မင်္ဂလာပါနော်. ဒီနေ့ဟာ ကျွန်မတို့ ဗုဒ္ဓဘာသာများအတွက် တပေါင်းလပြည့်နေ့ ဖြစ်ပါတယ်။ အခါကြီး ရက်ကြီး ဖြစ်လေတော့ ကောင်းမှုကုသိုလ် ပြုကြတဲ့ ဓမ္မတာ ကျွန်မရဲ့ ချစ်စွာသော မိတ်ဆွေတို့ကို ဘုရားဖူး ကုသိုလ် ပေးဝေချင်ပါတယ်။ မကြာခင်ကမှ ကျွန်မဟာ ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို ရှေးဟောင်း ဘုရားများကို ဖူးမျှော်ရင်း ဓာတ်ပုံလည်းရိုက်ဖို့ သွားခဲ့ပါတယ်။ ရခိုင်ဘုရင်များ တည်ထားခဲ့တဲ့ ကြီးကျယ် ခမ်းနားလှသော ရှေးဟောင်းစေတီပုထိုးတွေနဲ့ စိတ်ဝင်စားဖို့ အလွန် ကောင်းလှတဲ့ မြောက်ဦးမြို့ကို သွားဖို့အတွက် ရန်ကုန်မှ လေယာဉ်ဖြင့် စစ်တွေမြို့သို့ အရင်သွားရပါတယ်။ ရန်ကုန်မြောက်ဦးကို ကားလမ်းကနေ သွားနိုင်ပေမဲ့လို့ အချိန်ကို ချွေတာပြီး လေယာဉ် ခရီးကို ရွေးချယ် ဖြစ် ခဲ့ပါတယ်။ စစ်တွေရောက်တဲ့အခါ အဲဒီကမှ တဆင့် မြောက်ဦးမြို့ကို ရေလမ်း၊ ကားလမ်းဖြင့် ဆက်လက်သွားရပါတယ်။ အဲဒီလို မြောက်ဦးမြို့ကို ဆက်ပြီး မသွားခင်မှာ စစ်တွေမြို့မှာ တစ်ညအိပ်ခဲ့စဉ် စစ်တွေမြို့ရဲ့ အထင်ကရ နေရာများနဲ့ ဘုရားများကို လိုက်ဖူးခဲ့ပါတယ်။ စစ်တွေမှာ ထူးထူးခြားခြား ဖူးတွေ့ခဲ့ရတဲ့ ဗုဒ္ဓ ရုပ်ပွားတော် အကြောင်းကို ဖော်ပြချင်တာကြောင့် ဒီနေ့မှာ ဒီပိုစ့်လေးကို ရေးဖြစ်တာပါ။ အားလုံးလည်း ကျွန်မနဲ့အတူ ဘုရားဖူး ကုသိုလ် ယူကြပါစို့လို့နော်။
ရန်ကုန်ကနေ စစ်တွေကို တစ်နာရီကျော်လောက် လေယာဉ်စီးပြီးနောက်မှာ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေလေဆိပ်ကို ဆိုက်ရောက်ပါတယ်။ ကျွန်မ သွားတဲ့အချိန်ဟာ Tour season ဖြစ် တာကြောင့် လေယာဉ် တစ်စီးလုံး နီးပါး နိုင်ငံခြားသား ခရီးသွားများ ဖြစ်တာကိုတွေ့ရပါတယ်။ သူတို့ရဲ့ အဓိက ခရီးဟာလည်း မြောက်ဦးမြို့ကို သွားတာ ဖြစ်ပါတယ်။ ဒီတော့မှ မြောက်ဦးမြို့ ဟာ နိုင်ငံခြားသား ခရီးသွားတွေ အလာများတဲ့နေရာ၊ သိပ် စိတ်ဝင်စားကြတဲ့ နေရာဆိုတာ သိရပါတော့တယ်။
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ရဲ့ လေဆိပ်
စစ်တွေလေဆိပ်ကို လေယာဉ်ဆိုက်တော့ ကျွန်မတို့ ကြိုတင်ပြီး Booking လုပ်ထားတဲ့ စစ်တွေ ဟိုတယ်က လေဆိပ်မှာ လာကြိုပါတယ်။ သူတို့လာကြိုတဲ့ကားနဲ့ ဟိုတယ်ကိုလိုက်ခဲ့ပြီး သိပ်မဝေးလှတဲ့ စစ်တွေဟိုတယ်ကို ရောက်တာနဲ့ မြင်လိုက်ရတဲ့မြင်ကွင်းက လူတစ်ကိုယ်လုံးကို ရွှင်မြူး သွားစေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ စစ်တွေဟိုတယ်ဟာ ဘင်္ဂလားပင်လယ်အော်ရဲ့ ကမ်းခြေမှာ ရှိနေတာမို့ ပင်လယ်ပြင်ကြီးကို လှမ်းမြင်နေရပြီး လှိုင်းပုတ်သံတွေကိုတောင် အတိုင်းသား ကြားရလောက်အောင် နီးကပ်စွာ ရှိနေပါတယ်။ ကမ်းခြေကတော့ ဖြူလွလွ သဲသောင်ကမ်းခြေဖြစ်ပြီး လှိုင်းဖြူဖြူတွေ ကလည်း ချက်ခြင်းဘဲ ပြေးသွားချင်လောက်အောင် လူကိုမြူဆွယ်လို့နေပါတော့တယ်။
စစ်တွေဟိုတယ်
ဟိုတယ်ထဲဝင်လိုက်တာနဲ့ ချစ်စရာ ဟိုတယ် ဝန်ထမ်းမိန်းခလေးတွေ ဆီးကြိုပြီးဧည့်ဝတ်ပြုသော အုန်းသီးဖတ်နုနုလေးတွေပါ ထည့်ထားတဲ့ အုန်းစိမ်းရည်ချိုမြမြက လေယာဉ်ပေါ်မှာ ငြီးစီစီဖြစ် ခဲ့သမျှကို ပျောက်ကင်း သွားစေနိုင်အောင် အရသာရှိလှပါတယ်။ ဒေသအစားအစာကိုသာ စားလိုတာကြောင့် ဟိုတယ်မှာ ရခိုင်လို ချက်ထားတဲ့ ထမင်းဟင်းကို မှာစားကြပြီးနောက် ခဏနားကာ ရေမိုးချိုးကာ စစ်တွေမြို့ကြီးကို လှည့်လှည် ကြည့်ရှုဖို့ ဟိုတယ်ကနေ ထွက်ခဲ့ပါတယ်။ ကားသမားလေးက ရခိုင်သံဝဲဝဲနဲ့ သူတို့စစ်တွေမြို့က နာမည်ကြီး နေရာများနဲ့ တန်ခိုးကြီး ဘုရားများအကြောင်းကို ရှင်းပြတတ်ပါတယ်။ စစ်တွေမြို့မှာ ကျွန်မတို့ ပထမဦးဆုံးအနေနဲ့ သွားဖူးဖြစ်တဲ့ ဘုရားက အင်မတန်မှ ထူးခြားဆန်းကြယ်တဲ့ စင်္ကြမုနိ ကြေးသွန်း ရုပ်ပွားတော် ဖြစ်ပါတယ်။ အဲဒီ ရုပ်ပွားတော်ကို အင်မတန်မှ ထူးခြားတယ်လို့ ပြောရတာဟာ စင်္ကြမုနိ ရုပ်ပွားတော်ရဲ့ သွန်းလုပ်ထားတဲ့ လက္ခဏာ များကသာ ထူးခြားသည်မကဘဲ ရုပ်ပွားတော်ရောက်ရှိ ပေါ်ပေါက်လာပုံ ကလည်း အင်မတန်မှ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ အဲဒီအကြောင်းကို အောက်မှာ ဆက်လက်ဖော်ပြ ပါမယ်နော်။
ခုချိန်မှာတော့ ရုပ်ပွားတော်ဟာ စစ်တွေမြို့ လောကာနန္ဒာဘုရားကြီး ပရဝုဏ်အတွင်းမှာရှိတဲ့ မဟာဝေယံ သာသနာ့ ဗိမ္မာန်တော်အတွင်းမှာ စံပယ်နေတာကြောင့် လောကာနန္ဒာ ဘုရားကြီးကိုလည်း ဖူးမျှော်ရင်း၊ စင်္ကြာမုနိကိုလည်း ကြည်ညိုရင်း ဆိုပြီး သွားရောက်ခဲ့ပါတယ်။ အပေါ်က ဖူးမြင်ရတာက ဝေးဝေးကနေ ဖူးမြင်ရတဲ့ လောကနန္ဒာစေတီပါ။ ရွှေတိဂုံဘုရားနဲ့ ပုံစံတူ တည်ထားတယ်လို့ ဆိုပါတယ်။
လောကာနန္ဒာစေတီ ပုရဝုဏ်ထဲရောက်ပြီး မကြာခင်မှာ စင်္ကြမုနိရုပ်ပွားတော် စံပယ်နေတဲ့ ဗိမ္မာန်ကို လှမ်းမြင်နေရ ပါပြီ။
စင်္ကြမုနိရုပ်ပွားတော် စံမြန်းရာ ဗိမ္မာန်ကို မှန်သားများဖြင့် ကာရံထားပါတယ်။
အတွင်းထဲသို့ရောက်သွားချိန်မှာ မှန်သားနံရံ နောက်တစ်ထပ်ရဲ့ နောက်မှာ စံပယ်တော်မူနေတဲ့ စင်္ကြမုနိရုပ်ပွားတော်ကို ဖူးတွေ့နိုင်ပါတယ်။ ဗိမ္မာန်ရဲ့ မျက်နှာကျက်တော်ပေါ်မှာလည်း စင်္ကြမုနိရုပ်ပွားတော်ပုံစံ ဆင်းတုတော်များကို တွေ့ရပါတယ်။
မျက်နှာကျက်တော်
အနီးကပ်ဖူးမြင်ရတဲ့ စင်္ကြမုနိရုပ်ပွားတော်
ရုပ်ပွားတော်ကို သေချာဖူးကြည့်ရင် အင်မတန်မှထူးခြားဆန်းပြားလှပြီး အခြားသော ဗုဒ္ဓဆင်းတုတော်များနဲ့ မတူ တမူထူးခြားလှတဲ့ လက်ရာများကို မြင်တွေ့နိုင်ပါတယ်။ ဦးခေါင်းတော်နေရာနဲ့ သင်္ကန်းတော်နေရာ တို့မှာ ဆင်းတုတော် အငယ်လေးများ အဆူပေါင်းများစွာကို ထည့်သွင်း သွန်းလုပ် ပူဇော်ထားတာ ကို မြင်တွေ့နိုင်ပါတယ်။ ထိုရုပ်ပွားတော်ငယ်များမှာ အဆူပေါင်း ၁၁၆၂ဆူရှိပါတယ်လို့ သိရပါတယ်။
ဘယ်ဘက် လက်တော်မှာတော့ ထောင့်ရှစ်ထောင့်ပါတဲ့ ကြယ်ပုံကို ကိုင်ဆောင် ထားပြီး မဂ္ဂင်ရှစ်ပါးကို ရည်ညွှန်းတယ်လို့ သိရပါတယ်။ ၄င်းကြယ် အတွင်းမှာတော့ လှည်းဘီးပုံ သစ္စာလေးပါ. ဓမ္မစကြာ သင်္ကေတ စက်ဝိုင်း ပါရှိပါတယ်။ ရုပ်ပွားတော်ဟာ ကြေးသွန်း ဆင်းတုတော်ဖြစ်ပြီး အဒ္ဓပလ္လင်္ဂသေန ထိုင်တော်မူပုံ ဖြစ်ပါတယ်။ ထို အဒ္ဓပလ္လင်္ဂသေန ထိုင်တော်မူပုံမှာ အေးချမ်းတဲ့ သန္တရသ ကို ဖော်ဆောင် တယ်လို့ ဆိုပါတယ်။ ရုပ်ပွားတော်ရဲ့ ဥာဏ်တော်အမြင့်မှာ ၁၈လက်မခန့်ရှိပြီး ထက်ဝယ် ကိုယ်တော် အကျယ်မှာ ၁၄လက်မခန့် ရှိပါတယ်။ ညာဘက်ခြေတော်ကို ဘယ်ဘက် ခြေတော်ပေါ်သို့ တင်ပြီး ထိုင်ထားဟန် ဖြစ်ပါတယ်။ လင်္ကျာဘက် လက်တော်မှာ ပဇင်္ဂမုဒြာဟန်ဖြင့် ညာလက်ဒူးတော်အောက်မှာ ချထားတဲ့ မာရ်ငါးပါးကို အောင်မြင်တော်မူဟန် ဖြစ်တယ်လို့ သိရပါတယ်။
ရုပ်ပွားတော်၏ မျက်နှာတော်အား အနီးကပ် ဖူးမြင်ရပုံ
စင်္ကြမုနိရုပ်ပွားတော်၏ နဖူးသင်းကျစ်တော်အလယ်တွင် ဥဏှလုံခေါ် မွေးရှင်တော်မြတ်ကိုလည်း ခရုပတ် သဏ္ဍန် သွန်းထုထားပါတယ်။ မျက်နှာတော်မှာ အလွန်ကြည်လင်လှတာကို ဖူးတွေ့ရမှာဖြစ်ပါတယ်။

ရုပ်ပွားတော်ရဲ့ဓမ္မခဏ်အရှေ့ပိုင်းတွင် ယေဓမ္မာဂါထာတော်ကို ဘီစီ၂-ရာစု ဓညဝတီခေတ်သုံး ဗြဟ္မီ အက္ခရာ များနှင့် ရေးထိုးထားတာကို တွေ့ရသောကြောင့် ရုပ်ပွားတော်မှာ လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်ခန့်က သွန်းလုပ်ခဲ့တယ်လို့ ခန့်မှန်းရပါတယ်။
ပလ္လင်တော် ဓမ္မခဏ်အနောက်ပိုင်းမှာ ရေးထိုးထားသော စာတမ်းပါ အရေးအသားများမှာ ဗြဟ္မီ အက္ခရာမှ ဝေသာလီခေတ် ရက္ခဝဏ္ဏ အက္ခရာသို့ သိသိသာသာ ပြောင်းလဲ ရေးထိုးလာသော အက္ခရာ များ ဖြစ်ပြီး ၄င်းစာသားမှာ သက္ကရာဇ် ၅၂ဝ သူရိယကုလမင်း အလှူတော် ကောင်းမှုဟု ရေးထွင်း ထားတာကို တွေ့မြင်ရတဲ့အတွက် ဝေသာလီ ခေတ်တွင် ထပ်မံ ကိုးကွယ်သည့် သူရိယကုသလမင်းက ထိုကဗ္ဗည်းကို ရေးထိုးထားခဲ့ဟန် ရှိပါတယ်။ ထိုကြောင့်လည်း ထိုရုပ်ပွားတော်မှာ ဘီစီ ၃ ရာစု၊ သို့မဟုတ် ၂ ရာစု အတွင်း ဓညဝတီ ရခိုင်မင်းဧကရာဇ်တို့ ကိုးကွယ် သွန်းလုပ်ခဲ့တယ်လို့ ခန့်မှန်းရပြီး ရခိုင်ဘုရင် အဆက်ဆက် ကိုးကွယ်ခဲ့ကြဟန် ရှိပါတယ်။
နောက်ကျောမှ ဖူးတွေ့ရပုံ
စင်္ကြမုနိ ရုပ်ပွားတော်ဟာ အလွန် ရှားပါးပြီး ဓမ္မစက္ကပဝတ္တန မုဒြာကို စင်္ကြာသင်္ကေတနှင့် ဆန်းသစ် သွန်းလုပ်ကာ ဘုရင် ဧကရာဇ်တို့ ကိုးကွယ်အပ်သော အတိုင်းအတာ အချိုးအစားဖြင့် သွန်းလုပ်ခဲ့တဲ့ ထူးခြား ဆန်းကြယ်သော ရုပ်ပွားတော် ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာသမိုင်းနှင့် ဗုဒ္ဓ ယဉ်ကျေးမှု အနု လက်ရာများတွင် မတွေ့ဖူးသေးသော အလွန်ရှားပါးသော ဆင်းတုတော်လည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂ဝဝဝကျော် ကတည်းက ကြီးကျယ်ခမ်းနားခဲ့သော ရခိုင်တို့ရဲ့ ကြေးသွန်း အတတ်ပညာနဲ့ အလွန် ရှေးကျလှသော ဗုဒ္ဓဘာသာ ကိုးကွယ်မှုကို စကြမုနိကြေးသွန်း ရုပ်ပွားတော်ကို မြင်ရုံနဲ့ ထင်ထင် ရှားရှား တွေ့မြင်နိုင် ပါတယ်။ ထိုစင်္ကြမုနိ ရုပ်ပွားတော် ပေါ်ထွက်လာပုံမှာလည်း ထူးခြား ဆန်းကြယ်လှပါတယ်။
ဘေးတိုက်အနေအထား ဖူးမြင်ရပုံ
ထိုရုပ်ပွားတော်ကို မူလတွေ့ရှိရာ နေရာမှာ ရှေးဟောင်း ရခိုင်တို့ရဲ့ မြို့တော်ဟောင်း မြောက်ဦးမြို့ မှာ ဖြစ်တယ်။ မြောက်ဦးမြို့ရှိ ဗန္ဓုလကျောင်းတိုက် ဆရာတော်မှာ ရခိုင်ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများ၊ ရှေးဟောင်းဘုရား ဆင်းတုတော်များ စသည်တို့ကို စုဆောင်းထားပြီး ပြတိုက်သဖွယ် ထိန်းသိမ်း စောင့်ရှောက်လျှက် ရှိသော ဆရာတော် တစ်ပါး ဖြစ်ပါတယ်။ ၂ဝဝဝခုနှစ် ဇူလိုင်လ ၂ရက်နေ့ မနက်ပိုင်းမှာ ဆရာတော်ဟာ ဆွမ်းစားပင့်ထားသူ ရှိတဲ့အတွက် ဆွမ်းစားကြွရန် ကျောင်းပေါ်ကနေ ဆင်းလာချိန်မှာ အထုပ်တစ်ထုပ်ကို ပိုက်ထားတဲ့ အသက်အနည်းငယ်ကြီးတဲ့ လူတစ်ဦးကို တွေ့ရပြီး ထိုလူကြီးမှ သူပိုက်လာခဲ့သော အထုပ်ကို ဆရာတော်အား လာရောက် လှူဒါန်းကြောင်း လျှောက်ထား ပါတယ်။ အထုပ်ကို ဖြေကြည့်သော အခါမှာ ကြေးဘုရား ဆင်းတုတော် တစ်ဆူ ဖြစ်နေတာ ကို တွေ့ရတဲ့ အတွက် ထိုဆင်းတုတော်အား ဘယ်သို့ဘယ်ပုံ ရလာကြောင်း ဆရာတော်က မေးမြန်းရာတွင် ထိုသူက သူသည် “သာမရွာ” က ဖြစ်ကြောင်း၊ ချောင်းထဲတွင် ပိုက်ကွန်ပစ်ရာမှ ထိုဆင်းတုတော်ကို ရရှိ လာကြောင်း လျောက်ထားပါတယ်။ ထိုအခါ ထိုလူကြီးအား ကျောင်းပေါ်တွင် ခေတ္တ စောင့်နေရန်နှင့် ဆွမ်းစားပြီးတာနဲ့ ချက်ခြင်း ပြန်လာမှာ ဖြစ်ကြောင်း ဆရာတော်က ပြောဆိုမှာကြားကာ ဆွမ်းစားကြွ ရန် ကျောင်းကနေ ထွက်ခွာသွားခဲ့ ပါတယ်။
ဆရာတော် ဆွမ်းစားပြီးကျောင်းသို့ ပြန်ရောက်လာချိန်မှာတော့ ထိုလူမှာ ကျောင်းတွင် မရှိတော့ဘဲ ရုပ်ပွားတော်ကိုသာ ကျောင်းမှာ ချန်ထားရစ်ခဲ့ပါတယ်။ ဆရာတော်က တစ်ပတ်၊ နှစ်ပတ်လောက် ဆက်လက် စောင့်ကြည့်ပေမဲ့လည်း ထိုလူမှာ ပေါ်မလာတော့ပါဘူး။ ထိုသို့ ထူးဆန်းစွာ ရောက်လာသော ရုပ်ပွားတော်ကို သေချာ စစ်ဆေး ကြည့်ကြသောအခါ အလွန်ရှေးကျပြီး သက်တမ်း နှစ်ထောင်ကျော်ခန့် ရှိပြီဖြစ်သော ကြေးသွန်းရုပ်ပွားတော် ဖြစ်ကြောင်းကို လေ့လာ တွေ့ရှိကြရပါတယ်။ သမိုင်း အထောက် အထား အတွက်ရော၊ ဘာသာ၊ သာသနာအတွက်ပါ အဖိုးတန် လှတဲ့ တွေ့ရှိမှု ဖြစ်တာကြောင့် ဆရာတော်က ဆုငွေ အမြောက်အမြား ချီးမြှင့်ပါမည်ဟု မြို့ရွာ၊ နယ်တကာ ကြော်ငြာသော် လည်း ကြေးသွန်းဘုရားအား လာရောက် လှူဒါန်းသော ဒါယိကာမှာ ပေါ်မလာတော့ပါ။ ထိုလူပြောခဲ့သော “သာမ” ဆိုသည့် ရွာသို့ သွားရောက် စုံစမ်းသော အခါတွင်လည်း ထိုလူအား သိသူလည်း မရှိ၊ ဘုရားတစ်ဆူ ပိုက်ကွန်တွင် ပါလာသည်ဟုလည်း မကြားဖူးကြပါ ဆိုသော အဖြေကိုသာ ရခဲ့ပါတယ်။
အမြင့် ၁၈လက်မ အကျယ် ၁၄လက်မရှိ စင်္ကြမုနိကြေးသွန်း ရုပ်ပွားတော်မြတ်ကြီး
နှစ်ပေါင်းများစွာ ကြာပြီးကာမှ ၂၀၀ဝခုနှစ် ဇူလိုင်လ ၂ရက်နေ့မှာ ထူးထူးခြားခြား ပေါ်ပေါက်လာပြီး၊ သွန်းထုထားပုံ ဆန်းကြယ်လှသော စင်္ကြမုနိ ရုပ်ပွားတော်ကို ၂ဝဝဝခုနှစ် ဇူလိုင်လ ၂၀ရက်နေ့မှာ မြောက်ဦးမြို့ ဗန္ဓုလ ကျောင်းတိုက်မှ စစ်တွေမြို့သို့ ပင့်ဆောင်လာကာ လောကာ နန္ဒာ စေတီရှိ မဟာဝေယံ သိမ်တော်တွင် အပူဇော်ခံ ထားရှိတာကြောင့် စစ်တွေမြို့ကို ရောက်သူတိုင်း၊ သို့မဟုတ် ရှေးဟောင်း လက်ရာများကို လေ့လာလိုသူတိုင်း ထူးခြားသော စင်္ကြမုနိ ရုပ်ပွားတော်ကို အလွယ်တကူ သွားရောက် ဖူးမျှော်၊ လေ့လာနိုင်ပါတယ်။ ကိုယ်တိုင် မသွားရောက်နိုင်သေး သူများအတွက် ဒီနေ့ တပေါင်းလပြည့်နေ့မှာ လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝကျော်က သွန်းလုပ်ခဲ့တဲ့ စင်္ကြမုနိ ရုပ်ပွားတော်ကြီးရဲ့ ကြည်ညိုဖွယ်ရာ အဆင်းပုံတော်ကို ဖူးမျှော်ရင်း ကုသိုလ်ယူကြပါစို့လို့ တိုက်တွန်း လိုက်ပါတယ်နော်။
စစ်တွေမြို့မှာရှိတဲ့ အခြားသော စေတီဘုရားများနဲ့ ထင်ရှားသော နေရာများ၊ စစ်တွေပွိုင့်ရဲ့ အလှအပ ရှုခင်းနေရာများ အကြောင်းကို မကြာခင်မှာ ဆက်လက်ရေးသား ဖော်ပြပါမယ်လို့နော်။
အားလုံးသော မိတ်ဆွေများ အေးချမ်းသာယာ ရှိကြပါစေရှင်...
ကိုးကား။ ။ စင်္ကြမုနိကြေးသွန်း ရုပ်ပွားတော်သမိုင်း၊ သမိုင်းထဲမှ မြောက်ဦးစေတီ ပုထိုးများ ( မျှားအောင်) နှင့် ဘုရား ဂေါပက လူကြီးများအား မေးမြန်းချက်များ။