သင်္ဘောပေါ်က ရေပေါ်ကျွန်းကလေး..

နည်းပညာတွေ အဆန်းတကြယ်တိုးတက်လာနေတဲ့ ခေတ်ကြီးမှာ အိပ်မက်ဆန်လွန်းလို့ မဖြစ်နိုင်ဘူးလို့ အရာတွေဟာ လက်တွေ့ဖြစ်လာနေတာကို တွေ့နေရပါပြီ။ ပိုက်ဆံရှိ လူတန်းစားတွေအတွက် ထူးထူး ဆန်းဆန်း ဇိမ်ခံနိုင်တဲ့ ခေတ်မှီ အသုံးအဆောင်များလည်း အံ့မခန်း ပေါ်ထွက်လာနေတဲ့ ဒီခေတ်ကြီးထဲမှာ မကြာခင်ကမှ တည်ဆောက်ထားတဲ့ အပျော်စီး သင်္ဘောတစ်စီး အကြောင်း ပြောပြ ရရင် ရေပေါ်က ကျွန်းကလေး တစ်ခုပမာ ပြင်ဆင် တည်ဆောက်ထားတဲ့ အပျော်စီး သဘောင်္တစ်စီးပါ။




Luxury-Experiment-Paradise-Island-Yacht-Front-View


Tropical Island Paradise by Yacht Island Design



Tropical Island Paradise by Yacht Island Design


Tropical Island Paradise by Yacht Island Design

 ဒီ သင်္ဘောရဲ့ ဖန်တီးသူ ဒီဇိုင်နာကတော့ British Yacht Island Design ရဲ့ လက်ရာဖြစ်ပြီး အမြင့်ဆုံးမောင်းနှင်အားမှာ တစ်နာရီကို ရေမိုင် ၁၅မိုင်ခန့် မောင်းနှင်နိုင်ပါတယ်။ သဘောင်္ဟာ အရှည် ၂၉၅ပေ ရှိပြီး အမြင်အားဖြင့် ရေပေါ်က ကျွန်းတစ်ကျွန်းနဲ့ တူအောင် ဖန်တီးထာပြီး သင်္ဘောရဲ့ အဓိက အကျယ်ဆုံးနေရာကိုတော့ ပင်လယ် ကမ်းစပ်တစ်ခုလိုလို တည်ဆောက်ထားပါတယ်။ သဘောင်္ဆိုပေမဲ့လို့ အဲဒီအပေါ်မှာ မီးတောင် ပုံသဏ္ဍာန် တောင်တစ်ခုရယ်၊ ရေတံခွန် တစ်ခုရယ်၊ ရေကူးကန်ရယ် ပါဝင်ပါတယ်။ မီးတောင်ပုံသဏ္ဍာန်နဲ့တူတဲ့ တောင်ပေါ်က စီးကျလာတဲ့ ရေတံခွန်က ရေတွေဟာ ရေကူးကန်ထဲ စီးဝင်သွားအောင် ပြုလုပ်ထားတာပါ။ ရေကူးကန် မရောက်ခင် ရေစီးလမ်းရဲ့ ဘေးတစ်လျှောက်မှာတော့ ဇိမ်ခံ အနားယူ၊ အပန်းဖြေနိုင်တဲ့ တဲငယ်ကလေးများ၊ ဘားကောင်တာများ၊ အုန်းထန်းပင်များ ပါရှိပါတယ်။ မီးတောင် သဏ္ဍာန်ရဲ့ အောက်ထဲမှာတော့ စာကြည့်တိုက်၊ ရုပ်ရှင်ရုံ၊ အားကစားရုံ၊ Spa စတဲ့ ဝန်ဆောင်မှုတွေ ပါဝင်ပါတယ်။ 



luxury yacht
  အပေါ်စီးက မြင်ရတဲ့ရွက်လှေ

luxury yacht


luxury yacht

တစ်ခေါက်ကို လူ ၁၀ဦးစာ ဇိမ်ခံစီးနိုင်ပြီး ဝရံတာများ ပါရှိတဲ့ သီးသန့်ခန်း လေးခန်းပါဝင်တယ်လို့ဆိုပါတယ်။



luxury yacht

သဘောင်္ရဲ့ ဝမ်းဗိုက်နေရာကနေ ရေပေါ်ကို ဖြန့်ထုတ်ထားတဲ့ အပန်းဖြေ အနားယူစရာ နေရာကနေလည်း ပင်လယ်ပြင်ရဲ့ အလှအပနဲ့ ရေပြင်နဲ့ တစ်တန်းတည်း နေရခဲ့ ခံစားချက်ကို ပေးစွမ်းနိုင်အောင် ထည့်သွင်း ဖန်တီးထားခြင်းဖြစ်တာကြောင့် ဒီသင်္ဘောကို လူတွေပိုပြီး စိတ်ဝင်စားစေတဲ့ အချက်ဖြစ်ပါတယ်။ အဲဒီနေရာကိုတော့မလိုအပ်ရင် ပြနလည်းထိမ်းထားလို့ရအာင် အရှင် ပြုလုပ်ထားတာဖြစ်ပါတယ်။


luxury yacht


တကယ်လို့များ သင့်မှာ ပိုက်ဆံတွေ သိပ်ပေါများနေပြီး ထားစရာနေရာ မရှိရင် ဒီလိုသင်္ဘောမျိုးကို ဝယ်ပြီး ဇိမ်ခံသင့်ပါတယ် တဲ့နော်။း)



Image Hosted by PicturePush - Photo Sharing


Photos Credit: Yacht Island Design

မရခဲ့ဖူးတဲ့လက်ဆောင်...

အဖွားမေရီသည် စိတ်သဘောပြည့်ဝပြီး အေးချမ်းသိမ်မွေ့ကာ အဖိုးအပေါ်မှာလည်း အစွမ်းကုန် ချစ်ခင်ပြုစု ယုယတတ်သူ တစ်ယောက် ဖြစ်ပါသည်။ အဖိုးကတော့ တစ်ချိန်တုန်းခါက စိတ်မြန် လက်မြန်နှင့် တက်ကြွ လှုပ်ရှားသူ၊ မိသားစုရဲ့ စီးပွားရေး၊ လူမှုရေးတို့ကို အစစ ဦးဆောင်သူ ဖြစ်ခဲ့သော်လည်း ၂ကြိမ်လောက် လေဖြတ်ခံရပြီး နောက်ပိုင်းတွင် အိမ်တွင်း အိမ်ပြင် လမ်းလျှောက်ဖို့တောင် အနိုင်နိုင်၊ စကားပြောဖို့ပင် နှုတ်က မသွက်တော့ဘဲ လေးလံ ထိုင်းမှိုင်း ဖြစ်နေရပါပြီ။ ဘုရားကျောင်းလည်း မသွားနိုင်၊ အိမ်နီးနားချင်းများ၏ အိမ်တွေကိုပင် မလည်ပတ်နိုင်ခဲ့သည်မှာ တစ်နှစ်နီးပါး ရှိခဲ့ပြီ ဖြစ်ပါသည်။ အဖိုးသည် သူပိုင်ဆိုင်သော အချိန်တော်တော်များများအား တီဗီရှေ့တွင် ထိုင်ပြီး  အချိန်ဖြုန်းနေရသည်ကသာ များလေသည်။ အဖိုး တစ်ယောက် အဖွားမေရီ အလုပ်လုပ်နေချိန်များတွင် တီဗီမှ လာသော သတင်း အစီအစဉ်နှင့် အခြား အစီအစဉ်များကို ထိုင်ကြည့်လို့ နေခဲ့ရသည်။ အဖွား အားလပ်သည့်အခါတွင်တော့ ၂ယောက်သား စကားပြောရင်း၊ တီဗီကြည့်ရင်း၊ စာဖတ်ကြရင်း အချိန်ကုန်ရတော့သည်။ အဖိုးအတွက်မှာ အဖွား၏ အကူအညီသာ မပါလျှင် ထိုင်ခုံကနေ နေရာရွှေ့ဖို့၊ အိပ်ရာဆီ သွားဖို့တောင် ခက်ခဲလွန်းလှ ပါသည်။

အဖွားသည်  အဖိုးကို နေ့စဉ် အိပ်ရာမှ နိုးထစေပြီး  နံနက်စာကျွေးမွေးရန် ထမင်းစားခန်းသို့ သွားနိုင်ဖို့ရန် ကူညီပေးလေ့ ရှိသည်..  နံနက်စာ စားသောက်ပြီးချိန် မှာတော့ အဖွားက ပန်းကန်များကို ဆေးကြော သန့်စင်နေစဉ် အဖိုး ခေတ္တ အနားယူစေနိုင်ရန် ဧည့်ခန်းတွင်းရှိ အဖိုးထိုင်နေကျ ပက်လက် ကုလားထိုင်လေးမှာ ထိုင်ခိုင်းထားကာ တီဗီကြည့်စေသည်။ ပန်းကန်ဆေးကြော သန့်စင်နေရင်းမှာပင် အဖိုးများ တစ်ခုခု လိုအပ်နေသလား၊ ဘာလုပ်ပေးဖို့ လိုဦးမလဲ ဆိုသည်ကို မကြာခန လှမ်းလှမ်း ကြည့်ပြီး အဖွားက မေးလေ့ ရှိသည်။ ထို အဖြစ်အပျက်တွေသည် အဖိုးနှင့် အဖွားတို့၏ နေ့စဉ် အဖြစ်အပျက် ကလေးတွေသာ ဖြစ်ပါသည်။ အဖိုးအပေါ်တွင် အဖွားမေရီ တစ်ယောက် မငြီးမငြူ ဂရုတစိုက် ပြုစုယုယကာ အိမ်ထောင်သက်နှစ်-၅၀ ကြာလာသည့်တိုင် အဖိုးအပေါ် သူမ၏ ချစ်ခင်မြတ်နိုးမှုက လန်းဆန်း တောက်ပနေတုန်း၊ အိမ်ထောင်ဦး ကာလက ကဲ့သို့ နုနယ် ပျိုမြစ်နေ တုန်းသာ။

အဖွားသည် အဖိုးအပေါ်တွင် အလွန်တရာ ချစ်ခင်မြတ်နိုးစွာ ရှိခဲ့သ်ာလည်း  အဖိုးကတော့ အိမ်ထောင်တစ်ခုကို သူ့တာဝန်ကျေအောင် ထမ်းဆောင်လျှင် ပြီးပြီဟုသာ သဘောထားပြီး ဇနီးမယား အပေါ် ယုယုယယ မနေတတ်ခဲ့သူ ဖြစ်ပါသည်။ အဖိုးရင်ထဲမှ အချစ်ဆိုသည့် အရာကိုလည်း အဖွားသိအောင် ဘယ်ခါမှ ထုတ်မပြောတတ်သူ ၊ ပြောခဲ့သူတစ်ယောက် မဟုတ်ခဲ့ပါ။ အိမ်ထောင် သက်တမ်း ကာလတစ်လျှောက်တွင် အဖိုးက အဖွားအတွက် အမှတ်တရ လက်ဆောင်ဆိုသည်မှာ ဘယ်သောခါမှ ၀ယ်ပေးသည် မရှိခဲ့ဖူးပါ။ အဖိုး၏ ခံယူချက်မှာ ငွေကြေးဥစ္စာ လုံလောက်အောင် ရှာဖွေပေးပြီး ဖြစ်သောကြောင့် အဖွား လိုအပ်တာ မှန်သမျှ စိတ်တိုင်းကျ ဝယ်ယူခွင့် ရှိနေပြီဖြစ်၍ “သူမ ကြိုက်နှစ်သစ်ရာ ဝယ်ယူနိုင်သည်၊ သူကိုယ်တိုင် ဝယ်ပေးရန် မလို။” ဟူသော အတွေးမျိုး ရှိသူဖြစ်သည်။

အဖိုး၏ ထိုအကျင့်စရိုက်သည် ညားကာစ အိမ်ထောင်ဦးကာလတွင် အဖွားအတွက် စိတ် အနှောက်အယှက် ဖြစ်စရာ၊ မကျေနပ်စရာ ဖြစ်ခဲ့ရသည်။ အဖိုးသည် သူမအား တကယ် ချစ်မှ ချစ်ခဲ့ပါရဲ့လား ဟူသော သံသယသည် အဖွားမေရီ စိတ်ထဲတွင် အမြဲတမ်း ဖိစီးခဲ့သော်လည်း အိမ်ထောင် သက်တမ်း ကြာလာသည်နှင့် အမျှ  မိမိအိမ်ဦးနတ်ကို သဘောပေါက် နားလည်နိုင်အောင် ကြိုးစားရတော့သည်။ အဖိုးသည် အိမ်ထောင် တစ်ခုလုံးအတွက်ရော သူမအတွက်ပါ အလွန်ကောင်းမွန်သော အိမ်ထောင်ဦးစီးကောင်း တစ်ဦး ဖြစ်သည်မှာ သူမ အသိဆုံးဖြစ်သည်။ မိသားစု အတွက် လိုလေသေး မရှိရအောင် ငွေကြေးကို ရှာဖွေပေးခဲ့သည်။ အဖွား လိုချင်သော ပစ္စည်းဟူသမျှ စိတ်တိုင်းကျ ၀ယ်ယူခွင့်ပေးထားခဲ့သည်။ ထို့ကြောင့်လည်း အဖိုး ကိုယ်တိုင် ဝယ်ပေးလေ့ မရှိသော လက်ဆောင်နှင့်၊ ထုတ်မပြတတ်သော အဖိုး၏ အကြင်နာတို့အတွက် လိုချင် တပ်မက်စိတ်၊ မက်မောစိတ် ဖြစ်မနေတော့အောင် သူမကိုယ်ကို ကြိုးစား၍ စိတ်ကို ဖြေသိမ့်တတ် ခဲ့ပြီ ဖြစ်သည်။ အဖိုး၏ ချစ်ခင်ယုယမှု၊ အသိအမှတ်ပြုမှု တို့ကိုလည်း ရရှိသည်ဖြစ်စေ မရသည်ဖြစ်စေ အဖိုးအပေါ်ထားသော သူမ၏ ချစ်ခင်မြတ်နိုးစိတ်၊ ကြင်နာသဒ္ဓါစိတ် တို့ကိုတော့ဖြင့် ယခင်အတိုင်း ထားမြဲ ထားနိုင်ခဲ့ပြီ ဖြစ်ပါသည်။

တစ်ခုသော ဖေဖော်ဝါရီလ၏ အေးမြသော မနက်ခင်းတစ်ခုတွင် တီဗီကြည့်နေသာ အဖိုးထံသို့ လျှောက် လာကာ “ကျွန်မ နေ့လည်စာ ချက်ပြုတ်ဖို့ ပြင်ဆင်လိုက်ဦးမယ်” .. ဟု တီဗီ ကွန်ထရိုလ်းကို အဖိုးလက်ထဲ ထည့်ပေးလိုက်ရင်း အဖွားက ပြောလိုက်ပါသည်။ “တစ်ခုခု လုပ်ချင်တာ၊ လိုချင်တာရှိရင် ကျွန်မ အပြင်ထွက်လာတဲ့အထိ ခဏလောက်စောင့်နော်.. တစ်ယောက်တည်း မနိုင်မနင်း လျှောက်မလုပ်နဲ့”.. ဟု စိတ်မချစွာ အထပ်ထပ်ပြောရင်း မီးဖိုခန်းထဲသို့ ဝင်ရောက်သွားပါသည်။ အချိန်အနည်းငယ် ကြာသော် စားသောက်စရာများ ချက်ပြုတ်ပြီး၍ အိမ်ရှေ့သို့ အဖွား ပြန်ထွက်အလာတွင် အဖိုးကို ကုလားထိုင်တွင် မတွေ့ရတော့ပေ။

အဖွားမှာ ရုတ်တရက် ပြာဝေသော စိတ်ဖြင့် အဖိုးကိုင်နေကျ တောင်ဝှေးထားရာ နေရာကို ကြည့်လိုက်သည့် အခါတွင် တောင်ဝှေးမှာ နေရာတွင် မရှိတော့ပေ။ အဝတ်ဘီရိုမှာလည်း ပွင့်လျှက်ရှိပြီး အဖိုး၏ အပေါ်ဝတ် ကုတ်အင်္ကျီနှင့် ဦးထုပ်မှာ ပျောက်ဆုံးနေခဲ့ပြီ။ အဖိုးသည် တစ်နေရာရာသို့ ထွက်ခွာ သွားပေပြီ။ အဖွားမှာ သွေးရူး သွေးတန်းဖြင့် ဘီရိုတွင်းမှ ကုတ်အင်္ကျီတစ်ထည်ကို အမြန်ကောက်ဝတ်ကာ  အိမ်တွင်းမှ အပြေးတစ်ပိုင်း ထွက်ကာ ဟိုဟိုဒီဒီ မျှော်ကြည့် မိလေသည်။ အဖိုးသည် ခပ်ဝေးဝေး ကိုတော့ဖြင့် ရောက်လိမ့်ဦးမည်ဟု သူမ မထင်ပေ။ အဖိုး တစ်ယောက်တည်း လမ်းလျှောက်နိုင်ဖို့ရန် ခက်ခက်ခဲခဲ ကြိုးပမ်း အားထုတ်ရမည်မှာ သေချာလေသည်။ ထိုအချိန်သည် အလွန် အေးချမ်း လှသော ဖေဖော်ဝါရီလ ဖြစ်သော်ကြောင့် နှင်းပွင့်လေးများက ကျဆင်းနေချိန် ဖြစ်လေ သည်။  အပြင် ဘက်တွင်လည်း နှင်းပွင့်လေးများ အဆက်မပြတ် ကျဆင်းနေမှုကြောင့် လမ်းမထက်တွင် အဖြူရောင် နှင်းပြင်ကြီးက ဖုံးလွှမ်းစ ပြုနေပြီဖြစ်သည်။

ယခုလိုအချိန်တွင် နှင်းတို့ဖုံးလွှမ်းနေသော  လမ်းမထက်တွင် လူကောင်းတစ်ယောက်ပင် လမ်းလျှောက်ဖို့ ခက်ခဲနေပြီဖြစ်ရာ အဖိုးလို အခြားသူတစ်ဦးဦး၏  အကူအညီနှင့်မှ လမ်းလျှောက်နေရသူ တစ်ဦးအတွက်မူ ဆိုဖွယ်ရာ မရှိတော့ပေ။ “သူဘယ်ရောက်နေပြီလဲ .. ဘာကြောင့်များ အိမ်ကနေ မပြောမဆို တစ်ယောက်တည်း ထွက်သွားရတာလဲ ” စသည်ဖြင့် သူမ အတွေးတွေတွင် ပူပန်ခြင်း၊ နားမလည်နိုင်ခြင်း များစွာ ရောထွေးလျှက် လက်နှစ်ဖက်ကို ဆုပ်နှယ်နေမိရင်း  ဂဏှာမငြိမ်စွာ ဟိုဘက်လျှောက်၊ ဒီဘက်လျှောက်ဖြင့် လမ်းမပေါ်တွင် အရူးတစ်ယောက်နှယ် ရှိနေရလေသည်။ ကျဆင်း လာနေသော နှင်းဖွဲများကိုလည်း ဂရုမထားမိ၊ ရက်စက်လွန်းစွာ အေးစက်လှသော ဆောင်းဒဏ်ကိုလည်း သတိမပြု မိလောက်အောင် သူမ၏ စိတ်အစဉ် တစ်ခုလုံး အဖိုးအတွက် ပူပန်ရခြင်းများဖြင့်သာ ရင်မှာ လောင်မြိုက်၍ နေလေတော့သည်။

ထိုစဉ် လမ်းထောင့် တစ်နေရာမှ တစ်လှုပ်လှုပ် လျှောက်လာသော တစ်စုံတစ်ယောက်၏ ပုံရိပ်ကို သူမ တွေ့လိုက်ရလေသည်။ စူးစူးစိုက်စိုက် ကြည့်လိုက်သောအခါ အဖိုးဖြစ်မှန်း သေချာသွားလေသည်။ “အိုး သူပြန်လာပြီ” အဖိုး ဘယ်နေရာသို့သွားပြီး ပြန်လာသည်ဖြစ်စေ သူမမျက်စိရှေ့တွင် ဘေးမသီ ရန်မခ မြင်လိုက်ရသည်ကပင် ဝမ်းသာလွန်းလှပြီ။ သူမကျေနပ်ရပါပြီ.. အဖိုး၏ ကုတ်အင်္ကျီသည် ပုခုံးထက်မှ လျှောကျလို့ နေပြီး အဖိုး၏ လက်တစ်ဖက်တွင် တောင်ဝှေးနှင့် အတူ အထုပ်တစ်ထုပ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။ အဖိုးရောက်အလာကို စောင့်ဆိုင်းဖို့ စိတ်မရှည်နိုင်တော့ပဲ  သူ့ဆီသို့ အမြန်ရောက်အောင် ပြေးသွားမိတော့သည်။ အဖိုးအနား ရောက်သောအခါတွင်မှ  အခြေ အနေ ကောင်းမွန်နေသည်ကို မြင်တွေ့ရသဖြင့် စိတ်သက်သက်ရာ ရပြီးနောက်တွင် သူမပါးစပ်မှ စကားလုံး များ အဆက်မပြတ် ထွက်လာမိတော့သည်။

“ကျွန်မ ရှင့်ကို ခနလေး ထားပြီး နေ့လည်စာ သွားပြင်ချိန်လေးမှာ ကျွန်မ ပြန်အလာကိုတောင် မစောင့်နိုင်ဘဲ တစ်ယောက်တည်း ထွက်သွားရအောင်က ရှင်ကဘာကိုများ ဒီလောက်အရေးတကြီး လိုအပ်နေလို့လဲ။ ကျွန်မ ရှင့်ကို ဘယ်လောက်တောင် စိတ်ပူရတယ်ဆိုတာ ရှင်မသိဘူးလား… ဒီကမ္ဘာကြီးမှာ ဘယ်အရာ ကများ ရှင့်ကို အရေးတကြီး အပြင်ထွက်သွားရအောင် စွမ်းဆောင်နိုင်ခဲ့တာလဲ ” ဟု ပြောပြော ဆိုဆိုဖြင့် သိချင်စိတ်ကို ထိမ်းချုပ်မရတော့ဟန်နှင့် အဖိုးလက်ထဲတွင် ကိုင်ထားသော အထုပ်ကလေးကို အလျှင်အမြန် ဆွဲယူလိုက်လေသည်။  အဖိုးထံမှ ထွက်ပေါ်လာမည့် ရှင်းပြ စကားကိုပင် စောင့်ဆိုင်းနိုင်ခြင်း မရှိတော့ပါ။ လျှင်မြန်လွန်းလှသော စိတ်ဇောဖြင့် အထုပ်ပေါ်မှ စက္ကူများကို ဆွဲဖြည်မိတော့သည်။ စက္ကူများ ပြေသွားသည့် အထုပ်တွင်းတွင် ဘူးကလေးတစ်ခု ထွက်ပေါ် လာခဲ့သည်။ ဘူးကလေးအား တုန်ယင်သော အဖွား၏ လက်အစုံဖြင့် ဖွင့်ကြည့်လိုက်သည်တွင် ထွက်ပေါ်လာသည်က

ပုလဲ ဆွဲကြိုးလေးတစ်ကုံး…


အံ့သြခြင်းကြီးစွာဖြင့် အဖိုးမျက်နှာကို အဖွားက စောင်းငဲ့၍ ကြည့်လိုက်သည်တွင် “ဒီနေ့ဟာ ငါတို့ ၂ယောက်ရဲ့ နှစ်၅ဝပြည့် မင်္ဂလာ နှစ်ပတ်လည်နေ့လည်း ဖြစ်သလို ချစ်သူများနေ့လည်း ဖြစ်တယ်လေ။ ငါ့ဘဝမှာ မင်းကို  လက်ဆောင်ဆိုတာ ဘယ်တုန်းကမှ မပေးခဲ့ဖူးဘူးနော်။ ဒီတစ်ခေါက်တော့ ငါ့ရင်ထဲမှာ မင်းကို လက်ဆောင်ပေးချင်စိတ် ပြင်းပြင်းပြပြကို ဖြစ်မိတယ်။ မင်းဟာ ငါ့အပေါ် အမြဲတမ်း ကောင်းနိုင်ခဲ့၊ ချစ်နိုင်ခဲ့တယ်။ ခုလို ငါ မသန်မစွမ်း ဖြစ်တော့လဲ အနစ်နာခံပြီး မငြိုမငြင် ပြုစုခဲ့တယ်။ ဒါပေမယ့် ငါ့ဘက်က မင်းအပေါ်မှာ ဘာမှ တာဝန် မကျေခဲ့သလို ခံစားမိတယ်။ မင်းရဲ့ ဂရုတစိုက်၊ ချစ်ခင် မြတ်နိုးမှုတွေကို အသိအမှတ် မပြုသလို နေခဲ့မိတယ်။  ဒါကြောင့် မင်း မီးဖိုထဲမှာ ချက်ပြုတ်နေတုန်း ခန အပြင်ထွက်သွားပြီး ဒါလေးကို သွားဝယ်တာပါ…  ဒီ လက်ဆောင်လေးဟာ ငါ့တစ်သက်မှာ မင်းကိုပေးဖူးတဲ့ ပထမဆုံး လက်ဆောင်လဲ ဖြစ်လိမ့်မယ်နော်။ ဒါလေးကို ငါတို့ရဲ့ နှစ်၅ဝပြည့် မင်္ဂလာ လက်ဆောင်အဖြစ်ရော၊ ငါ့ရဲ့ ချစ်လက်ဆောင် အဖြစ်ပါ အသိအမှတ်ပြုပြီး မင်းလက်ခံပေးပါနော်”  သူမဘယ်တုန်းကမှ မရရှိခဲ့ဖူးသည့် နူးညံ့ချိုသာသော အသံကို အဖိုးထံမှ တိုးညှင်းစွာ၊ ဖြေးလေးစွာ၊ တုန်ယင်စွာနှင့် မသဲမကွဲ ကြားလိုက်ရတော့သည်။ သို့သော် မသဲကွဲပေမဲ့လည်း အဖိုးပြောသမျှကို သူမ လုံးစေ့ပတ်စေ့ နားလည်နိုင် ပါသည်။ ဒီလူနှင့် နေခဲ့သည်မှာ နှစ် ၅ဝပင် ရှိခဲ့ပြီ မဟုတ်ပါလားလေ။


အဖိုး၏ စကားဆုံးသွားသည့်အခါ အဖွားမျက်ဝန်းတွင် မျက်ရည်များ ပြည့်လျှံ အိုင်ထွန်း လာပါတော့သည်။ အဖွားသည် အဖိုး၏ လက်ကလေးကို အသာအယာ ဆွဲကိုင်ကာ သူမ ပါးပြင်နှစ်ဘက်ပေါ် အပ်ထားမိ လိုက်သည့် အချိန်တွင်တော့ အဖွား၏ မျက်ရည်များက အဖိုး၏ လက်ပေါ်သို့ တသွင်သွင် စီးကျလာ တော့သည်။   ထို့နောက်တွင် အဖွားသည် အဖိုး၏ လက်ကို  ခိုင်မြဲစွာ တွဲကာ အိမ်ဆီသို့ ၂ယောက်သား ပြန်လာခဲ့ကြတော့သည်။ အဖွား၏ မျက်နှာပေါ်တွင် မျက်ရည်စများနှင့်။ သို့သော် မျက်ရည်စများကြားမှပင် ကြည်နူးမှု အပြုံးလေးတစ်စက တွဲခိုလျှက် ရှိနေလေသည်။ အဖိုး၏ မျက်နှာပေါ်တွင်လည်း အပြုံးလေးက မပီဝိုးဝါး ခပ်ရေးရေးလေး။ သို့သော် အဖိုး၏ ကြည်နူးရိပ် သန်းနေသောအပြုံးကို အဖွားတစ်ယောက် ကောင်းစွာ ခံစား သိရှိပါလိမ့်မည်။ ဘယ်တုန်းကမှ မဖော်ပြခဲ့ဖူးသော အဖိုး၏ အချစ်တို့သည် ယခုအချိန်ရောက်မှ အဖွားတစ်ယောက် သိခွင့် ရလိုက်သော်လည်း အဖွားစိတ်ထဲတွင် တွေးနေမိသည်က “အချစ်အကြောင်း ပြောဖို့ဆိုတာ ဘယ်တော့မှ နောက်ကျတယ် မရှိပါဘူးလေ”.. ဟူ၍သာ..။ ထို့နောက်တော့ “ကျွန်မကို လက်ဆောင်မပေးလဲ ရှင့်ကို အမြဲချစ်နေမှာ၊ ဂရုစိုက်နေမှာပါ အဖိုးကြီးရယ်” ဟု ရှက်ပြုံး၊ ကြည်နူးသည့် အပြုံးလေးနှင့် အဖိုးကို ပြောလိုက်ပါတော့သည်။




ဒီရက်ပိုင်း ကျွန်မ စာအသစ်ထပ်ရေးဖို့ မအားမလပ် ဖြစ်နေတဲ့အတွက် လွန်ခဲ့တဲ့ ၂နှစ် နီးပါးလောက် က ရေးခဲ့တဲ့ ဒီပိုစ့်လေးကို ပြန်တင်လိုက်ခြင်း ဖြစ်ပါတယ်ရှင်။ ဒီပိုစ့်ဟာ Chicken Soup for the Bride's Soul မှ Danise Jacoby ရဲ့ A Change of Heart ကို ဆီလျှော်အောင် ဘာသာပြန်ခြင်း ဖြစ်ပါတယ်။ အားလုံးဘဲ ချစ်ခြင်းမေတ္တာရဲ့ အရိပ်အောက်မှာ အေးချမ်းကြပါစေရှင်..


Image Hosted by PicturePush - Photo Sharing

မြောက်ကိုလားသော်..

ကျွန်မမှာ မနှစ်က ကျွန်မရဲ့ ဇာတိမြေကို ပြန်သွားပြီးစဉ်ကတည်းက စာရေးဖို့ အကြောင်းအရာ တစ်ခု ရှိပါတယ်။ အဲဒါက ကျွန်မတို့ ဒေသအကြောင်းနဲ့ ပတ်သက်တာလေးပါ။ ဒီပိုစ့် ထဲက ဓာတ်ပုံတွေကတော့ မနှစ်က အိမ်ပြန်တုန်း ဖုန်းနဲ့ ရိုက်ခဲ့တာမို့လို့ ကြည့်လို့ အဆင်မပြေခဲ့ရင်တော့ ခွင့်လွှတ် သီးခံပေး ကြပါလို့ နော်။

Image Hosted by PicturePush - Photo Sharing
ဒီပုံကို အရင်ပိုစ့်မှာ ဖော်ပြဖူးပါတယ်။ အဲဒါ ကျွန်မတို့ ရွာထိပ်က စေတီပါ။ စေတီရဲ့ အောက်ခြေမှာတော့ တစ်ရွာလုံးကို ရစ်ခွေစီးဆင်းနေတဲ့ ဥရုချောင်းပါ။ ဥရုချောင်းအကြောင်းကို ကျွန်မ မကြာခဏ လည်း ရေးဖူးပါတယ်။ ကျောက်စိမ်းနဲ့ ရွှေတွေတူးကြပြီး မြေကြီးတွေပါတဲ့ ရေတွေကို ချောင်းအတွင်း စီးဆင်းစေတာကြောင့် နွေမိုးဆောင်း နောက်ကျိနေတတ်တဲ့ ချောင်းကလေးပါ။ ခုတော့ ချောင်းထဲကို စွန့်ပစ်တဲ့ မြေကြီးတွေ၊ နှုန်းတွေကြောင့် ချောင်းကလေးက တဖြေးဖြေး ကောလာပြီး မိုးရာသီဆိုရင် တစ်မြို့လုံး ၊ တစ်ရွာလုံး ရေလျှံတာကို ကြုံကြရပါတယ်။ ကျွန်မ အမြဲပြောနေကျအတိုင်း ဥရုချောင်း ကလေးဟာ ကျွန်မတို့ ငယ်စဉ်တုန်းကတော့ အင်မတန် ကြည်လင်ခဲ့ဖူးပါတယ်။ အဲဒါကို သက်သေပြချင်တာပါ။း)


Image Hosted by PicturePush - Photo Sharing

ချိုးလို့လည်းမရ ၊ သုံးဖို့လည်း မဖြစ်နိုင်တော့တဲ့ ချောင်းရေ ဝါနောက်နောက်များ


Image Hosted by PicturePush - Photo Sharing

ကျွန်မတို့ရွာရဲ့ ဥရုချောင်း အခြေအနေပါ။ ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင်၊ မှော်စီစာ တစ်ဝိုက် တို့မှာ ကျောက်တွင်းနဲ့ ရွှေတွင်းတွေ များလှတဲ့အတွက် ချောင်းရေက ဘယ်လိုမှ မကြည်နိုင်တော့ အောင် နောက်ကျိနေခဲ့တာပါ။ ဥရုချောင်းရဲ့ အစ ဘယ်လိုများနေမလဲလို့ ရှာဖွေကြည့်ဖို့ အတွက် အခု ကျွန်မတို့အနေနဲ့ ကျောက်စိမ်းတွင်းတွေ ရွှေတွင်းတွေ မရှိတဲ့ ကျွန်မတို့ရွာရဲ့ အထက် ကိုးမိုင်လောက်ဝေးတဲ့ ဥရုချောင်းမြောက်ဖျားမှာ ရှိတဲ့ ကံဆီးဆိုတဲ့ ရွာကလေးကို အလည် သွားကြည့်ရအောင်နော်။ 

Image Hosted by PicturePush - Photo Sharing
 အရင်တုန်းက ဖော်ပြဖူးတဲ့ ပုံပါဘဲ.. ဖုန်တွေထူတဲ့ လမ်းကို ခုလိုမျက်နှာဖုံးတွေ စွပ်ပြီး သွားကြတာပါ။

အဲဒီလို ပုံစံနဲ့ ဖားကန့်တစ်ခွင်ကို လျှောက်လည်ရာမှာ ကံဆီး မသွားခင် အခြားသော နေရာတွေကို အရင်လျှောက်လည်ကြပါသေးတယ်။ ထမင်း မဆာသေးလို့ မစားဖြစ်ပေမဲ့ ကံဆီးကို အသွားမှာတော့ ခုန်ပေါက်နေတဲ့ ဆိုင်ကယ်ကြောင့် လူတွေအားလုံး ဗိုက်ဆာနေကြပါပြီ။



Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
ကံဆီးရွာကို သွားတဲ့လမ်းဟာ တောင်တန်းတွေ မြေလမ်းကြမ်းကြမ်းတွေ၊ ဖုန်တွေများတဲ့ လမ်းတွေကို ကျော်ဖြတ်ပြီး သွားရပါတယ်။

ကံဆီးဆိုတာ တစ်ချိန်ကတော့ ရွာအကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ ကံဆီးစော်ဘွားက အစဉ်အဆက် အုပ်ချုပ်ခဲ့ပြီး  ကချင်လူမျိုးတွေ အများဆုံး နေထိုင်ကြတဲ့ ရွာတစ်ရွာ ဖြစ်ပါတယ်။  ခုချိန်မှာတော့ ဗုဒ္ဓဘာသာ ဘုရားကျောင်းကန် စေတီပုထိုးများလည်း ရှိနေပြီဖြစ်ပြီး KIO ထိန်းချုပ်မှုအောက်က ရွာတစ်ရွာဖြစ် ပါတယ်။


Image Hosted by PicturePush - Photo Sharing
ချောင်းကို ဒီလို လူကူး ဝါးတံတားလေး လုပ်ထားတော့ အဲဒီတံတားကိုလည်း ဆိုင်ကယ်စီးဖြတ်ရပါတယ်။

Image Hosted by PicturePush - Photo Sharing
ဟိုဘက်နားမှာ လုပ်လက်စ ကြိုးတံတား 
ဒီချောင်းဟာ ကျွန်မတို့ ရွာကလေးကို ဖြတ်စီးတဲ့ ဥရုချောင်းပါ။ သို့ပေမဲ့ ဒီနေရာမှာတော့ ကြည်လင်နေတဲ့ ဥရုချောင်း ဖြစ်နေပါတယ်။ ဘာလို့ဆိုတော့ ဒီပတ်ဝန်းကျင်မှာ ကျောက်စိမ်းလုပ်ကွက်တွေ၊ ရွှေတူးတာတွေ မရှိသလောက်မို့လို့ပါ။


Image Hosted by PicturePush - Photo Sharing

ကံဆီးရွာဟောင်းရဲ့ ဘုန်းတော်ကြီးကျောင်းမှာ တည်ထားတဲ့ စေတီကို အရင်ဦးစွာ ဦးခိုက်ပါတယ်။


Image Hosted by PicturePush - Photo Sharing
နောက်တော့ ဒီကျောင်းကို လှူထားတဲ့ အလှူ့ရှင်တွေက ဘုန်းကြီးကျောင်းမှာ အခါကြီးရက်ကြီးမို့ ဘုန်းကြီးကျောင်းတက် လာသူများကို ထမင်းကျွေးတယ်ဆိုလို့ ဆာနေတဲ့ ဗိုက်ကို ပွတ်ပြီး အားရဝမ်းသာ အပြေးအလွှား သွားကြပါတယ်။ (ကံကောင်းလိုက်တာ) :) စားသောက်ပွဲတွေပြီးလို့ သိမ်းဆည်းနေပေမဲ့ အလှူ့ရှင်က ကျွန်မတို့ကို ဝမ်းပန်းတသာ ကြိုဆိုပြီး ဟင်းတွေအသစ်ပြင်ဆင်ပြီး ကျွေးမွေးပါတယ်။ 

Image Hosted by PicturePush - Photo Sharing
ကျောင်းထိုင်ဆရာတော်ရဲ့ ကျောင်းပါ။


Image Hosted by PicturePush - Photo Sharing

ဝက်သားနှပ်၊ ငါးခြောက်ထောင်းကြော်၊ ကြက်သားလုံးကြော်၊ သရက်ချဉ်သုပ်၊ ကိုက်လန်ကြော်၊ မယ်ဇလီဟင်းချို၊ ငရုပ်သီးထောင်း


Image Hosted by PicturePush - Photo Sharing

ဒီ ထမင်းဟင်းတွေကတော့ ကံဆီးဘုန်းကြီးကျောင်းမှာ ကျွေးမွေးတဲ့ ဟင်းတွေပါ။ ဟင်းတွေကတော့ ဝက်သားနှပ်၊ ငါးခြောက်ထောင်းကြော်၊ ကြက်သားလုံးကြော်၊ သရက်ချဉ်သုပ်၊ ကိုက်လန်ကြော်၊ မယ်ဇလီဟင်းချို၊ ငရုပ်သီးထောင်းတို့ဖြစ်ပါတယ်။ ကျွန်မတို့ သွားကြတဲ့ ၈ယောက်အဖွဲ့ဟာ အားလုံးက ဗိုက်ဆာနေကြသူတွေချည်းမို့ အပီအပြင်ကို အားပေးလိုက်ကြတာမှာ တစ်ယောက်ကို ထမင်း ဘယ်နှပန်းကန် ကုန်သွားလဲဆိုတာတောင် မမှတ်မိတော့ပါဘူး။ ထမင်းလိုက်ပွဲ ချထားသမျှ အားလုံးကုန်ပါတယ်။း)


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

စားသောက်ပြီးတဲ့အခါမှာတော့  ဒီကံဆီးမြို့ဟောင်းကို လာရတဲ့ အဓိက အကြောင်းရင်းတစ်ခုဖြစ်သော ဖားကန့်ကို အုပ်ချုပ်ခဲ့တဲ့ ကံဆီးစော်ဘွားကြီးတို့ ရှိစဉ်က နေထိုင်ခဲ့တဲ့ ဟော်နန်းကြီးရဲ့ အိမ်ရာကို သွားကြည့်ပါတယ်။ အဲဒီနေရာမှာတော့ အုတ်ရိုးပျက်တွေဟာ ခုထိ ရှိနေခဲ့ပါတယ်။ အဲဒါကို သေချာ ဓာတ်ပုံရိုက်ဖြစ်ပါတယ်။ ကျွန်မတို့ ဖားကန့် ရတနာမြေကို ဟိုးယခင်ကတည်းက အုပ်ချုပ်ခဲ့တဲ့ ကံဆီး စော်ဘွားကြီးအကြောင်းကို အတော်လေး စိတ်ဝင်စားမိတာကြောင့်ပါ။

Image Hosted by PicturePush - Photo Sharing
ဒီနေရာကတော့ကံဆီးစော်ဘွားကြီးတို့ တည်ထားကိုးကွယ်ခဲ့သော  မြတ်စွာဘုရားရုပ်ပွားတော် စံပ္ပါယ်တော်မူခဲ့တဲ့ ကျောင်းတော်ရာ ဖြစ်ပါတယ်.

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing
အပေါ် ၂ပုံကတော့ ကံဆီးစော်ဘွားကြီးနဲ့ စော်ဘွားကတော်ကြီးတို့ရဲ့ ရုပ်တုများပါ။




Image Hosted by PicturePush - Photo Sharing


ပြီးနောက်မှာတော့ ကျောင်းကြီးနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ဥရုချောင်းကို အပြေးအလွှား သွားကြပြီး ရေကစားကြ ပါတော့တယ်။ ဥရုချောင်းရေကို ကြည့်ပါနော်။ ကျွန်မတို့ရွာမှာ မြင်ရတဲ့ ဥရုချောင်းရေနဲ့ ဘာမှကို မဆိုင်အောင် ကွာခြားတာကို တွေ့ရမှာပါ။


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

အောက်ခံကျောက်တုံးတွေကို အတိုင်းသားမြင်နေရအောင် ကြည်လင် လှပါတယ်။ ချောင်းအဖျားပိုင်း မို့ ရေတော့ တိမ်ပါတယ်။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing

အတူသွားကြတဲ့ ညီမငယ်တွေကတော့ ကြည်လင်လှတဲ့ ချောင်းရေမှာ ဆော့ကစားနေကြတာပါ။ ဒီလိုကြည်လင်သန့်ရှင်းလှတဲ့ ချောင်းထဲမှာ ရေချိုးခွင့်မရတာ နှစ်များစွာ ကြာလှပါပြီ။ နောက်ကျိ ညစ်နွမ်းနေတဲ့ ချောင်းရေထဲတော့ ဘယ်သူကမှ ချိုးချင်ကြမှာ မဟုတ်ဘူး မို့လားရှင်။

ကျွန်မတို့ ရွာကလေးရဲ့ မြောက်ဖက်အရပ်မှာရှိတဲ့ ကံဆီးရွာ (ယခင်မြို့ဟောင်း) နဲ့ ဥရုချောင်းဖျားမှာ ထမင်းစားသောက် ၊ရေဆော့ လို့ ဝတာနဲ့ ဆိုင်ကယ်ကိုယ်စီစီးပြီး အိမ်ပြန်ခဲ့ ကြပါတော့တယ်။ ဒီပိုစ့်ကို ရေးရတဲ့ အကြောင်းရင်းက ကံဆီးမြို့ဟောင်း တည်ရှိတဲ့  ဥရုချောင်းဖျားက ဥရုချောင်းရေရဲ့ ကြည်လင်မှု၊ သန့်ရှင်းမှုတို့နဲ့ ကျွန်မတို့ လုံးခင်းနား အရောက်မှာ နောက်ကျိနေတဲ့ ဥတုချောင်းရေရဲ့ ကွာခြားချက်ကို ပြချင်တာရယ်.. လူသိနည်းနေသေးတဲ့ ကံဆီးစော်ဘွားကြီးတို့ အကြောင်း ရေးချင်တာ ရယ်ကြောင့် ပဏာမ အစပျိုးလိုက်တာ ဖြစ်ပါတယ်ရှင်။

ကံဆီးမြို့ဟောင်းက အပြန်မှာ ယခုလက်ရှိ အသက်ရှင်နေထိုင်ဆဲဖြစ်တဲ့ ကံဆီးစော်ဘွားကတော်ကြီး (အဖွားလေးလို့ ကျွန်မတို့က ခေါ်ပါတယ်။ ) အိမ်ကို သွားပြီး ကျွန်မ သိချင်တာလေးတွေ မေးဖြစ် ပါတယ်။ မေးပြီးတော့လည်း  အဖွားလေးတို့ အကြောင်း စာတစ်ပုဒ်လောက် ရေးချင်ပါတယ်လို့ ခွင့်တောင်းတော့ အဖွားလေးက ကြည်ကြည်ဖြူဖြူ ခွင့်ပြုခဲ့ပါတယ်။ နောက် အဖွားလေးရဲ့ ဘိုးဘေးများ ဖြစ်တဲ့ ကံဆီးစော်ဘွားတို့ကို မင်းတုန်းမင်းတရားကြီး ဆုချခဲ့တဲ့ ကြေးမောင်းတော်များ ကိုလည်း ဓာတ်ပုံရိုက်ခွင့် ပြုခဲ့ပါတယ်။ ဒါကြောင့်  ဖားကန့် ရတနာမြေကို အပိုင်စားခဲ့သော ကံဆီး စော်ဘွား အကြောင်းကို ဓာတ်ပုံတစ်ချို့နဲ့ မကြာခင်မှာ  ပြည့်ပြည့်စုံစုံ ဖော်ပြချင်ပါတယ်နော်။



အားလုံးဘဲ ရေလိုအေးလို့ ပန်းလို့ လန်းကြပါစေရှင်..



Image Hosted by PicturePush - Photo Sharing

ပြင်ဦးလွင်ရဲ့ ဒီဇင်ဘာ...

ကျွန်မ မချောတစ်ယောက် ခြေဆန့်လက်ဆန့် ခရီးသွားရာက ပြန်ရောက်ပါပြီရှင်..  အိမ်ရှင် မရှိသော်လည်း စာဖတ်မပျက်၊ အလည်လာမပျက် ရောက်လာကြတဲ့ ချစ်ခင်ရပါသော မိတ်ဆွေ သူငယ်ချင်းများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင်။ ဒီတစ်ခါ ခရီးအသွားမှာ ရောက်ခဲ့တဲ့မြို့တွေကတော့ ရှမ်းပြည်နယ် ဆိုရင် ပြင်ဦးလွင်၊ တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ မွေတော်ကက္ကူ၊ ထမ်ဆမ်းဂူစသဖြင့် ဖြစ်ပြီးတော့ ရခိုင်ပြည်နယ်ကတော့ ကျွန်မရဲ့ အဓိက ဦးတည်ချက် ခရီးဖြစ်ပါတယ်။ ရှေးဟောင်းစေတီပုထိုးတွေ နန်းတော်ဟောင်းတွေနဲ့ ကြီးကျယ်ထင်ရှားခဲ့တဲ့ ရခိုင်ရှေးဘုရင်တို့ရဲ့ မြောက်ဦးမြို့ကို စာတွေ၊ ဓာတ်ပုံတွေ ကြည့်ပြီး စိတ်ဝင်စားခဲ့တာ ကြာပါပြီ။ ကျွန်မ ကိုယ်တိုင် တစ်ခါမှ မရောက်ဖူးသေး တဲ့ မြောက်ဦးမြို့ကို ဒီတစ်ခါ အားလပ်ရက်မှာ သွားဖြစ်အောင် သွားမယ်လို့ ရည်ရွယ်ထားခဲ့တာကြောင့် ကျွန်မရဲ့ ဇာတိဒေသကိုတောင် မပြန်ဖြစ်တော့ဘဲ ရခိုင်ကို ရောက်အောင် သွားဖြစ်ခဲ့တာပါ။ ရခိုင်ဘုရင်တွေ တည်ထားခဲ့တဲ့  ကြီးကျယ် ခမ်းနားလှတဲ့ စေတီပုထိုးတွေ၊ ဆင်းတုတော်တွေ၊ စိတ်ဝင်စားဖွယ် ယဉ်ကျေးမှုတွေ၊ သမိုင်းကြောင်းတွေကို မျက်ဝါး ထင်ထင် တွေ့မြင် ခဲ့ရပါတယ်။ အဲဒီ အကြောင်းတွေ ကိုတော့ နောက်များမှာ ဖြေးဖြေးချင်း  ရေးပါဦး မယ်နော်။ ရေးစရာ အကြောင်းအရာတွေ အများကြီးအပြင်၊ ဓာတ်ပုံတွေလည်း အများကြီး ရိုက်လာခဲ့ပါတယ်။ ကြည့်ရှု အားပေးကြပါဦးလို့ ကြိုတင် စကားပလ္လင် ခံထားချင်ပါတယ်နော်။

Image Hosted by PicturePush - Photo Sharing
ဒီပုံကတော့ မြောက်ဦးမြို့ရဲ့ နှင်းမြူတွေဆိုင်းနေတဲ့ မနက်ခင်းမှာ တောင်ပေါ် တစ်ခုကနေ နေထွက်ချိန် ကို စောင့်ကြည့်ရင်း ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတစ်ပုံပါ။ Facebook မှာတော့ လွန်ခဲ့တဲ့ရက်က တင်ခဲ့ပါတယ်။ ပိုစ့်မတင်ခင်မှာ ဓာတ်ပုံတစ်ချို့ကို အမြည်းသဘောနဲ့ ဖော်ပြချင်တာကြောင့် တင်လိုက်တာ ဖြစ်ပါတယ်ရှင်။


ပထမဦးဆုံး ကျွန်မရောက်ခဲ့တဲ့ မြို့တွေထဲက ပြင်ဦးလွင်မြို့ရဲ့ ခရီးနဲ့ စပါမယ်နော်။ ပြင်ဦးလွင်မြို့ကိုတော့ လူတိုင်းနီးနီး ရောက်ဖူးပြီးသား ဖြစ်ကြမှာမို့လို့ မြို့အကြောင်းတော့ သိပ်ပြောစရာ မရှိပေမဲ့ ကျွန်မ သွားလာဖြစ်ခဲ့တဲ့ နေရာနဲ့ ဓာတ်ပုံလေးတွေကို ဖော်ပြချင်ပါသေးတယ်။ အဲဒီလို ပြင်ဦးလွင်မြို့လို့ ဆိုရာ မှာ ပြင်ဦးလွင်ကို မဖြစ်မနေ ဝင်ချင်ရတဲ့ အဓိက အကြောင်းရင်းတစ်ခုက ဒီဇင်ဘာခြံကို ရောက်ချင် လို့ပါ။ ပြင်ဦးလွင်ရဲ့ ဒီဇင်ဘာလို့ ပိုစ့်ကို ခေါင်းစဉ်တတ်တာက ဒီဇင်ဘာခြံအကြောင်း ရေးချင်လို့ပါ။ ဒီဇင်ဘာခြံဆိုတာ ပြင်ဦးလွင်မှာတော့ လူတိုင်းသိတဲ့ ခြံကျယ်ကြီး တစ်ခု ဖြစ်ပါတယ်။ ဒီဇင်ဘာခြံကို သဘောကျမိတာက ကိုယ်တိုင် မွေးမြူထားတဲ့ ခြံထွက် နွားနို့တွေကို လတ်လတ် ဆတ်ဆတ် ရောင်းချတဲ့ အပြင် စတော်ဘယ်ရီပင်တွေနဲ့ အခြားပန်းအလှပင်တွေ ကျယ်ဝန်းစွာ စိုက်ပျိုးထားတဲ့ ခြံကြီးထဲမှာ စတော်ဘယ်ရီသီးတွေကို ကိုယ်တိုင် ခူးဆွတ်နိုင်ပါ တယ်။ ပြီးတော့လည်း ခြံကြီးက ကျယ်ဝန်းလှပြီး သာလဲ အလွန် သာယာကာ လေကောင်း လေသန့် တွေကို ရှုရှိုက်ကာ သစ်ပင်ပန်းမာန်များရဲ့ အလှကို ခံစားရင်း သပ်ရပ်တဲ့ နေရာထိုင်ခင်းတွေနဲ့ ခြံထဲမှာဘဲ အစားအသောက်များ စားသောက်နိုင်အောင် စီစဉ်ထား တာ ဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing
ဒီဇင်ဘာခြံရှေ့ရောက်တဲ့ခါ


Image Hosted by PicturePush - Photo Sharing
 ခြံရှေ့တစ်ဖက်ခြမ်းက ဆိုင်းဘုဒ်



Image Hosted by PicturePush - Photo Sharing

ခြံအတွင်းက ပန်းများဝေဝေဆာဆာ လှလှပပ ဒီဇင်ဘာရဲ့ ကြော်ငြာဆိုင်းဘုဒ်


Image Hosted by PicturePush - Photo Sharing


ဒီနေရာလေးမှာထိုင်ပြီး ခြံထွက်နွားနို့စစ်စစ်နဲ့ ရှမ်းခေါက်ဆွဲ ပူပူလေးတစ်ပွဲ စားပါတယ်။ ဘေးနားမှတော့ တိုက်ကပ်နွယ်ပင်တွေ ထင်ပါရဲ့.. လှလှပပ ခက်ဖြာဝေဆာလို့ပါဘဲ။ မြင်နေရတဲ့ အဆောက်အဦးကတော့ အစားအသောက်တွေ ပြင်ဆင်တဲ့နေရာပါ။ သပ်သပ်ရပ်ရပ်ရှိလှပါတယ်။ ပြင်ဦးလွင်ထွက် အစားအသောက်များ၊ အသီးအနှံများ၊ လက်ဆောင်ပစ္စည်းများကိုလည်း အဲဒီနေရာမှာ ဝယ်ယူနိုင်တယ်လို့ စာရေးထားပါတယ်။


Image Hosted by PicturePush - Photo Sharing
စိမ်းမြမြနွယ်



Image Hosted by PicturePush - Photo Sharing
ခြံအတွင်းမှာ စားသောက်သူတွေအတွက် ခင်းကျင်းထားတဲ့ နေရာများ

Image Hosted by PicturePush - Photo Sharing

ခြံတစ်ခုလုံးကို စီးမိုးပြီး ကြည့်တဲ့အခါ ခြံကြီးထဲ လျှောက်ကြည့်ချင်စိတ်တွေ တဖွားဖွားပေါ်လာတာမို့ စားလက်စ ခေါက်ဆွဲနဲ့ နွားနို့ကို အမြန်လက်စသပ်လိုက်ပါတယ်။ ခြံတစ်ခုလုံးကို လွတ်လွပ်လပ်လပ် လျှောက်ကြည့်ပြီး စိတ်တိုင်းကျ ဓာတ်ပုံတွေ ရိုက်နိုင်၊ လေ့လာနိုင်ပါတယ်တဲ့။

မိတ်ဆွေများ အားလုံးလည်း သာယာ လှပတဲ့ ဒီဇင်ဘာခြံထဲကို ကျွန်မနဲ့အတူ လျှောက်သွားကြည့် ရအောင်လားနော်...

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

 ဖူးပွင့်ဝေဆာနေတဲ့ ပန်းပင်ပျိုများ

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

သာယာလှပတဲ့ ခြံကြီးအတွင်းမှာ

Image Hosted by PicturePush - Photo Sharing

 နဂါးမောက်သီးစိုက်ခင်းနား ရောက်တဲ့အခါ

Image Hosted by PicturePush - Photo Sharing
အဖြူရောင်လှည်းကလေးလည်း လှလို့ပါဘဲ

Image Hosted by PicturePush - Photo Sharing
 ပင်စိမ်းပန်းတို့က ရဲရဲနီ

Image Hosted by PicturePush - Photo Sharing

ဟော.. ရှေ့မှာ စတော်ဘယ်ရီခင်းကြီးတွေ့ပါပြီ။။




Image Hosted by PicturePush - Photo Sharing







Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ကျွန်မရောက်သွားတဲ့ ဇန်နဝါရီလဟာ စတော်ဘယ်ရီသီးတွေပေါ်ဖို့ အချိန် အနည်းငယ်လိုပါသေးတယ်။ ဒါကြောင့် စတော်ဘယ်ရီသီးတွေ အများကြီး မတွေ့ရသေးပါဘူး။ သို့ပေမဲ့ ကွက်ကြားနေရာလေးတွေ မှာတော့ နီနီရဲရဲ စတော်ဘယ်ရီလေးတွေ ပေါ်နေပါပြီ။ 

Image Hosted by PicturePush - Photo Sharing
 ဟော ဒီမှာတွေ့လား အသီးလေးတွေ ပုန်းလျှိုးကွယ်လျှိုးလုပ်နေတာ

Image Hosted by PicturePush - Photo Sharing

စားချင်စရာကြီး မဟုတ်လား နော်း)

Image Hosted by PicturePush - Photo Sharing

သစ်ပင်ပေါ်က ငှက်ကလေး နှစ်ကောင်လည်း ကင်မရာမှန်ဘီလူးအောက်မှာ ပုန်းလို့ မရပါဘူးနော်

Image Hosted by PicturePush - Photo Sharing

ဟယ် ဒီငှက်နှစ်ကောင်. ဓာတ်ပုံ ရိုက်နေတုန်းမှာဘဲ  ဘာတွေလုပ်ပါလိမ့်.. ( ကြင်နာနေလိုက်ကြတာ) :)

Image Hosted by PicturePush - Photo Sharing

ဒီငှက်ကတော့ နောက်တစ်မျိုး.. ဘာငှက်လဲမသိ.. မျက်လုံးပြူးပြူးနဲ့..

Image Hosted by PicturePush - Photo Sharing

ခပ်လှမ်းလှမ်းမှာတော့ စတော်ဘယ်ရီ ပျိုးပင်လေးတွေ တွေ့ရလို့ အနားသွားပြီး ဓာတ်ပုံ သွားရိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing


ပျိုးပင်လေးတွေ ဆိုပေမဲ့လို့ တစ်ချို့အပင်တွေများဆို ပျိုးအိတ်တွေကနေတောင် မြေပေါ် မပြောင်းရွေ့ရသေးပေမဲ့ အသီးလေးတွေ သီးနေပါပြီ။ ဒီလို ပျိုးပင်လေးတွေကို အစောတုန်းက မြင်ခဲ့ရတဲ့ အတိုင်း မြောင်းဘောင်လေးတွေ ဖော်ပြီး ကာမှ မြေပေါ်မှာ ချပြီး စိုက်ပျိုးတာ ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ဒီလို ပျိုးပင်လေးတွေကို ရဖို့ အစေ့ကို စိုက်ရတာလား၊ ဘယ်လို စိုက်ရတာလဲလို့ အပင်တွေကို ပြုပြင်နေတဲ့ အစ်မကြီးတစ်ယောက်ကို စပ်စုကြည့်တော့ အစောတုန်းက ခြံတွေ မြောင်းဘောင်တွေနဲ့ စိုက်ထားတဲ့ အပင်တွေကို အသီးတွေ သီးပြီးတဲ့အခါ မနှုတ်ပစ်ဘဲ တစ်နွေလုံး ဒီအတိုင်းထားလိုက်ပါတယ်တဲ့။ မိုးရာသီရောက်ချိန်မှာတော့ အဲဒီအပင်တွေရဲ့ ဘေးနားမှာ အပင်ပေါက်လေးတွေ အတက်လေးတွေ ထွက်လာပါတယ်။ အဲဒီအခါကျတော့မှ ခုလို ပျိုးအိတ်လေးတွေထဲကို ခွဲယူစိုက်ပျိုးလိုက်ပါတယ်တဲ့။ ပျိုးအိတ်လေးထဲမှာတော့ သဘာဝ မြေသြဇာများဖြစ်တဲ့ နောက်ချေး၊ မြေဆွေးတွေ အချိုးကျ ထည့်ထားပါတယ်တဲ့။

Image Hosted by PicturePush - Photo Sharing

ဆောင်းရာသီရောက်တဲ့အခါမှာ မြေကြီးတွေကို ဆွပြီး မြောင်းတွေ ဘောင်တွေ ဖော်ပြီးတော့မှ ပျိုးအိတ်တွေကနေ မြေပေါ်ချပြီး စိုက်ပျိုးပြန်တာ ဖြစ်ပါတယ်လို့ အစ်မကြီးက ရှင်းပြပါတယ်။ စိုက်ထားတဲ့ စတော်ဘယ်ရီခင်းတွေကိုတော့ နေ့စဉ် ရေလောင်းပေးရပြီး တစ်ပတ်ကို တစ်ခါ မြေသြ ဇာတွေ ထည့်ပြီး ပေါင်းရှင်းပါတယ်လို့ ဆိုပါတယ်။ ကျွန်မရဲ့ စပ်စပ်စုစု မေးခွန်းတွေကို စိတ်ရှည်လက်ရှည် ဖြေပေးတဲ့ နာမည် မသိခဲ့ရတဲ့ အစ်မကြီးကို ကျေးဇူးအထူးတင်ပါတယ်။

Image Hosted by PicturePush - Photo Sharing

မနက်ခင်းမှာ စတော်ဘယ်ရီခင်းတွေကို ရေလောင်းနေသူ

Image Hosted by PicturePush - Photo Sharing

 ခြံရဲ့ အခြားတစ်ဖက်မှာ အပွင့်ဖြူဖြူ ချစ်စရာ အပင်လေးတွေ တွေ့တာကြောင့် အနီးကပ်ကြည့်မိတဲ့အခါ

Image Hosted by PicturePush - Photo Sharing

အဲဒီအပွင့်လေးနဲ့ အပင်ဟာ မက်မန်းပင်နဲ့ ပန်းပွင့်လေးတွေ ဖြစ်နေတာကို တွေ့ခဲ့ရလို့ ဓာတ်ပုံ ရိုက်ခဲ့ပါသေးတယ်
Image Hosted by PicturePush - Photo Sharing

ချယ်ရီပန်းနဲ့ အရောင်မတူပေမဲ့ ပုံသဏ္ဍာန်ချင်းတော့ ဆင်ဆင်တူပါတယ်။
Image Hosted by PicturePush - Photo Sharing

ခြံကြီးဟာ ဧကပေါင်းများစွာ ကျယ်ဝန်းပြီး ခြံရဲ့ ဟိုးအနောက်ဖက်မှာတော့ နွားတွေကို စနစ်တကျ မွေးမြူတဲ့နေရာ ရှိပါတယ်။ အဲဒီနေရာကိုတော့ မရောက်ဖြစ်ခဲ့ပါဘူး။ ဒီဇင်ဘာခြံဟာ နွားတွေကို ကိုယ်တိုင် မွေးပြီး နွားနို့ကို ကိုယ်တိုင်ညှစ်ကာ ဒီဇင်ဘာဆိုင်ခွဲတွေဖြင့် မြို့ထဲမှာရော၊ ကန်တော်ကြီး ဥယျာဉ်ထဲမှာပါ ရောင်းချပါတယ်တဲ့။ ဒီခြံကြီးကတော့ မြို့နဲ့ဖြင့် အနည်းငယ် (၇မိုင်နီးပါးခန့်) ဝေးတာကြောင့် တကူးတက သွားရောက်မှသာ ရောက်ဖြစ်မဲ့ နေရာပါ။ သို့ပေမဲ့လည်း ကျယ်ဝန်းသပ်ရပ်ပြီး လှပ သာယာတဲ့ ရှုခင်းတွေကို ကြည့်ရှုရင်း အေးအေးဆေးဆေး စားသောက်လိုသူများအတွက်တော့ စိတ်ကြည်နူးဖွယ် အလွန်ကောင်းတဲ့ နေရာတစ်ခု ဖြစ်မှာ အမှန်ပါ။ ပြင်ဦးလွင်ကို ရောက်ရင်ဖြင့် ဒီဇင်ဘာ ခြံကြီးထဲကိုလည်း အလည်အပတ် သွားရောက်ခဲ့ကြပါဦးလို့နော်။


Image Hosted by PicturePush - Photo Sharing

 ပြန်ပါဦးမယ် ဒီဇင်ဘာ။။ လှပတဲ့ ရှုခင်းနဲ့ စတော်ဘယ်ရီခင်းတွေအတွက် ကျေးဇူးပါ။


ချစိမိတ်ဆွေ ဘလော်ဂါများရဲ့ အိမ်( ဘလော့ဂ်)တွေဆီကိုလည်း မကြာခင်မှာ အလည်လာနိုင်အောင် ကြိုးစားပါ့မယ်နော်။ အားလုံးဘဲ ပျော်ရွှင် ကျန်းမာ စိတ်ချမ်းသာကြပါစေရှင်...
 

Image Hosted by PicturePush - Photo Sharing