ငရဲပန်းများ ဆီသို့

အားလုံးသိကြတဲ့အတိုင်း ကျွန်မဟာ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မွေးဖွားကြီးပြင်းလာသူ ဖြစ်ပါတယ်။ ဖားကန့်ဆိုတာ နာမည်ကျော် ကျောက်စိမ်းတွေ ထွက်တာကြောင့် လူသိများ ထင်ရှားပြီး ငွေရှာလို့ ကောင်းတယ် ဆိုပြီး ပြောကြ ဆိုကြတဲ့ နေရာ ဖြစ်ပါတယ်။ ကောင်းတာတွေနဲ့ ကျော် ကြားသလို မကောင်း တာတွေနဲ့ ကျော်ကြား တာလည်း ဖားကန့်ဘဲ ဖြစ်ပါတယ်။ ဘယ်လို မကောင်းတာနဲ့ ကျော်ကြား တာလဲဆိုတော့ ဥပမာ ပြောရရင် မူးယစ်ဆေးဝါးတွေ ပေါများတာ၊ လူငယ်တွေ အကျင့် စာရိတ္တ ပျက်စီးကုန်တာ၊ ငွေလွယ်လွယ်ရှာလို့ ရတာကြောင့် ငွေကြေးကို တန်ဖိုးမထားတတ်တာ၊ ငွေကြောင့် မကောင်းတာ မှန်သမျှ နယ်မြေအတွင်း အလွယ်တကူရနိုင်တာ စသဖြင့် မကောင်းတဲ့ ကျော်ကြားမှုတွေက များပြားလှပါတယ်။ အထူးသဖြင့်တော့ မူးယစ်ဆေးဝါး ပြဿနာဟာ အလွန်ကြီးမားတဲ့ ကိစ္စဖြစ်ပါတယ်။ ကျွန်မတို့ ငယ်စဉ်ကတည်းက ဖားကန့်ဒေသဟာ မူးယစ်ဆေးဝါး အလွန်ပေါများပြီး မူးယစ်ဆေးကြောင့် ဘဝပျက်ရသူ၊ စီးပွားပျက်ရသူ၊ အိမ်ထောင်ပျက်စီးရသူ စသဖြင့် မရေတွက်နိုင်အောင် များပြားလှပါတယ်။ ဖားကန့်နယ်မြေရဲ့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး အရင်ကတည်းက စာရေးဖို့ ရည်ရွယ်ခဲ့ပါတယ်။ 

အန္တရာယ်ကြီးလှတဲ့ မူးယစ်ဆေးဝါးဟာ ကျွန်မတို့ ဖားကန့်နယ်မြေမှာ အလွယ်တကူ ဝယ်ယူရောင်းချ ကြပါတယ်။ အလွယ်တကူ သုံးစွဲနိုင်ကြပါတယ်။ မျက်စိရှေ့မှာတွင် သွေးကြောထဲကို အဖြူရောင် မူးယစ်ဆေးတွေ ထိုးသွင်းနေတာ၊ မူးယစ်ဆေး သုံးစွဲနေရင်း အသက်ပျောက်သွားတာ၊ အကြောထဲ ဆေးသွင်းနေရင်းတန်းလန်း သွေးစက်စက်ယိုကျနေတဲ့ သူတွေ၊ မူးယစ်ဆေးကြောင့် ဘဝပျက်ပြီး သွားစရာမရှိ၊ နေစရာမရှိ  လမ်းဘေးမှာ စုတ်ပြတ်ဆင်းရဲစွာ နေနေကြရတာတွေ ဆိုတာ မမြင်ချင်မှအဆုံး အမြဲတမ်းလိုလို မြင်နေခဲ့ရပါတယ်။ ခုချိန်ထိလည်း ရှိဆဲဖြစ်ပါတယ်။ ဖားကန့်ဒေသမှာ မူးယစ်ဆေးဝါး (ဘိန်းဖြူ၊ ဘိန်းမည်း၊ စိတ်ကြွဆေးပြား ) စသည်တို့ဟာ နေရာတော်တော်များများမှာ အလွယ်တကူ ရောင်းချနေကြပါတယ်။ အဲဒီလို ရောင်းချနေတဲ့ နေရာတွေ၊ အိမ်တွေကိုလည်း အဲဒီအရပ်ဒေသမှာ နေထိုင်သူ အားလုံး သိရှိကြပါတယ်။ ထူးဆန်းတာက လူတိုင်းက အဲဒီရောင်းချတဲ့ အိမ်တွေကို သိကြပေမယ့် အဖမ်းအဆီး မခံကြရဘဲ ရောင်းချမြဲ ရောင်းချနေကြတာပါပဲ။ 


အဲဒီလို မူးယစ်ဆေးဝါး ရောင်းချနေတဲ့ အိမ်တွေကို လူငယ်တွေ တစ်ဖွဲဖွဲ ဝင်ထွက်နေတာ စိတ် မချမ်းမြေ့ဖွယ် မြင်တွေ့ရပါတယ်။ အဆိုးဆုံးကတော့ မူးယစ်ဆေး ရောင်းချပြီး ငွေရှာနေတဲ့ တစ်ကိုယ်ကောင်း ဆန်တဲ့ စီးပွားရေး သမားတွေပါဘဲ။ ဖမ်းဆီးအရေးယူမှု နည်းပါးတာကြောင့် အထိတ်အလန့်မရှိ ပေါ်ပေါ်တင်တင် ရောင်းချနေတဲ့ မူးယစ်ဆေး ရောင်းသူတွေ များပြားလှတာကြောင့် လူငယ်တွေရဲ့ ဘဝတွေဟာ နေ့စဉ် တစ်ဖြုတ်ဖြုတ်နဲ့ ကြွေနေခဲ့ရပါတယ်။ လူငယ်တွေရဲ့ စိတ်ကူးတွေ အိပ်မက်တွေကို တစ်စစီ ဖျက်ဆီးပစ်နေတဲ့ နေရာဟာ မူးယစ်ဆေး ရောင်းဝယ်သူတွေ့ရဲ့ ဘိန်းခန်း၊ ဖိုးခန်းတွေဟာ ထိပ်ဆုံးက ဖြစ်ပါတယ်။ မူးယစ်ဆေးစွဲတဲ့ လူငယ်တစ်ယောက်ရဲ့ အနာဂတ်ဟာ ဘယ်လိုမှ လှပလာတော့မှာ မဟုတ်ပါဘူး။ မူးယစ်ဆေးဟာ စမိရင် ဖြတ်ဖို့ အင်မတန်ခက်ပါတယ်. မူးယစ်ဆေး ဖြတ်တဲ့ဆေးရုံတို့လို နေရာတွေရှိပေမဲ့ အဲဒီဆေးရုံကနေ ဆင်းလာပြီး လုံးဝ ပြတ်သွားတဲ့သူ ဆိုတာ အင်မတန် ရှားပြီးတော့ အားလုံးနီးပါးဟာလည်း ပြန်စွဲကြတာပါဘဲ။ မူးယစ်ဆေး စွဲပြီးတဲ့ သူတစ်ယောက်ဟာ မူးယစ်ဆေးမြင်ရင် ဘယ်လိုမှ မနေနိုင်ပါဘူး။

ဖားကန့်မှာ ကြီးပြင်းလာတဲ့ ကျွန်မဟာ မူးယစ်ဆေးရဲ့ သားကောင်များစွာကို မြင်ဖူးသလို၊ မူးယစ်ဆေးစွဲတဲ့ လူတွေကို ဖြတ်ပေးတဲ့နေရာ၊ ပညာပေးတဲ့အစီအစဉ်တွေမှာလည်း ဟိုးတုန်းက ပါဝင်ခဲ့ဖူးပါတယ်. ဒီလုပ်ငန်းတွေဟာ ရည်ရွယ်ချက် ကောင်းမွန်ပေမဲ့ အောင်မြင်မှု နည်းပါးတဲ့ လုပ်ငန်းတွေပါ။ ဘာလို့ဆိုတော့ မူးယစ်ဆေး စွဲသူတွေဟာ ဖြတ်ဖို့ ခက်ခဲတာကြောင့် နောက်ဆုံးမှာတော့ လမ်းဘေးမှာ ဘဝပျက်ပြီး အသက်ပျောက် ကြရသူတွေ များလာလို့ပါဘဲ။ မူးယစ်ဆေး ပြဿနာနဲ့အတူ HIV AIDS ရောဂါဖြစ် ပွားမှု မြင့်တက်တာတာ ဟာလည်း ဖားကန့်ဒေသမှာ ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်နေ ပါတယ်။ အသိ ဆရာဝန်တစ်ယောက်ဟာ ဖားကန့်ဒေသက ဆေးရုံတစ်ခုမှာ တာဝန် ကျစဉ်တုန်းက ဒီဒေသမှာ နေရတာ အင်မတန် အန္တရာယ်များတယ် လို့ ပြောခဲ့ဖူးတယ်လို့ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့စဉ် ထိတွေ့ရသမျှ လူနာ အများစုမှာ HIV Virus  ရှိတဲ့ လူနာတွေက အများစုဖြစ်နေလို့ ထိတ်လန့်မိတယ်လို့ ဆိုပါတယ်။ 

မြို့ခံ၊ ရွာခံ လူငယ်တွေထဲမှာလည်း ရာခိုင်နှုန်း တော်တော်များများဟာ မူးယစ်ဆေးဝါး သုံးစွဲနေကြသူတွေ အများစုဖြစ်ပါတယ်။ မူးယစ်ဆေးကို လွယ်လွယ်ကူကူနဲ့ ရောင်းဝယ်နေကြတော့ လူငယ်တွေက အပျော် သဘောသော်လည်းကောင်း၊ အဖော်ကောင်းလို့ လက်တည့် စမ်းကြရာ ကနေ သော် လည်းကောင်း မူးယစ်ဆေး သမားတွေ ဖြစ်ကြပြီး နောက်ဆုံးတော့ မိသားစုကပါ ဖယ်ကျဉ်ထားရတဲ့ အပယ်ခံ လူသားတွေ ဘဝကို ရောက်ရတော့တာပါဘဲ.. မူးယစ်ဆေးသမား ရာခိုင်နှုန်း အများစုဟာလည်း နောက်ဆုံးမှာတော့ AIDS ရောဂါ ရှိသူတွေ ဖြစ်လာကြရတာပါဘဲ.. ဖားကန့်ဒေသမှာ ဆေးစွဲပြီး လမ်းဘေးရောက်နေတဲ့သူတွေ အများအပြားကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်မတို့နဲ့ အတူတူကြီးပြင်းလာကြတဲ့ သူငယ်ချင်း၊ ဆွေမျိုး သားချင်း စတဲ့ သူတစ်ချို့တောင် မူးယစ်ဆေးကြောင့် စောစော စီးစီး သေဆုံး ကုန်တာတွေ ရှိပါတယ်။ မိန်းခလေးဖြစ်သော်လည်း မူးယစ်ဆေးစွဲပြီး ဘဝပျက်နေသူတွေ၊ အိမ်ထောင် ပျက်စီးရသူတွေလည်း စိတ်မကောင်းဖွယ် မြင်တွေ့ရပါတယ်။ 

ငယ်စဉ်ကတည်းက မူးယစ်ဆေးရဲ့ အန္တရာယ်ကို မြင်တွေ့နေရတဲ့ ကျွန်မဟာ ဒီမူးယစ်ဆေးကို ဘယ်လိုများ ထုတ်ကြတာလဲ ဆိုတာကို အတော်လေး စိတ်ဝင်စား ခဲ့မိပါတယ်။ ပြီးတော့လည်း ဘယ်လိုလူမျိုးတွေက ဒီမူးယစ်ဆေးကို စိုက်ပျိုးကြသလဲဆိုတာ သိချင်စိတ်တွေ ပြင်းပြခဲ့ပါတယ်။ ဒီလိုနဲ့ လွန်ခဲ့တဲ့ နှစ် အနည်းက တောင်ပေါ်ဒေသ တစ်ခုကို ခရီးသွားတဲ့အခါ ဘိန်းတွေစိုက်တဲ့ စိုက်ခင်းတွေဆီ မမျှော်လင့်ဘဲ ရောက်သွား ခဲ့ပါတယ်။ မမျှော်လင့်ဘဲဆိုတာက အဲဒီနေရာတွေမှာ ဒီလိုဘိန်းစိုက်ခင်းတွေ ရှိလိမ့်မယ်လို့ မထင်မိပါဘူး။ အဲဒီမြို့ကလေးကို အလည် အပတ်ရောက်နေတုန်း တစ်နေ့မှာ နယ်ခံ လူတစ်ဦးနဲ့ စကားစပ်မိကြရင်း ဒီနားတစ်ဝိုက်မှာ ဘိန်းခင်းတွေ ရှိလား။ ဘိန်းပန်းတွေကို အပြင်မှာ တစ်ခါမှ မမြင်ဖူးလို့ပါလို့ အမှတ်တမဲ့ ပြောမိတော့ အဲဒီလူက သိပ်မဝေးတဲ့ တောင်ပေါ်တွေမှာ ဘိန်းခင်းတွေ ရှိပါတယ်လို့ ပြောပါတယ်။ ဒီလိုဆို ကျွန်မတို့ လိုက်ကြည့်လို့ ရမလား လို့ သူ့ကိုမေးကြည့်တော့ ရပါတယ်လို့ ပြန်ဖြေတာနဲ့ နောက်တစ်ရက်မှာ မနက်စောစော အဲဒီ ဘိန်းစိုက်ခင်းတွေ ရှိတဲ့ တောင် တန်းတွေဆီ ဆိုင်ကယ်နဲ့ သွားဖို့ ပြင်ကြပါတယ်။

ငရဲပန်း၊ အဆိပ်ပန်း လို့ခေါ်ကြတဲ့ ဘိန်းခင်းတွေဆီ သွားတဲ့ခရီးဟာ ကျွန်မတစ်သက်မှာ မမေ့နိုင်တဲ့ ခရီးတစ်ခုလို့ ပြောရင် လွန်မယ် မထင်ပါဘူး.. အင်မတန် မြင့်မား မတ်စောက်ပြီး ကြမ်းတမ်းလှတဲ့ လမ်းခရီးဖြစ်ပါတယ်။ ဆိုင်ကယ်နဲ့ သွားကြတယ်ဆိုပေမဲ့လို့ ဆိုင်ကယ်သွားလမ်းလို့တောင် မဆိုသာတဲ့ လမ်းမျိုးကို  မနည်းသွားရတဲ့ ခရီးဖြစ်ပါတယ်။ တောင်တန်းတွေကို စမတက်ခင် တောင်ခြေ ကနေ မျှော်ကြည့်လိုက်တဲ့အခါ အဆင့်ဆင့် သွယ်တန်းနေတဲ့ တောင်တန်း ကြီးတွေကို မြင်ရပါတယ်။ တစ်ခုသော တောင်တန်းကြီး ကတော့ အမြင့်ဆုံး ဖြစ်ပါတယ်။ ကျွန်မက အခုသွားမှာ ဒီတောင်ကြီးတော့ မဟုတ်ပါဘူးနော်လို့ မေးလိုက်တော့ လိုက်ပို့တဲ့သူက ဟုတ်ပါတယ် အဲဒီတောင်ကို သွားမှာပါလို့ ပြန်ဖြေလို့ အံ့သြရပါတယ်။ ဒီလောက် မြင့်တဲ့တောင်ကို ဆိုင်ကယ်နဲ့ ဘယ်လို တက်မယ် ဆိုတာ တကယ့်ကို စဉ်းစား မရအောင်ပါဘဲ။ တော်တန်ရုံ လူဆို ဒီလောက် ကြမ်းတဲ့ လမ်းခရီးကို ဆိုင်ကယ်နဲ့ သွားဖို့ဆိုတာ အတော့်ကို ခက်ခဲမယ် ထင်ပါတယ်။ သို့သော် ကျွန်မတို့ကို လိုက်ပို့တဲ့သူဟာ ဆိုင်ကယ်စီး ကျွမ်းကျင်တဲ့သူ ဖြစ်ပါတယ်။ ဒါတောင် တစ်လမ်းလုံး မကြာခဏ လမ်းဆင်းလျှောက် ရပါတယ်။




Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


မှတ်မှတ်ရရ ရိုက်ထားလိုက်မိတဲ့ တောင်ပေါ်လမ်းများ


ပုံမှာ မြင်တဲ့ အတိုင်းပါဘဲ။ ဒီလိုလမ်းကို သွားပြီး ပြန်လာတဲ့ ကျွန်မတစ်ယောက် လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်အောင် ၃ရက်လောက် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲပြီး ကိုင်ရိုက် ခံထားရသလို ခံစားခဲ့ရပါတယ်။ တကယ်တမ်း ဒီလောက် ဝေးမယ်ဆိုတာ တကယ်ကို မသိခဲ့ပါဘူး။ သွားရင်းနဲ့မှ ခရီးကလည်း ကြမ်း၊ ဝေးကလဲဝေး ဆိုတာ သိလာရပါတယ်။ စစချင်းတော့ ကင်မရာကို လက်တစ်ဖက်က ကိုင်ပြီး ဓာတ်ပုံရိုက်လာတဲ့ ကျွန်မဟာ နောက်ဆုံးတော့ ပြုတ်မကျအောင် ဆိုင်ကယ်ကို လက်နှစ်ဖက်နဲ့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး လိုက်ပါရပါတော့တယ်။  တောင် အဆင့်ဆင့်ကို ကျော်ပြီး လို့ တောင်ထိပ်ပေါ် ကို ရောက်ချိန် မှာတော့ မြင်မြင်သမျှ ပတ်ဝန်းကျင် တစ်ခုလုံး ဟာ တောင်ပင်လယ်ကြီး သဖွယ် အဆင့်ဆင့်သော တောင်တန်းများက မျက်စိ မဆုံးနိုင်အောင် မြင်တွေ ရပါတော့တယ်။ တကယ်တမ်းပြောရရင် အင်မတန်မှာ သာယာလှတဲ့ တောတောင် ရှုခင်းတွေပါ။ အဲဒီတောင်ထိပ်ပေါ် ကျွန်မ ရောက်နေတဲ့ နေရာဟာ အနီးဆုံးမြို့နဲ့ မိုင် ၂၀လောက် ဝေးပါတယ်။

Image Hosted by PicturePush - Photo Sharing 


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing

 တောင်အထပ်ထပ် ကျော်ကာဖြတ်

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

  ခုလို လှေကားထစ်စိုက်ခင်းတွေလည်း တွေ့ရပါတယ်။

အဲဒီလို တောင်စဉ်အထပ်ထပ်ကို ကျော်ဖြတ်ပြီး အတော်ကြာချိန် မှာတော့ မြင့်မား တဲ့ တောင်ထိပ်ပေါ် ကို ရောက်နေတာမို့ ရာသီဥတုက အေးမြလာပါတယ်။ ရှေ့ဆက်သွားလို့ မကြာခင်မှာတော့ မြင့်မား လှတဲ့ တောင်တန်း တလျောက်ရဲ့ တောင်စောင်းလေးတွေမှာ စိမ်းစိမ်းစိုစို ရှိနေတဲ့ စိုက်ခင်းတစ်ချို့ကို လှမ်းမြင် ရပါတော့တယ်။ ကျွန်မတို့ကို လိုက်ပို့တဲ့ လူက အဲဒီ စိမ်းစိမ်းစိုစို စိုက်ခင်းတွေကို လက်ညှိုးထိုးပြပြီး အဲဒါတွေက ဘိန်းစိုက်ခင်းတွေလို့  ပြောပြပါတယ်။ အဝေးကနေ လှမ်းမြင်ရတာ တစ်ခင်းလုံးစိမ်းစိုနေတာမို့ ကြည့်လို့ပင် လှပါသေးတယ်။ 

Image Hosted by PicturePush - Photo Sharing 


Image Hosted by PicturePush - Photo Sharing

 အစိမ်းရောင် စိုက်ခင်းထဲက အဖြူရောင်ပန်းလေးတွေ ပွင့်နေတာက ငရဲပန်း စိုက်ခင်းသာ ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing


စာရှုသူများ ပုံမှာ မြင်တဲ့ အတိုင်းပါပဲ။ ငရဲပန်းတွေက ပွင့်ရုံတင်မက အသီးပင်သီးနေပါပြီ။ အဲဒီ စိုက်ခင်းထဲ ကို အနီးကပ် ဆက်ပြီး သွားကြည့်တဲ့အခါ ဘာတွေ ဆက်ပြီး မြင်ရမလဲ၊ ဘယ်သူတွေနဲ့ တွေ့ရမလဲ ဆိုတာ ကတော့ နောက်နေ့ ရေးတဲ့ ပို့စ်မှာ ဆက်ပြီး ဖော်ပြပါ့မယ်။





ကျောက်စိမ်းမြေက ကံဆီးစော်ဘွားများ (ဇာတ်သိမ်းပိုင်း)

အရှေ့က ရေးခဲ့တဲ့ ကံဆီးစော်ဘွားများအကြောင်းကို ပြန်ဆက်ရမယ်ဆိုရင် ၁၂၄၇ခု တန်ဆောင်မုန်းလပြည့်ကျော် (၈)ရက်နေ့မှာ သီပေါဘုရင်ပါတော်မူပြီး အင်္ဂလိပ်တို့ မြန်မာပြည်ကြီးကို သိမ်းပိုက်လိုက်ကြပါတယ်။ ၄င်း အင်္ဂလိပ် တို့ကို ရှမ်းစော်ဘွားများ၊ ဆမားဒူဝါစသော ကချင်စော်ဘွားများက ခုခံ တွန်းလှန်ကြသကဲ့သို့ ကံဆီးစော်ဘွား တို့မှာလည်း စစ်ရေးပြင်ဆင်ပြီး အင်္ဂလိပ်တို့ တက်အလာကို စောင့်နေခဲ့ ပါတယ်။ အထက်မြန်မာပြည် မိုးကောင်းမြို့အထိ ရောက်ရှိလာတဲ့ အင်္ဂလိပ်တို့ဟာလည်း သိပ်မကြာခင်မှာဘဲ ကံဆီးနယ်အထိ ရောက်ရှိ လာတာကြောင့် ကံဆီးစော်ဘွားတို့က လက်နက်လူသူများနဲ့ ခုခံတိုက်ခိုက်ခဲ့ပါတယ်။ သို့ပေမဲ့ အမြော်အမြင်ကြီးတဲ့  အကိုကြီးဖြစ်သူ ကံဆီးစော်ဘွား ကံဆီးနောင်က အင်အားချင်း မမျှသောကြောင့် မိမိဘက်မှ လူများ အများအပြား သေကြေ ပျက်စီးမှာကို စိုးရိမ်တဲ့အတွက် စစ်ကို ဆက်မတိုက်ဖို့ တားမြစ်ကာ စစ်တိုက်ခြင်းကို ရပ်ဆိုင်းပြီး အင်္ဂလိပ် စစ်မင်းကြီးနဲ့ တွေ့ဆုံ စစ်ပြေငြိမ်းခဲ့ပါတယ်။ 

စစ်ပြေငြိမ်းပြီး လက်ဆောင်ပဏ္ဏာများနဲ့ ရောက်ရှိလာတဲ့ ကံဆီးစော်ဘွားကြီး ကံဆီးနောင်ကို အင်္ဂလိပ် စစ်မင်းကြီးကလည်း လေးလေးစားစား ဆက်ဆံခရီးဦးကြို ပြုပြီး ကံဆီး ရတနာနယ်မြေမှာ အပျက်အစီး တစ်ခုမှ မရှိစေရအောင် တာဝန်ယူပါတယ်လို့ ဝန်ခံ ကတိပေးခဲ့ပါတယ်။ ကံဆီးနယ်မြေနဲ့ ပတ်သက်ပြီး စော်ဘွားကြီးရဲ့ ဆန္ဒကိုလည်း သိလိုပါတယ် ပြောတဲ့အခါ ကံဆီးစော်ဘွားကြီးက ၄င်းအုပ်စိုးသော ကံဆီး ရတနာနယ်မြေကို ယခင် မြန်မာဘုရင် ပေးအားခဲ့သည့်အတိုင်း အပိုင်စားဆက်လက်ရလိုပြီး အင်္ဂလိပ်မင်းများ အဖျက်အဆီး အနှောက်အယှက် မပြုပါရန် အလိုရှိပါတယ်လို့ တောင်းဆိုတဲ့အတွက် စစ်မင်းကြီးက ကံဆီးနယ်မြေကို ယခင် အတိုင်း အတားအဆီး၊ အဟန့်အတားမရှိ စေရန် ကတိပေးပြီး ကံဆီး နယ်မြေကို စော်ဘွားကြီးအား ဆက်လက် အုပ်ချုပ်ရန် ပေးအပ်ထားခဲ့ပါတယ်။ ထို့နောက် ကံဆီးစော်ဘွားကြီးကိုလည်း မဟာမိတ်အဖြစ် ချစ်ကြည်စွာ အလေးထားပြီး  တပေါင်းလ အချိန်ရောက်တဲ့အခါ မိုးကောင်းမြို့သို့ အင်္ဂလိပ်များ ဆုတ်ခွာသွား ခဲ့တယ်လို့ ဆိုပါတယ်။ 

အင်္ဂလိပ်စစ်မင်းကြီးဟာ ဝိတိုရိယဘုရင်မထံ ကံဆီးစော်ဘွားအကြောင်းကို စာရေးသားပေးပို့ အကြောင်းကြားတဲ့အခါ ဝိတိုရိယ ဘုရင်မလည်း ကံဆီးစော်ဘွားကို နှစ်သက်သဘောကျပြီး ရွှေဒင်္ဂါး ၁၇ကျပ်သားကို ရွှေစလွယ် ပြုလုပ်ပြီး ဦးထုပ်၊ ဓား၊ ဖိနပ်၊ တံဆိပ်တုံး၊ ကြိမ်လုံး စတဲ့ အင်္ဂလိပ်မင်းတို့ရဲ့ အဆောင် အယောင်များနဲ့ အတူ ကြက်သရေဆောင် ရွှေစလွယ်ရမင်း (K.M.S ) ဘွဲ့ကို ချီးမြှင့်ပြန်တယ်လို့ ဆိုပါတယ်။ ကံဆီးနယ်ကိုလည်း ယခင်အတိုင်း အပိုင်စားပေးအပ်ခဲ့ပြီး ကံဆီးမှတ်တမ်းကိုလည်း အင်္ဂလိပ်ဘာသာဖြင့် ရေးထိုး မှတ်တမ်းတင်ညပီး ကံဆီးစော်ဘွားအားလည်း ပေးခဲ့ပါတယ်။ ကံဆီးစော်ဘွားမှာ တစ်နှစ်တစ်ကြိမ် ရန်ကုန်မြို့ရှိ အင်္ဂလိပ် ဘုရင်ခံ ဆီ လက်ဆောင် ပဏ္ဏာများ ထုံးစံအတိုင်း ဆက်သခဲ့ရပါတယ်။  


နောင်တော် ကံဆီးစော်ဘွား ကံဆီးနောင် ကံကုန်တဲ့အခါ ညီတော်ကံဆီးလှက ကံဆီးနယ်ကို ဆက်လက် အုပ်ချုပ်ပါတယ်။ ကံဆီးလှလက်ထက်မှာလည်း ရွှေစလွယ်ရမင်း K.S.M ဂုဏ်ဘွဲ့ကို ဆက်လက်ချီးမြှင့်တယ်လို့ ဆိုပါတယ်။ ထို့နောက် အဆောင်၁၂ဆောင် ပါဝင်သော ကံဆီးဟော ကြီးကို ကြီးကျယ်ခမ်းနားစွာ ဆောက်လုပ်ပြီး မိခင်နှင့်တကွ သားသမီး ဇနီးမယားတို့နဲ့ နေထိုင်ပြီး ကံဆီး ကျောက်စိမ်းနယ်မြေကို တရားနည်းလမ်း မျှတစွာ အုပ်ချုပ်ပါတယ်။ အဲဒီအချိန်တုန်းက ကျောက်စိမ်းနယ်မြေဟာ ရှေးကထက် ဆထက်တိုးလို့ စည်ကားဖွံ့ဖြိုးပြီး လူဦးရေးများလည်း တိုးတက်များပြားလာကာ ကံဆီးမြို့သစ်ကြီးမှာလည်း ဗုဒ္ဓဘာသာတရားများ ထွန်းကားပြီး ဘုရားကျောင်းကန်တွေနဲ့ စည်းစည်ကားကား သာသာယာယာ ရှိခဲ့ပါတော့တယ်။ 


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


၎င်းမြို့သစ်နေရာဟာ ယခု ကံဆီးမြို့ဟောင်း နေရာဖြစ်ပါတယ်။ အပေါ်ပုံဟာ အရင်ပိုစ့်မှာ ဖော်ပြခဲ့တဲ့ ကံဆီး စော်ဘွားတို့ရဲ့ ကံဆီးဟော နေရာဟောင်းပါ။ ခုချိန်မှာတော့ အုတ်ရိုးတွေကိုသာ တွေ့မြင်ရပါတော့တယ်။ ဒီဟောကြီးပေါ်မှာ မင်းတုန်းမင်းကြီးနဲ့ သီပေါမင်းတို့ ချီးမြှင့်ခဲ့တဲ့ မင်းခမ်းမင်းနားသုံး အဆောင်ယောင်များစွာ ရှိခဲ့သော်လည်း မီးလောင်ပြီး အားလုံး ပျက်စီးသွားခဲ့ရတယ်လို့ ယခုလက်ရှိ သက်ရှိထင်ရှား ရှိနေသေးသော ကံဆီးစော်ဘွား အဆက်အနွယ် စော်ဘွားကတော် အဖွားလေး ဒေါ်ဂျာဖာလုက ပြောပြပါတယ်။ 





ပြီးခဲ့တဲ့ပိုစ့်မှာ ကံဆီးစော်ဘွားကိုးကွယ်ခဲ့တဲ့ ရုပ်ပွားတော်လို့ ဖော်ပြခဲ့တဲ့ အထက်က ရုပ်ပွားတော်ဟာ ကံဆီးစော်ဘွားကြီးရဲ့ တာဝန်ပေးချက်အရ သားတော်အငယ် ကံဆီးစောအွံက မန္တလေး ရွှေမြို့တော်သို့ သွားရောက်ပြီး ဘုရားကို သွန်းထု ပူဇော်ပင့်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဘုရားတကာဟာ စော်ဘွားကြီးရဲ့သား ကံဆီးစောအွံဖြစ်ပါတယ်။ ကံဆီးစောအွံကို စော်ဘွားလေးလို့ အားလုံးက လေးလေးစားစား ခေါ်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ ဖခင်ကိုယ်စား ကံဆီးကျောက်စိမ်းတွင်းနယ်မှာ ဆောင်ရွက်စရာကိစ္စများကို ကူညီဆောင်ရွက် ကြည့်ရှုလေ့ရှိပြီး ဘာသာတရားလည်း ကိုင်းရှိုင်းတဲ့အတွက် နယ်သူနယ်သား အားလုံးတို့က စော်ဘွားလေးကို ချစ်ကြောက် ရိုသေကြပြီး လူဆိုးသူခိုးတို့ပင် စော်ဘွားလေးကို ကြောက်ရွံ့တုန်လှုပ်ကြတယ်လို့ သိရပါတယ်။


စိတ်ကောင်းရှိပြီး နယ်သူနယ်သားတို့က ချစ်ခင်လေးစားတဲ့ စော်ဘွားလေးမှာ သက်တော်မရှည်ရှာဘဲ မန္တလေးမြို့သို့အသွား ကံတော်ကုန်တယ်လို့ စာအုပ်ထဲမှာ ရေးထားတာ ဖတ်ရပါတယ်။ မသွားခင်မှာ လက်မှာ ကိုင်ထားတဲ့ ရေတကောင်းပြုတ်ကျခြင်း၊ ကံဆီးဟောပေါ်က အဆင်းမှာ ခွေးနှစ်ကောင် ခိုက်ရန်ဖြစ်ပွားပြီး တစ်ကောင် သေဆုံးတဲ့အတွက် စော်ဘွားကြီးတို့ ကိုးကွယ်တဲ့ ဘုန်းတော်ကြီးက စော်ဘွားလေးကို မန္တလေးသို့ မသွားဖို့ တားမြစ်ပေမဲ့ စော်ဘွားလေး ကံဆီးစောအွံက အရေးမထားဘဲ မန္တလေးကိုသွားခဲ့ရာမှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ရတယ်လို့ သိရပါတယ်။ မန္တလေးမှာ ကွယ်လွန်တဲ့ စော်ဘွားလေးရဲ့ ရုပ်ကလပ်ကို အင်္ဂလိပ်တို့က မှန်စီရွှေခေါင်းထဲ ထည့်သွင်းပြီး ခမ်းခမ်းနားနား ပြင်ဆင်ကာ ရထားဖြင့် ကချင်ပြည်နယ်သို့ ပို့ဆောင်ပေးခဲ့ပြီး ကံဆီးမြို့ အရောက် အစောင့် အရှောက်များနဲ့ ဆက်လက် ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 


စော်ဘွားလေး မရှိတော့တဲ့နောက် ကံဆီးစော်ဘွားကြီးကဘဲ နယ်မြေကို စည်းကမ်းနဲ့အညီ အုပ်ချုပ်ပါတယ်။ ကံဆီးမြို့တွင်းမှာလည်း သုံးထပ်ကျောင်းဆောင်ကြီးကို ဆောက်လုပ်ပြီး သံဃာတော်များ သီတင်းသုံးနိုင်ရင် လှူဒါန်းခဲ့ပါတယ်။ လုံးခင်း၊ မိုးကောင်း၊ အင်းတော်၊ နန့်တိန်း စသည့်မြို့များမှာလည်း ပြသာဒ်ကျောင်း တစ်ဆောင်စီ လှူဒါန်းခဲ့ပါတယ်။ ဘာသာတရားကိုင်းရှိုင်းပြီး အလှူအတန်း ရက်ရောသော စော်ဘွားကြီးမှာ အသက် ၆၆နှစ်မှာ ကံတော်ကုန်ပါတယ်။ စော်ဘွားကြီး ကံတော်ကုန်တဲ့အခါ မြေးဖြစ်သူ ကံဆီးလှဆိုင်က ရာထူးကိုဆက်ခံပြီးနယ်မြေကို ဆက်လက် အုပ်ချုပ်ပါတယ်။ ကံဆီးကျောက်စိမ်းနယ်ကို အုပ်ချုပ်သူ စော်ဘွားအပြောင်းအလဲ ဖြစ်တဲ့အခါ အချို့သော မှော်ထိန်း၊ မှော်အုပ်၊ သူကြီးတို့ဟာ စိတ် အပြောင်းအလဲဖြစ်ပြီး တစ်နှစ်တစ်ကြိမ် သီတင်းကျွတ်တိုင်း ကံဆီးစော်ဘွားထံ လက်ဆောင်ပဏ္ဏာများ ဆက်သရခြင်း၊ အခွန်တော်များ ဆက်သွင်းရခြင်း၊ အမှုကိစ္စတို့ကို တိုင်ပင်ဆွေးနွေးရခြင်း၊ စော်ဘွားကြီး၏ အဆုံးအမ ခံယူရခြင်းတို့ ပြုလုပ်လေ့ရှိရာ စော်ဘွား ကံဆီးလှဆိုင် အုပ်ချုပ်တဲ့အခါ ထိုသို့သော အမှုကိစ္စများကို ဆောင်ရွက်ဖို့ ပျက်ကွက်သူ များပြားလာပါတယ်။ ဒီ့အပြင် ကျန်းမာရေးမကောင်းလှတဲ့ ကံဆီးစော်ဘွားလှဆိုင်ကလည်း နယ်သူနယ်သားများကို ထိထိရောက်ရောက် ဂရုတစိုက် အုပ်ချုပ်နိုင်ခြင်းမရှိ ဖြစ်လာပါတယ်။ အင်္ဂလိပ်အစိုးရက ကံဆီးစော်ဘွားကို ဆရာဝန်များဖြင့် ကုသစေတဲ့အခါ ဆရာဝန်များက  နောက် ၆လသာ ခံတော့မည်ဟု ပြောကြတဲ့အတွက် မြစ်ကြီးနားအရေးပိုင် မစ္စတာဟတ်က ရန်ကုန်ရှိ အင်္ဂလိပ်ဘုရင်ခံထံ အကြောင်းကြားရာ ကံဆီးစော်ဘွား မကွယ်လွန်မှီ စော်ဘွားရဲ့ သားကြီးအား ရာထူး လွှဲပြောင်းပေးအပ်ရန် မစ္စတာဟတ်ကို အမိန့်စာ ထုတ်ပြန်ပြီး ဆောင်ရွက်စေခဲ့ပါတယ်။ 

အရေးပိုင် မစ္စတာဟတ်ဟာ စစ်သည်တပ်သားများနဲ့အတူ ကားမိုင်းမြို့တောင်တန်း ဝန်ထောက် မစ္စတာ ဒေးဗစ်၊ မြို့အုပ်၊ ခရိုင်ခုပ်၊ သူကြီး၊ ဆရာဝန် စသည်တို့ကို ခေါ်ဆောင်ကာ ကျောက်စိမ်းနယ်မြေ ဥရုချောင်းဖျားရှိ ကံဆီးမြို့သို့  လာရောက်ကြပြီး စော်ဘွားကြီးရဲ့ သားတော် ဆင်ဝါးနောင်ကို နယ်သူ နယ်သားများရှေ့မှာ  ကြီးကျယ်ခမ်းနားစွာ ပွဲလမ်းသဘင် ကျင်းပပြီး ဘိသိက် မြောက်ပေးကြတယ်လို့ ဆိုပါတယ်။ ထို ဘိသိက်မြောက်စဉ်ခါမှာ ကံဆီးစော်ဘွားသားဟာ အသက် ၁၄နှစ်မျှသာ ရှိသေးသောကြောင့် ကံဆီးသူကြီး ဘိုးနိုန်းဂျာကို စော်ဘွားကိုယ်စား ကံဆီးနယ်ကို စောင့်ရှောက်ရန် လွှဲအပ်ပေးခဲ့ပြီး ဆင်ဝါးနောင် အရွယ်ရောက်၍ ကိစ္စအဝဝကို စီမံခန့်ခွဲနိုင်ခဲ့လျင် ၄င်းကံဆီးနယ်အား ပြန်လည်အပ်နှံရမည်ဟု လွှဲအပ်သော ခန့်စာများပေးအပ်ပြီး ဆင်ဝါးနောင်အား မန္တလေးမြို့သို့ ပညာတော်သင်ရန် ပို့ဆောင်လိုက်ပါတယ်။ 


ကံဆီးနယ်ကို စော်ဘွားကိုယ်စား ဘိုးနိုန်းဂျာက စောင့်ရှောက်နေစဉ်မှာ အခြားသော မှော်အုပ်၊ မှော်ထိန်းတို့က ရိုသေလေးစားခြင်း မရှိဘဲ သဿမေဓ အခွန်တော်များကို ယခင်ကံဆီးစော်ဘွားများထံ ဆက်သွင်းနေကျ အတိုင်း ယခု ဘိုးနိုန်းဂျာထံသို့ မဆက်သွင်းတော့ဘဲ ကာမိုင်းမြို့ တောင်တန်း ဝန်ထောက်ထံသို့သာ ဆက်သွင်းကြ ပါတော့တယ်။ ထိုအချိန်ကစလို့ အခြားသော မှော်အုပ်၊ မှော်ထိန်း၊ သူကြီးတို့သည်လည်း ဝန်ထောက်ရုံးသို့သာ တိုက်ရိုက် ဆက်သွင်းခဲ့ကြပါတော့တယ်။ ထို့ကြောင် ကံဆီးစော်ဘွားများ ရရှိနေကြ အခွန်တော်မှာ လျော့ပါး သွားခဲ့ပါတယ်။ 


မန္တလေးမြို့မှာ ပညာသင်ကြားနေတဲ့ ဆင်ဝါးနောင်ဟာ အသက် (၁၆) နှစ် အရွယ်ရောက်တဲ့ အခါ ဖခင် စော်ဘွားကြီး ကွယ်လွန်သည့် သတင်းကို ရရှိတဲ့ အတွက် ကံဆီးနယ်ကို ပြန်ခဲ့ရပါတယ်။ ထို့နောက် စောင့်ရှောက်ပေးနေသော ကံဆီးသူကြီး ဘိုးနိုန်းဂျာထံမှ နယ်ကို ပြန်လည်လက်ခံရယူပြီး ကံဆီးစော်ဘွား အဖြစ် စတင်အုပ်ချုပ်ခဲ့ပါတယ်။ ထို့နောက် အိမ်တော်ကို ကံဆီးမြို့မှ လုံးခင်းသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ထိုသို့လုံးခင်းမှာ  နေထိုင်ပြီး နယ်သူနယ်သားများအား အုပ်ချုပ်နေစဉ်မှာ မန္တလေးတွင် ကျောင်းတက်သည့် ငွေများမှာ ကျံသဟင်း ဟုခေါ်သည့် တရုတ်လောပန်းထံမှ ချေးယူထားသည့်ငွေများ ဖြစ်သည်ဟု တရုတ်လောပန်းက တရားစွဲဆို လာခဲ့ပါတယ်။ စော်ဘွားအား မလိုလားသည့် ဆွေမျိုး တချို့နှင့် မှော်အုပ်မှော်ထိန်းများက တရုတ်လောပန်းဘက်မှ ဟုတ်မှန်ကြောင်း သက်သေခံကြသောကြောင့် အင်္ဂလိပ်အစိုးရက ကံဆီးနယ်ကို တရုတ်လောပန်းထံ (၅)နှစ် ပေးအပ်ရမည်ဟု ဆုံးဖြတ်ပေးခဲ့ပါတယ်။ (၅)နှစ်ပြည့်သော အခါမှ ကံဆီးနယ်ကို ပြန်လည်ရရှိခဲ့ပါတယ်။ 


ထိုအချိန်မှ စကာ ကံဆီးနယ်ကို စနစ်ကျ တရားမျှတစွာ ပြန်လည်အုပ်ချုပ်ခဲ့ရာ ကံဆီးကျောက်စိမ်းနယ်မှာလည်း အလွန် စည်ကားတိုးတက်လာပါတယ်။ ကံဆီးစော်ဘွား ဆင်ဝါးနောင်ဟာ မိမိသားတော်များကို သာ့သနာ့ဘောင်သို့ သာမဏေများအဖြစ် သွတ်သွင်းပေးခဲ့ခြင်း၊ ရဟန်း သံဃာများကို ကံထပ်ခြင်း၊ မြို့ရွာ များစွာတို့တွင် သံဃာတော်များ အတွက် ကျောင်းဆောင်များ ဆောက်လုပ်လှူဒါန်းခြင်း၊ မန္တလေးတောင်တွင် စောင်းတန်းများ၊ လှေခါးများ လှူဒါန်းခြင်း၊ ကျောက်စိမ်းတုံးများဖြင့် ဘုရားနှစ်ဆူ ထုလုပ်ကိုးကွယ်ခြင်း စသော အလှူဒါနများ၊ ဘာသာရေး ကိစ္စများကို ဆောင်ရွက်ခဲ့ပါတယ်။
 


သက္ကရာဇ် ၁၂၈၅-ခုနှစ် မှာ အလျား(၆)ပေ (၇) လက်မ၊ လုံးပတ် (၄) ထွာ ရှိ ညိုနက်ရောင် အဆင်းရှိသော ဆင်စွယ် (၂) ချောင်းကို လက်ခံရရှိခဲ့ပါတယ်။ ထူးခြားချက်ကတော့ ထိုဆင်စွယ်ဟာ လက်ခံရရှိစဉ်က အညို အကွက်များ ဖြစ်သော်လည်း ကြာသောအခါ အနက်ရောင်သို့ ပြောင်းသွားခဲ့ပါတယ်။ ထိုဆင်စွယ်နှစ်ချောင်းကို တင်သည့် ခုံပေါ်မှာ ထိပ်ဖျားများကို (၄) လက်မ ခန့် အကွာ အနေအထားနဲ့ အသေအချာ တင်ထားခဲ့သော်လည်း နောက်ပိုင်းကာလများမှာ ဆင်စွယ်နှစ်ချောင်းရဲ့ ထိပ်ဖျားများဟာ တဖြည်းဖြည်း ကွေးညွှတ်လာပြီး တစ်ချောင်းနဲ့ တစ်ချောင်း ထိပ်ဖျားခြင်း ကြက်ခြေခတ် အနေအထားသို့ တိုင်အောင် ကွေးညွှတ် သွားခဲပါတယ်။ အဲဒီလို ကွေးညွှတ်သွားခဲ့ပေမယ့် ဆင်စွယ်များရဲ့ မူလ အလျားနဲ့ လုံးပတ်ကတော့ ပြောင်းလဲခြင်း မရှိခဲ့ပါဘူး။ ၁၂၉၈-ခုနှစ်မှာ စစ်ကိုင်းမင်းကြီး ကျောက်စိမ်းနယ်မြေသို့ လာရောက်ခဲ့စဉ် ၄င်းဆင်စွယ်အား ဓာတ်ပုံရိုက်ယူခြင်း၊ အတိုင်းအတာများ တိုင်းတာခြင်းတို့ကို ပြုလုပ်ရာ သူတို့ အင်္ဂလန်တွင်လည်း ထိုဆင်စွယ်နက်မျိုး ရှိသော်လည်း ယခု ဆင်စွယ်မှာ ပိုမိုကြီးမားကြောင်း ပြောသွားခဲ့ပါတယ်။

၁၂၉၄-ခုနှစ်မှာ ရန်ကုန်မြို့ တတိယ  ဘုရင်ခံက အမှုထမ်းကောင်း ရွှေတံဆိပ် (A.T.M)၊ ငွေဓား၊ သေနတ် (၁၂) လက်၊ ဦးထုပ်၊ ဖိနပ်၊ တံဆိပ်တုံး၊ ဝတ်စုံ စသည်တို့နှင့် အထူးအခွင့် အာဏာများ အပ်နှင်းခံရသောကြောင့် တောင်တန်းဒေသမှာ အကြီးဆုံး စော်ဘွား(ဒူဝါ) ဖြစ်လာပါတယ်။ စော်ဘွားရရှိခဲ့သော အမှုထမ်းကောင်း ရွှေတံဆိပ်မှာ ရွှေချိန် (၁၀) ကျပ်သား ရှိခဲ့ပါတယ်။ နောက်ပိုင်း ကာလများမှာတော့ ကံဆီးစော်ဘွားရဲ့ ကံဆိုးတဲ့ ကာလများလို့ ပြောရမယ် ထင်ပါတယ်။ စော်ဘွားအုပ်ချုပ်တဲ့ ကျောက်စိမ်းနယ်မြေမှာ အမှုအခင်းများ၊ ပြဿနာများနှင့် အုပ်ချုပ်ရေး ဆိုင်ရာကိစ္စများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မှော်အုပ်၊ မှော်ထိန်းတို့ကလည်း အင်္ဂလိပ်အစိုးရထံ အမျိုးမျိုးသွေးထိုး ကုန်းတိုက်ကြရာ နောက်ဆုံးတွင် အင်္ဂလိပ်တို့က ကံဆီးနယ်ကို သိမ်းယူခဲ့ပါတော့တယ်။


ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်လာတဲ့ အခါ ဂျပန်တို့က လေယာဉ်နှင့် ဗုံးကျဲတိုက်ခိုက်တဲ့ အတွက် ကျောက်စိမ်းနယ်ကို အုပ်ချုပ်နေတဲ့ အင်္ဂလိပ်တို့ဟာ ၄င်းကျောက်စိမ်းနယ်ကို စော်ဘွားကြီးထံ ပြန်အပ်ပြိး အိန္ဒိယသို့ ဆုတ်ခွာ သွားကြပါတယ်။ ၁၃၀၄-ခုနှစ်မှာ တရုတ်စစ်တပ်များ ဝင်ရောက်လာပြီး လုံးခင်းရွာတွင် တပ်စွဲကာ ဂျပန်များကို တိုက်ခိုက်ရန် စီစဉ်ပြန်တဲ့ အတွက် ရပ်ရွာလူထုနှင့် ရဟန်းသံဃာတို့မှာ ဥရုချောင်းဖျားဖက်သို့ တိမ်းရှောင်ရပြန်ပါတယ်။ သို့သော်လည်း ဂျပန်စစ်တပ်များ အလုံးအရင်းနဲ့ ဝင်လာတဲ့ အခါ တရုတ်စစ်တပ်များမှာ ခုခံခြင်း မပြုတော့ဘဲ ပစ္စည်းများကို အလိုရှိရာတို့ကို ရသမျှ သိမ်းယူကာ မသိမ်းနိုင်သော ပစ္စည်းများ၊ အိမ်ယာများကို မီးရှို့ဖျက်ဆီးကာ တရုတ်ပြည်ထဲသို့ ဆုတ်ခွာသွားခဲ့ကြရာ ကျောက်စိမ်းနယ်မြေမှာ အပျက်အစီး အဆုံးအရှုံးများဖြင့် ဒုက္ခပင်လယ်ဝေကာ ကျန်ရစ်ခဲ့ပါတယ်။ ကံဆီးစော်ဘွားရဲ့ ဟောတော်နှင့် အိမ်တော်တွေမှာလည်း မီးလောင်ပျက်စီးခဲ့ရတဲ့ အတွက် မင်းတုန်းမင်း ချီးမြှင့်ခဲ့သော အဆောင်အယောင်များ၊ ပစ္စည်းဥစ္စာများ စသည်တို့မှာလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။


ထို့နောက် ကျောက်စိမ်းတွင်း ဒေသမှာ ဂျပန်၊ အင်္ဂလိပ် တစ်လှည့်စီဖြင့် ရောက်ရှိလာပြီး စစ်ပွဲဒဏ်၊ ဗုံးဒဏ်တို့ကို ပြင်းထန်စွာ ခံစားခဲ့ကြရမှာ မြန်မာပြည်ကြီး လွတ်လပ်ရေး ရမှသာ ပြန်လည် ငြိမ်းချမ်းခဲ့ရပါတယ်။ ဝန်ကြီးချုပ် ဦးနုလက်ထက် အရောက်မှာတော့ စော်ဘွားကြီး ထံမှာ ရှိနေတဲ့ ဆင်စွယ်နက်ကို တိုင်းသူပြည်သားများနှင့် အခြားသော နိုင်ငံသားများ မြင်တွေ့ကြည့်ရှုနိုင်ကြရန်အတွက် ရန်ကုန်မြိ့သို့ (၃)နှစ် ယူဆောင်ပြသခွင့် ပြုပါရန် ကံဆီးစော်ဘွား ဆင်ဝါးနောင်ထံ တောင်းဆိုခဲ့ရာ စော်ဘွားလည်း ခွင့်ပြုခဲ့တဲ့ အတွက် အများပြည်သူများ မြင်တွေ့ ကြည့်ရှုခွင့် ရခဲ့ပါတယ်။ ထို့နောက် (၃)နှစ်ပြည့်တဲ့ အခါမှာတော့ ဆင်စွယ် (၂)ချောင်းလုံး စော်ဘွား ထံသို့ ပြန်လည် ရောက်ရှိခဲ့ပါတယ်။ သို့သော် ထိုဆင်စွယ်မှာ ယခုအခါတွင် ဘယ်ဆီသို့ရောက်သွားသည် မသိရတော့ဘဲ စော်ဘွားကြီးတို့အိမ်တွင် မရှိတော့ကြောင်းသာ သိရပါတယ်။

ထို့နောက်တွင် မြန်မာအစိုးရ အတွက် ကျောက်စိမ်းနယ်မြေနှင့် သက်ဆိုင်တဲ့ ကိစ္စအဝဝကို ကံဆီး စော်ဘွားကြီးက အကူအညီပေးခဲ့ရသလို သားဖြစ်သူ ကံဆီးဒူဝါနော်အောင်ကလည်း ဆောင်ရွက်ပေးခဲ့ရပါတယ်။  သက္ကရာဇ် ၁၃၁၆ (၁၉၅၅-ခုနှစ်) ၊ ပြာသိုလပြည့်ကျော် (၂) ရက်တွင် မြန်မာနိုင်ငံတော် သမ္မတ ဆာဘဦး က ရွှေ (၇) ကျပ်သားရှိသော ရွှေဆွဲပြား တံဆိပ်နှင့် ဝဏ္ဏကျော်ထင် ဘွဲ့တို့အား ကံဆီးစော်ဘွား ဆင်ဝါးနောင်၏ သားဖြစ်သူ ကံဆီး ဒူဝါနော်အောင်ကို ချီးမြှင့်ခဲ့ပါတယ်။ ၁၃၁၇-ခု၊ အသက် (၆၃) နှစ်တွင် ကံဆီးစော်ဘွားကြီး ကွယ်လွန်တဲ့ အတွက် သားဖြစ်သူ ဝဏ္ဏကျော်ထင်ကံဆီး ဒူဝါနောင်အောင်နှင့် ဆွေမျိုးတစ်စုတို့က မူလနေရင်းရပ်၊ ဥရုချောင်းဖျား ကံဆီးမြို့ဟော်တော်ကို ယူဆောင်ပြီး ကြီးကျယ်ခမ်းနားစွာ မြေမြှပ် သဂြိုလ်ခဲ့ပါတယ်။

 ကံဆီးစော်ဘွား၏ ပုံတူပန်းချီ
  ကံဆီး  စော်ဘွားကတော် ဓာတ်ပုံ


စော်ဘွားကံဆီးဒူဝါနော်အောင်ရဲ့ ဇနီးမှာ အဖွားလေး ဒေါ်ဂျာဖာလု ဖြစ်ပါတယ်။ စော်ဘွားကတော်ဟာ ယခုထိတိုင် သက်ရှိထင်ရှား ကျန်းကျန်းမာမာ ရှိနေသူတစ်ဦးဖြစ်ပြီး သားသမီးမြေးမြစ်များနဲ့ လုံးခင်းရွာမှာ ပျော်ပျော် ရွှင်ရွှင် နေထိုင်နေပါတယ်။ စော်ဘွားကတော်ရယ်လို့ လူသိများတဲ့ အဖွားလေးကို ကျွန်မတို့ ဒေသခံများ အားလုံးကတော့ အဖွားလေးလို့ ခေါ်ကြပါတယ်။ ကံဆီးစော်ဘွားအကြောင်းကို စာရေးမယ်လို့ ဆုံးဖြတ်ပြီး အဖွားလေးတို့ အိမ်ကို သွားရောက်ပြီး ကျွန်မသိချင်တာတွေကို မေးမြန်းတဲ့အခါ အဖွားလေးက စိတ်ရှည်လက်ရှည် ပြောပြပါတယ်။ အဖွားလေးတို့ ဆီမှာ ရှိနေတဲ့  (ပဗ္ဗတရာဇာဘွဲ့ခံ) ကံဆီးမှတ်တမ်း အထ္ထုပ္ပတ္တိ စာအုပ်လေး တစ်အုပ်ကို လက်ဆောင်ပေးခဲ့ပါတယ်။ ကျွန်မ အခုရေးသားဖော်ပြခဲ့တဲ့ အချက်အလက်များအားလုံးဟာ ထို အထ္ထုပ္ပတ္တိ စာအုပ်ကို ကိုးကားပြီး ရေးသားထားတာဖြစ်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing

ကံဆီးစော်ဘွားအဆက်ဆက် ရရှိခဲ့တဲ့ စလွယ်များရဲ့ ဓာတ်ပုံပါ။ မှန်ဘောင်သွင်းထားတာကို ရိုက်ထားရတာမို့ အလင်းပြန်တဲ့အတွက် သဲသဲကွဲကွဲ မဖြစ်ဘဲ စာလုံးတွေထပ်နေခဲ့ပါတယ်။ 

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
 ကံဆီးစော်ဘွားတို့အား မင်းတုန်းမင်းကြီး ချီးမြှင့်ခဲ့တဲ့ ရတနာရွှေမောင်းများ

ကျွန်မသိလိုသမျှ အချက်အလက်တွေကို စိတ်ရှည်လက်ရှည်နဲ့ ဖြေကြားပေးပြီး အဖွားလေးတို့ အိမ်တွင် သိမ်းဆည်းထားသော ရှားရှားပါးပါး ကျန်ခဲ့တဲ့ မင်းတုန်းမင်းတရားကြီး ချီးမြှင့်တော် မူခဲ့သည့် ရတနာ ရွှေမောင်းတော်အား ဓာတ်ပုံ ရိုက်ခွင့်ပေးခဲ့သော စော်ဘွားကတော် အဖွားလေးအား အထူး ကျေးဇူးတင်ပါကြောင်း ဒီနေရာကနေ ကျေးဇူးစကား ပြောကြားလိုပါတယ်ရှင်။ ကံဆီးစော်ဘွားအကြောင်းကို စိတ်ဝင်တစား လာဖတ်ပေးကြတဲ့ မိတ်ဆွေ အပေါင်းအသင်း စာဖတ်သူများ အားလုံးကိုလည်း ကျေးဇူး အထူးတင်ရှိပါကြောင်း ပြောကြားရင်း ကျွန်မတို့ ကျောက်စိမ်းနယ်မြေကို အပိုင်စားခဲ့ကြသော ကံဆီးစော်ဘွားများ အကြောင်းကို နိဂုံးချုပ်ပါတယ်ရှင်။



မိတ်ဆွေများ အားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်တောင်းလိုက်ပါတယ်ရှင်...


Image Hosted by PicturePush - Photo Sharing

မက်မွန်သီးထမင်းပေါင်း

ဒီတစ်ပတ် တနင်္ဂနွေအတွက် စားသောက်စရာ အကြောင်းအရာအဖြစ် မက်မွန်သီး ထမင်းပေါင်း ချက်နည်းကို ဖော်ပြချင်ပါတယ်ရှင်။ ကျွန်မနေတဲ့မြို့မှာ မက်မွန်သီး အလွန်ပေါတဲ့ ရာသီတုန်းက လုပ်စားဖြစ်တဲ့ မက်မွန်သီး ထမင်းပေါင်းပါ။ မက်မွန်သီးထမင်းပေါင်းဆိုလို့ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး.. အခြားသော ထမင်းပေါင်း လုပ်နည်း အတိုင်းသာ ဖြစ်ပါတယ်. အသီးအနှံတွေမှာ မက်မွန်သီး ထည့်တာသာ ကွဲပြားတာဖြစ် ပါတယ်။

မက်မွန်သီးအစား အခြားသော အသီးကိုထည့်သွင်းပြီး ထမင်းပေါင်းကို လုပ်စားနိုင်ပါတယ်နော်။ ပထမဦးဆုံး ထမင်းပေါင်းအတွက် လိုအပ်သော အရာများမှာ-

Image Hosted by PicturePush - Photo Sharing
ကြက်သား (သို့) ဝက်သားကို အသားချည်း ပါးပါးလှီးပြီး ဆား၊ အရသာမှုန့်၊ ငံပြာရည်အကြည်တို့ဖြင့် နယ်ထားပါတယ်။ 

Image Hosted by PicturePush - Photo Sharing

 မက်မွန်သီး တစ်လုံးကို အခွံနွာပါတယ် 

Image Hosted by PicturePush - Photo Sharing

 ဒါကတော့ ထမင်းပေါင်းထဲထည့်မဲ့ အသီးအနှံတွေ ဖြစ်ပါတယ်။ ဥနီ၊ ဆလပ်ရိုး၊ ငရုပ်ပွ အနီ၊ အစိမ်း၊ ပြောင်းဖူး၊ မုန်လာထုပ်၊ မက်မွန်သီးတို့ ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing
 ပါးပါးလှီး နှပ်ထားတဲ့ အသားကို ကြော်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing
ဂျင်း၊ ကြက်သွန်ဖြူထည့်ပါတယ်.
                     
Image Hosted by PicturePush - Photo Sharing
ဥနီ၊ ဆလပ်ရိုးတို့ကိုထည့်ပါတယ်

Image Hosted by PicturePush - Photo Sharing
ငရုပ်ပွ၊ မုန်လာထုပ်၊ ပြောင်းဖူး၊ မက်မွန်သီးတို့ကို ထည့်ပါတယ်။

ထို့နောက် ဆား၊ အရသာမှုန့်၊ ငံပြာရည်အကြည်တို့ကိုထည့်ပြီး ရောမွှေလိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing
ကော်မှုန့်ကို အရည်ဖျော်


Image Hosted by PicturePush - Photo Sharing
ကော်ရည်များကို အိုးထဲ လောင်းချပြီး မွှေပေးပါတယ်

ကော်ရည်များဖြင့် ခပ်ပျစ်ပျစ် ဖြစ်လာတဲ့အခါ  အပေါ့အငံ လိုအပ်တာ ထည့်ပြီးလို့ အရသာ စိတ်ကြိုက်ဖြစ်ရင် အရည်ကို ခပ်ရွှဲရွှဲလေး ချန်ထားပြီးရင် ထမင်းပေါင်းထဲထည့်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ 


Image Hosted by PicturePush - Photo Sharing
ထမင်းကို ပန်းကန်ပြားထဲထည့်ပါတယ်



Image Hosted by PicturePush - Photo Sharing
 ချက်ထားပြီး ဟင်းထဲမှ သင့်တော်သလောက်ကို ထမင်းပေါ် လောင်းချလိုက်ရင် စားချင်စဖွယ် ထမင်းပေါင်းတစ်ပွဲရပါပြီ။


မက်မွန်သီးထည့်ပြီး ချက်ထားတာမို့ ကျွန်မရဲ့ ထမင်းပေါင်းကို မက်မွန်သီး ထမင်းပေါင်းလို့ ပေးလိုက်တာ ဖြစ်ပါတယ်။ အသီးအနှံများကိုတော့ မိမိမှာရှိတဲ့ အသီးအနှံတွေနဲ့ အဆင်ပြေသလို ချက်ထားနိုင်ပါတယ်။ 


မက်မွန်သီးထမင်းပေါင်းက ဒီတစ်ပတ် Sunday Special အဖြစ် တင်လိုက်ပါတယ်နော်။ ချစ်သော မိတ်ဆွေများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပါစေလို့ ဆုမွန်တောင်းလိုက်ပါတယ်ရှင်...



Image Hosted by PicturePush - Photo Sharing

ကျောက်စိမ်းမြေက ကံဆီးစော်ဘွားများ





ပြီးခဲ့တဲ့ ပိုစ့်မှာ အစပျိုးခဲ့တဲ့ အတိုင်း ဒီပိုစ့်မှာတော့ ကံဆီးစော်ဘွားခေါ် ကံဆီး ဒူဝါအကြောင်း ဆက်ရေးပါ့မယ်ရှင်။ ကံဆီးစော်ဘွားလို့ ခေါ်ရခြင်းအကြောင်းရင်းက ကျွန်မတို့ ဖားကန့်ဒေသ ကျောက်စိမ်းတွင်း နယ်မြေမှာ ယခုတိုင် ရှိဆဲဖြစ်တဲ့ ကံဆီးမြို့ကို အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်ဆိုတာ ဟိုးယခင် ကတည်းက ကချင် လူမျိုး တွေနဲ့ ရှမ်းလူမျိုးတွေ အများဆုံး နေထိုင်ခဲ့တဲ့ ဒေသ ဖြစ်ပါတယ်။ ယခင်အချိန် ဘုရင် အုပ်ချုပ်ရေးခေတ် ကတည်း က ကချင်ပြည်နယ်မှာ ရှမ်းလူမျိုးတွေ နေထိုင်ရာ မြို့ရွာများကို မိုးညှင်း စော်ဘွား၊ မိုးကောင်း စော်ဘွား၊ မိုးမိတ် စော်ဘွား စသဖြင့် ရှမ်းစော်ဘွားများက အုပ်ချုပ်သလို ကချင်လူမျိုးတွေ နေထိုင်ရာ မြို့ရွာများကိုတော့ ဆမားဒူဝါ စသည်ဖြင့် ဒူဝါတွေက အုပ်ချုပ်ပါတယ်။

ကျွန်မတို့ရဲ့ ကျောက်စိမ်းတွင်း နယ်မြေဟာလည်း ယခင်က မိုးကောင်းစော်ဘွားကြီးရဲ့ နယ်မြေအတွင်းမှာ ပါဝင်ခဲ့ ပါတယ်။ ဒါကြောင့်လည်း ယခုချိန်ထိ ကျေးရွာ၊ တောင်တန်းတို့ဟာ ရှမ်းနာမည်များ ခေါ်တွင်ထား တာကို တွေ့မြင်နိုင် ပါတယ်။ ကျောက်စိမ်းတွင်းဒေသမှာ ရှမ်းလူမျိုးတို့ နေထိုင်စဉ်မှာ ကချင်ပြည်နယ်ရဲ့ တောင်တန်း ဒေသတွေ မှာ နေထိုင်တဲ့ ချင်းလူမျိုးတွေရဲ့ တိုက်ခိုက်ခြင်းကို ခံရသောကြောင့် အခြားသော နယ်မြေများကို ပြောင်းရွေ့သွား ခဲ့ကြပါတယ်။ အဲဒီအခါမှာ ချင်းလူမျိုးတွေဟာ ကျောက်စိမ်းတွင်း အနီးတစ်ဝိုက်မှာ ရပ်ရွာများ တည်ထောင် ကာ နေထိုင် ကျက်စားခဲ့ ကြရာမှာ တောင်ပေါ် တောင်ထိပ်များမှာသာ ရပ်ရွာများကို အခိုင်အခံ့ တည်ထောင်နေထိုင် ခဲ့ကြပါတယ်။ ကျွန်မတို့ ရွာအနီးဝန်းကျင်က အချို့သော တောင်ပေါ် တောင်တန်းတွေ ပေါ်မှာ ဟိုးယခင်တုန်းခါက နေထိုင်ခဲ့ကြသော ချင်းလူမျိုးတို့ရဲ့ ရွာနေရာတွေ၊ လမ်းမကြီးဖြစ်ခဲ့တဲ့ နေရာဟောင်းတွေ၊ ခံတပ် နေရာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ရှမ်းလူမျိုးများဟာ ထိုစဉ်ကတည်းက ဗုဒ္ဓဘာသာ ကိုးကွယ်သော်လည်း ချင်းလူမျိုးတွေနဲ့ ကချင်လူမျိုးတို့ဟာ  နတ်ကိုသာ ပူဇော်ပသတဲ့ အလေ့အထ ရှိကြပါတယ်။ ချင်းလူမျိုးနဲ့ ကချင်လူမျိုးတို့ဟာလည်း အစောပိုင်းမှာ ညီရင်း အစ်ကိုများလို သင့်မြတ်ချစ်ခင်စွာ နေထိုင်ခဲ့ကြပါတယ်။ သို့သော် အချိန်ကြာလာသည်နဲ့အမျှ ချင်းနဲ့ ကချင်တို့ဟာ စိတ်သဘောထား မသင့်မမြတ်ဖြစ် လာကာ ရန်ပွဲများ ဖြစ်ပေါ်လာရပြီး စစ်တိုက်ကြသည် အထိ ပြင်းထန်လာခဲ့ ပါတယ်။ နောက်ဆုံးတော့ အဲဒီဒေသတွေမှာ နေထိုင်တဲ့ ချင်းလူမျိုးတို့ဟာ ချင်းပြည်နယ်ရှိ ယခုနေထိုင်တဲ့ ချင်းတောင်တန်းများ ဆီကို ပြောင်းရွေ့ သွားခဲ့ပါတယ်။ ချင်းလူမျိုးတို့ ပြောင်းရွေ့သွားပြီးနောက်မှာ ကချင်လူမျိုးတွေ ဟာ ကျောက်စိမ်းတွင်းနဲ့ ကချင်ပြည်နယ်ရှိ အချို့သော နယ်မြေများကို ခွဲဝေ အုပ်ချုပ်ကြပါတယ်။ 

ကျောက်စိမ်းတွင်း နယ်မြေအနီးက ကံဆီးမြို့ကို အုပ်ချုပ်သူကတော့ မရစ်မျိုးနွယ်စု ဖြစ်တဲ့ နိန်တူလူ ဖြစ်ပါတယ်.. သူဟာ ဥရုချောင်းဖျား ဖာလဲတောင်ခြေရင်းနားမှာ မြို့ရွာအသစ် တည်ထောင်ပြီး ကချင် မျိုးနွယ်စုများနဲ့ နေထိုင် ခဲ့ပါတယ်။ အဲဒီလိုနေထိုင်ရင်း အချိန်ကြာတဲ့အထိ  သားသမီး မထွန်းကားသောကြောင့် အမျိုးအဆက် အနွယ် ပြတ်မှာ စိုးတဲ့အတွက် ရှမ်းအမျိုးသမီး တစ်ဦးကို လက်ထပ်ယူခဲ့ပါတယ်။ မကြာခင်မှာ ရှမ်း အမျိုး သမီးဖြစ်သူဟာ ကိုယ်ဝန် ရှိလာတဲ့အတွက် အားလုံးက ဝမ်းမြောက်ကြပြီး ကံဆီးဆ ၊ ကံဆီးဆ ဟု ရွေရွတ်ကြတယ်လို့ ဆိုပါတယ်။ ကံဆီးဆ ဆိုတဲ့ အဓိပ္ပါယ်က ဝမ်းပိုက်မှ ကလေးရှိပြီလို့ ဆိုလိုတယ်လို့ သိရပါတယ်။ ထိုအချိန်က စလို့ မွေးလာတဲ့ကလေးကို ကံဆီး အမည်ပါအောင် မည့်ခေါ်ပြီး “ကံဆီး တဲဖာကန့်” လို့ အမည်ပေးလာခဲ့ရာ ခုချိန်ထိတိုင် ကံဆီးမျိုးနွယ်တို့မှာ မိမိတို့နာမည်များရှေ့မှာ ကံဆီးဟူသော မျိုးရိုးနာမည်ကို ထည့်သွင်း ခေါ်ဆို လာခဲ့ကြတာ ဖြစ်ပါတယ်။ တဲဖာကန့် (တိုင် ဖာကန့်) အမည်ကတော့ ရှမ်း အမျိုးသမီးက မွေးသော ကလေးလို့ အဓိပ္ပါယ် ရတယ်လို့ ဆိုပါတယ်။ 

ကံဆီးတဲဖာကန့်မှ သားဖြစ်သူ ကံဆီးစောရာ၊ ကံဆီးစောရာ၏သား ကံဆီးစောကင်၊ ကံဆီးစောကင်သား ကံဆီးဝရာတူ ၊ကံဆီးဝါရာတူသား ကံဆီးစောကိန်၊ ကံဆီးစမော့နောင် စသဖြင့် အစဉ်အဆက် ကံဆီးအမည်များ ပါဝင်ခဲ့ပါတယ်။ ကံဆီးဝါရာတူ လက်ထက်မှာ မြို့ကို အခြားနေရာသို့ ရွေ့ပြောင်းခဲ့ပါတယ်။ ကံဆီးဝါရာတူရဲ့သား ကံဆီးစမော့နောင်ဟာ ငယ်စဉ်ကတည်းက ရှမ်းမြို့ဖြစ်တဲ့ မိုင်းတောင်းမြို့ရဲ့ ပေါ်မိုင်း (မြို့အုပ်) အိမ်မှာ သွားရောက်နေထိုင်ခဲ့ပါတယ်။ ကျောင်းနေစဉ် အရွယ်ရောက်တဲ့အခါ ဘုန်းတော်ကြီးကျောင်းမှာ စာပေ များကို လေ့လာ သင်ယူစေပြီး သာမဏေအဖြစ်ပါ သွပ်သွင်းပေးခဲ့ကာ လူပျိုအရွယ် ရောက်ချိန် မှာတော့ ပေါ်မိုင်းဖြစ်သူဟာ ကံဆီးစမော့နောင်ကို ကျောင်းမှ ပြန်ခေါ်လာခဲ့ပြီး အုပ်ချုပ်ရေးဆိုင်ရာ ပညာများကို သင်ကြားပေးခဲ့ပါတယ်။ အိမ်ထောင်ပြုချိန်မှာတော့ ပေါ်မိုင်းဟာ သူ့ရဲ့သမီးဖြစ်သူ စံသာမိနဲ့ လက်ထပ် ထိမ်းမြားပေးခဲ့ ပါတယ်။ 

ကံဆီးစမော့နောင်မှာ ပေါ်မိုင်းသမီး စံသာမိနဲ့ မွေးဖွားတဲ့သမီးပေါင်း ၅ယောက်ရှိပြီး နာမည်များကိုလည်း အဖဘက်လိုက်ကာ ကံဆီးကန်၊ ကံဆီးနောင်ဂျာ၊ ကံဆီးလှတောင်၊ ကံဆီးရောင် သမီး စအိန်ကံဆီး ရောင် စသဖြင့် အမည်ခေါ်တွင်ပါတယ်။ ကံဆီးစမော့နောင်ရဲ့ ဖခင်ဖြစ်သူ ကံဆီးဝါရာတူ ကွယ်လွန်သောအခါ ကံဆီးစမော့နောင်ကို မိုင်းတောင်းမြို့အထိ ကျေးကျွန်များက လာရောက်ခေါ်ဆောင်ကြတဲ့အတွက် ဇနီးဖြစ်သူ စံသာမိနဲ့အတူ သားသမီး များကို ခေါ်ဆောင်ကာ ဖာလဲသို့ ပြန်လာပြီး လက်အောက် ငယ်သားများနဲ့ နယ်သူနယ်သားများကို တရား နည်းလမ်းနဲ့အညီ အုပ်ချုပ်ပါတယ်။ ကံဆီးစမော့နောင်ဟာ လိမ္မာယဉ်ကျေးစွာ စကားကို ဆိုတတ်ပြီး ဥာဏ်ပညာထက်မြက်တဲ့အတွက် လူချစ် လူခင်လည်း များတယ်လို့ သိရပါတယ်။ မိုးကောင်းမြို့ကို အုပ်ချုပ်တဲ့ အမတ်များနဲ့လည်း သင့်မြတ်ချစ်ခင်ခြင်း ရှိပါတယ်။ ကျောက်စိမ်းတွင်း တစ်ဝိုက်ရှိ အခြားကျေးရွာများကို အုပ်ချုပ်သော သူကြီးများနဲ့လည်း ပလဲနံပ သင့်ခဲ့ပါတယ်။ ကျောက်စိမ်းတွင်း သူကြီးတို့ အစည်းအဝေးများ ကျင်းပလျှင်လည်း ကံဆီးစမော့နောင်မှာ မပါမပြီးဖြစ်ပြီး အကြံကောင်း ဥာဏ်ကောင်းများ လည်း ပေးတတ်သူ ဖြစ်ပါတယ်။ အဲဒီအချိန်ဟာ ကျောက်စိမ်းတွင်းမှာလည်း ကျောက်စိမ်း တူးဖော် သူများနဲ့ စည်ကားစပြုချိန် ဖြစ်ပါတယ်။ 

အဲဒီအချိန်မှာ မန္တလေးရတနာပုံ ရွှေနန်းတော်ကြီးမှာ စိုးစံနေသူက မင်းတုန်းမင်းကြီးဖြစ်ပါတယ်။ နန်းတော်နဲ့ အဝင်အထွက် အဆက်အဆံရှိတဲ့ မိုးကောင်းအမတ်များက ကံဆီးစမော့နောင်ကို ကျောက်စိမ်းများ ရှိခဲ့ရင် ဘုရင်မင်းမြတ်ထံ ဆက်သဖို့ ကံဆီးစမော့နောင်ထံ စာပို့ပြီး တိုက်တွန်းကြတဲ့အတွက် ငိုးပင်းမှော်ကနေ တူးဖော် ရရှိတဲ့  လူဆယ့်ခြောက်ယောက် ထမ်းရသော ကျောက်စိမ်းတုံးကြီး ရှိပါတယ်လို့ အကြောင်းပြန်တဲ့အခါ ၄င်းကျောက်စိမ်းကို ဘုရင်းမင်းကြီးထံ အလျှင်အမြန် ဆက်သသင့်ကြောင်း တိုက်တွန်းပြန်ပါတယ်။ ထို့ကြောင့်လည်း ၄င်း လူဆယ့်ခြောက်ယောက် ထမ်းရသော ကျောက်စိမ်းတုံးကို မန္တလေးနေပြည်တော်ရှိ မင်းတုန်းဘုရင်ထံ ဆက်သပါတော့တယ်။ အလွန်ကြီးတဲ့ ကျောက်စိမ်းတုံးကို မိမိထံ ဆက်သလာတာကို မြင်ရတဲ့ မင်းတုန်းဘုရင်လည်း အားရဝမ်းသာ ရှိတော်မူပြီး ကျောက်စိမ်းပိုင်ရှင် ကံဆီးစမော့နောင်ကို ချီးမြှင့်မြောက်စား လိုတဲ့အတွက် မျိုးရိုးဇာတိကို မေးမြန်းပါတယ်။

ကံဆီးစမော့နောင်ဟာ ကချင်ခေါင်းဆောင် မျိုးရိုးဖြစ်ပြီး ဇနီးဖြစ်သူ စံသာမိမှာလည်း ရွှေတိုက်စရင်းဝင် မိုင်းတောင်းပေါ်မိုင်းရဲ့ သမီးဆိုတာ သိရတာကြောင့် ကံဆီးနယ်မြေဒေသက ကြီးကျယ်ထင်ရှားတဲ့ ဖာလဲတောင်ကို အမှီပြုပြီး ဖာလဲတောင်စားဟူသော ဘွဲ့ထူး အမည်နဲ့တကွ သက္ကရာဇ် ၁၂၂၆ခု နတ်တော်လပြည့်ကျော် ၆ရက်နေ့မှာ ရွှေထီး၊ ရွှေဓါး၊ ရွှေဖလား၊ ရွှေစလွယ်တို့နဲ့အတူ အခြားသော မင်းခမ်းမင်းနား အသုံးအဆောင်များကို ချီးမြှင့်ပြီး ကျောက်စိမ်းနယ်မြေကိုပါ အပိုင်စားပေးအပ်ပါတယ်။ ကံဆီးစမော့နောင်ကို ပေးသော ဘွဲ့အမည်ကို ရေးထိုးထားတဲ့ စာချွန်ပေါ်မှာ ဖော်ပြထားတာကတော့ “မိုးကောင်းမြို့၊ ပါလိုက်ဦးရူးတောင်စား၊ ပါလိုက် ပဗ္ဗတရာဇာကိုဝ် ” လို့ ရေးထိုးထားပါတယ်တဲ့။ ပါလိုက် ဦးရူးဆိုတာ ကံဆီးမြို့အနီးက ရှမ်းဘာသာဖြင့် ခေါ်ဆိုသော ဖာလဲတောင်ကိုဆိုလိုပြီး ဦးရူးဆိုတာကတော့ ခုလက်ရှိ ဥရုလို့ခေါ်တဲ့ ဥရုချောင်းရဲ့ အမည်ဖြစ်ပါတယ်။ ထိုအချိန်က စလို့ ကျောက်စိမ်းတွင်း ဒေသ တစ်ဝိုက်မှာ ရှမ်းနဲ့ ဗမာလူမျိုးများက ကံဆီးစော်ဘွားရယ်လို့ ခေါ်ကြပြီး ကချင် လူမျိုးတို့က ကံဆီး ဒူဝါရယ်လို့ ခေါ်တွင်လာတာ ဖြစ်ပါတယ်။

ကံဆီးစမော့နောင် ချီးမြှင့်ခံရသော ရွှေစလွယ်မှာ ၉သွယ်ရှိသော ရွှေစလွယ်ဖြစ်တယ်လို့ သိရပါတယ်။ ဘုရင် အသုံးပြုသော ရွှေစလွယ်မှာ ၂၄သွယ်ဖြစ်ပြီး အိမ်ရှေ့မင်းသုံးစလွယ်မှာ ၂၁သွယ်၊ မင်းညီမင်းသားသုံး စလွယ်မှာ ၁၈သွယ်၊ မင်းဆွေမင်းမျိုးသုံး စလွယ်မှာ ၁၅သွယ်၊ သေနာပတိ၊ ဘုရင့် ပုဏ္ဏားတော်တို့ သုံးသောစလွယ်မှာ ၁၂သွယ်၊ ဗြဟ္မဏမျိုးတို့မှာ ၉သွယ်၊ ခေတြေ ပုဏ္ဏားတို့မှာ ၆သွယ်၊ ဗိသျှပုဏ္ဏားတို့မှာ ၃သွယ် စသဖြင့် စလွယ် အသီးသီး ဆင်မြန်းရပါတယ်။ ကံဆီးစမော့နောင်ရရှိသော စလွယ်မှာ ရွှေချိန်၂၇ကျပ်သားရှိပြီး တစ်သွယ်လျှင် ရွှေကြိုးမျှင် ၂၂မျှင်ပါဝင်ပြီး ခြင်္သေ့၊ လူပျံ၊ ဒေါင်း၊ ယုန်ရုပ်နှင့် ပန်းခက်အလိမ်များနဲ့ ဘယက်တန်ဆာ ၄ခုပါဝင်သော ၉သွယ်ရွှေစလွယ်ဖြစ်ပါတယ်။ စစ်ဖြစ်တဲ့အချိန်မှာ ကျောက်စိမ်းတွင်း ဒေသကို  ဂျပန်များပါ ရောက်ရှိ လာပြီး မီးရှို့ဖျက်ဆီး မှုများကြောင့် စလွယ်နဲ့ အခြားသော နန်းတွင်း အသုံးအဆောင် တော်တော် များများ မီးထဲပါသွားခဲ့ရတယ်လို့ သိရပါတယ်။ ဒါကြောင့် မှတ်တမ်းမှတ်ရာများ အဖြစ်တော့ ဓာတ်ပုံများသာ ကျန်ခဲ့ပါတော့တယ်။ 
ပုံမှာ မင်းတုန်းဘုရင် ချီးမြှင့်သည့် ကိုးသွယ်သောစလွယ်များ၏ပုံ (ပဗ္ဗတရာဇာဘွဲ့ခံ ကံဆီးစော်ဘွား စမော့နောင် ) ဆိုပြီး ရေးထိုးထားပါတယ်။ 


ကံဆီးစော်ဘွားရရှိတဲ့ ထီးဟာလည်း အနီအဝါ နှစ်လက်ဖြစ်တာကြောင့် သက်ဦးဆံပိုင်လို အထူးအာဏာရရှိတယ်လို့ ဆိုပါတယ်။ အခြားသော  နန်းတွင်း အသုံးအဆောင်များဖြစ်တဲ့ မောက်ရှည်၊ ရွှေခြေနင်း၊ ခက်ရင်း၊ လှံခွ၊ လှံမ၊ လှံချွန်း၊ ကိုယ်လွန်း၊ ကြယ်စီဇာပြင်၊ ရွှေခြည်ဝတ်လဲ ၊  ရွှေဓါး၊ ရွှေဖလား၊ ရွှေဝေါ၊ ရွှေရေတကောင်း၊ မနောလင်ဗန်း၊ ခြင်္သေ့ တံဆိပ်တုံးများ၊ ထီးနီ။ မီးစကောက်သေနတ်၊ ဖားစည်လေးလုံး၊ အမတ်၊ မိဖုရားနဲ့ သားသမီး စစ်သည်များဝတ်ဆင်ရန် ဝတ်လဲတော် အဆင်တန်ဆာများ စသည့်တို့နဲ့ အဆောင်အရွက်များစွာကို ချီးမြှင့်တယ်လို့ သိရပါတယ်။ ၄င်းအဆင်တန်ဆာများကိုလည်း မင်းတုန်းမင်းကြီးထံ အခစားဝင်ရောက်တဲ့အခါမှာ အပြည့်အစုံ ဝတ်ဆင်ပြီး အဆောင်အရွက်များ နောက်တော်ပါများနဲ့အတူ ဝင်ရောက်ခစားရတယ်လို့ ဆိုပါတယ်။ 

ဖာလဲသူကြီး ကံဆီးစမော့နာင်မှာ ဘုရင်မင်းမြတ်ရဲ့ ချီးမြှင့်မြောက်စားခြင်းကို ခံရသည့်သတင်းကို ယောက္ခမဖြစ်သူ မိုင်းတောင်းမြို့စား ပေါ်မိုင်းနဲ့တကွ မိုင်းတောင်းရှိ ရှမ်းလူမျိုးတို့ ကြားသိတဲ့အခါ အလွန်ဝမ်းသာ  မိုင်းတောင်းမြို့မှာ နေထိုင်ကြတဲ့ ရှမ်းလူမျိုးအချို့ တို့ဟာလည်း ဖာလဲနယ်မြေ ကံဆီးမြို့သို့ပြောင်းရွေ့လုပ်ကိုင် စားသောက်ကြပါတယ်။ အဲဒီခါမှာ ဖာလဲနယ် ကံဆီးစော်ဘွားရဲ့နယ်မြေမှာ လူနေများပြားလာပြီး အကောက်အခွန် လည်း နည်းပါး၊ ခိုးဆိုးလုယက်မှုလည်း မရှိသောကြောင့် ကံဆီးစော်ဘွားရဲ့ တန်ခိုးအာဏာလည်း ကြီးမား လာပါတော့တယ်။ စော်ဘွားကြီးကလည်း နယ်သူနယ်သားများကို တရားသဖြင့် အုပ်ချုပ်ပြီး ကြည့်ရှုစောင့်ရှောက် တဲ့အတွက် အခြားသော နယ်များမှပါ ကံဆီးနယ်ထဲကို ဝင်ရောက်လာကြပါတယ်။ ကံဆီးစော်ဘွားဟာ ကျောက်စိမ်း တွင်းရှိ မှော်နယ်မြေ အသီးသီးကို မှော်အုပ်၊ မှော်ထိန်းများထားကာ ရှမ်းလူမျိုးအများစု နေထိုင်လျှင် ရှမ်းကို အုပ်ချုပ်စေပြီး ကချင်လူမျိုး အများစု နေထိုင်ရာကိုတော့ ကချင်သူကြီးများကို အုပ်ချုပ်စေခဲ့ပါတယ်။ 

ကံဆီးစော်ဘွားခေတ်က ကျောက်စိမ်းတွင်းမှာ အခွန်တော် ကောက်ခံပုံမှာ ကျောက်များကို တစ်နယ်တကျေးသို့ သယ်ဆောင်လိုတဲ့အခါ လူ၊ ဆင် တို့ဖြင့်ဆွဲခြင်း၊ ဖောင်ဖြင့်တင်ခြင်း သယ်ဆောင်တဲ့ ခေတ် ဖြစ်တာမို့ ကျောက်ကို ကြည့်ပြီး သုံးကျပ် လေးကျပ်၊ ငါးကျပ်၊ တစ်ဆယ် စသဖြင့် ကောက်ခံပါတယ်။ ပေါ်မိုင်းမျိုးဆိုရင် အခွန်ကောက်ခံခြင်း မရှိ လို့ ဆိုပါတယ်။ မှော်အုပ်၊ မှော်ထိန်းတို့ကိုလည်း ပေါ်မိုင်းမျိုးဖြစ်ပါက မိမိဒေသတွင်းမှာ  တောခွန်၊၊ မျှောခွန်၊ ကူးတို့ခွန် တို့ကို ကောက်ခံစားသောက်ခွင့် ပေးထားပြီး ယာခွန်၊ အိမ်ခွန် ကျောက်ခွန်တို့ကိုသာ ကံဆီးစော်ဘွားထံ ဆက်သရပါတယ်။ နယ်သူနယ်သားများကို တရားသဖြင့် အုပ်ချုပ်သော ကံဆီးစော်ဘွားကြီးမှာ တစ်နှစ်တစ်ကြိမ်ကျ ရွှေနန်းတော်သို့လည်း အခစားမပျက် ကန်တော့ပန်း ဆက်ဖို့လည်း မမေ့မလျော့ ရှိတတ်ပါတယ်။ 

ဖာလဲစော်ဘွား ကံဆီးစမော့နောင်ဟာ သက္ကရာဇ် ၁၂၂၉ခုမှာ ကံတော်ကုန်တဲ့အခါ ကံဆီးနောင်ဂျာနဲ့ ကံဆီးလှတောင် သားတော်နှစ်ပါး ကျန်ရစ်ခဲ့ပါတယ်။ သားတော်နှစ်ပါးဟာလည်း ဖခင်ရဲ့ ရုပ်ကလပ်ကို ချက်ခြင်း သင်္ဂြီုလ်ခြင်း မပြုဘဲ မိုးလေကင်းလွတ်ချိန်မှ ကြီးကျယ်ခမ်းနားစွာ သဂြိုလ်ရန် စံအိမ်တော်တည်ပြီး အလောင်းကို တင်ဆောင်ထားကြပါတယ်။ ထို့နောက်လက်ဆောင်ပဏ္ဍာများနဲ့အတူ မင်းတုန်းမင်းကြီးထံ အခစား ဝင်ရောက်ခဲ့ရာ ဖခင်စော်ဘွားကြီးအား ချီးမြှင့်တဲ့ အဆောင်အယောင်အတိုင်း သားတော်များကို မင်းကြီးက ပြန်လည် ချီးမြှင့်ပါ တယ်။ သားတော်ကြီးဖြစ်သူ ကံဆီးနောင်ဂျာကို ကံဆီးစော်ဘွားဘွဲ့ ဆက်လက်ချီးမြှင့်ပါတယ်။ မိမိနယ်မြေသို့ ပြန်ရောက်လာပြီး နယ်သူနယ်သားများကို ဖခင်ကြီးရှိစဉ်ကအတိုင်း စောင့်ရှောက်ခဲ့ရာ သီတင်း ကျွတ်ပြီး၍ လယ်ကိစ္စများ ပြီးစီးသည့် ချိန်ရောက်မှ ခမည်းတော်စော်ဘွားကြီးရဲ့ ရုပ်ကလပ်ကို ပွဲလမ်းများ ကြီးကျယ်စွာ ဆင်ယင် ခင်းကျင်းပြီး မြေတွင်မြုပ်နှံပါတယ်။ ထို့နောက် ဖခင်သေဆုံးခဲ့သော မြို့နေရာဟောင်းမှာ မနေလိုတဲ့ အတွက် ညီနောင်နှစ်ပါး တိုင်ပင်ပြီး ၁၂၃၀ပြည့်နှစ်မှာ မြို့သစ်ကို ပြောင်းရွေ့ခဲ့ကြပါတယ်။ 

ကံဆီးမြို့ကို တည်ထောင်ပြီး အုပ်ချုပ်နေချိန်မှာ ကျောက်စိမ်းတွင်းနယ်မြေဟာ ယခင်ထက် များစွာ ပိုမိုစည်ပင်လာပြီး ကျောက်စိမ်းတူးဖော် လုပ်ကိုင်သူများ အလွန်များပြားလာပါတယ်။ အဲဒီချိန်မှာ တရုတ်လူမျိုးများ ဟာလည်း ကျောက်စိမ်းနယ်မြေကို ရောက်ရှိပြီး ကျောက်စိမ်း ရှာဖွေနေကြပြီ ဖြစ်ပါတယ်။ ကျောက်စိမ်း ထွက်သော မှော် အသစ်များလည်း များစွာ တိုးပွားလာခဲ့ပါတယ်။ အများပြည်သူ အလွယ်တကူ လုပ်ကိုင် စားသောက်နိုင်ရန် ကျောက်စိမ်းအခွန်များကိုလည်း လျော့ပေါ့ပေးခဲ့ပါတယ်။ ရွှေနန်းတော်ကြီးသို့လည်း အခါအားလျှော်စွာ ကျောက်စိမ်းကောင်းများကို သွားရောက် ဆက်သလေ့ရှိပါတယ်။ မင်းတုန်းဘုရင်ကြီးကလည်း ကံဆီးညီနောင်တို့ကို သားအရင်းကဲ့သို့ ချစ်ခင်မြတ်နိုးခြင်း ရှိတော်မူတယ်လို့ စာအုပ်စာပေ မှတ်တမ်းများမှာ တွေ့ရှိရ ပါတယ်။ 

၁၂၄၀ခုနှစ် မင်းတုန်းမင်းကြီး နတ်ရွာစံလျှင် သီပေါမင်း နန်းတက်တော်မူပါတယ်။ ရွှေနန်းတော်များ၏ ထုံးတမ်းစဉ်အလာအရ ဘုရင်အသစ် နန်းသစ်တက်သည့်အခါတွင် ရှေ့ဘုရင်က ခန့်အပ်သူကောင်းပြုခဲ့တဲ့ နယ်ခံနယ်စားများကို လာရောက် ခစားစေလေ့ ရှိပါတယ်။ ထိုသို့ ခစားရောက်လာသော နယ်ခံနယ်စားတို့ကို သီပေါဘုရင်က ရှေးကကဲ့သို့ ရာထူးရာခံများ မြို့စားနယ်စားများ ဆက်လက်ခံစားစေပြီး မလာရောက်သော နယ်မြေဒေသရဲ့ နယ်ခံ နယ်စားများကိုတော့ နယ်မြေကို ပြန်သိမ်းယူခြင်း၊ ရာထူးများ ပြန်နှုတ်သိမ်းခြင်း ပြုလေ့ ရှိကြပါတယ်။ ထိုသို့ကြောင့် ကံဆီးစော်ဘွား ညီနောင်တို့မှာလည်း  လက်ဆောင်ပဏ္ဏာများနဲ့ အတူ သီပေါမင်းအား ဖူးမျှော် ခစားရောက်ကြ ရပါတယ်။ စိတ်သဘောကျေနပ်တော်မူတဲ့ သီပေါဘုရင်လည်း ရှေးကအတိုင်း နယ်စားနယ်ခံ စော်ဘွားဘွဲ့ကို ပြန်လည်ပေးအပ်ပါတယ်။ 

ကံဆီးမြို့ကို ပြန်လည်ရောက်ရှိကြတဲ့ ကံဆီးစော်ဘွားညီနောင်တို့မှာ မြို့နယ်ကိုကောင်းစွာ အုပ်ချုပ်ကြပြန်ပါတယ်။ တစ်နေ့သောအခါ မိခင်ဖြစ်သူ စံသာမိက သားတော်နှစ်ပါးတို့ကို ခေါ်ယူပြီး “ငါတို့ မိုင်းတောင်းမြို့ရှိ အဖိုး အဖွားများတို့ဟာ ကျောင်းကန်ဘုရား၊ သံဃာများကို ကိုးကွယ်ကြသော်လည်း ယခု ကံဆီးမြို့တွင် မည်သည့် ဘုရားကျောင်းကန်မှ မရှိ၊ သာသနာ အရောင်လည်း ထွန်းလင်းခြင်းမရှိ။ သည့်အတွက် မိခင်မှာ စိတ်မပျော်ပိုက် သဖြင့် နေရပ်ဖြစ်သော မိုင်းတောင်းမြို့သို့ ပြန်လိုပါသည်” ဟု ပြောကြားသည့်အခါ မိခင် စိတ်သဘောအတိုင်း ဘုရားကျောင်းကန်များကို တည်ထား ကိုးကွယ်ပါမည်ဟု ကံဆီးစော်ဘွားတို့က ကတိပြုကြပါတယ်။ ထို့နောက် မိုင်းတောင်းမှ ဘုန်းတော်ကြီး ဦးဇိနရအား ကံဆီးမြို့သို့ ပင့်ဆောင်ပြီး ဆည်းကပ် ကိုးကွယ်ကြပါတယ်။ ထို့နောက် ကျောင်းများဆောက်လုပ်ပြီး ဗုဒ္ဓရုပ်ပွားတော်ကိုလည်း တည်ထား ကိုးကွယ်လာကြရာ ကံဆီးနယ်မြေမှာ ဗုဒ္ဓသာသာနာ စတင် စည်ပင်ပြန့်ပွား လာခဲ့ပါတယ်။ နတ်ဂျော့ဟုခေါ်သော နတ်ကိုးကွယ်သည့် အလေ့အထရှိခဲ့သော ကချင်မျိုးနွယ် ကံဆီးစော်ဘွားတို့မှာလည်း မိခင်ဖြစ်သူ ဗုဒ္ဓဘာသာဝင် ရှမ်းအမျိုးသမီး စံသာမိကြောင့် ယခုထိတိုင် ကံဆီး မျိုးရိုးစဉ်ဆက် ဗုဒ္ဓဘာသာဝင်များ ဖြစ်လာခဲ့ကြပါတယ်။



ဒီပုံကလည်း အရင်ပိုစ့်မှာဖော်ပြခဲ့တဲ့ မြတ်စွာဘုရားဆင်းတုတော်စံမြန်းခဲ့တဲ့ ကျောင်းဆောင်ဟောင်း နေရာပါ။ 
 

ဒီကြေးဆင်းတုတော်ရုပ်ပွားတော်မြတ်ကြီးဟာ ကံဆီးစော်ဘွား လှူဒါန်းကိုးကွယ်ခဲ့တဲ့ ရုပ်ပွားတော်ဖြစ်ပါတယ်။ အပေါ်က စံကျောင်းဟောင်းမှာ ဒီရုပ်ပွားတော်မြတ်ကြီး စံပါယ်ခဲ့တာ ဖြစ်ပါတယ်။ မန္တလေးမြို့မှာ ကြေးသွန်းခဲ့ပြီး ကံဆီးမြို့ကို ပင့်ဆောင်လာခဲ့သော ဆင်းတုတော်ကို အတုလ ဓမ္မရာဇာ မဟာမုနိ ရုပ်ပွားတော်လို့ ဘွဲ့အမည် ပေးခဲ့ကာ ကျောက်စာကဗျည်းများ ရေးထိုးခဲ့ပါတယ်။ ရွှေ၊ ငွေ၊ ကြေး စုစုပေါင်း ၅၂၇ပိဿာ ကိုးကျပ် တစ်မတ်သား ရှိတယ်လို့ သိရပါတယ်။

ခုချိန်မှာတော့ အခြားသော ရုပ်ပွားတော်များနဲ့အတူ ကျွန်မတို့ လုံးခင်းရွာရဲ့ ဘုန်းတော်ကြီးကျောင်းမှာ ကိုးကွယ် ခံတော်မူနေပြီ ဖြစ်ပါတယ်။

  
ကံဆီးစော်ဘွားအကြောင်း စိတ်ဝင်တစား လာဖတ်ပေးကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်.. ပိုစ့်က မထင်မှတ်ဘဲ အတော်လေး ရှည်သွားတဲ့အတွက် ၂ပိုင်းခွဲဖို့ ဆုံးဖြတ်လိုက်ပြီး ဒီနေရာမှာဘဲ တစ်ပိုင်းကိုဖြတ်လိုက် ပါတယ်။  နောက်ရက်မှ ကျန်တဲ့တစ်ပိုင်းကို ပြီးအောင်ရေးပြီး တင်ပါ့မယ်။ ဒီပိုစ့်ကို သမိုင်းမှတ်တမ်း အနေနဲ့ မဟုတ်ဘဲ အထ္ထုပ္ပတ္တိအနေနဲ့သာ ဖတ်ပေးပါလို့နော်။ 



လေးစားချစ်ခင်စွာ

Image Hosted by PicturePush - Photo Sharing

သင်္ဘောပေါ်က ရေပေါ်ကျွန်းကလေး..

နည်းပညာတွေ အဆန်းတကြယ်တိုးတက်လာနေတဲ့ ခေတ်ကြီးမှာ အိပ်မက်ဆန်လွန်းလို့ မဖြစ်နိုင်ဘူးလို့ အရာတွေဟာ လက်တွေ့ဖြစ်လာနေတာကို တွေ့နေရပါပြီ။ ပိုက်ဆံရှိ လူတန်းစားတွေအတွက် ထူးထူး ဆန်းဆန်း ဇိမ်ခံနိုင်တဲ့ ခေတ်မှီ အသုံးအဆောင်များလည်း အံ့မခန်း ပေါ်ထွက်လာနေတဲ့ ဒီခေတ်ကြီးထဲမှာ မကြာခင်ကမှ တည်ဆောက်ထားတဲ့ အပျော်စီး သင်္ဘောတစ်စီး အကြောင်း ပြောပြ ရရင် ရေပေါ်က ကျွန်းကလေး တစ်ခုပမာ ပြင်ဆင် တည်ဆောက်ထားတဲ့ အပျော်စီး သဘောင်္တစ်စီးပါ။




Luxury-Experiment-Paradise-Island-Yacht-Front-View


Tropical Island Paradise by Yacht Island Design



Tropical Island Paradise by Yacht Island Design


Tropical Island Paradise by Yacht Island Design

 ဒီ သင်္ဘောရဲ့ ဖန်တီးသူ ဒီဇိုင်နာကတော့ British Yacht Island Design ရဲ့ လက်ရာဖြစ်ပြီး အမြင့်ဆုံးမောင်းနှင်အားမှာ တစ်နာရီကို ရေမိုင် ၁၅မိုင်ခန့် မောင်းနှင်နိုင်ပါတယ်။ သဘောင်္ဟာ အရှည် ၂၉၅ပေ ရှိပြီး အမြင်အားဖြင့် ရေပေါ်က ကျွန်းတစ်ကျွန်းနဲ့ တူအောင် ဖန်တီးထာပြီး သင်္ဘောရဲ့ အဓိက အကျယ်ဆုံးနေရာကိုတော့ ပင်လယ် ကမ်းစပ်တစ်ခုလိုလို တည်ဆောက်ထားပါတယ်။ သဘောင်္ဆိုပေမဲ့လို့ အဲဒီအပေါ်မှာ မီးတောင် ပုံသဏ္ဍာန် တောင်တစ်ခုရယ်၊ ရေတံခွန် တစ်ခုရယ်၊ ရေကူးကန်ရယ် ပါဝင်ပါတယ်။ မီးတောင်ပုံသဏ္ဍာန်နဲ့တူတဲ့ တောင်ပေါ်က စီးကျလာတဲ့ ရေတံခွန်က ရေတွေဟာ ရေကူးကန်ထဲ စီးဝင်သွားအောင် ပြုလုပ်ထားတာပါ။ ရေကူးကန် မရောက်ခင် ရေစီးလမ်းရဲ့ ဘေးတစ်လျှောက်မှာတော့ ဇိမ်ခံ အနားယူ၊ အပန်းဖြေနိုင်တဲ့ တဲငယ်ကလေးများ၊ ဘားကောင်တာများ၊ အုန်းထန်းပင်များ ပါရှိပါတယ်။ မီးတောင် သဏ္ဍာန်ရဲ့ အောက်ထဲမှာတော့ စာကြည့်တိုက်၊ ရုပ်ရှင်ရုံ၊ အားကစားရုံ၊ Spa စတဲ့ ဝန်ဆောင်မှုတွေ ပါဝင်ပါတယ်။ 



luxury yacht
  အပေါ်စီးက မြင်ရတဲ့ရွက်လှေ

luxury yacht


luxury yacht

တစ်ခေါက်ကို လူ ၁၀ဦးစာ ဇိမ်ခံစီးနိုင်ပြီး ဝရံတာများ ပါရှိတဲ့ သီးသန့်ခန်း လေးခန်းပါဝင်တယ်လို့ဆိုပါတယ်။



luxury yacht

သဘောင်္ရဲ့ ဝမ်းဗိုက်နေရာကနေ ရေပေါ်ကို ဖြန့်ထုတ်ထားတဲ့ အပန်းဖြေ အနားယူစရာ နေရာကနေလည်း ပင်လယ်ပြင်ရဲ့ အလှအပနဲ့ ရေပြင်နဲ့ တစ်တန်းတည်း နေရခဲ့ ခံစားချက်ကို ပေးစွမ်းနိုင်အောင် ထည့်သွင်း ဖန်တီးထားခြင်းဖြစ်တာကြောင့် ဒီသင်္ဘောကို လူတွေပိုပြီး စိတ်ဝင်စားစေတဲ့ အချက်ဖြစ်ပါတယ်။ အဲဒီနေရာကိုတော့မလိုအပ်ရင် ပြနလည်းထိမ်းထားလို့ရအာင် အရှင် ပြုလုပ်ထားတာဖြစ်ပါတယ်။


luxury yacht


တကယ်လို့များ သင့်မှာ ပိုက်ဆံတွေ သိပ်ပေါများနေပြီး ထားစရာနေရာ မရှိရင် ဒီလိုသင်္ဘောမျိုးကို ဝယ်ပြီး ဇိမ်ခံသင့်ပါတယ် တဲ့နော်။း)



Image Hosted by PicturePush - Photo Sharing


Photos Credit: Yacht Island Design