စွယ်တော်ပန်းသုပ် စားရအောင်...

နှစ်လွှာပေါင်းမှ တစ်ရွက်ဆိုပြီး ငယ်ငယ်တုန်းက စွယ်တော်ရွက်လေးတွေကို လက်ဆောင်လေးတွေရပြီး စာအုပ်ကြားထဲ အလှသိမ်းထားတာတွေ လုပ်ခဲ့ကြဖူးမယ် ထင်ပါတယ်နော်။  :P စွယ်တော်ရွက်လေးတွေဟာ အသည်းနှလုံးရဲ့ သင်္ကေတမို့ ချစ်စရာကောင်းသလို၊ စွယ်တော်ရွက်နုလေးတွေနဲ့ ပန်းကလေးတွေကလည်း စားလို့ကောင်းပါတယ်။  တစ်ချို့တော့ ကြားဖူးကောင်းကြားဖူးပါလိမ့်မယ်။ တစ်ချို့သော အရပ်တွေမှာတော့ စွယ်တော်ရွက်နုလေးတွေနဲ့ အပွင့်ကို ဟင်းလုပ်စားလို့ ရတယ်ဆိုတာကိုပါ။ ဒါကြောင့် ဒီတစ်ပတ် စားသောက်ဖွယ်ရာ အကြောင်းမှာ စွယ်တော်ပန်းပွင့်သုပ်နည်းကို ဖော်ပြချင်ပါတယ်။ စွယ်တော်ပန်းကို ထူးထူးဆန်းဆန်းလုပ်ပြီး သုပ်စားတာ မဟုတ်ရပါ။ ရှမ်းပြည် မြောက်ပိုင်းဖက်မှာတော့ စွယ်တော်ပန်းတွေ ပွင့်တဲ့ ခုလို ရာသီမျိုးမှာ တောတောင်တွေမှာ ပွင့်ဝေနေတဲ့ စွယ်တော်ပန်းတွေ ကို ပြုတ်ပြီး ဈေးတွေ မှာ ရောင်းချတတ်ပါတယ်။ အဲဒီပြုတ်ပြီးသားကို သုပ်စားကြတာ၊ သုပ်ရောင်းကြ ပါတယ်။ ဒါကြောင့်လည်း ရှမ်းပြည်နယ်မှာ စားခဲ့ရတဲ့ စွယ်တော်ပွင့် သုပ်နည်းကလေး ကို ဖော်ပြ ပါမယ်နော်။ 

Image Hosted by PicturePush - Photo Sharing

စွယ်တော်ပန်းသုပ်


ပြုတ်ထားတဲ့ စွယ်တော်ပန်းတွေပါ။ စွယ်တော်ပွင့်တွေဟာ ပြုတ်လိုက်ရင် အရောင်တွေ ကျွတ်ကုန်ပါတယ်။

Image Hosted by PicturePush - Photo Sharing
တကယ်လို့များ ဈေးက ဝယ်လာတဲ့ စွယ်တော်ပွင့်တော်ဆိုရင် မိမိအိမ်မှာ တစ်ခါထပ်ပြီး ရေနွေးဆူဆူနဲ့ ခဏလောက် ပြန်ပြုတ်ပြီး ရေအေးမှာ စိမ်ထားလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ပြုတ်ထားတဲ့ အပွင့်တွေကို ဓါးလေးနဲ့ သင့်သင့်သလို လှီးဖြတ်ပြီး မြေပဲဆန်၊ ပုဇွန်ခြောက်မှုန့်၊ ဆီကျက်၊ ဆား၊ အရသာမှုန့် စသည်တို့ထည့်ပြီး သုပ်ရုံပါဘဲ။ 

Image Hosted by PicturePush - Photo Sharing
 အဆာပလာ စုံရင် နယ်လိုက်လို့ရပါပြီ။

Image Hosted by PicturePush - Photo Sharing
အပေါ်ကနေ ကြက်သွန်ကြော်လည်း ဖြူးလိုက်ရင် စားချင်စဖွယ် စွယ်တော်ပန်းသုပ် အဆိမ့်သုပ်ရပါပြီ။ 

Image Hosted by PicturePush - Photo Sharing
 စွယ်တော်ပန်းသုပ် ဆိမ့်ဆိမ့်လေး

စွယ်တော်ပန်းကိုဘဲ နောက်ထပ် နည်းတစ်မျိုးနဲ့ သုပ်တာကို ဖော်ပြချင်ပါသေးတယ်။ အဲဒီနည်းကတော့ ငယ်ငယ်ကတည်းက အိမ်မှာ ကျွန်မတို့အမေက သုပ်ကျွေးလေ့ရှိခဲ့တဲ့ နည်းဖြစ်ပါတယ်။ အလွယ်ကတော့ ရှမ်းသုပ်လို့ ခေါ်နိုင်ပါတယ်။ အဲဒါက ငပိကိုချက်ပြီး သုပ်တာ ဖြစ်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

 စွယ်တော်ပန်းတွေကို သုပ်ဖို့ ကြက်သွန်နီ ငရုပ်သီးစိမ်းတို့ထည့်ထားပါတယ်။ 

Image Hosted by PicturePush - Photo Sharing
ခရမ်းချဉ်သီး ၂လုံးလောက်ကို အနေတော်လှီးထားပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ဒါက ငပိချက် အလွယ်ချက်နည်းပါ။ အိုးထဲကို ရေအနည်းငယ်ထည့်၊ ဆီအနည်းငယ်( ပါလေကာ)ထည့်၊ ပုဇွန်ခြောက်ထည့်၊ ငပိနည်းနည်း ထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing

အိုးဆူရင် ခရမ်းချဉ်သီးများကို ထည့်လိုက်ပါတယ်။ ဒီနေရာမှာ အိမ်မှာတော့ ခရမ်းချဉ်သီးအစား ကျွန်မတို့ ကချင်ပြည်နယ်မှာ သုံးလေ့ရှိတဲ့ မျှစ်တို့ခြောက် (မျှစ်ချဉ်ကို သေးသေးပါးပါးရှည်ရှည်လှီးပြီး အခြောက်လှမ်းထားတာ) ကို ထည့်ပါတယ်။  သို့ပေမဲ့ မျှစ်တို့ခြောက်ကို လူတော်တော်များများက သိပ် မသိကြတာကြောင့် ခရမ်းချဉ်သီးကို သုံးထားတာပါ။

Image Hosted by PicturePush - Photo Sharing
ရေခမ်းပြီး အရည်နည်းနည်းသာ ကျန်ရင် ချလို့ရပါပြီ

Image Hosted by PicturePush - Photo Sharing
ခရမ်းချဉ်သီး ငပိချက် ထားတာကို စွယ်တော်ပန်းပွင့်ထဲ ထည့်လိုက်ပါတယ်။ ထို့နောက် ဆား၊ အရသာမှုန့် စသည်တို့ထည့်ပြီး နယ်လို့ရပါပြီ

Image Hosted by PicturePush - Photo Sharing


ခရမ်းချဉ်သီးနဲ့ ငရုပ်သီးတို့ကြောင့် အချဉ်နဲ့ အစပ်အရသာ ဖြစ်တဲ့ စွယ်တော်ပန်းသုပ်ပါ





နံနံပင် နှစ်သက်ရင် နံနံပင်ထည့်ပြီး စားလို့ရပါတယ်။ 


စွယ်တော်ရွက်ဟင်းချို 


စွယ်တော်ရွက်ကို ဟင်းချိုချက်ကြသလို တစ်ချို့ကလည်း ကြော်စားတတ်ကြပါတယ်။ တစ်လက်စတည်းမှာ စွယ်တော်ရွက်နုကို ဟင်းချိုချက်စားတဲ့နည်းကို ဖော်ပြချင်ပါသေးတယ်နော်။ အဲဒီဟင်းချိုချက်နည်းကလည်း ရှမ်းပြည်မှာ စားခဲ့ရတဲ့ချက်နည်းဖြစ်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

စွယ်တော်ရွက်နုများ

Image Hosted by PicturePush - Photo Sharing
စွယ်တော်ရွက် ဟင်းချို ချက်ဖို့ လိုအပ်တာတွေပါ။ ပဲပုတ် အနည်းငယ်၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ ငရုပ်သီး

Image Hosted by PicturePush - Photo Sharing
 ဟင်းအိုးတည်ပါတယ်။ ရေထည့်ပြီး ဆား၊ ကြက်သွန်ဖြူ၊နီ၊ ပဲပုတ်ကို ခြေထည့်ပါတယ်။ ဆီအနည်းငယ်ထည့်ပါတယ်။


Image Hosted by PicturePush - Photo Sharing
 ဟင်းအိုးဆူရင် စွယ်တော်ရွက်နဲ့ အခြား မိမိနှစ်သက်ရာ အရွက်များကို ခပ်လိုက်ပါတယ်။ ငရုပ်သီးထည့်လိုက်ပါတယ်။ ဆား၊ အရသာမှုန့်များ သင့်တော်သလို ထည့်နိုင်ပါတယ်။


Image Hosted by PicturePush - Photo Sharing
ဟင်းချို ပူပူလေးနဲ့ ထမင်းစားနိုင်ပါပြီ။ 

နောက်တစ်ကြိမ်မှာတော့ စွယ်တော်ရွက်၊ ဆူးပုတ်၊ ရွှေဖရုံရွက်၊ မှိုထည့်ပြီး ချက်စားဖြစ်တဲ့ ဟင်းချိုပါ။ 
ဒီဟင်းချိုလေး သောက်မိတိုင်း ရှူးရှူးရှဲရှဲနဲ့ ထမင်းအလွန်မြိန်တာမို့ ချိုပေစွ ဟင်းချို ဆိုတဲ့ကဗျာလေးကို အမြဲအမှတ်ရမိပါတယ်။ 


မိမိပတ်ဝန်းကျင်မှာ ရှိတဲ့ အရွက်၊ အသီးအပွင့်တို့ကိုလည်း လုပ်စားတတ်မယ်ဆိုရင် မြိန်ရာဟင်းကောင်း တစ်ခွက် ဖြစ်နိုင်ပါကြောင်း ပြောကြားရင် စွယ်တော်ပန်း ဋီကာကို နိဂုံးချုပ်ပါပြီနော်။ ဒီရက်ပိုင်း အလုပ် အလွန်များတာကြောင့် စာတွေ အများကြီးရေးဖို့နဲ့၊ ချစ်သော မိတ်ဆွေများရဲ့ ဘလောဂ့်အိမ်တွေကို အလည်ရောက်ဖို့ ပျက်ကွက်နေပါတယ်။ ခွင့်လွှတ်ပေးကြပါလို့နော်။ 


အားလုံး အတွက် ပျော်ရွှင်ဖွယ် အားလပ်ရက် ဖြစ်ကြပါစေရှင်..




အင်းလေးရိုးရာ ချည်ထည်များ

ပြီးခဲ့တဲ့လ ခရီးသွားခဲ့တုန်းက တောင်ကြီး၊ အင်းလေးကို ရောက်ခဲ့စဉ်က အင်းလေးထဲက ချည်ထည်ဆိုင် များကို ကျွန်မအနေနဲ့ တော်တော်လေး သဘောကျခဲ့မိပါတယ်။ ဆိုင်တွေမှာလည်း ခင်းကျင်းထားတဲ့ ချည်ထည်တွေဟာ အားလုံးလိုလိုက လိုချင်မက်မောချင်စရာ ကောင်းနေခဲ့ပါတယ်။ ချည်ထည်တွေကို ကျွန်မတို့ ပြည်တွင်းက လူတွေပါမက နိုင်ငံခြားများပါ နှစ်နှစ်ချိုက်ချိုက် ဝယ်ယူကြပြီး တစ်ချို့များဆို ချက်ခြင်းကို ဝတ်ဆင်ကြတာကိုပါ တွေ့ရပါတယ်။ အဲလို တွေ့ရပြန်တော့ ကိုယ့်ပြည်တွင်းက ရိုးရာ ချည်ထည်များအတွက် ဂုဏ်ယူရပြန်ပါတယ်။ 

ချည်ထည်လေးတွေဟာ မြန်မာ့ရာသီဥတုနဲ့ ကိုက်ညီလှပြီး ပေါ့ပေါ့ပါးပါးနဲ့ အရောင်အသွေးများလည်း အလွန် လှပါတယ်။ ကျွန်မအနေနဲ့ အင်းလေးရောက်ချိန်မှာ ညနေ ၄နာရီလောက် ရှိနေပြီမို့ မကြာခင် မှာ မှောင်တော့မှာ ဖြစ်တဲ့အတွက် ယက်ကန်းစင်များကိုတော့ ဓာတ်ပုံရိုက်ဖို့ အချိန်မရခဲ့တော့ဘဲ ဆိုင်အတွင်းမှာ ခင်းကျင်း ရောင်းချနေတဲ့  ချည်ထည်များကိုသာ ဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။ လှပပြီး ဝတ်ချင် စရာ အရောင်အဆင်းတွေနဲ့ ချည်ထည်လေးတွေကို အောက်က ပုံတွေမှာ ကြည့်ရှုကြပါစို့လားနော်။
Image Hosted by PicturePush - Photo Sharing
ဆိုင်အဝင်ဝက အိတ်တွေလဲ လိုချင်စရာ 

စက်လှေသမားက လိုက်ပို့တဲ့ အင်းလေးရိုးရာချည်ထည်ဆိုင်ပါ။ ဆိုင်နာမည် မမှတ်ခဲ့ရပေမဲ့ Facebook မှာ ညီမလေးတစ်ယောက်က ဆိုင်နာမည် ရွှေဟင်္သာ လို့ ပြောပြပါတယ်။ ဆိုင်ကလေးထဲ ဝင်လိုက်တာနဲ့ အားလုံးက လိုချင်စရာတွေချည်း ဖြစ်နေတာကို တွေ့ရပါတယ်။ 

Image Hosted by PicturePush - Photo Sharing
 ချစ်စရာ အိတ်ကလေးများ 


Image Hosted by PicturePush - Photo Sharing
 လက်ဆောင်ပေးချင်စရာ


Image Hosted by PicturePush - Photo Sharing
 နံရံမှာ ချိတ်ထားတာတွေက အင်္ကျီနဲ့ ဝမ်းဆက် တစ်ခါတည်း ဝတ်နိုင်တဲ့ ပတ်ထမိန်တွေပါ။ 

Image Hosted by PicturePush - Photo Sharing
 ချက်ခြင်းကို ကောက်ဝတ်ချင်စရာ ကောင်းလောက်အောင် လှပနေပါတယ်။



Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing


ချုပ်ပြီသား အင်္ကျီလေးတွေ အရောင်စုံပါ။ တစ်ထည်မှ ၂၀၀၀ / ၁၅၀၀ လောက်သာ ရှိပါတယ်။ ဈေးလဲ သက်သာပြီး ဒီဇိုင်းလေးတွေကလည်း ချစ်စရာကောင်းပါတယ်။

Image Hosted by PicturePush - Photo Sharing

ဒီလိုပုံစံလေးတွေပါ။ ဒီဇိုင်းအစုံအရောင်စုံ ရှိပါတယ်။ အင်္ကျီတစ်ထည် ချုပ်ခ လေးထောင် ငါးထောင်ထက် မက ပေးရတဲ့ ဒီခေတ်ကြီးထဲမှာ အင်းထဲက ချည်ထည်လေးတွေဟာ ဘယ်လောက် များ ဈေးသက်သာပြီး လှပ ချစ်စရာကောင်းတယ်ဆိုတာ မြင်နိုင်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing
 ယောက်ျားလေးဝတ်များကိုလည်း ဒီလို ချိတ်ဆွဲထားတာ တွေ့မြင်နိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing


 ဒီထဲကချည်ထည်လေးတွေများဆို အားလုံးလိုလို လိုချင်စရာတွေပါဘဲ။ မဝယ်မနေနိုင်အောင် ဆွဲဆောင်နေ တာမို့ ကျွန်မလည်း ဟိုမေးဒီမေး အဆင်လေးတွေ ရွေးမိပါသေးတယ်။ 


Image Hosted by PicturePush - Photo Sharing
 ချစ်ရာ ဝမ်းဆက် ချည်ထည်များ

Image Hosted by PicturePush - Photo Sharing
ဒီလို တစ်စုံကိုတော့ ၇၀၀၀ / ၈၀၀၀


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
ဒီအဆင်မျိုးလေးတွေက တစ်စုံကို အင်္ကျီနဲ့ ဝမ်းဆက်စာကို တစ်သောင်းရှစ်ထောင်လို့ ဆိုပါတယ်။ 


Image Hosted by PicturePush - Photo Sharing

သဘောကျမိတဲ့ အဆင်လေးတွေပါ။ ဘယ်ဟာ ယူလာတယ်ဆိုတာတော့ မပြောပြောတော့ဘူးနော်။ ခန့်မှန်းကြည့်ရင် သိမှာပါ။  :P :P

Image Hosted by PicturePush - Photo Sharing
ဓာတ်ပုံတွေလည်း ရိုက်ပြီးပြီ၊ တစ်မေ့တစ်မောလည်း ငေးပြီးပြီ၊ လိုချင်တာတွေလည်း ဝယ်ပြီးပြီမို့ ဆိုင်ထဲက ပြန်ထွက်လာခဲ့ကြပါတယ်။ 


Image Hosted by PicturePush - Photo Sharing
 ဖော်တော်ဦး ကျောင်းအောက်နားက အထည်ဆိုင်

ဖောင်တော်ဦးဘုရားကို ဖူးပြီးတာနဲ့ ကျောင်းအောက်ဘက်က ဈေးထဲကို ဝင်ကြည့်ပြန်ပါတယ်။ ကြည်ညို ဖွယ်ရာ ဖောင်တော်ဦး ဘုရားအကြောင်းနဲ့ ဓာတ်ပုံများကိုတော့ နောက်တော့မှ ပိုစ့်တင်ပါဦး မယ်။ ခုတော့ အထည်လေးတွေ အရင် ငမ်းပါဦးမယ်နော်. :P

Image Hosted by PicturePush - Photo Sharing
 အင်းလေးထွက် ဓားနဲ့ အခြားသော အသုံးအဆောင်များ အရောင်းဆိုင်


Image Hosted by PicturePush - Photo Sharing

ဒီမှာတော့ ယောက်ျားလေးဝတ်အင်္ကျီတွေ ရှမ်းဘောင်းဘီတွေကို တွေ့နိုင်ပါတယ်။ အရောင်အသွေးကလည်း လှပစုံလင်လွန်းတာမို့ ဒီမှာလည်း ဝင်ကြည့်ကြပြန်ပါတယ်။

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

 အနက်ရောင် အင်္ကျီလေးလည်း သဘောကျလို့ ဝယ်လာသေး

Image Hosted by PicturePush - Photo Sharing

ဟိုကြည့်ဒီကြည့်

Image Hosted by PicturePush - Photo Sharing
 အင်းလေးအမှတ်တရ တဲ့


Image Hosted by PicturePush - Photo Sharing
အဖြူရောင် ပတ်ထမီနဲ့ အင်္ကျီ (ဒါလေးလည်း သဘောကျ) :P

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

လှလှပပ ချစ်စရာ ချည်ထည်များ(ဒါလေးတွေလည်း ဝယ်ဖို့ စာရင်းတို့ထားတယ်) :P

အတူသွားတဲ့ ညီမတော်ကတော့ ချက်ခြင်းဘဲ ဆင်မြန်းပါတော့တယ်။ 



Image Hosted by PicturePush - Photo Sharing
အင်းလေးထဲမှာ ဝယ်ရတာ သိပ်အားမရတဲ့ ကျွန်မတို့ဟာ နောက်တစ်နေ့မနက်မှာ တောင်ကြီးဈေးထဲကို ပတ်ပြန်ပါတယ်။ ဈေးထဲမှာလည်း အင်းထဲက ချည်ထည်များကို ရောင်းချနေတာ တွေ့ရပြန်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing
တောင်ကြီးဈေးထဲက ချည်ထည်များ

Image Hosted by PicturePush - Photo Sharing
ယောက်ျားဝတ်တွေ ထင်ပါရဲ့(ဆိုင်ရှင်လေးကလည်း အသားဖြူဖြူ ချောချော ချစ်စရာ ရှမ်းမလေးရယ်) :P
ဆိုင်လိပ်စာ တွေ့တယ်နော်း)


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing
ဒီချည်ထမိန်လေးတွေများဆို အသားလည်း ကောင်းတယ်။ အဆင်လည်းမဆိုးဘူး ။ ဖောက်သည်ဈေးကိုမှ တစ်ထည်ကို ထောင့်ငါးရာလောက်နဲ့ ရပါတယ်တဲ့။ 


Image Hosted by PicturePush - Photo Sharing

ကြည့်လေ.. အဆင်လေးကလည်း လှတယ်။ 

Image Hosted by PicturePush - Photo Sharing
 ယဉ်လဲယဉ်တယ်။


Image Hosted by PicturePush - Photo Sharing
သူက ပတ်ထမီ.. ခြူလေးတွေပါတော့ လှမ်းလျှောက်တိုင်း အသံလေးတွေ လွင်လွင်မြည်နေတတ်တယ်။ ပျော်စရာကြီး :P
 

Image Hosted by PicturePush - Photo Sharing

အပြင်ဘက် ဆိုင်တစ်ချို့ကတော့ ရိုးရာချည်ထည်ရော ဟိုဘက်က လာတဲ့ အထည်တွေရော။ 

လှလည်းလှပြီး အရောင်အသွေးလည်းစုံ၊ အဆင်ဒီဇိုင်းများလည်း ဆန်းသစ်လှပခေတ်မှီတဲ့ ပြည်တွင်းဖြစ်  ချည်ထည်လေး များဟာ ရာသီဥတုနဲ့လည်း ကိုက်ညီပြီး ဈေးလည်း ချိုသာတာကြောင့် လူတိုင်း နှစ်သက်စွာ ဝတ်ဆင်သင်တဲ့ အဝတ်အထည်များ ဖြစ်ပါတယ်လို့ ပြောကြားရင်း ဒီပိုစ့်လေးကို ဒီမှာရပ်ပါတယ်ရှင်။ ဒီရက်ပိုင်း စာအများကြီး မရေးဖြစ်သေးတာနဲ့ ပုံတွေများများပါတဲ့ ဒီပိုစ့်ကို ရေးဖြစ်ပါတယ်။ 


အားလုံးသော မိတ်ဆွေများ ကြည်လင်အေးချမ်းသော နေ့ရက်များဖြစ်ကြပါစေရှင်။ 



တူညီသော ချစ်ခြင်းတစ်စုံ

လူတိုင်း လူတိုင်းမှာတော့ စိတ်မကြည်မသာ ဖြစ်တဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်၊ စိတ်ဓာတ်ကျတဲ့အချိန်တွေ၊  ၀မ်းနည်း နာကျင်နေတဲ့ အချိန်တွေ တစ်ခါမဟုတ် တစ်ခါတော့ ရှိတတ်ကြမှာဘဲနော်.. အဲဒီအချိန်တွေကို ဘယ်လိုများ ကျော်ဖြတ် ကြပါသလဲ၊ လူတစ်ယောက်နဲ့တစ်ယောက် ကျော်ဖြတ်ပုံ၊ ရင်ဆိုင်ကြပုံချင်းတော့ တူကြမယ် မထင်ပါဘူး။ တစ်ချို့ကျတော့ စိတ်ဓာတ်ကျရင်၊ ၀မ်းနည်းနာကျင်ရင် ငိုကြွေးကြတယ်။ အချို့က မိမိမိတ်ဆွေ၊ မိဘ မောင်နှမဆီ ရင်ဖွင့် ပြောပြကြတယ်။ အချို့ကျတော့လည်း စိတ်ခွန်အားဖြစ်မဲ့ စာတွေ၊ စိတ်ကို တည်ငြိမ်စေမဲ့ အဆုံးအမ တရားစာတွေ ဖတ်ကြတယ်။ တရားထိုင်ကြတယ်။  တစ်ချို့ကျတော့ သီချင်းတွေ အော်ဟစ် သီဆို တတ်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စိတ်ညစ်နွမ်းချိန်ကို ရင်ဆိုင် ဖြတ်သန်းပုံချင်း မတူညီကြ တာတော့ သေချာလှပါတယ်။

သက်ထား စိတ်ညစ်ရင်၊ စိတ် မကြည်မသာဖြစ်ရင် အေးချမ်းဆိတ်ငြိမ်တဲ့ ရှုခင်းတွေ တမျှော် တစ်ခေါ်ကြီး ကို ငေးမောလို့ ရနိုင်မဲ့ ၊ အချိန်အကြာကြီး ကိုယ့်စိတ်အာရုံတွေကို အဆုံးမရှိ လွတ်ပေးလိုက်လို့ ရတဲ့ နေရာမျိုးမှာ ထိုင်နေရတာကို သဘောကျ နှစ်သက်မိတယ်။ ဒီအချိန်မှာ ဖုန်းတွေကို ပိတ်ချင် ပိတ်ထားမယ်။ ပြင်ပ အဆက် အသွယ်တွေ အကုန်ဖြတ်တောက်လို့ ကိုယ်မသိ၊ ကိုယ်မရင်းနှီးတဲ့ မျက်စိ တစ်ဆုံး မြင်နေရတဲ့ တောင်တန်း ကြီးတွေပေါ်ကို ကျော်ဖြတ်ပြီး  အဝေးဆုံးထိ စိတ်ကို ဖြန့်ကျက်လို့ ခရီးနှင်ရတာက သက်ထားရဲ့ စိတ်အာရုံကို ပြန် လည် လန်းဆန်းလာအောင်၊ စိတ်တွေ ပြန်လည် တည်ငြိမ် လာအောင်  ကုစားတဲ့နည်းတစ်မျိုးပါဘဲ။ အဲဒီချိန်မျိုးမှာ အိမ်ထဲမှာ နေနေတာထက် စာရင် အိမ်ပြင်ပကို ထွက်ပြီး လန်းဆန်း သန့်စင်တဲ့ လေပြေနုထွေး အေးအေးလေးရဲ့ အပွေ့အဖက်ကို ခံယူလို့ ကြည်လင်လှပတဲ့ ရှုခင်းလေးတွေကို ကြည့်လိုက်ပြီ ဆိုရင် သက်ထားမှာရှိနေတဲ့ သောက စိတ်တွေ အနည်းနဲ့ အများတော့ အေးချမ်းသွားတတ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ဒီညနေလဲ တစ်စုံတစ်ရာသော အကြောင်းကြောင့် နောက်ကျိ ညစ်နွမ်းနေတဲ့၊ ၀မ်းနည်းပင်ပန်းနေတဲ့ စိတ် အာရုံတွေကို ဆေးကြောဖို့ ထိုင်နေကျ နေရာလေးတစ်ခုဖြစ်တဲ့ မြစ်ဆိပ်ကမ်းဘေးက တာရိုးလေးကို သက်ထား တစ်ယောက်တည်း ထွက်လာခဲ့မိပါတယ်။ တာရိုးလေးက မြစ်ရေမကျော်အောင် မြေဖို့ထားတဲ့ နေရာပေမဲ့ ကား သွားလို့ရတဲ့အထိ လမ်းအကျယ်ရှိပြီးတော့ တာရိုးတစ်လျှောက်ကိုလည်း အုတ်တံတိုင်း ကာထားပါတယ်။ အုတ်တံတိုင်း ဆိုပေမဲ့လို့ အလုံပိတ်တံတိုင်းမျိုး မဟုတ်ဘဲ အကွက်ကျဲကျဲ ကာထားတဲ့ အရံအတားသဘောမျိုးပါဘဲ။ တံတိုင်းနဲ့ကပ်ရပ်မှာ ထိုင်စရာ ကွန်ကရိ ခုံကလေးများ ခပ်ကျဲကျဲ ရှိနေပြီး တာရိုးပေါ်က လမ်းကလေးကတော့ ကတ္တရာ ခင်းထားတဲ့ လမ်းကလေးလဲ ဖြစ်ပါတယ်။ အရိပ်ရ အပင်တွေကို အရွယ်ညီညီ စီရီလှပစွာ လမ်းဘေးဝဲယာ စိုက်ပျိုးထားပါတယ်။ သစ်ရွက်စိမ်းတို့ရဲ့ ရနံ့ကလည်း စိတ်ကိုလ တ်ဆတ် ကြည်မြစေနိုင်တယ် မဟုတ်ပါလား။  တာရိုးမှာတော့ စိမ်းလန်းစိုပြေနေတဲ့ မြက်ခင်းပြင် ကျယ်ကြီးနဲ့အတူ ပြုပြင်ထားတဲ့ အရွယ်မျိုးစုံ၊ အပင်မျိုးစုံတို့ကို စံနစ် တကျ စိုက်ပျိုး ထိန်းသိမ်းထားတဲ့ အပန်းဖြေစရာနေရာ ရှိပါတယ်။ ပန်းခြံလို့ခေါ်ချင်ပေမဲ့ အပွင့်ပွင့်တဲ့ ပန်းပင်ဆိုလို့ စက္ကူပန်းပင်ကလွဲလို့ ကျန်တာအားလုံးက စိမ်းစိမ်းစိုစို အရွက်ဖားဖား အပင်ကြီး၊ အပင်လတ်တွေ ဖြစ် တာကြောင့် ပန်းခြံလို့လဲ ခေါ်ဖို့ခက်ပါတယ်။ မြို့နေလူထု အပန်းဖြေနားနေစရာ ဆိုတာကမှ ပိုပြီး လိုက်ဖက်ပါတယ်။

Image Hosted by PicturePush - Photo Sharing

အဲဒီ အနားယူစရာ နေရာရဲ့ သစ်ပင်ကြီးတွေရဲ့အောက်မှာ သဘာဝ ကျောက်တုံးကြီးတွေနဲ့ ပြုလုပ်ထားတဲ့ စားပွဲကြီးတွေ၊ လူတွေ ထိုင်စရာ ကျောက်ခုံတွေ ရှိပါတယ်.. နေ့ခင်း နေ့လည်ဆိုရင် အနားယူသူများ၊ မင်္ဂလာဆောင် အလှဓာတ်ပုံ ရိုက်ကြသူများ၊ ပျော်ပွဲစားထွက်သူများ ရှိနေတတ်ပြီး ညနေခင်းဆိုရင်တော့ လမ်းလျှောက်လာသူများ၊ ကားနဲ့လာပြီး မိသားစုလိုက် အပန်းဖြေ လေကောင်း လေသန့် ရှုကြသူ များနဲ့ မြက်ခင်းပြင်ကြီးမှာရော တာရိုး တစ်လျှောက်မှာပါ စည်ကားလှပါတယ်။ အစား အသောက် ရောင်း ချတဲ့ ဆိုင်ကလေးများလည်း ရှိနေတာကြောင့် အပန်းဖြေလာသူများအတွက် အဆင်ပြေလှပါတယ်။ သက်ထားကတော့ မြစ်ပြင်ကို ဖြတ်သန်းပြီး တိုက်ခတ် လာတတ်တဲ့ လေပြေ အေးအေး စိမ့်စိမ့် လေးတွေရယ် ဟိုးအဝေးမှာ အဆုံးမရှိ မြင်နေရတဲ့ တောင်ပြာတန်း ကြီးတွေရဲ့ ညှို့ယူဆွဲဆောင်နိုင်လွန်းတဲ့ အလှအပ ရယ်ကြောင့် ဒီနေရာလေးကို  အလွန် သဘောကျမိ တာပါ ဘဲ။ တွေးချင်တိုင်း တွေး၊  ငေးချင်တိုင်း ငေးလို့ ကောင်း တဲ့ နေရာလေး တစ်ခုဘဲ မဟုတ်လား။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

ခုလဲ တံတိုင်းနားက ထိုင်ခုံတစ်ခုပေါ်ထိုင်ပြီး ဟိုးဝေးဝေးက ဆင့်ကာဆင့်ကာ စီရီလှပစွာ ရှိနေတဲ့ ပြာရီ မှိုင်းမှိုင်း တောင် တံတိုင်းတွေကို ကျော်ဖြတ်လို့ သက်ထားရဲ့စိတ်တွေ ရွက်လွှင့်ချင်တိုင်း လွှင့်သွားနေ တဲ့ အချိန်မှာ အနီးနားမှာ ကပ်ပြီး ပေါ်လာတဲ့ အသံတစ်ခုကြောင့် စိတ်နဲ့ကိုယ် ပြန်တွဲမိရက် သား ဖြစ်သွားပါတယ်။ ဒီလို စိတ်တွေ ရွက်လွှင့်သွားလိုက်မိတာ ဘယ်လောက်တောင် ကြာပြီလဲဆိုတာ သတိမထားလိုက်မိပေမဲ့ မြစ်ပြင် က လေအေးကြောင့် အင်္ကျီလက်တို ဝတ်ထားတဲ့ သက်ထားရဲ့ လက်မောင်း တစ်လျှောက် လုံးတော့ အေးစက်နေ ခဲ့ပါပြီ။ အသံကြားရာကို လှည့်ကြည့်လိုက်တော့ လမ်းလျှောက်နေကြတဲ့ အသက် ၇ဝကျော် ၈ဝနီးပါး အဖိုးအဖွား စုံတွဲတစ်တွဲ။ အဖိုးအိုက တောင်ဝှေးလေးကို တစ်ဘက်က ကိုင်ထားရင်း လက်တစ်ဘက်က အဖွားအိုရဲ့ လက်ကလေးတွေကို ဖေးမတွဲကူလို့။ အဖွားအိုရဲ့ လက်တွေကလဲ အဖိုးရဲ့ လက်ပေါ်မှာ အားကိုးတကြီး ဆုပ်ကိုင်လို့။ ကြည့်ရတာ နဲ့တင် ကြည်နူးစရာ ကောင်းနေပြီ။ ကြားလိုက်ရတဲ့ အဖိုးအိုရဲ့ အကြင်နာမေတ္တာ အပြည့်နဲ့ အသံကရော သက်ထားရဲ့ အာရုံတွေကို ဆွဲယူသွားခဲ့တာဘဲမဟုတ်လား။ အဖိုးအိုက အဖွားကို ပြောတဲ့စကားက “အဖွားကြီးရေ.. မောနေပြီလား.။ ဖြေးဖြေးလျှောက်နော်.. ထိုင်စရာခုံ တွေ့ရင် ခဏလောက် နားရအောင်.. ရေရော ဆာနေပြီလား.. ထိုင်မဲ့နေရာကျရင် အိတ်ထဲက ရေ တိုက်မယ်နော်” တဲ့။. အဖွားကို ကြည့်ရတာ အနည်းငယ်တော့ မောပန်းနေပုံ ရပါတယ်။

တာရိုးတစ်လျှောက် သက်ထား လိုက်ကြည့်တော့ လူတွေက အတော်များနေတယ်။ ပြီးတော့ ထိုင်ဖို့လုပ်ပေးထားတဲ့ ခုံတွေကလဲ နေရာလွတ် မကျန်တော့အောင် လူတွေအပြည့် ရှိနေပါတယ်။ အထူးသဖြင့်တော့ ငယ်ငယ်ရွယ်ရွယ် စုံတွဲကလေးတွေက ပိုမိုများပြားပါတယ်။ ဒီတော့ မနေနိုင်တဲ့သက်ထားက ကိုယ်လက်ရှိ ထိုင်နေတဲ့ ကွန်ကရိ ခုံကလေးကနေ ထလိုက်ပြီး “အဖိုးနဲ့အဖွား ဒီမှာ ခနလောက်နားပါလား။ သမီး ဒီဘေးက အုတ်တံတိုင်းပေါ် ထိုင်လိုက်မယ်လေ” လို့ ဖိတ်ခေါ်လိုက်ပါတယ်။ အုတ်တံတိုင်းရဲ့ အမြင့်က ခါးလောက်ရှိတာမို့ အဖိုးအဖွားတို့ အတွက် အဆင် မပြေနိုင်ပေမဲ့ သက်ထားအတွက်တော့ ထိုင်လို့ အဆင်ပြေတာကြောင့် ခုံနေရာလေး ဖယ်ပေးပြီး အနီးနားက အုတ်တံတိုင်းပေါ် တက်ထိုင်လိုက်ပါတယ်။ သူမ ကလည်း အိမ်မပြန်ချင်သေးဘူး မဟုတ်လား။

ခုံကလေးပေါ် ထိုင်လိုက်တဲ့ အဖိုးအဖွားတို့ကိုကြည့်ရင်း ဘာရယ်မသိတဲ့ ခံစားချက်လေးတွေနဲ့ စိတ်ဝင်တစား ငေးကြည့်နေမိပါတယ်။ အဖိုးအိုက သူလွယ်လာတဲ့ အိတ်ကလေး ထဲက ရေဘူးလေးတစ်ခု ကို ထုတ်လိုက်ပြီး အဖွားကို တိုက်ပါတယ်။ ဒါပေမဲ့ အဖွားက ငြင်းလိုက်ပြီး အဖိုးကို “အရင် သောက်ပါ” လို့ ပြော လိုက်တော့မှ အဖိုးအိုက ခပ်ပြုံးပြုံးလေး နဲ့ ရေကို မော့သောက်လိုက်ပြီး အဖွားဘက်ကို ပြန်ပေးလိုက်တော့မှ အဖွားအိုက ရေကို ဖြေးဖြေးလေး မော့သောက်ပါတယ်။ အဖွား ရေသောက်နေ တုန်းမှာ အဖိုးအိုက အိတ်ထဲက နောက်ထပ် ပစ္စည်းလေး တစ်ခုကို ဆွဲထုတ်လိုက်ပြန်တယ်.. သူ့လက်ထဲ ပါလာတာက လက်ကိုင် ပုဝါလေး တစ်ထည်။ အဲဒီ လက်ကိုင်ပုဝါလေးနဲ့ ချွေးစို့နေတဲ့ အဖွားရဲ့ နဖူးနဲ့ လည်ပင်းတို့ကို သာသာဖွဖွလေး သုတ်ပေးနေပါတယ်။ “အိုး သိပ်ကို ရိုမန်တစ်ဆန်လှတဲ့ ကြည်နူးဖွယ် မြင်ကွင်းကလေး ပါဘဲလား”  သေချာတာ ကတော့ အဲဒီမြင်ကွင်းကို ကြည့်နေမိတဲ့ သက်ထားရဲ့ မျက်နှာဟာ ကြည်နူးမှုတွေနဲ့ ပြုံးနေမိလိမ့်မယ်လို့ ထင်ပါတယ်။

အဖိုးကိုကြည့်ရတာ သူ့အပြုအမူတွေအတွက် ရှက်ကိုးရှက်ကန်းဖြစ်ဟန် ဘာမှ မတွေ့ရသလို ဒီလို လုပ်ပေးနေတာ ဟာလည်း သူ့အတွက် ဘာမှမထူးဆန်းသလို အမြဲလုပ်နေကျ အလုပ်တစ်ခုကို လုပ်နေတဲ့ပုံစံမျိုးနဲ့။ သက်တောင့် သက်သာ စေတနာ မေတ္တာအပြည့်နဲ့ပါဘဲ။ အဖွားအိုကရော.. သူ့မျက်နှာပေါ်လည်း အဖိုးကို ချစ်ခင်မြတ်နိုးခြင်း၊ အားကိုးယုံကြည်ခြင်းတွေအပြည့်နဲ့ အဖိုးခုလို လုပ်ပေးနေတာကို ကြည်နူးနှစ်သက်နေတဲ့ အပြုံးကလေးနဲ့အတူ မျက်နှာလေးက အသက်အရွယ်ကြောင့် အိုမင်းရင့်ရော်နေပေမဲ့လို့ ချစ်ခြင်း မေတ္တာရဲ့ ရောင်ပြန်ဟပ်မှုကြောင့် ရွှန်းစို လင်းလက်လို့ပါဘဲ။ သူတို့ နှစ်ဦးကိုကြည့်ပြီး သက်ထားရင်ထဲက သောက တို့ကိုတောင် ခဏမေ့သွားတယ်လို့ ထင်မိတော့တယ်။

ရေသောက်ပြီး ရေဘူးလေးကို အဖိုးကိုပြန်ပေးလိုက်တဲ့ အဖွားဟာ လက်ကိုင်ပုဝါကို ပြန်ဆွဲယူလို့ အဖိုးအိုကို ယုယ ကြင်နာစွာနဲ့ တစ်လှည့် ပြန်သုတ်ပေးနေပါတယ်.. ပြီးသွားတော့မှ တစ်ယောက်တည်း ထိုင်နေတဲ့ သက်ထား ဘက်ကို လှည့်ကြည့်ပြီး “သမီးက တစ်ယောက်တည်းလား.. အဖော်မပါဘူးလား” လို့ မေးလာပါတယ်။ သက်ထားလဲ “အဖိုးနဲ့ အဖွားတို့လို ပျော်စရာ အဖော် မရှိဘူးလေ” လို့ ရယ်ရွှင်ပြပြနဲ့ နောက်တောက်တောက်လေး လုပ်ကာ ပြန်ဖြေလိုက် ပါတယ်။ သူတို့ ၂ယောက်ကို ကြည့်ပြီး သက်ထားစိတ်ထဲမှာ ရင်းရင်းနှီးနှီးကို ခံစားနေ မိပြီး အလိုလို ရွှင်မြုးနေတဲ့ စိတ်ကလေး ဖြစ်နေခဲ့မိ တာကြောင့်ပါ။ အဖိုးအဖွားတို့က သက်ထားရဲ့စကားကို ခပ်ဟက်ဟက်လေး ရယ်မော လိုက်ကြပါတယ်။ ချစ်ဖို့ တကယ်ကို ကောင်းတဲ့ အဖိုးအဖွား စုံတွဲပါဘဲ။ အဖိုးနဲ့အဖွားကို ကြည့်ရင်း စိတ်ထဲကနေ မေးခွန်းလေးတွေ မေးကြည့်ချင်လာတာကြောင့် စကားစလိုက်မိပါပြီ..

“အဖွားတို့ကို ကြည့်ရတာ အရမ်းကြည်နူးစရာ၊ အားကျစရာကောင်းတယ်နော်..  အိမ်ထောင်သက် ဘယ်လောက် ကြာပြီလဲဟင်”

သက်ထားရဲ့အမေးကို အဖွားက ပြုံးပြုံးကလေးနဲ့ “အဖွားတို့က ငယ်လင်ငယ်မယားတွေ သမီးရဲ့ .. အဖွား ၁၈နှစ် သမီးရဲ့အဖိုး အသက် ၂၂မှာ အိမ်ထောင်ကျတာ ဆိုတော့ အခု အဖွားက ၇၈၊ အင်း နှစ် ၆၀ရှိပြီပေါ့သမီးရယ်.. ” လို့ ပြန်ဖြေပါတယ်..

“သားသမီးတွေရော ဘယ်နှယောက်ရှိလဲ” လို့မေးပြန်တော့ “သား၂ယောက် သမီး၎ယောက်ရှိတယ် သမီးရေ.. အားလုံး အိမ်ထောင်ကျလို့ အဖွားတို့မှာ မြေးတွေချည်း ၂၀ကျော်နေပြီ… အဲ မြစ်တွေတောင် တစ်ချို့ အိမ်ထောင် ကျသူ ကျနေပြီလေ” လို့ပြန်ပြောပါတယ်။ အဖွားရဲ့အသံက အရမ်းကို နူးညံ့ သိမ်မွေ့တာပါဘဲ.. လေသံလေးကလဲ ချိုချိုအေးအေးလေးနဲ့။ ကြည့်ရတာ သူ့တစ်သက်မှာ ကြမ်းကြမ်းတမ်းတမ်း စကားတို့ကိုပင် ဆိုခဲ့ဖူးပုံမပေါ်ပါ..

“အဖွားတို့ကြည့်ရတာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ခင်ကြတာဘဲနော်.. အဖွားတို့ အိမ်ထောင်သက်မှာ ရန်တစ်ခါမှ မဖြစ်ဖူးဘူးလား” လို့ မေးမိတော့ အဖိုးက ပြန်ဖြေပါတယ်.. “အဖွားက စိတ်ကောင်းတယ် သမီးရဲ့။ အဖိုးက လူငယ် ဘဝတုန်းကတော့ စိတ်ဆတ်တာပေါ့။ ဒါပေမဲ့ အဖိုးစိတ်ဆိုးမယ်ပြင်ရင် သူက အရင် အလျှော့ပေးလိုက်တော့ ဘယ်တော့မှ ရန်ဖြစ်တဲ့အဆင့်ကို မရောက်ပါဘူးကွယ်။ လူနှစ်ယောက်မှာ တစ်ယောက်က တင်းရင် တစ်ယောက်က အလျော့ပေးလိုက်တယ်ဆိုရင် ပြီးသွားတာဘဲ မဟုတ်လား သမီးရယ်  ”

“သူကလဲ အဖွားအပေါ် ညှာတာတာကိုးသမီးရဲ့။ အဖွားကို အော်ဟစ်ဆူပူတာမျိုး မဖြစ်ခဲ့ဖူးတော့လည်း ရန်ဖြစ်တယ် ဆိုတာလည်း ဘယ်ရှိတော့မှာလဲ။ အဓိက ကတော့ နားလည်မှုပေါ့သမီးရယ်.. အဖိုးက အဖွားအပေါ် အမြဲတမ်း နားလည်မှုပေးခဲ့တယ်.. အိမ်ထောင်ဦးစီး ပီပီသသနဲ့ အဖွားကို ငဲ့ညှာတယ်။ ကြင်နာတယ်လေ။. အဖွားတို့ မိန်းမတွေရဲ့ စိတ်က ကိုယ့်ယောက်ျားကို အားကိုးတွယ်တာ တတ်တဲ့ စိတ်မျိုး ရှိတယ် မဟုတ်လား။ ယောက်ျားလုပ်သူက ကောင်းနေရင် မိန်းမတွေကလဲ အိမ်ထောင်ရှင်မ ကောင်း ပီသဖို့ ဘယ် ဝန်လေးတော့မလဲ သမီးရယ်…  ကိုယ်ချစ်လို့ ထူထောင်ထားတဲ့အိမ်ထောင်ရေးကို တစ်သက်လုံး ပျော်ပျော် ရွှင်ရွှင် အေးအေး ချမ်းချမ်းနဲ့ ရိုးမြေကျတဲ့အထိ ဖြတ်သန်းချင်တာလေ.. သမီးအဖိုးကလဲ ဒီလို စိတ်မျိုးဘဲရှိပါတယ်.. ဒီတော့ အဖွားတို့က မချမ်းသာပေမဲ့ ဘ၀ကို နားလည်မှုလေးတွေနဲ့ တည်ဆောက်ကြတော့ စိတ်အေးချမ်းတယ် သမီးရဲ့”  အဖွားရဲ့ လေသံ အေးအေးလေးက သူ့ရဲ့စိတ်လေးလိုပါဘဲ အေးချမ်းလိုက်တာ သူတို့ပြောတဲ့ စကားတွေဟာ အမှန်ဖြစ်လိမ့်မယ်ဆိုတာ သံသယဖြစ်စရာ မရှိလောက်အောင် သက်ထား ရင်ထဲက ယုံကြည်မိ ပါတယ်။သူတို့ရဲ့ စိတ်သဏ္ဍာန်တွေက  သူတို့ရဲ့ အပြုအမူ ပေါ်မှာတင်မက မျက်နှာပေါ်မှာပါ ဖော်ပြနေ သားဘဲလေ။

“အဖွားတို့အိမ်ထောင်ရေးက သိပ်စိတ်ချမ်းသာစရာ ကောင်းတာဘဲနော် .. နှစ်ယောက်လုံးက ချစ်ဖို့ကောင်းတယ်။ သဘောလည်း ကောင်းလို့လေ။ အဖိုးရဲ့ နားလည်မှုကို ရထားတဲ့ အဖွားက ကံကောင်းသလို အလျှော့ပေးတတ်တဲ့ အဖွားကို ရတာလဲ အဖိုး ကံကောင်းတာပါဘဲနော် ”

သက်ထားက ပြောလိုက်တော့ အဖွားက သက်ထားကို ရင်းနှီးခင်မင်စိတ်ကြောင့် ထင်ပါရဲ့.. မေးခွန်းလေး တစ်ခု ပြန်မေး ပါတယ်..  “ဒီလိုဆို သမီးကရော သမီးရရှိထားတဲ့အချစ်က ဘယ်လို အချစ်မျိုးလဲ.. နားလည်မှုပေးတဲ့ အချစ်လား။ အလျှော့ပေးတဲ့ အချစ်မျိုးလား၊ အဲဒီအချစ်မှာ သမီးကိုယ်တိုင်ကရော စိတ်ချမ်းမြေ့မှု ရရဲ့လား” တဲ့

သူမ ကသာ မေးခွန်းတွေ တောက်လျှောက် မေးလာခဲ့ပေမဲ့ ရုတ်တရက် ပြန်မေးလိုက်တဲ့ အဖွားရဲ့ မေးခွန်းမှာ သက်ထားရဲ့ နှုတ်ခမ်းတွေဟာ ဆွံ့အလို့ သွားခဲ့ပါတယ်။ ပြန်ဖြေစရာ စကား ရှာမရတာနဲ့ဘဲ  ခပ်ပြုံးပြုံးလေးသာ လုပ်နေ လိုက်မိပါတော့တယ်၊ တကယ်တမ်းတော့  အဖွားရဲ့ မေးခွန်းကို သက်ထား သိပ်ဖြေချင်ပါတယ်။ အဲဒီလို ဖြေချင်တဲ့ စကားလုံးလေးတွေ ဟာလည်း “ သမီး ရရှိထားတဲ့ ချစ်ခြင်းမှာ စိတ်ချမ်းမြေ့ပါ တယ်။ ပျော်ရွှင်ကျေနပ်ပါတယ်” လို့ ဖြေချင်ခဲ့မိတယ်။ ဒါပေမဲ့ စိတ်ထဲက တကယ်တမ်း တီးတိုးလေး ပြောနေမိတာက “သမီးလဲ အဖွားလို ကံကောင်းချင် ပါတယ်။ ချစ်ခြင်းမှာ သာယာ ချမ်းမြေ့ချင်တာပါဘဲ အဖွားရယ်။  ဒါပေမဲ့ အဖွားလို ကံမကောင်းခဲ့ပါဘူး”

အကြာကြီး တိတ်ဆိတ်သွားတဲ့ သက်ထားကိုကြည့်ပြီး အဖိုးက “ကဲ... သမီးရေ.. မမှောင်ခင် အဖိုးတို့ ပြန်လိုက်ဦးမယ်.. ညနေတိုင်း အဖိုးတို့က လမ်း လာလာလျှောက် တယ်လေ.. ဟိုးနားလေးက အိမ်မှာနေတယ် သမီးရေ။ ရောက်ရင် ဝင်လာလည်နော်.. သမီးအဖွားက ခုချိန်ထိ အဖိုးကို ဟင်းချက်ကျွေးတုန်း.. သူက ဟင်းချက် သိပ်ကောင်းတာသမီးရဲ့။ လာလည်ရင် သမီးကို အဖွားလက်ရာနဲ့ ထမင်းကျွေးမယ်နော်။” လို့ ပြောလိုက်ရင်း  တောင်ဝှေးကိုကောက်လို့ အရင် ထလိုက်ပြီး လက်ကလေးတစ်ဖက်ကို ကမ်းလိုက်ကာ အဖွား ထနိုင်အောင် ကြင်ကြင် နာနာလေး တွဲထူ လိုက်ပါတယ်။ အတွဲခံရတဲ့ အဖွားရဲ့ လက်ကလေးတွေကလည်း အဖိုးရဲ့ လက်တွေကို အားကိုးတကြီး ဆုပ်ကိုင်လို့။

“သမီးလဲ တစ်ယောက်တည်း ဆိုတော့ မမှောင်ခင်ပြန်နော်.. အကြာကြီး မထိုင်နဲ့။ မြစ်ဘက်ကနေ  လာတဲ့ လေက အေးတော့ အအေးမိနေဦးမယ်.. နောက်ကို ဟိုနားဘက်ရောက်ဖြစ်ရင် အဖွားတို့ဆီလဲ လာလည်နော်” လို့ လေသံ ချိုချိုအေးအေးလေးနဲ့ အဖွားက သက်ထားကို သံယောဇဉ် ကြီးတတ်စွာ ဝင်ပြောလိုက် ပါတယ်။



တစ်ယောက်လက် တစ်ယောက်တွဲပြီး တစ်ရွေ့ရွေ့ ဝေးကွာသွားတဲ့ အဖိုးနဲ့ အဖွားကိုကြည့်ပြီး ခံစားချက် တစ်မျိုးကြောင့် မျက်ရည်စတစ်ချို့တို့က သက်ထားရဲ့ မျက်ဝန်းအိမ်မှာ ရစ်ဝဲ လာမိပါတယ်။ ကြည်နူးမှုကြောင့် ကျတဲ့ မျက်ရည်လား။ ဘယ်လို ခံစားချက်ကြောင့် ကျတဲ့ မျက်ရည်လဲ ဆိုတာကိုတော့ သက်ထား ကိုယ်တိုင်တောင် ဝေခွဲဖို့ ခက်နေမိပါတယ်။ နားလည်စာနာမှု၊ အလျှော့ပေးသိတတ်မှု၊ ချစ်ခင် ကြင်နာမှုစတဲ့ အရာတွေနဲ့ လှလှပပ ယှက်ဖွဲ့ထားတဲ့ အဖိုးအိုနဲ့ အဖွားအိုတို့ရဲ့ လေးစားအားကျဖွယ် တူညီသော ချစ်ခြင်း မျိုးကိုတော့ မက်မက်မောမော လိုချင်ခဲ့မိသော်လည်း သက်ထားဟာ အချစ်နဲ့ ပတ်သက်လို့  အဖွားလို ကံကောင်းသူ တစ်ယောက် မဖြစ်ခဲ့ကြောင်း ကိုတော့ဖြင့် အဖိုးအဖွားတို့ကို ပြောမပြချင်တော့ပါ။ အချစ်ဆိုတာ တစ်ဦးနဲ့တစ်ဦး စာနာ နားလည်မှု၊ ဖေးမ ကူညီမှု၊ မြတ်နိုး တွယ်တာမှု၊ လေးစား ချစ်ခင်မှုတွေနဲ့ တည်ဆောက် ထားကြမယ်ဆိုရင် သာယာ လှပတဲ့ ပျော်ရွှင် ချမ်းမြေ့ဖွယ် ချစ်ခြင်းတစ်စုံ ဖြစ်လာမှာတော့ သေချာသားဘဲ မဟုတ်ပါ လားနော်။






လွန်ခဲ့တဲ့ ၂နှစ်က ရေးခဲ့ဖူးတဲ့ ဝတ္ထုတိုလေးပါ။ စာရေးဖို့ အချိန်မရသေးတာနဲ့ ဒီနေ့တော့ ဒီပိုစ့်လေးကို ပြန်တင် မိပါတယ်။ လူတိုင်းအတွက် တူညီသော ချစ်ခြင်းများကို ပိုင်ဆိုင်နိုင်ကြ ပါစေရှင်။