ခရမ်းရောင်လွင်ပြင် မင်းသမီးလေး

ဒီနေ့တော့ အမှတ်မထင် သိခဲ့ရာက လေးစားအားကျမိတဲ့ သူတစ်ဦးအကြောင်း ရေးချင်ပါတယ်။ လွန်ခဲ့တဲ့ ရက်က ဖေ့ဘွတ်မှာ သူ့ဓာတ်ပုံလေးနဲ့အတူ သူ့အကြောင်း တစ်စွန်းတစ်စကို ရေးပြီး တင်ခဲ့ရာမှာ ကျွန်မ နည်းတူ သူ့ကို လူတွေ သိပ် စိတ်ဝင်စားကြတယ် ဆိုတာ တွေ့လိုက်ရပါတယ်။ ပြီးတော့လည်း သူ့အကြောင်း သိခဲ့ဖူးတဲ့၊ ကြားခဲ့ဖူးတဲ့ အခြားသော လူတွေကလည်း သိသလောက်ကို ဝင်ရောက်ဆွေးနွေး ပြောပြကြရင်း အနည်းငယ် ပြည့်စုံ လာတဲ့ သူ့ရဲ့ ပုံရိပ် ကောက်ကြောင်းတွေကလည်း စိတ်ဝင်စားစရာ ချီးကျူးစရာ ပိုပြီး ကောင်းလာ တာကြောင့် ကျွန်မ ဖတ်မိ၊ လေ့လာမိတဲ့ သူ့အကြောင်းတွေကို ဒီပိုစ့်လေးနဲ့ တင်ပြလိုက်ပါတယ်။ သူကတော့ တစ်ခြားသူ မဟုတ်ပါဘူး။ ကျွန်မတို့ မမွေးခင် လွန်ခဲ့တဲ့ ၁၉၅၄ခုနှစ်မှာ အင်္ဂလိပ် ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးခဲ့တဲ့ ကမ္ဘာကျော် The Purple Plain (ခရမ်းရောင်လွင်ပြင်) ရုပ်ရှင်ကားကို နာမည်ကြီးမင်းသား Gregory Peck နဲ့ တွဲဖက် ရိုက်ကူးပြီး မြန်မာပြည်မှာ သာမက ကမ္ဘာကပါ အသိအမှတ်ပြု အောင်မြင် ကျော်ကြားခဲ့တဲ့ မင်းသမီး ဒေါ်ဝင်းမင်း သန်း ဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
ခရမ်းရောင်လွင်ပြင်ပေါ်က မင်းသမီးလေး ဝင်းမင်းသန်း

ဒေါ်ဝင်းမင်းသန်း အကြောင်းကို ပြောရာမှာ သူ့အကြောင်းတွေဟာ ဂုဏ်ယူလေးစား စရာတွေနဲ့ စိတ်ဝင်စားဖို့ အလွန်ကောင်းတယ်လို့ ကျွန်မက ယူဆပါတယ်။ သူဟာ မြန်မာအမျိုးသမီးထဲမှာ ဟောလိဝုဒ် ရုပ်ရှင်ကား တစ်ကားကို ပထမဦးဆုံးရိုက်ကူးခွင့် ရသူဖြစ်ပြီး အင်္ဂလိပ်စကားပြောလည်း အလွန်ကောင်းလှတာကို သူ့ဇာတ်ကားကို ကြည့်ရင် တွေ့နိုင်ပါတယ်။ ဇာတ်ကားမှာလည်း တည်ငြိမ်အေးဆေးတဲ့ မြန်မာအမျိုးသမီးရဲ့ ဇာတ်ကောင်စရိုက်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒေါ်ဝင်းမင်းသန်းကို ၁၉၃၃ခုနှစ်မှာ ပဲခူးမြို့တွင် မွေးဖွားခဲ့ပါတယ်။ ဖခင်က နိုင်ငံခြားသား သြစတြေးလျားဟု ပြောကြသော်လည်း အချို့က သူ့အဖေရဲ့ နာမည်အရ ဂျာမန် နာမည် ဖြစ်တယ်လို့ ဆိုတာကြောင့် ဂျာမန်သွေးတစ်ဝက် ပါတယ်လို့လည်း ပြောကြပါတယ်။ မိခင် ကတော့ မြန်မာနိုင်ငံသူ စစ်စစ် ဖြစ်ပါတယ်။ အတိအကျ ပြောရရင် ဒေါ်ဝင်းမင်းသန်းဟာ ဖခင်နိုင်ငံခြားသား၊ မိခင် မြန်မာက မွေးဖွား တဲ့ ကပြားဖြစ်သော်လည်း မြန်မာ့ယဉ်ကျေးမှုကို အလွန် တန်ဖိုးထားပြီး ဗုဒ္ဓဘာသာ ကိုလည်း ထဲထဲဝင်ဝင် ယုံကြည်ကိုးကွယ်သူ တစ်ဦးဖြစ်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
 ကျက်သရေရှိရှိ ချောမောလှပသူ
 
ငယ်နာမည် Helga Johnson ဖြစ်ပြီး အသက် ၁၄နှစ်အရွယ်ထိ ဒုတိယ ကမ္ဘာစစ်ကြောင့် မြန်မာပြည်မှာ ဂျပန်တို့ ရောက်ရှိချိန် အတွင်း အိန္ဒိယမှာ တိမ်းရှောင် နေထိုင်ခဲ့ရပြီး မြန်မာပြည် ပြန်ရောက်ချိန် မှာတော့ စိန်ဂျွန်း ကွန်ဗင့် ကျောင်းမှာ ပညာ ဆက်လက် သင်ကြားခဲ့ပါတယ်။ စစ်ပြီးတဲ့အချိန် ၁၉၅၁ခုနှစ် အသက်၁၈နှစ်အရွယ်မှာ အင်္ဂလန်နိုင်ငံရှိ အက သင်တန်းကျောင်းမှာ တစ်နှစ်ခန့် အကပညာကို သင်ကြားခဲ့သော်လည်း ထိုအကကို ဝါသနာ မပါတာကြောင့် မြန်မာပြည် ကို ပြန်လာခဲ့ပါတယ်။ ဒေါ်ဝင်းမင်းသန်းဟာ အင်္ဂလိပ် စကားကိုလည်း အလွန် ကောင်းမွန် ကျွမ်းကျင်စွာ ပြောနိုင်သူ တစ်ဦး ဖြစ်ပါတယ်။ ဒေါ်ဝင်းမင်းသန်းဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူတူ လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာနဲ့ (သခင်အောင်သန်း) နဲ့ လက်ထပ်ခဲ့ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

မြန်မာဆန်ဆန် ဝတ်စားဆင်ပြီး လှပကြော့ရှင်းတဲ့ ဒေါ်ဝင်းမင်းသန်းကို အမေရိကန် ဒါရိုက်တာဖြစ်သူ Robert Parrish ရဲ့ သူငယ်ချင်းတစ်ယောက်က သူမတို့အိမ်ကို အလည် လာတဲ့အခါမှာ  မြင်တွေ့သွားခဲ့ပြီး ဒေါ်ဝင်းမင်းသန်းရဲ့ ဓာတ်ပုံ တောင်းယူ သွားခဲ့ကာ ဒါရိုက်တာ Robert Parrish ထံသို့ ပို့ပေးလိုက်ပါတယ်။ ထိုအချိန်က ဒါရိုက်တာ Robert Parrish ဟာ မြန်မာပြည် အကြောင်းကို ရုပ်ရှင်တစ်ကား ရိုက်ကူးဖို့ရှိနေပြီး အဲဒီကားမှာ သရုပ်ဆောင်မဲ့ အမျိုးသမီး အာရှသူ တစ်ဦးကို အလိုရှိနေတဲ့အချိန် ဖြစ်ပါတယ်။ အဲဒီကားကတော့ The Purple Plain (ခရမ်းရောင် လွင်ပြင်) ဖြစ်ပါတယ်။ 




အခြားသော သတင်းများအရ အဲဒီခေတ်က နာမည်ကြီး ထင်ရှားခဲ့သူ လင်းပင်မင်းသားကြီးရဲ့ မြေးတော် ရတနာ နတ်မယ် (ဦးနေဝင်း၏ ဇနီးဖြစ်ခဲ့သူ) ဟာလည်း ဒီဇာတ်ကားကို ပါဝင်ခွင့်ရဖို့အတွက် လျှောက်လွှာ တင်ခဲ့တယ်လို့ သိရပါတယ်။ လျှောက်လွှာ တင်ပြီးကာမှ မြန်မာပြည် အကြောင်းကို ရိုက်ကူးမဲ့ ဇာတ်ကားဖြစ်ပေမဲ့ ပြည်တွင်းမှာ ရိုက်ကူးမှာ မဟုတ်ဘဲ သီရိလင်္ကာ (သီဟိုဠ်မှာ) ရိုက်ကူးမှာမို့ ရတနာနတ်မယ်က လက်လျော့လိုက်တယ်လို့ သိရပါတယ်။ ဒါရိုက်တာရဲ့ သူငယ်ချင်းဖြစ်သူ ပို့လိုက်တဲ့ ဝင်းမင်းသန်းရဲ့ ဓာတ်ပုံကို ဒါရိုက်တာမှ တွေ့မြင်ပြီး ဒေါ်ဝင်းမင်းသန်းဟာ ခရမ်းရောင်လွင်ပြင် ဇာတ်ကားအတွက် အသင့်တော်ဆုံး သရုပ်ဆောင် ဆိုတာ သဘောကျ လက်ခံခဲ့ကာ မြန်မာပြည် အထိ ရောက်လာကာ ဒေါ်ဝင်းမင်းသန်းကို ခရမ်းရောင်လွင်ပြင် ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။ ဒေါ်ဝင်းမင်းသန်းက လက်ခံလိုက်တဲ့ အခါမှာတော့ ခရမ်းရောင်လွင်ပြင် ဇာတ်ကားအတွက် လျှောက်လွှာ တင်သူ မင်းသမီးပေါင်း အယောက် ၂၀၀ ကျော်ထဲမှာမှ လျှောက်လွှာ မတင်ဘဲ ရွေးခံလိုက်ရသူ ၊ သရုပ်ဆောင် အတွေ့အကြုံ လုံးဝမရှိဘဲ မင်းသမီးဖြစ် လာသူ အဖြစ် နာမည်ကြီး သွားခဲ့ပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
 မင်းသမီး ဝင်းမင်းသန်းနဲ့ တွဲဖက် သရုပ်ဆောင်ခဲ့သူ မင်းသား Gregory Peck

The Purple Plain ရုပ်ရှင်ကို ရိုက်ကူးတဲ့အခါမှာ မင်းသား Gregory Peck နဲ့ တွဲဖက် သရုပ်ဆောင်ခဲ့ရပြီး Anna အမည်ရှိသော မြန်မာ အမျိုးသမီးလေး နေရာမှာ ဝင်းမင်းသန်းက သရုပ်ဆောင်ခဲ့ပါတယ်။ ဇာတ်ကားများကို အထက်က ဆိုခဲ့တဲ့အတိုင်း သီဟိုဠ်နိုင်ငံမှာ သွားရောက် ရိုက်ကူးခဲ့တာ ဖြစ်တဲ့အတွက် အချို့နေရာတွေ မှာ မြန်မာ လူမျိုးနဲ့ မတူတဲ ရုပ်မျိုးနဲ့ မြန်မာရှုခင်းနဲ့ အနည်းငယ် ကွဲလွဲနေတဲ့ ရှုခင်း တစ်ချို့ကို တွေ့ရတာက လွဲလို့ ကြည့်ရတာ ကောင်းမွန်ပြီး စိတ်ဝင်စားဖို့လည်း ကောင်းလှပါတယ်။ အင်္ဂလိပ် စကားပြော ရုပ်ရှင် ဆိုသော်လည်း မြန်မာစကားများကိုလည်း ထည့်သွင်း ရိုက်ကူးထားတာ တွေ့ရ ပါတယ်။ ဒီဇာတ်ကားကို ကြည့်တဲ့ အခါမှာ ၁၉၅၀ ပတ်ဝန်းကျင်ကာလများရဲ့ ဝတ်စား ဆင်ယင်ပုံကိုလည်း တွေ့မြင်နိုင်ပါတယ်။ တစ်ပတ်လျှို ဆံထုံးလေးနဲ့ ယဉ်စစ လှပနေတဲ့ ဒေါ်ဝင်းမင်းသန်းရဲ့ အလှဟာ အလွန် သိမ်မွေ့လှတာကို မြင်နိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
 ဇာတ်ကားထဲမှ ပုံရိပ်များ

Image Hosted by PicturePush - Photo Sharing
  ကလေးတွေကတော့ဖြင့် မြန်မာကလေးငယ်များနှင့် မတူသလို ထင်မိပါတယ်။

The Purple Plain ရုပ်ရှင်ဟာလည်း အောင်မြင်ထင်ရှားပြီး အကောင်းဆုံး ဗြိတိသျှရုပ်ရှင်စာရင်းမှာ ပါဝင်ခဲ့ကာ ရုပ်ရှင် အကယ်ဒမီဆုပါ ရရှိခဲ့ပါတယ်။ ဇာတ်ကားအောင်မြင် လာတာနဲ့အမျှ ဒေါ်ဝင်းမင်းသန်း ဟာလည်း ကမ္ဘာကျော် မြန်မာအမျိုးသမီး သရုပ်ဆောင် ဖြစ်လာပါတယ်။ မြန်မာပြည်မှာ ရုံတင်ပြတဲ့အခါမှာလည်း ကြိတ်ကြိတ်တိုး စည်ကားတယ်လို့လည်း သိရပါတယ်။ The Purple Plain ရုပ်ရှင် အရောင်းမြှင့်တင်ဖို့ အတွက် အမေရိကန်ကို ရောက်စဉ်မှာ အခြားသော ရုပ်ရှင်ကုမ္ပဏီများက ဇာတ်ကားများ ဆက်လက် ရိုက်ကူးဖို့ ကမ်းလှမ်းတဲ့အခါ ဒေါ်ဝင်းမင်းသန်းက ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပါတယ်။ သူမဟာ အမေရိကန် လူမျိုးတို့ အလုပ် ကြိုစားကြပုံကို ချီးကျူးပေမဲ့လည်း အမေရိကန် ရုပ်ရှင်လောက ကို ဝင်ရောက်ဖို့ စိတ်ဆန္ဒမရှိဘဲ  ဟောလိဝုဒ် ရုပ်ရှင်လောကဟာ သဘာဝမကျဘဲ မိန်းခလေးများမှာလည်း အဖော်အချွတ်တွေ ဦးစားပေးလွန်းတဲ့ အတွက် မြန်မာ့ ယဉ်ကျေးမှုနဲ့ မကိုက်ညီတာကြောင့် သူ သဘောမကျဘူး လို့ ဆိုပါတယ်။ ပြီးတော့လည်း ကိုယ်လုံးကိုဖော် ရတာ၊ ပြရတာတွေကိုလည်း မြန်မာ အမျိုးသမီး တစ်ယောက် အနေနဲ့ သူ အလွန်ရှက်ပါတယ်လို့ အင်တာဗျုး တစ်ခုမှာ ပွင့်ပွင့် လင်းလင်း ဖြေကြားခဲ့ပါတယ်။ 

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing

ဒီအချက်တွေဟာ မြန်မာ အမျိုးသမီးတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အိနြေ္ဒကို အလွန်စောင့်စည်းတဲ့ အရှက်အကြောက် ကြီးမား တဲ့ မြန်မာ အမျိုးသမီးတို့ အကြောင်းကို ကမ္ဘာ သိအောင် ဖော်ပြနိုင်ခဲ့တာကြောင့် သူ့ကို လေးစားမိတဲ့ အချက်ထဲက တစ်ချို့ဖြစ်ပါတယ်။ ဒေါ်ဝင်းမင်းသန်း အရှက်အကြောက် ကြီးတာနဲ့ ပတ်သက်ပြီး နောက်ထပ် ဖော်ပြချင် တာက ခရမ်းရောင် လွင်ပြင် ရုပ်ရှင်ကို ရိုက်ကူးနေတဲ့အခါမှာ ဇာတ်ဝင်ခန်းအရ မလုံ့တလုံ ရေချိုးတဲ့အခန်းများ ပါဝင်ပါတယ်။ ဒါရိုက်က ၄င်းအခန်းကို ထည့်ရိုက်ချင်သော်လည်း မင်းသမီးဖြစ်သူ ဒေါ်ဝင်းမင်းသန်းက ခါးခါး သီးသီးနဲ့ ခေါင်းမာစွာ ငြင်းဆန်တဲ့ အတွက် ရေချိုးတဲ့အခန်းများကို ရိုက်ခွင့်မရဘဲ ချန်လှပ်ထားခဲ့ရတယ်လို့ ဆိုပါတယ်။ သီဟိုဠ်ရှိ အင်္ဂလိပ်သတင်းစာ တစ်စောင်ကလည်း ရေကူးဝတ်စုံ ဝတ်ဆင်ထားတဲ့ ပုံနဲ့ ဓာတ်ပုံ ရိုက်ခွင့်ပြုဖို့ တောင်းဆိုတဲ့အခါမှာ“ မြန်မာထုံးစံ မဟုတ်လို့ ခွင့်မပြုနိုင်ပါဘူး နောင်ကိုလည်း ဘယ်တော့မှ ဒီလို မလုံ့တလုံ ရေကူးဝတ်စုံနဲ့ ရိုက်ကူးမှာ မဟုတ်ပါဘူး” လို့ ပြတ်ပြတ် သားသား ငြင်းပယ်ခဲ့ပါတယ်။ သူကိုယ်တိုင် ရိုက်ကူးခဲ့တဲ့ ခရမ်းရောင်လွင်ပြင် ဇာတ်ကားကြော်ငြာ အတွက် ရုပ်ရှင်ကုမ္ပဏီရဲ့ အတန်တန် တောင်းပန် ချက်ကြောင့် ရေကူး ဝတ်စုံနဲ့ မဟုတ်ဘဲ မြန်မာ အမျိုးသမီးတို့ ရေချိုးတဲ့ ပုံစံဖြစ်တဲ့ ထမီရင်လျှားနဲ့ ရေချိုးပုံကို ရိုက်ပေးခဲ့တယ်လို့ ဆိုပါတယ်။


Image Hosted by PicturePush - Photo Sharing

နိုင်ငံခြားသူတွေရဲ့ ဖော်ချွတ်တဲ့ ဝတ်စား ဆင်ယင်ပုံတွေကို သဘောမကျ တာကြောင့် ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင် မင်းသမီး အဖြစ် ဆက်လက် သရုပ်ဆောင်ဖို့ ငြင်းဆန်ခဲ့သူ ဒေါ်ဝင်းမင်းသန်းဟာ ကျွန်မ အတွက်တော့ လေးစား အထင်ကြီးစရာ ဖြစ်ခဲ့ရပါတယ်။ နိုင်ငံခြားသွေး ပါပေမဲ့ မြန်မာ့ယဉ်ကျေးမှုကို မြန်မာ စစ်စစ်တွေ ထက်တောင် ထိန်းသိမ်းခဲ့တဲ့ ဒေါ်ဝင်းမင်းသန်းဟာ အမျိုးသမီးတွေ နမူနာ ယူထိုက်သူ တစ်ဦးလို့ ကျွန်မ အနေနဲ့ ဆိုချင်ပါတယ်။ မင်းသမီး မဖြစ်ခင် ဖော်ချင်၊ ပြချင်၊ ချွတ်ချင်သူတွေ များလှတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ အတုယူစရာ ကောင်းလှတယ် လို့ မြင်မိပါတယ်။ ဖော်မှ ချွတ်မှ နာမည်ကြီးတယ်လို့ ထင်တတ်ကြသူများနဲ့  မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်း ရကောင်းမှန်း မသိကြတဲ့သူတွေ၊ ခုခေတ်လူငယ်တွေ သိပ် မကြားဖူးတဲ့ လေးစား အတုယူဖွယ်ရာ မြန်မာ အမျိုးသမီး၊ ကမ္ဘာကျော် ရုပ်ရှင် မင်းသမီး ဒေါ်ဝင်းမင်းသန်း အကြောင်းလေးကို ပြောပြချင်လို့ ဒီပိုစ့်လေးကို ရေးဖြစ်တာဆိုရင် ပိုပြီး မှန်ပါ လိမ့်မယ်။




Image Hosted by PicturePush - Photo Sharing



ဒေါ်ဝင်းမင်းသန်းဟာ တစ်ကားတည်းသော ရုပ်ရှင်ကားကိုရိုက်ခဲ့ပြီး အောင်မြင်တဲ့ ကမ္ဘာသိ သရုပ်ဆောင် တစ်ဦး ဖြစ်ခဲ့သော်လည်း သရုပ်ဆောင် တစ်ယောက်အဖြစ်ကို ရပ်တန့်လိုက်ကာ ဗိုလ်စင်္ကြာ၏ ဇနီးအဖြစ်သာ ပျော်မွေ့ ခဲ့ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်မှာ ဗိုလ်မှူးစင်္ကြာမှာ စီးပွားရေးသမားတစ်ဦး အဖြစ်ကို ကူးပြောင်း ခဲ့ရာ အလွန် စီးပွားရေးအောင်မြင်ပြီး ချမ်းသာကြွယ်ဝလှပါတယ်။ လိုတိုင်းတ ရနိုင်လောက်အောင် စည်းစိမ် ချမ်းသာနှင့် ပြည့်စုံခဲ့သော်လည်း ဘာသာရေးကို လေ့လာလိုက်စားကာ ၁၉၆၄ခုနှစ် အသက် ၃၁နှစ်အရွယ်မှာ သာသနာ့ဘောင်ထဲကို သီလရှင် ဒေါ်ဝံသမာလာ အဖြစ် ဝင်ရောက်သွားခဲ့ပါတယ်။ သူဟာ သီလရှင်အဖြစ် မဝင်ခင်ကတည်းက ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းပြီး နက်နက်နဲနဲ လေ့လာ အားထုတ်ခဲ့သူလည်း ဖြစ်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

အရှက်အကြောက် ကြီးပြီး (ဟီရိ၊ သြတပ္ပ တရား ၂-ပါးကို ဆိုလိုတာပါ) ဘာသာရေးကို လိုက်စားတတ်ပုံကိုလည်း ကျွန်မ အကိုးအကားပြုထားတဲ့ ဒီပိုစ့်ရဲ့ အောက်နားက လင့်တွေမှာလည်း သွားရောက် ဖတ်ရှုနိုင်ပါတယ် ရှင်။   နိုင်ငံခြားသွေး ပါပေမဲ့ မြန်မာ့ ယဉ်ကျေးမှုကို အလွန်မြတ်နိုး၊ ထိန်းသိမ်း ခဲ့သူ၊ မြန်မာကို ကမ္ဘာက သိစေခဲ့သူ၊ မြန်မာတို့ရဲ့ ယဉ်ကျေးမှုအကြောင်းကိုလည်း ကမ္ဘာကို သိစေခဲ့သူ၊  ချောမောလှပ နူးညံ့ပျော့ပြောင်းတဲ့ ချစ်စရာ၊ အတုယူ လေးစားဖွယ်ရာ မြန်မာ အမျိုးသမီး တစ်ဦးရဲ့ ပုံရိပ်ကောက်ကြောင်းကို ချစ်ခင်နှစ်လိုစိတ်၊ လေးစား ဂုဏ်ယူစိတ် တို့ဖြင့် ဖော်ပြရေးသားတာ ဖြစ်ပါတယ်။ အချက် အလက်များ မှားယွင်းခြင်း၊ လွှဲချော်ခြင်း၊ လိုအပ်ခြင်းတို့ ရှိခဲ့ပါက ကျွန်မရဲ့ အားနည်းချက်ကြောင့်သာ ဖြစ်တဲ့အတွက် ခွင့်လွှတ် နားလည်ပေးကြပါလို့လည်း အနူး အညွှတ် ပန်ကြားချင်ပါတယ်ရှင်။

ဒေါ်ဝင်းမင်းသန်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ The Purple Plain ရုပ်ရှင်ကို မကြည့်ရသေးသူများ၊ ပြန်ကြည့် ချင်သူများ အတွက် အစအဆုံး ပါဝင်တဲ့ YouTube လေးကို အောက်မှာ တင်ပေးထားပါတယ်။ အချိန်ရမယ်ဆိုရင် ကြည့်ရှုနိုင်ပါတယ်နော်။ ဓာတ်ပုံများကိုလည်း YouTube ထဲက ယူထားတာ ဖြစ်ပါတယ်။




ဒီပိုစ့်အတွက် Facebook မှာ စိတ်ဝင်တစား ဝင်ရောက် ပြောပြကြသူများ၊ ရုပ်ရှင်ဇာတ်ကား အပြည့်အစုံပါသော လင့်ကို လာပေးကြသူများ၊ သူမရဲ့ အကြောင်း ဖတ်စရာ အခြားလင့်များ ရှာဖွေပေးကြသူများ၊ ယခုစာဖတ်နေသူများ အားလုံးကို ကျေးဇူးအထူး တင်ပါကြောင်း ပြောကြားလိုက်ပါတယ်ရှင်။ အားလုံးသော မိတ်ဆွေများ စိတ္တ ကာယ နှစ်ဖြာသော သုခ ချမ်းသာနဲ့ ပြည့်စုံကြပါစေရှင်။







ကိုးကား

IMDB - http://goo.gl/Tc5jJ

Myanmar Wikipedia - http://goo.gl/6P4tt

Shweamyutay Magazine - http://goo.gl/hnGve

Mingalapar - http://goo.gl/1OciM

စောင်းလျားသီးငပိချက်နဲ့ မုန့်တီချဉ်စပ်သုပ်

ဒီတစ်ပတ်အတွက် စားသောက်စရာဟင်းလျာက စောင်းလျားသီး ငပိချက်ဖြစ်ပါတယ်။ စောင်းလျားသီး ငပိချက်ကို အရင်တုန်းကလည်း တင်ခဲ့ဖူးပါတယ်။သို့ပေမဲ့ ဘလောဂ့်အပြောင်းအရွေ့မှာ ပုံတွေ ပျောက်ကုန် တာကြောင့် ဒီတစ်ခေါက် ပြန်ချက်စားဖြစ်တဲ့အခါ နောက်တစ်ကြိမ် ပြန်တင်တာ ဖြစ်ပါတယ်။ 

စောင်းလျားသီးခေါ် Star Fruit ဟာ ချဉ်ချိုချိုနဲ့ မွှေးတဲ့ အနံ့အရသာ ရှိတာကြောင့် သူ့ကို ငပိချက် ချက်တဲ့အခါမှာလည်း စားလို့အလွန်ကောင်းပါတယ်။ စောင်းလျားသီးကို ငပိချက် ချက်ဖို့အတွက် ပြင်ဆင် ပါမယ်နော်။

Image Hosted by PicturePush - Photo Sharing

စောင်းလျားသီး၂လုံး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုပ်သီးတို့ကို ရေစင်စင် ဆေးထားလိုက်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing
ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ခရမ်းချဉ်သီးတို့ကို ပါးပါးလှီးပြီး ခရမ်းချဉ်သီးကို တောက်တောက်စင်းပါတယ်။

Image Hosted by PicturePush - Photo Sharing
စောင်းလျားသီးများကို ပါးပါးလှီးထားပါတယ်


Image Hosted by PicturePush - Photo Sharing
ထို့နောက် ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီသတ်ပြီး ခရမ်းချဉ်သီးများကို ထည့်လိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ခရမ်းချဉ်သီးနွမ်းပါက ငပိထည့်ပါတယ်။ ငရုပ်သီး၊ ဆား၊ ငံပြာရည် စသည်တို့ထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing
စောင်းလျားသီးကို ထည့်မွှေပါတယ်။ 

Image Hosted by PicturePush - Photo Sharing
စောင်းလျားသီး နူးပြီး အနံ့လေးမွှေးလာပြီဆိုရင် ရပါပြီ။

အနံ့မွှေးမွှေး စောင်းလျားသီးငပိချက်လေးပါ။


Image Hosted by PicturePush - Photo Sharing


အတို့အမြုပ်နဲ့ဘဲ စားစား၊ ဒီအတိုင်းဘဲ ထမင်းနဲ့စားစား ခံတွင်းမြိန်ပြီး ချဉ်ချိုချုနဲ့ အရသာထူး တဲ့ စောင်းလျားသီး ငပိချက်နဲ့ ထမင်းမြိန်မြိန် စားနိုင်ပါပြီရှင်..

မုန့်တီသုပ် ချဉ်စပ်


နောက်ထပ် အပိုဆောင်းပေမဲ့ အစားအသောက်တစ်မျိုးက မုန့်တီသုပ်ဖြစ်ပါတယ်။ မုန့်တီကို အချဉ်သုပ် အနေနဲ့ သုပ်မှာဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

သုပ်မဲ့ မုန့်ဖတ်ကို ပန်းကန်တစ်ခုထဲထည့်ပြီး ကြက်သွန်နီပါးပါးလှီး၊ ဥနီလေးများ ထည့်ပါတယ်

Image Hosted by PicturePush - Photo Sharing

ပုလင်းနဲ့လာတဲ့ ငရုပ်သီး ပဲငပိကြော်၊ နံနံတို့ထည့်ပြီး ဆား၊ အရသာမှုန့်၊ သံပုရာသီး ထည့်ပြီး နယ်လိုက်ရုံပါဘဲ။ ငရုပ်သီးပဲငပိက စပ်ပြီးသားမို့ ငရုပ်သီးစိမ်း မထည့်တော့ပါဘူး။ စပ်စပ်လေး စားချင်တယ်ဆိုရင်ဖြင့် ငရုပ်သီးစိမ်း ထပ်ထည့်နိုင်ပါတယ်။



အချဉ်သုပ်အနေနဲ့ ထမင်းနဲ့စားစား၊ အဆာပြေစားစား စားလို့ရပါပြီ။ 

Image Hosted by PicturePush - Photo Sharing

 အရသာတစ်မျိုးရှိတဲ့ မုန့်တီသုပ်ချဉ်စပ်လေးပါ။ 



ချစ်သော မိတ်ဆွေများအားလုံးအတွက် ပျော်ရွှင်သော တနင်္ဂနွေနေ့ဖြစ်ပါစေရှင်။

 


ရခိုင်တို့ဌာနေ မြို့စစ်တွေ

မြောက်ဦးမြို့ကိုသွားဖို့အတွက် ရန်ကုန်ကနေ စစ်တွေကို လေယာဉ်နဲ့ ထွက်လာရာမှာ စစ်တွေမြို့မှာ တစ်ညအိပ်ဖြစ်တဲ့ ခရီးစဉ်အကြောင်း ဆက်ရေးပါ့မယ်ရှင်။ စစ်တွေမြို့ရဲ့ အထင်ကရနေရာများ၊ တန်ခိုးကြီး ဘုရားများကို သွားရောက်လှည့်လှည် ဖူးမျှော်ရာမှာ ပြီးခဲ့တဲ့ပိုစ့်မှာရေးခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်ခန့် သက်တမ်းရှိ စင်္ကြမုနိဘုရားကို သွားဖူးတဲ့ အကြောင်း ရေးခဲ့ပါတယ်။ နှစ်ပေါင်း နှစ်ထောင်ကျော် သက်တမ်းရှိပြီလို့ ခန့်မှန်းကြတဲ့ ကြေး ဆင်းတုတော် ဟာ လောကာနန္ဒာဘုရား ပုရဝုဏ်ထဲမှာရှိတာမို့ စင်္ကြမုနိဘုရားကို ဖူးပြီးတာနဲ့ လောကာနန္ဒာ ဘုရားကြီးပေါ်ကို တက်ခဲ့ကြပါတယ်။ လောကာနန္ဒာ စေတီကြီးကို စစ်တွေမြို့ ရဲနွယ်စုရပ်မှာ ၁၉၉၅ခုနှစ်က စတင် တည်ထားခဲ့ ကြတာဖြစ်ပြီး စေတီ တည်ထားရာ ကုန်းတော်မှာ ၅၉၄ပေ ပတ်လည်ရှိပြီး ပရဝုဏ်အကျယ်မှာ ၇.၂၉ဧက ကျယ်ဝန်း ပါတယ်။ အရံစေတီပေါင်း ၈ဆူရှိပြီး ကြီးမားခန့်ညားတဲ့ မုဒ်ဦးလေးခုရှိပါတယ်။

Image Hosted by PicturePush - Photo Sharing
 လောကာနန္ဒာစေတီတော်ကြီး

Image Hosted by PicturePush - Photo Sharing
ကျယ်ဝန်းတဲ့ရင်ပြင်တော်

Image Hosted by PicturePush - Photo Sharing

 စေတီတော်ကြီးအား အနီးကပ် ပူဇော်ရာ

Image Hosted by PicturePush - Photo Sharing
  ရှေးဟောင်းလက်ရာနှင့်တူသော ဝင်ပေါက် မုဒ်ဦး

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

မုဒ်ဝအဝင် နံရံပေါ်မှ ရုပ်ကြွများ

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
စေတီအတွင်းမှာ

Image Hosted by PicturePush - Photo Sharing

ခန်းနားလှပတဲ့ တိုင်လုံးကြီးများ
Image Hosted by PicturePush - Photo Sharing
စေတီအတွင်းရှိ ကြေးဆင်းတုတော် 


ဘုရားကြီးဟာ အလွန်ကျယ်ပြန့်တဲ့ ကြွေပြားခင်း ရင်ပြင်ကြီး ရှိပြီး ရွှေတိဂုံဘုရားနဲ့ ပုံစံတူ တည်ထားကာ အတွင်းမှာတော့ လှိုဏ်ပါတဲ့ မဟာဝိဇယ စေတီကဲ့သို့ တည်ထားတာ ဖြစ်ပါတယ်။ လောကာနန္ဒာ ဘုရားကြီးရဲ့ မုဒ်ဦးဟာ ရှေးဟောင်း လက်ရာနဲ့ အလွန်တူပြီး မြင်ရတာ ထူးဆန်းနှစ် သက်ဖွယ်ရာ ကောင်း လှ ပါ တယ်။  ဘုရားထဲ အဝင် ဘေးနှစ်ဘက်က နံရံကျောက်ပြားများပေါ်မှာ ထွင်းထုထားတဲ့ ရုပ်ကြွ လက်ရာ များဟာလည်း စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ အတွင်းထဲက တိုင်လုံးများကိုလည်း လက်ရာမြောက်အောင် ခမ်းနားစွာ တည်ဆောက်ထားပါတယ်။ ဘုရားအတွင်းမှာ ရှိခိုးပူဇော် လှည့်လှည် ကြည့်ရှု၊ ဓာတ်ပုံရိုက်ပြီးတာနဲ့ အခြားသောနေရာများကို ဆက်သွားဖို့ ထွက်ခဲ့ကြပါတယ်။






Image Hosted by PicturePush - Photo Sharing

 ရခိုင်အာဇာနည် ဆရာတော်ဦးဥတ္တမ အထိမ်းအမှတ် ဦးဥတ္တမပန်းခြံ

ဒီပန်းခြံထဲမှာ ဆရာတော်ဦးဥတ္တမရဲ့ ကြေးရုပ်ထုလည်း ရှိပါတယ်။ ဆရာတော် အကြောင်းကို အကျဉ်းချုပ် ပြောပြရရင် ဆရာတော်ဦးဥတ္တမကို ၁၈၇၉ခုနှစ် ဒီဇင်ဘာ ၂၈ရက် တနင်္ဂနွေနေ့မှာ စစ်တွေမြို့ ရူပမြောက်ရပ်ကွက်မှာ ဖခင် ဦးမြ၊ မိခင် ဒေါ်အောင်ကြွဖြူတို့မှ မွေးဖွားပါတယ်။ ဆရာတော်ဟာ ရဟန်းဝတ်နဲ့ အိန္ဒိယ၊ ပြင်သစ်၊ ဂျပန် စတဲ့နိုင်ငံများကို သွားရောက် ခဲ့သူဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ဗုဒ္ဓဘာသာ ပါမောက္ခ အဖြစ်နဲ့လည်း ပါဠိနဲ့ သက္ကတဘာသာ တို့ကို ပို့ချခဲ့ပါတယ်။ ဂျပန်နိုင်ငံမှ ပြန်လာတဲ့အခါမှာ ကိုးရီးယား၊ မန်ချုးရီးယား၊ တရုတ်နိုင်ငံများကို ဝင်ရောက်ခဲ့ ပါတယ်။ နိုင်ငံ ရပ်ခြား ဗဟုသုတလည်းစုံ၊ ပညာလည်း တတ်သော ဆရာတော်မှာ အင်္ဂလိပ်တို့ကို တော်လှန်ဖို့ နိုင်ငံရေး တရားများကို ဟောခဲ့ပြီး လူငယ်လူရွယ်များ မျိုးချစ်စိတ် ရှင်သန် ထက်မြက်စေရန်လည်း သူရိယ သတင်းစာမှာ ခေါင်းကြီး၊ ဆောင်းပါးများ ကို ရေးသားခဲ့ ပါတယ်။ နိုင်ငံရေး တရားဟောမှုနဲ့ အင်္ဂလိပ်ခေတ်မှာ ထောင်အကြိမ်ကြိမ် ကျခဲ့ပြီး ၁၉၃၉ခု စက်တင်ဘာ၉ရက် (၁၃ဝ၁ခုနှစ် ဝါခေါင် လပြည့်ကျော် ၁၁ရက်နေ့ )သက်တော် ၆ဝအရွယ်မှာ ပျံလွန်တော် မူခဲ့ပါတယ်။ နိုင်ငံ လွတ်လပ်ရေး၊ မြန်မာပြည် လူငယ်များ မျိုးချစ်စိတ် ရှင်သန် ထက်မြက်ရေးတို့အတွက် စွမ်းစွမ်း တမံ ဆောင်ရွက်ခဲ့သော ဆရာတော်ဟာ ရခိုင်အမျိုးသားထဲမှာမှ ထူးချွန်ထင်ရှားသူ တစ်ဦး ဖြစ်တာကြောင့် စစ်တွေမြို့ရဲ့ ပန်းခြံကို ဆရာတော်အား ဂုဏ်ပြုပြီး ဦးဥတ္တမ ပန်းခြံရယ်လို့ အမည် တွင်စေခဲ့တာ ဖြစ်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing
တစ်ခေတ်တစ်ခါက ထူးချွန်ထင်ရှားခဲ့သော ရခိုင်အမျိုးသားများ 


Image Hosted by PicturePush - Photo Sharing
ပြည်နယ် အစိုးရရုံးဖြစ်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

စစ်တွေမြို့ကိုရောက်ရင် မသွားမဖြစ်သွားသင့်တဲ့နေရာက ရှေးဟောင်း သုတေသနနဲ့ ယဉ်ကျေးမှုပြတိုက်ဖြစ်ပါတယ်။


ထို့နောက်မှာတော့ ကျွန်မတို့ဟာ ရှေးဟောင်း ယဉ်ကျေးမှု ပြတိုက်ကို သွားကြပါတယ်။ ယဉ်ကျေးမှုပြတိုက် အတွင်းမှာ  ရှေးဟောင်းကျောက်စာများ၊ ရှေးဟောင်း စေတီပုထိုးများ၊ ရှေးဟောင်း အုတ်ခွက်၊ ကျောက် ခွက်များ၊ ရှေးဟောင်း ရခိုင်လက်ရာ ရုပ်ပွားဆင်းတုတော်များ၊  ရှေးရခိုင်တို့ရဲ့ အသုံးအဆောင် ဘွဲ့တံဆိပ်တော်များနှင့် အိုးခွက်ပန်းကန်များ၊ ဝင်စားဆင်ယင် ထုံးဖွဲ့ပုံ၊ ရှေးဟောင်း ရခိုင် တူရိယာများ၊ ရှေးခေတ် ရခိုင်ဘုရင်တို့လက်ထက် သွန်းလုပ် အသုံးပြုခဲ့သော ဒင်္ဂါးများ၊ ဘုရင်ခေတ် မင်းမှူးမတ်တို့၏ အဆောင် အယောင်များ၊ ရခိုင်အမျိုးသား၊ အမျိုးသမီးတို့ ခေတ်အဆက်ဆက် ဝတ်ဆင် အသုံးပြုခဲ့ကြသော အဝတ်အစား၊ အသုံးအဆောင်များ၊ စာပေ ယဉ်ကျေးမှုအနု လက်ရာ၊  စသည်ဖြင့် ရခိုင်လူမျိုးတို့ရဲ့ ရှေးဟောင်း အမွေအနှစ်များက ကြည့်ရှုစရာ စုံလင်လှပါတယ်။ သို့သော်လည်း ပြတိုက် အတွင်းမှာ ဓာတ်ပုံရိုက်ခွင့် မရှိတာကြောင့် ပြတိုက်အတွင်းက ရှေးဟောင်း ပစ္စည်းများ၊ စေတီ ပုထိုး ကျောက်စာ၊ ရုပ်ပွားတော်များ ဒင်္ဂါးများ စသည်တို့ကို ဓာတ်ပုံ မဖော်ပြနိုင်တာတော့ စိတ်မကောင်း စရာပါ။

Image Hosted by PicturePush - Photo Sharing
ရခိုင်ရိုးရာလောင်းလှေ

ဒီပုံကတော့ ပြတိုက်အရှေ့မှာ ထားထားတဲ့ ရခိုင်ရိုးရာ လောင်းလှေပါ။ ရခိုင်လူမျိုးတွေရဲ့ ရိုးရာသင်္ကြန်ဟာ ဒီလို လောင်းလှေကြီးထဲမှာ ရေအပြည့်ဖြည့်ပြီး ကစားကြတဲ့ ချစ်စရာ အလွန်ကောင်းတဲ့ ဓလေ့ဖြစ်ပါတယ်။ အပျိုလူပျိုတွေ ရေအပြည့်ဖြည့်ထားတဲ့ လောင်းလှေရဲ့ တစ်ဖက် တစ်ချက်မှာ နေရာယူပြီး ရေပက်ပြိုင် ကြတဲ့အခါ မျက်နှာကို လက်နဲ့ပွတ်သပ်မိသူက အရှုံးလို့ မှတ်သားခဲ့ရဖူးတာကြောင့် စိတ်ဝင်စားစရာ၊ ချစ်စရာကောင်းတဲ့ ရေကစားတဲ့ ဓလေ့ထုံးစံကို နှစ်သက်ခဲ့ရဖူးပါတယ်။ 


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီး
နောက်ထပ် ဖူးဖြစ်တဲ့ ဘုရားကတော့ အများပြည်သူကောင်းမှုနဲ့ သွန်းထုထားတဲ့ အတုလ မာရဇိန် ပြည်လုံးချမ်းသာ ရုပ်ပွားတော်မြတ်ကြီး ဖြစ်ပါတယ်။ ဦးဥတ္တမလမ်းနဲ့ စက်ရုံလမ်းထောင့်မှာ ကိန်းဝပ်စံပယ်တော်မူနေတဲ့ အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးဟာ အမြင့်မှာ ၉တောင်နှင့် တစ်မိုက်ရှိပြီး စံပါယ်တော်မူသော ပလ္လင်တော်ရဲ့အမြင့်မှာ ၆တောင်ခန့်ရှိပြီး ရခိုင်ပြည်နယ်မှာ အကြီးဆုံး ကြေးဆင်းတုတော်ကြီး ဖြစ်ပါတယ်။ 
Image Hosted by PicturePush - Photo Sharing

ဘုရားကြီးရဲ့ မျက်နှာတော်ဟာ ( ပဉ္စလောဟာ) ရတနာ ၅မျိုးပါဝင်ပြီး ကြည်လင်အေးမြသော လအဆင်း ကဲ့သို့ ဝင်းပကြည်လင်လျှက် ရှိပါတယ်။ ဘုရားကြီးအား တည်ထားနေစဉ်အတွင်း ဝတ်ဖြူစင်ကြယ် ပုဂ္ဂိုလ်တစ်ဦးက “ပြည်လုံးချမ်းသာ” ဘုရားကြီးဟု ဘွဲ့အမည်သတ်မှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ထူးခြားချက်မှာ ကြေးဘုရားကြီးရဲ့ ပိဿာချိန်မှာလည်း ( ၅၄၂၆) ပိဿာနဲ့ တိုက်ဆိုင်နေပါတယ်။ ပြည်-၅၊ လုံး-၄၊ ချမ်း-၂ ၊ သာ -၆ အမည်နဲ့ ကြေးပိဿာချိန်တို့ဟာ တူညီနေခဲ့ပါတယ်။ အခြားသော ထူးခြားချက်များမှာ ဘုရားကြီး ထံတွင် အဓိဌာန်ပြု၍ ကျင့်ကြံအားထုတ်သူများ၊ ပူဇော်လှူဒါန်းသူများမှာ အလိုဆန္ဒပြည့်ဝကြခြင်း၊ ဘုရားကြီးသည် အခါအားလျော်စွာ အတိတ်နမိတ်များပြသခြင်း၊ မျက်နှာတော်မှ ရောင်ခြည်တော်များ ကွန့်မြူးခြင်း၊ ၁၉၄၂-ခုနှစ်တွင် ဒုတိယကမ္ဘာစစ် ဘေးအန္တရာယ်သည် စစ်တွေမြို့သို့ ရောက်ရှိလာသည့် အခါ မျက်နှာတော် ညှိုးမှောင်သွားခြင်း၊ စစ်ဖြစ်ချိန်တွင်လည်း အနီးနား ပတ်ဝန်းကျင်တို့တွင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သော်လည်း ဘုရားကြီးမှာ လုံးဝ ထိခိုက်ပျက်စီးမှု မရှိခဲ့ခြင်း စသည့်ထူးခြားမှုများနှင့် ပြည့်စုံပြီး တန်ခိုးကြီးမားသော ရခိုင်ပြည်နယ် ကျက်သရေဆောင် ဘုရားကြီး တစ်ဆူဖြစ်ပါတယ်။



 ရခိုင်အမျိုးသား၊ အမျိုးသမီးများ ဝတ်စားဆင်ယင် ထုံးဖွဲ့ပုံ

မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်ကတည်းက ယခုအချိန်အထိ ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်ခဲ့ကြသော  ရခိုင်လူမျိုးတို့ရဲ့ နယ်မြေဒေသများမှာ စေတီပုထိုးများ ပေါများလှပြီး ယဉ်ကျေးမှု လက်ရာများမှာလည်း အဆင့်အတန်းမြင့်လှတာကို တွေ့ရပါတယ်။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အမွေအနှစ် ရှေးဟောင်းလက်ရာများမှာလည်း သမိုင်း တန်ဖိုးအရရော၊ ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှု ဆိုင်ရာ အမွေအနှစ်များ အဖြစ်ပါ အဖိုးမဖြတ်နိုင်လောက်အောင် ယနေ့ထက်တိုင် တည်ရှိနေတာကို တွေ့မြင် ရပါတယ်။ ဘိုးဘွားတို့ ချန်ရစ်ခဲ့သော တန်ဖိုးကြီးမားလှသည့် ယဉ်ကျေးမှု ဆိုင်ရာ အမွေအနှစ်များ ကို မြေအိုးတစ်လုံးမှ အစ ရှစ်သောင်း၊ ကိုးသောင်း ပုထိုးတော်ကြီးများ အထိ တိုင်အောင် နောင်နှစ်ပေါင်း များစွာ မပျက်မစီး၊ မပျောက်မပျက် ဆက်လက်တည်တံ့နေအောင် ပြုပြင် ထိန်းသိမ်းစောင့်ရှောက် ကြရမယ့် တာဝန်ကတော့ ဒေသခံ ရခိုင်လူမျိုးများနှင့် အစိုးရတာဝန်ရှိသူတို့သာ မကပဲ လူတိုင်းမှာပါ ရှိနေတဲ့ သမိုင်းပေးတာဝန်တစ်ရပ်ဟု ထင်မြင်မိပါတယ်။


နောက်ပို့စ်မှာတော့ စစ်တွေမြို့ရဲ့ ထင်ရှားတဲ့ သမိုင်းဝင်နေရာများနှင့် စိတ်ဝင်စားဖွယ် နေရာများ အကြောင်း ဆက်ရေးပါ့မယ်နော်။ အားလုံးဘဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေရှင်။




အပြာရောင်ဖဲကြိုးလေး သုံးခု

တစ်နေ့သောအခါမှာ အထက်တန်းကျောင်း တစ်ကျောင်းရဲ့ စာသင်ခန်းတစ်ခုကို သင်ကြားတဲ့ ဆရာမ တစ်ယောက်ဟာ  သူ့အတန်းထဲက ကလေးတွေကို တစ်ယောက်ချင်း အတန်းရှေ့ကို ခေါ်ထုတ်ပြီး သူတို့ဟာ ဆရာမဖြစ်သူ သူ့အတွက်ရော၊ အတန်းကိုပါ ထူးထူးခြားခြား ဖြစ်အောင် ပြုလုပ်နိုင်ခဲ့တဲ့ သူတွေ ကို လက်ဆောင်တစ်ခုစီ ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါနဲ့ အတန်းထဲက ကျောင်းသား တစ်ဦးချင်းစီကို အတန်းအတွက်ရော၊ ဆရာမအတွက်ပါ ထူးထူးခြားခြား ဖြစ်စေခဲ့တဲ့ သူတွေလို့ ချီးကျူးစကားပြောပြီး လက်ဆောင် တစ်ခုစီ ပေးပါတယ်။ အဲဒီလက်ဆောင်က အပြာရောင် ဖဲကြိုးလေး တစ်ခုဖြစ်ပြီး ဖဲကြိုးပေါ် မှာတော့ ရွှေရောင် စာလုံးလေးနဲ့ ရိုက်နှိပ်ထားတာက “ကျွန်တော်ဟာ  ထူးခြားတဲ့သူ” ဆိုတဲ့ စာလုံးလေးတွေ ဖြစ်ပါတယ်။ ကလေးတွေဟာ ဆရာမရဲ့ လက်ဆောင် ဖဲကြိုးပြာ ကလေးတွေ ကိုယ်စီနဲ့ ပျော်ရွှင်ကျေနပ်လို့ နေကြ ပါတယ်။ 

တစ်လလောက် ကြာတဲ့အခါမှာ ဆရာမဟာ သူ့အတန်းထဲက ကလေးတွေကို ဖဲကြိုးပြာနဲ့ ပတ်သက်တဲ့ စီမံကိန်းလေး တစ်ခု ပြုလုပ်ဖို့ အကြံရပါတယ်။ အဲဒီ စီမံကိန်းကတော့ ကလေးတွေကို ဖဲကြိုးပြာ သုံးခုစီပေးပြီး အတန်းပြင်ပကို ထွက်ခိုင်းကာ အခြားသော လူတွေကို ဒီ ဖဲကြိုးပြာ ကလေးတွေ ကို ဝေငှစေခြင်း ဖြစ်ပါတယ်။ ပြီးတော့လည်း အဲဒီ ဖဲကြိုးကို ဝေငှခံရသူတွေဟာ ဝေငှ တဲ့ ကျောင်းသား ကိုယ်တိုင်က လေးစားရတဲ့သူ၊ ချစ်ခင်နှစ်သက် ရတဲ့သူ ဖြစ်ဖို့လည်း လိုပါတယ်လို့ ဆရာမက ညွှန်ကြားချက် ပေးလိုက်ပါတယ်။ အဲဒီလို ဖဲကြိုးပြာလေးကို မိမိ လေးစားတန်ဖိုးထားရသူတွေကို လက်ဆင့်ကမ်း ပေးလိုက်ခြင်းအားဖြင့် ရရှိလာမဲ့ အကျိုးသက်ရောက်မှု၊ အပြောင်းအလဲကို ဆရာမက စိတ်ဝင်စားတဲ့ အတွက် ကြောင့်ပါ။ အဲဒီစီမံကိန်း စတာနဲ့ အတန်းထဲက ကျောင်းသားလေး တစ်ဦးဟာ သူတို့ကျောင်းနဲ့ မဝေးလှတဲ့ ကုမ္ပဏီတစ်ခုက လက်ထောက် မန်နေဂျာလေး တစ်ဦးဆီကို သွားပြီး ဖဲကြိုးပြာလေးတစ်ခုကို သူ့ရဲ့ ရှပ်အင်္ကျီပေါ် ထိုးပေးလိုက်ပါတယ်။ အဲဒီ လက်ထောက် မန်နေဂျာလေး ဟာ ကျောင်းသားဖြစ်သူ လေးစားရတဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ကျောင်း သားလေးကို ထို လက်ထောက်မန်နေဂျာလေးက အကူအညီ အများကြီး ပေးခဲ့ဖူး တာကြောင့်ပါ။ 
 
ထို့နောက် ကျောင်းသားလေးဟာ လက်ထောက်မန်နေဂျာလေးကို သူရထားတဲ့ နောက်ထပ် ဖဲကြိုးပြာလေး ၂ခုကိုပါ ပေးလိုက်ပြီး “ ကျွန်တော်တို့ဟာ အတန်းရဲ့ စီမံကိန်းတစ်ခုကို လုပ်နေကြတာပါ။ ဆရာမက ဖဲကြိုးပြာ ၃ခုကို ကျွန်တော်တို့ တစ်ဦးစီကို ပေးပြီး တစ်ခုကို ကိုယ်လေးစား အားကျရတဲ့သူကို ပေးပြီး ကျန်တဲ့ ၂ခုကို အဲဒီလူက သူလေးစားအားကျရ၊ အလေးအနက် တန်ဖိုးထားရတဲ့ အခြားသူတစ်ဦးကို ပေးဖို့ ညွှန်ကြားလိုက်ပါတယ်။ ဒါကြောင့် ဒီဖဲကြိုးပြာ ၂ခုကို ခင်ဗျားက လက်ခံယူပြီး ခင်ဗျားလေးစား တန်ဖိုးထားရတဲ့သူကို ပေးလိုက်ပါ။ အဲဒီလူကလည်း ကျန်တဲ့ ဖဲကြိုးတစ်ခုကို သူလေးစားတဲ့သူ၊ သူ တန်ဖိုးထားရတဲ့သူကို ထပ်ပြီး ပေးပေးပါ။ ပြီးရင် ဒီဖဲကြိုးပြာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ခု ထူးခြားရင် ကျွန်တော့်ကို ပြန်ပြောပြပါ” လို့ မှာလိုက်ပါတယ်။ 

ဖဲကြိုးပြာလေးကို လက်ခံရရှိတဲ့ လက်ထောက်မန်နေဂျာကလေးဟာ သူ့အလုပ်ရှင် သူဌေးကို သွားရောက် တွေ့ဆုံပါတယ်။ သူဟာ သူဌေးရဲ့ ရှေ့ကခုံမှာ ထိုင်လိုက်ပြီး ဖဲကြိုးပြာလေးကို လက်ဆောင် အဖြစ် လက်ခံဖို့ သူဌေးကို တောင်းဆိုလိုက်ပါတယ်။ ရုတ်တရက် မမျှော်လင့်ဘဲ တောင်းဆို ခံရတဲ့ သူဌေးဖြစ်သူဟာ အံ့သြသွားပြီး “ဒီဖဲကြိုးပြာကို ဘာဖြစ်လို့ ဦးကို လက်ဆောင်ပေးချင်ရတာလဲ” လို့ မေးလိုက်ပါတယ်။ ဒီတော့ မန်နေဂျာကလေးက “သူဌေးဟာ အလုပ်ထဲမှာ ကျွန်တော်လေးစားရတဲ့ သူတစ်ဦးပါ။ ပြီးတော့ သူဌေးဟာ ဒီလောက် ကြီးကျယ်တဲ့ စီးပွားရေးလုပ်ငန်းကြီး တစ်ခုလုံး ကို အောင်အောင် မြင်မြင်နဲ့ ဦးစီးနိုင်တဲ့ သူပါ။ အဲဒီလို အောင်မြင်တာဟာလည်း သူဌေးရဲ့ ထူးချွန် ထက်မြက်မှုကြောင့်ပါ။ ဒါကြောင့်လည်း သူဌေးဟာ  ကျွန်တော် လေးစားအားကျရတဲ့ သူတစ်ဦး ဖြစ် ပါတယ်။ ဒါကြောင့် ကျွန်တော် လေးစားရတဲ့ သူဌေးကို ဒီဖဲကြိုးပြာလေး ဂုဏ်ပြု လက်ဆောင် ပေးချင်လို့ပါ ”လို့ ပြောလိုက်တော့ သူဌေးရဲ့ မျက်နှာဟာ အစောကထက်တောင် ပိုပြီး အံ့သြသွားဟန်ရှိပါတယ်။ 


ထို့နောက်တော့ သူဌေးဟာ မန်နေဂျာလေးရဲ့ မျက်နှာကိုကြည့်လိုက်ပြီး “ကောင်းပြီလေ. မင်းရဲ့ ဖဲကြိုးပြာ လက်ဆောင်ကို ငါလက်ခံပါတယ်” လို့ ပြောလိုက်ပါတယ်။ ဒါနဲ့ မန်နေဂျာလေးဟာ ဖဲကြိုးအပြာတစ်ခုကို ယူလိုက်ပြီး သူဌေးရဲ့ အပေါ် ကုတ်အင်္ကျီရင်ဘတ်လေးမှာ ထိုးပေးလိုက်ပြီး ဖဲကြိုး နောက်တစ်ခုကိုတော့ သူဌေးလက်ထဲ ထည့်ပေးလိုက်ပါတယ်။ “သူဌေး ကျွန်တော့်ကိုတစ်ခုလောက် ပြန်ကူညီပါ။ ဒီဖဲကြိုးပြာလေး တစ်ခုကိုလည်း သူဌေးက လက်ခံပြီး သူဌေးကိုယ်တိုင်က လေးစားရတဲ့သူ၊ ချစ်ခင်မြတ်နိုးရတဲ့ သူ တစ်ဦးဦးကို ဒီဖဲကြိုလေးကို လက်ဆောင်အဖြစ် ပေးပေးပါ။ ဒီကိစ္စဟာ ကျောင်းသားလေးတစ်ဦးက ကျွန်တော့်ကို အကူအညီတောင်းတာပါ။ ဒီဖဲကြိုးပြာလေးကို လက်ခံရရှိတဲ့ တစ်စုံတစ်ယောက်ဟာ ဘယ်လိုများ အပြောင်းအလဲတွေ ဖြစ်သွားသလဲဆိုတာကို သူ့ကို ပြန်ပြောဖို့ မှာလိုက်လို့ပါ” လို့  ပြောတော့ သူဌေးကလည်း ဖဲကြိုးကို လက်ခံပြီး သဘောတူလိုက်ပါတယ်။ 


အဲဒီနေ့ညမှာဘဲ ဖဲကြိုးပြာလေးကို လက်ခံရရှိတဲ့ သူဌေးဟာ အိမ်ပြန်ရောက်တော့ သူရဲ့ အသက် ဆယ့်လေးနှစ်အရွယ် သားကလေးကို ခေါ်ပြီး သူ့အနားမှာ ထိုင်စေလိုက်ကာ “ဒီနေ့တော့ ဖေဖေ့အတွက် အရမ်းကို အံ့သြထူးဆန်းပြီး စိတ်လှုပ်ရှားရတဲ့ နေ့ပါဘဲ သားရေ… ဖေဖေ့ ကုမ္ပဏီက မန်နေဂျာလေး တစ်ယောက်က ဖေ့ဖေ့ကို လေးစားချစ်ခင်လို့ဆိုပြီး ဒီဖဲကြိုးပြာလေးကို လက်ဆောင်အဖြစ် ပေးလာတယ်။” လို့ သူ့ရင်ဘတ်ပေါ်က ဖဲကြိုးပြာလေးကို လက်လေးနဲ့ ပုတ်ပြကာ ပြောပြပါတယ်။ “ သားစဉ်းစားကြည့်.. သူဟာ ဖေ့ဖေ့ကို ထူးချွန်ထက်မြက်တဲ့သူ ဆိုပြီး သူ့ရဲ့ ဖဲကြိုးပြာလေးကို ဖေဖေ့ကို ဂုဏ်ပြူတဲ့အနေနဲ့ လက်ဆောင် ပေးလိုက်တယ်လေ။ ပြီးတော့လည်း သူက နောက်ထပ် ဖဲကြိုးပြာလေးတစ်ခုကို ဖေဖေ့ကို ထပ်ပေးပြီး အဲဒီ ဖဲကြိုးကလေးကိုတော့ ဖေဖေက ချစ်ခင်လေးစားရတဲ့ ၊ ဂုဏ်ပြုချင်တဲ့သူ တစ်ဦးဦး ကို ပေးပေးပါ ဆိုပြီး ပြောလာတယ်” ဖခင်ဖြစ်သူက သူ့သားဟာ သူ့ရဲ့စကားတွေကို စိတ်ဝင်တစား နားထောင်နေမနေ တစ်ချက် အကဲခတ်လိုက်ပြီးမှ ဆက်ပြောပါတယ်။

“ဖေဖေ အိမ်ပြန်လာတဲ့လမ်းမှာ ကားမောင်းနေရင်း တလျှောက်လုံး စဉ်းစားလာမိတယ်။ ဖေဖေ ဒီ ဖဲကြိုးလေးကို အပေးချင်ဆုံး သူဟာ ဘယ်သူလဲလို့ပေါ့။ နောက်ဆုံးတော့ သားကိုဘဲ ဖေဖေ စဉ်းစားမိတယ်။ သားကို ဖေဖေဂုဏ်ပြုချင်ပါတယ်။  သားသိတဲ့အတိုင်း ဖေဖေဟာ အရမ်းကို အလုပ်များတဲ့ အတွက် သားကို အချိန် မပေးနိုင်ဖြစ်ခဲ့ရတယ်။ အလုပ်ကနေ အိမ်ပြန်ရောက် တော့လည်း ပင်ပန်းနွမ်းနယ်နေတော့ သားကို ဂရုမစိုက်မိဘူး။ တခါတလေ ကျောင်းက စာမေးပွဲမှာ သားအမှတ်ကောင်း မရတဲ့အခါ ဖေဖေက သားကို ဂရုတစိုက် ဖေးမရမဲ့အစား အော်ဟစ်ဆူပူမိတယ်။ သားရဲ့ စိတ်ကို အနာတရဖြစ်အောင် ဖေဖေလုပ်ခဲ့မိတယ်။ ဒီနေ့တော့ ဖေဖေက သားကို ဒီကိုခေါ်ပြီး အနားမှာထိုင်စေတာက ဒီဖဲကြိုးပြာလေး ပေးချင်လို့ပါ။ သားဟာ ဖေဖေ့အတွက် အရေးအကြီးဆုံး သူတစ်ဦးပါ။ သားဟာ လူတော်လေးတစ်ဦးပါ။ ဖေဖေ သားကိုချစ်ပါတယ် သားရယ်” ဖခင်ဖြစ်သူဟာ စကားကို အဆုံးသတ်လိုက်ပြီး သူ့လက်ထဲက ဖဲကြိုးပြာလေးနောက်တစ်ခုကို သူ့သားရဲ့လက်ထဲကို ထည့်ပေးလိုက်ပါတယ်။ 

အဲဒီအခါမှာ ကောင်ကလေးရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်ပေါက်များ လိမ့်ဆင်းလာပြီး  ရှိုက်ကြီးတငင် ငိုကြွေးပါတယ်။ ထို့နောက် ရပ်တန့်လို့ မရနိုင်တော့ လောက်အောင်ကိုဘဲ တစ်ကိုယ်လုံးကို တစ်သိမ့်သိမ့် တုန်ခါပြီး ဆက်ခါဆက်ခါ ငိုကြွေးပါတယ်။ ဖခင်ဖြစ်သူက သားကို ညင်သာစွာ ပွေ့ဖက်ပြီး “ သား.. ဘာဖြစ်လို့လဲ.. ဘာကြောင့် ဒီလောက်တောင် ရှိုက်ကြီးတငင် ငိုကြွေးနေတာလဲ. ဖေဖေ့ကို ပြောပြပါဦး” လို့ နူးညံ့သိမ်မွေ့တဲ့ အသံနဲ့ ပြောတဲ့အခါမှာ သားဖြစ်သူဟာ မျက်ရည်တွေပြည့်လျှံနေတဲ့ မျက်လုံးတွေနဲ့ ဖခင်ကို ကြည့်လိုက်ပါတယ်။ ထို့နောက် သူ့ပါးစပ်ကနေ စကားတွေ တစ်လုံးချင်း ထွက်လာပါတော့တယ်။

“ကျွန်တော်ဟာ မနက်ဖြန်ကျရင် ကိုယ့်ကိုယ်ကို သတ်သေတော့မယ်လို့ စိတ်ဆုံးဖြတ်ထားခဲ့တာပါ။ ဘာကြောင့်လည်းဆိုတော့ ဖေဖေက ကျွန်တော့်ကို ဘယ်တော့မှ ဂရုမစိုက်ဘဲ အမြဲတမ်း အော်ဟစ် ဆူပူနေခဲ့တယ်။ ဒါကြောင့်  ဖေဖေ ကျွန်တော့်ကို မချစ်ဘူးလို့ဘဲ ထင်ခဲ့မိတယ်။ ကျွန်တော့် သူငယ်ချင်း သားအဖတွေကို ကြည့်လိုက်ရင် သိပ်အားကျဖို့ကောင်းခဲ့တယ်။ ကျွန်တော့်ကို အဖေက မချစ်ပေမဲ့ သူတို့ အဖေတွေကတော့ သားတွေကို သိပ်ချစ်တယ်လို့ ကျွန်တော် ထင်ခဲ့တယ်။  ဒါကြောင့် ဖေဖေ့ရဲ့ ချစ်ခင်ခြင်းကို မခံရတဲ့ သားတစ်ယောက် အနေနဲ့ ဒီလောကကြီးထဲမှာ မနေချင်တော့လို့ ကျွန်တော် ကိုယ့်ကိုယ်ကို သတ်သေတော့မယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ ခုတော့..... ခုတော့  ဖေဖေက ကျွန်တော့်ကို ချစ်တယ်ဆိုတာ သိလိုက်ရလို့ ဒီလိုလုပ်ဖို့ မလိုတော့ဘူး ဆိုတာ ကျွန်တော်သိသွားပါပြီ ” လို့ အသက် ဆယ့်လေးနှစ်အရွယ် သားကလေးက ဖခင်ပေးလိုက်တဲ့ ဖဲကြိုးပြာလေးကို တင်းတင်းဆုပ်ကိုင်ရင်း မျက်ရည်တွေကြားကနေ အပြုံးတစ်စနဲ့အတူ ပြောလိုက်ပါတော့တယ်။


ဖဲကြိုးပြာစီမံကိန်းနဲ့  ပတ်သက်ပြီး ရရှိလိုက်တဲ့ ရလဒ်အတွက် ဆရာမရော အတန်းထဲက ကလေးတွေ ပါ ကျေနပ်ပျော်ရွှင်နေကြမယ် ဆိုတာ သေချာပါတယ်။ ကျွန်မတို့လည်း ကိုယ်ချစ်ခင် မြတ်နိုးတဲ့သူ၊ လေးစား တန်ဖိုးထားရတဲ့ သူတွေကို ဖဲကြိုးပြာနဲ့တူတဲ့ အသိအမှတ်ပြုမှုမျိုး ၊ ချစ်ခင် လေးစားမှုမျိုးကို ပြဖို့ ဝန်မလေး သင့်ကြပါဘူးနော်။



The Three Blue Ribbons ( Unknown Author) ကို ဆီလျော်အောင် ဘာသာပြန်ရေးဖွဲ့ပါသည်။