင် ကြေးကွင်းပေါင်း ၆ဝကျော် စွပ်ရမှာပေါ့.။လည်ပင်းက ဒီလောက်မှ မရှည်တာ ကြေးကွင်း ၆ဝကျော်ကို ဘယ်လိုလုပ် စွပ်လို့ရမှာလဲ.. ”လို့ ပြန်ပြောတာကြောင့် ရယ်ရပါသေးတယ်။။ ဒီတော့မှ ကျွန်မအရင်က ကြားဖူးတဲ့စကားက မှားနေတယ် ဆိုတာ သိလာရပါတယ်။ 


Image Hosted by PicturePush - Photo Sharing
  သူတို့လည်ပင်းမှာ ကြေးကွင်း ဘယ်နှစ်ကွင်း ရှိသလဲ..


Image Hosted by PicturePush - Photo Sharing

လည်ပင်းမှာ ကြေးကွင်း၊ လက်မှာ ငွေကွင်း 

Image Hosted by PicturePush - Photo Sharing

 ဒူးမှာကြေးကွင်း 
(ခြေထောက်ကြီးဘဲ ရိုက်လာတာ မဟုတ်ရပါ.. တစ်ကိုယ်လုံးရိုက်လာတဲ့ပုံကို ခြေထောက်ပိုင်းဘဲ ဖြတ်ထုတ်လိုက်တာပါ) :P

ပဒေါင်(ကယန်း) အမျိုးသမီးတွေဟာ အသက် ၁ဝနှစ်အရွယ်မှာ ကြေးကွင်းကိုစပြီး စွပ်ပါတယ်။ ကြေးကွင်းကို ဘယ်လောက် စွပ်ရမယ်ဆိုတာ ကန့်သတ်ထားတာမျိုး မဟုတ်ဘဲ ကလေးရဲ့ လည်ပင်း အနေအထားကို ကြည့်ပြီး စွပ်ကြတယ်လို့ ပြောပါတယ်. ၇ကွင်း ၈ကွင်းလည်း စွပ်ကြတယ်.. ၁၀ကွင်းလည်း စွပ်ကြပါတယ်တဲ့။ အသက်ဆယ်နှစ်မှာ စွပ်ထားပြီးနောက် အသက် ၂၀ပြည့်ချိန်မှာတော့ လူကြီးတွေစွပ်တဲ့ ကွင်းမျိုးနဲ့ လဲစွပ်ရပါတယ်. အမျိုးသမီးတွေ စွပ်ကြတဲ့ ကြေးကွင်း အများဆုံးဟာ ၂၅ကွင်းဖြစ်ပြီးတော့ အခု သူတို့၂ယောက် စွပ်ထားတဲ့ ကြေးကွင်းကတော့ ၂၄ကွင်းရှိပါတယ်။ တစ်ချို့ကလည်း ၁၈ကွင်း ၂၀ကွင်း  စသဖြင့် လည်ပင်း အနေအထားအလိုက် မတူညီစွာ စွပ်ကြပါတယ်။ ပြီးတော့လည်း ကြေးကွင်းမှာ အကြီး၊ အသေးလည်း ရှိပါသေးတယ်.။ ပုံမှာကြည့်မယ်ဆိုရင် သမီးဖြစ်တဲ့သူရဲ့ ကြေးကွင်းက ပိုနည်းပြီး မိခင်ရဲ့ ကြေးကွင်းက ပိုများတယ်လို့ ထင်ရပါတယ်။ တကယ်က သမီးဖြစ်သူရဲ့ ကြေးကွင်းကလည်း ၂၄ကွင်း အမေဖြစ်တဲ့ သူကလည်း ၂၄ကွင်းပါ။ ဒါပေမဲ့ သမီးရဲ့ ကြေးကွင်းက သေးတာမို့လို့ အကွင်းရေ နည်းတယ်လို့ ထင်ရပါတယ်။



Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing


လက်မှာလည်း မြင်ရတဲ့ အတိုင်း ငွေကွင်းတွေ စွပ်ကြပြီး ဒူးခေါင်းမှာတော့ ကြေးကွင်းကို စွပ်ကြပြန်ပါတယ်။


Image Hosted by PicturePush - Photo Sharing


ကြေးကွင်းကို စွပ်ပြီးရင် ပြန်ချွတ်ကြသေးလား မေးတော့ စွပ်ထားပြီးရင်လည်း အဲဒီလည်ပင်းက ကြေးကွင်းကို မဖြုတ်ကြတော့ပါဘူး။ သေတဲ့အထိ စွပ်ပြီးနေကြပါတယ်တဲ့။ ခုနောက်ပိုင်း ကလေးတွေရော စွပ်ကြသေးလားလို့ မေးတဲ့အခါမှာတော့ သူတိုရဲ့ သားသမီးတွေဖြစ်တဲ့ ခုခေတ်ကလေးတွေက မစွပ်ကြတော့ပါဘူးတဲ့. ကျောင်းတွေ ဘာတွေ တက်ကြတော့ အခြားကလေးတွေ ကြားမှာ ထူးထူးခြားခြား မဖြစ်လိုကြတာရော၊ ရှက်ကြတာကြောင့်ရော စွပ်ခိုင်းလို့ မရတော့ဘူးလို့ ပြောပြပါတယ်။“ ကောင်းပါတယ် ခုခေတ်ကြေးတွေက ဈေးကြီးကကြီးနဲ့ မဟုတ်ရင် ကြေးဖိုးနည်းမှ မဟုတ်ဘူး”လို့ ကျွန်မက ပြန်နောက်ပြော ပြေလိုက်တော့ သားအမိနှစ်ယောက်က ရယ်ကြပြန်ပါတယ်။ ခုလို စွပ်ထား ရတာ နေရ မခက်ဘူးလား ဆိုပြန်တော့ မခက်ပါဘူး၊ ဘာမှလည်း မဖြစ်ဘူး။ လေးလဲမလေးဘူး လို့ ပြန်ဖြေပါတယ်. ငယ်ကတည်းက အလေ့အကျင့် ဖြစ်ခဲ့တော့လည်း ထူးထူးခြားခြား ဘာမှ မခံစား ရတော့တာ ဖြစ်မှာပါ။


Image Hosted by PicturePush - Photo Sharing
 ပန်းခြံထဲက ဗီးနပ်စ် ရုပ်နဲ့အတူ

Image Hosted by PicturePush - Photo Sharing

ဒီပုံလေး သဘောကျတယ်.. ပုံတွေအများကြီးရိုက်တဲ့အထဲမှာ လက်တွဲတာဆိုလို့ ဒီတစ်ပုံလေးဘဲရှိတာ။ 
ဒါတောင် လက်တွဲပေးပါလို့ ပြောလို့ တွဲလိုက်တာ. မဟုတ်ရင် အပေါ်မှာလို တောင့်တောင့် ကြီးတွေ ဖြစ်နေတာ။ အင်းလေ သူတို့က မင်းသမီးမှ မဟုတ်တာ ဘယ်ကလာ ပဲတွေ အိုက်တင်တွေ ပေးတတ်ပါ့မလဲနော်။ သူတို့နာမည်တွေ မေးတဲ့အခါ အမေဖြစ်သုရဲ့ နာမည်က ဂျက်ပိန်း လို့ခေါ်ပါတယ်တဲ့။ ကျွန်မက သူတို့နာမည်ကို အသံထွက်ပြီး ဆိုကြည့်တော့ ရယ်ကြပြန်ပါတယ်. ကျွန်မ အသံထွက်တာ လွဲနေလို့ပါတဲ့.. “ဟင်.. ပဒေါင်တွေကတောင် ရယ်ရလောက်အောင် ငါ့အသံထွက်က ဒီလောက်ဆိုးနေလား”လို့ ကိုယ့်ကိုယ်ကို ပြန်တွေးပြီး ရယ်ချင်မိသေး။း) သိဘူး.. ခုလည်း ဂျက်ပိန်းဆိုတာ ကြားမိတဲ့အတိုင်း ရေးလိုက်တာပါဘဲ။ မူပိန်းလို့လည်း ခေါ်ပါတယ်တဲ့။ သမီးရဲ့ နာမည်ကတော့ မူနောလို့ ပြောပါတယ်။ မိခင်ဖြစ်သူ ဒေါ်ဂျက်ပိန်းက အသက် ၆၀ကျော်ပြီလို့ပြောတော့ “မထင်ရဘူးနော်.. အသက်၆၀ကျော်သာပြောတာ ငယ်ငယ်လေးလို့ ထင်ရတယ်” လို့ ကျွန်မက ပြောတော့ သားအမိတွေ ရယ်ကြပြန်ပါတယ်။


ဒေါ်ဂျက်ပိန်းတို့ ပဒေါင်သားအမိကို ဓာတ်ပုံရိုက်ယူနေတုန်းမှာ မိန်းခလေးတစ်ယောက်က သူလည်း ပဒေါင်တွေနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ချင်ပါတယ်လို့ ပြောလာလို့ ရိုက်ပေးလိုက်ရပါသေးတယ်။ :P အမယ် သူက လက်နှစ်ချောင်းထောင်တော့ မမူနောကလည်း လက်ကလေး နှစ်ချောင်းလိုက်ထောင်လို့..


Image Hosted by PicturePush - Photo Sharing
လည်ပင်းကြေးကွင်းစွပ်သူများအား အမှတ်တရ
( အလယ်က တစ်ယောက်ကတော့ ပိုက်ဆံပြတ်လို့ စွပ်ထားတဲ့ ကြေးကွင်းဖြုတ်ရောင်းလိုက်ပုံ ရပါတယ် .ကြေးကွင်းမပါလည်း ဓာတ်ပုံတော့ ရိုက်ပေးလိုက်ပါတယ်လေ ) :P


မမူနောတို့ သားအမဟာ အင်မတန် စိတ်ရှည်ပါတယ်။ သူတို့ကို ကျွန်မက ဟိုဟိုဒီဒီ နေရာကောင်း၊ ရှုခင်းလှတဲ့ နေရာလေးတွေ ပြောင်းပြီး ဓာတ်ပုံအမျိုးမျိုး ရိုက်တော့ “ပင်ပန်းနေပြီလား” လို့ သူတို့ကို မေးတဲ့အခါ၊ “ရတယ် ရတယ်.. ဘာမှ မပင်ပန်းဘူး” လို့ သဘောကောင်းစွာနဲ့ ပြောရှာပါတယ်။ ဒေါ်ဂျက်ပိန်းကတော့ အိမ်ထောင်ဆုံး သွားတာ နှစ်ပေါင်းများစွာကြာပါပြီ။ မမူနောကလည်း

နှစ်သစ်မင်္ဂလာနဲ့ ရှမ်းတို့ရိုးရာ

အားလုံးသော မိတ်ဆွေများ မင်္ဂလာပါနော်.. ဒီနေ့ဟာ ရှမ်းလူမျိုးတို့ရဲ့ ၂၁ဝ၆ခုနှစ်ကို ကူးပြောင်းတဲ့ နှစ်သစ်ကူးနေ့ ဖြစ်ပါတယ်ရှင်.. မိဘ နှစ်ပါးစလုံး ရှမ်းလူမျိုးဖြစ်သော်လည်း ရှမ်းစကား မတတ်တဲ့ ကျွန်မက ရှမ်းနှစ်သစ်ကူး အကြောင်းလေး အနည်းငယ်ကို ဗဟုသုတအဖြစ် ပြောပြချင်ပါတယ်။ ရှမ်းနှစ်သစ်ကူးကို တန်ဆောင်မုန်းလကွယ်ညနဲ့ နတ်တော်လဆန်း တစ်ရက်နေ့ အကူးမှာ မီးရှူးမီးပန်းဖောက်ခြင်း၊ အိုးစည်ဗုံမောင်းများ တီးမှုတ်ခြင်း၊ ကခုန်ခြင်းတို့ဖြင့် နှစ်သစ်ကို ကြိုဆိုကြပါတယ်။ ရှမ်းပြည်နယ်မှာတော့ နှစ်သစ်ကူးပွဲကို နတ်တော်လဆန်း မတိုင်မီကတည်းက သုံးရက် လေးရက်၊ ရက်သတ္တပတ် ခန့်တိုင်အောင် ပျော်ပွဲရွှင်ပွဲများ  နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ ရှိကြပါတယ်။


Image Hosted by PicturePush - Photo Sharing

သီပေါမြို့ ရှမ်းနှစ်သစ်ကူး ပိုစတာ
( ပုံကို Min Thar ရဲ့ ဖေ့ဘွတ်မှ ကူးယူဖော်ပြပါသည်) 


Image Hosted by PicturePush - Photo Sharing
မူဆယ်မြို့  နှစ်ကူးပွဲတော်ကျင်းပရာ လွယ်တိန်ခမ်းတောင်ပေါ်အဝင်ဝ
 (ပုံကို ဘုန်းဘုန်း Tu Pi Naw Seng ဖေ့ဘွတ်မှ ကူးယူဖော်ပြပါသည်)


ရှမ်းလူမျိုးတွေမှာ ကိုယ်ပိုင် စကား၊ ကိုယ်ပိုင် စာနဲ့ ကိုယ်ပိုင် ပြက္ခဒိန်ကို ပိုင်ဆိုင်ထားကြပါတယ်။ နှစ်သစ်ကူးပွဲတော်ရဲ့ သမိုင်းမှတ်တမ်းများအရ   ၄၅၀ (ဘီစီ ၉၄) မှာ ရှမ်းလူမျိုး တို့ရဲ့ “မူအန်မောဝ်”  နိုင်ငံတော်ကို  တည်ထောင် ခဲ့တဲ့ နှစ်ဟာ  စတုတ္ထ သင်္ဂါယနာ တင်သော နှစ်လည်း ဖြစ်ပါတယ်။ ထိုအချိန်အခါ သမယမှာ ဗုဒ္ဓ မြတ်စွာရဲ့ သာသနာတော် ပြန့်ပွားဖို့အတွက် ရဟန်းတော် သောဏ မထေရ်ဟာ ရှမ်းဒေသကို သာသနာပြု ကြွရောက်တော် မူလာ ပြီး မဇ္ဈန္တိက မထေရ်တို့က တရုတ်ပြည်သို့ သာသနာပြု ကြွရောက်တော် မူခဲ့ပါ တယ်။ ထိုစဉ်မှာဘဲ ရှမ်းဘုရင် မိန်းဆည်၏ သားတော် အိမ်ရှေ့မင်းသား ခွန်ဟောင်ဟာ နောက်ပါ တပည့်လေးဦးတို့နဲ့အတူ အနောက်နိုင်ငံ (အိန္ဒိယ)သို့ ပိဋကတ်တော် များကို ရေးကူးပြီးနောက် ရှမ်း နေပြည်တော်ကို ပြန်ရောက် လာခဲ့ပါတယ်။ 

 ယခင်က နတ်ကိုးကွယ်ခြင်း အလေ့အထသာ ရှိခဲ့တဲ့  ရှမ်းလူမျိုးတို့ဟာ ဗုဒ္ဓဘာသာကို စတင်ကိုးကွယ်လာကြပါတယ်. ထိုနှစ်ထိုအချိန်ဟာ ရှမ်းတို့ရဲ့ နေပြည်တော်မှာ နှစ်သစ်ကူးပွဲ ကျင်းပချိန်နဲ့ တိုက်ဆိုင်နေခဲ့ပါတယ်။ ထိုသို့ထူးခြားတိုက်ဆိုင်တဲ့ အကြောင်းများကြေင့် သာသနာတော်နှစ် ၄၅၀ဟာ ရှမ်းလူမျိုးတို့အတွက် ထူးမြတ်တဲ့နှစ် ဖြစ်တာကြောင့် ၄င်းနှစ်မှစပြီး ရှမ်းလူမျိုးတို့ရဲ့ ခုနှစ်သက္ကရာဇ်ကို  စတင်ရေတွက် လာခဲ့ကြတဲ့အတွက် ရှမ်းတို့ရဲ့ သက္ကရာဇ်ဟာ သာသနာသက္ကရာဇ်နဲ့ ယှဉ်ရင် နှစ် ၄၅၀ နောက်ကျပါတယ်။ ရှမ်းနှစ်သစ်ကူး ပွဲတော်ကိုလည်း လွန်ခဲ့တဲ့ နှစ် ၂၀၀၀ကျော်ကစပြီး ယနေ့ထိတိုင် ရှမ်းလူမျိုးတို့ရဲ့ အမြတ်နိုးဆုံး ပွဲတော်အဖြစ် ဆက်လက် ဆင်နွှဲ ကျင်းပလာခဲ့ကြပါတယ်။  ရှမ်းလူမျိုးများဟာ ကျွန်မတို မြန်မာနိုင်ငံမှာနေထိုင်တဲ့ တိုင်းရင်းသား လူမျိုးများထဲမှာ မြန်မာလူမျိုးပြီးလျှင် လူဦးရေ အများဆုံး ဖြစ်ပါတယ်။ 

ရှမ်းလူမျိုးတို့မှာ ကိုယ်ပိုင်စာပေနဲ့ ပတ်သက်ပြီး အသုံးပြုခဲ့ကြပုံကို ပြောပြရမယ်ဆိုရင် ဘီစီ ၂၆ဝဝခုနှစ်လောက် ကတည်းက အရုပ်များရေးဆွဲကာ ဆက်သွယ်ရေး သင်္ကေတအဖြစ် စတင် အသုံးပြု ခဲ့ကြဟန် တူပါတယ်။ ဘီစီ ၈၄၃ခုနှစ် အရောက်မှာ ရှမ်းဘုရင် စီ (၈၄၃)မှ အဘိရာဇာ မင်းက ကောလိယပြည်မှ သက္ကတဆန်တဲ့ စာတွေနဲ့ မောရှမ်းစာကို တီထွင်ပေးခဲ့ပြီး အေဒီ (၇၂၈-၇၄၈) နန်ချောင်ဘုရင် ဆိုင်လောဝ်ပီလက်ထက်မှာ ရှမ်းစာကို လေးထောင့်ပုံစံသုံးခဲ့ပြီး မလိုအပ်တဲ့ အက္ခရာတွေကို ဖယ်ပြီး (၁၈)လုံးသာ အသုံးပြုခဲ့ပါတယ်။ ရှမ်းလူမျိုးများကနေ ဆင်းသက်တဲ့ (ထိုင်း) ယိုးဒယားတို့ရဲ့ စာကတော့ အေဒီ ၁၂၈၃ ခုမှ ဘုရင် ရာမဂါမဟိန်က ခမာစာကို အမီပြုပြီး ထိုင်းစာကို စတီထွင် အသုံးပြုခဲ့တယ်။

အေဒီ (၁၃၁၂) မောရှမ်းဘုရင် ဆေခန်ဖက လေးထောင့်စာကနေ ယခုလက်ရှိ မောရှမ်းများ အသုံးပြုတဲ့ ပဲပင်ပေါက်စာကို သုံအသုံးပြုလာခဲ့ပါတယ်။ အေဒီ (၁၄၀၅-၁၄၂၈) သိန္နီစော်ဘွား စ၀်ခမ်းကိုင်ဖ လက်ထက်အရောက်မှာ လေးထောင့်စာကနေ စာလုံးဝိုင်း ပုံစံဖြစ်လာတယ်။ (ခေတ်ဟောင်း ရှမ်းကြီးစာဖြစ်ပြီး အောက်ကမြစ်၊ ၀စ္စနှစ်လုံးပေါက်များ အသုံးမပြုပါ) အေဒီ ၁၉၅၄ ဒုတိယကမ္ဘာစစ် ပြီးနောက် သိန္နီမှ ဆရာတော် အရှင်ဝိဇယာနန္ဒနဲ့ ကျိုင်းတုံ စ၀်ဆိုင်မိန်းတို့က (ခေတ်ဟောင်း ရှမ်းကြီးစာကို ဖြည့်စွက်ပြီး) ယခု အသံထွက်  ငါးမျိုး ရှိတဲ့စာ ခေတ်သစ် ရှမ်းစာ (ရှမ်းကြီးစာ) ကို တီထွင် အသုံးပြုခဲ့တယ်။

ကျွန်မ အရင်က ရေးခဲ့ဖူးတဲ့ တရုတ်ပြည်ထဲက ရှမ်းမြို့ကလေးမန်စီ ပိုစ့်ထဲမှာ ရှမ်းလူမျိုးတွေဟာ ၁၁ရာစုအရောက်မှာ တရုတ်မြန်မာ နယ်စပ်အနီးက ရှမ်းအင်ပါယာ ပြိုကွဲပြီး မြန်မာပြည် မြောက်ပိုင်း၊ ရှမ်းပြည်၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စတဲ့ဒေသ အသီးသီးကို ပျံ့နှံ့ရောက်ရှိသွား ကြတဲ့အကြောင်း ရေးခဲ့ဖူးပါတယ်။ ဒါကြောင့် ခုချိန်ထိ တရုတ်ပြည်တွင်းရှိ ရှမ်းလူမျိုးများ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့ အသုံးပြုတဲ့စာဟာ ရှမ်းလူမျိုးတွေ အသုံးပြုတဲ့စာနဲ့ နီးစပ် ဆင်တူနေခဲ့ပါတယ်။

Image Hosted by PicturePush - Photo Sharing

 ရှမ်းလူမျိုးတို့ရဲ့ နိုင်ငံအသီးသီးရှိ စာပေများ

Image Hosted by PicturePush - Photo Sharing
 ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မြန်မာပြည်တွင်းသို့ ရှမ်းလူမျိုးများ ပျံ့နှံ့ရောက်ရှိသွားပုံ

 အထက်ပါ ရှမ်းသမိုင်းနဲ့ ရှမ်းနှစ်သစ်ကူး အကြောင်းအရာများကို တက္ကသီလ မဟာဓမ္မာစရိယ ကျမ်းပြု အရှင်သုခမိန္ဒ (ခ) ဆရာတော်စဝ်ဆုခမ်း  ရဲ့ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည် ကိုးကွယ်မှုနှင့် ဓလေ့ ထုံးစံများ စာအုပ်ကနေ ကောက်နှုတ်ဖော်ပြချက်ကို ကိုးကားရေးသားထားတာဖြစ်ပြီး ရှမ်းစာပေ အကြောင်း ကိုတော့ ဆရာတော်ကို မေးမြန်းပြီးမှ ဆရာတော်ရဲ့ ပြန်လည်ဖြေ ကြားချက်ကို ဖော်ပြပေးတာ ဖြစ်ပါတယ်။ အကြောင်းအရာများအတွက် ဘုန်းဘုန်း ဆရာတော် စဝ်ဆုခမ်းကို ကျေးဇူးအထူး တင်ပါကြောင်း တပည့်တော် ရိုသေစွာ လျှောက်ထားပါတယ်။ 

****************@@@*************** 


Image Hosted by PicturePush - Photo Sharing
 နမ့်ခမ်း ရှမ်းနှစ်သစ်ကူး


ရှမ်းပြည်နယ်မှာ ရှမ်းလူမျိုးတွေဟာ ရှမ်းစာနဲ့ ရှမ်းစကားကိုသာ အသုံးများကြပါတယ်.. ဖိတ်စာ၊ ဆိုင်းဘုဒ် စသည်တို့မှးလည်း ရှမ်းဘာသာနဲ့ ရေးထိုးကြတာကို တွေ့ရပါတယ်.။  ရှမ်းမြို့ကလေး နမ့်ခမ်းကိုရောက်ခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရှမ်းဝတ်စုံနဲ့ ကလေးငယ်များရဲ့ ချစ်စရာ ပုံလေးများကို ရှမ်းနှစ်ကူး အမှတ်တရ အနေနဲ့ အမှတ်တရ ဖော်ပြချင်ပါတယ်။ Professional လက်ရာမဟုတ်တဲ့ ခပ်ညံ့ညံ့ ကျွန်မရဲ့ ဓာတ်ပုံများကို အောက်မှာ ကြည့်ရှုအားပေးပါဦးလို့..