ချစ်ခင်ရပါသော ကျွန်မရဲ့ မိတ်ဆွေများ အားလုံး နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ.. ကြံစည်သမျှ ပြည့်ဝအောင်မြင်ကြပါစေရှင်။ မြန်မာ့နှစ်ဆန်း တစ်ရက်နေ့မှာ ကောင်းမှု ကုသိုလ် ပြုကြမြဲ ဓမ္မတာမို့ ဒီနေ့မှာတော့ ကျွန်မရဲ့ မိတ်ဆွေများကို ရှေးနှစ်ပေါင်းများစွာ ရခိုင်ဘုရင်မင်း အဆက်ဆက် ကိုးကွယ်ခဲ့ကြတဲ့ တန်ခိုးကြီးဘုရား တစ်ဆူကို ဖူးမျှော်စေချင်ပါတယ်။ အဲဒီဘုရားကတော့ ရခိုင်လူမျိုးတို့ရဲ့ နှလုံးသည်းပွတ်ပမာ ဖြစ်သော ၊ ရှေးရခိုင်မင်းနဲ့ ပြည်သူပြည်သားများ အဆက်ဆက် ကိုးကွယ်ခဲ့တဲ့ မဟာမြတ်မုနိ ရုပ်ပွားတော်ဖြစ်ပါတယ်။ စစ်တွေကနေ မြောက်ဦးမြို့ကို သွားတဲ့လမ်းပေါ်မှာ တည်ရှိပါတယ်။ စစ်တွေမြို့အကြောင်းကို ဆက်ရေးဖို့ ကျန်သေးပေမဲ့ ခုလို နှစ်ဆန်းတစ်ရက်နေ့မှာ ကြည်ညိုဖွယ်ရာ ဘုရားအကြောင်း မျှဝေချင်တာနဲ့ အခုလို မဟာမြတ်မုနိ ရုပ်ပွားတော်အကြောင်း ရေးလိုက်တာဖြစ်ပါတယ်။
မဟာမုနိဘုရားကြီး၊ ဓညဝတီမြို့ဟောင်းနယ်မြေ၊ ကျောက်တော်မြို့နယ်
စစ်တွေကနေ မြောက်ဦးကို သွားမယ်ဆိုရင် ရေလမ်းကနေ သွားရင် လမ်းမှာရှိတဲ့ မဟာမုနိ ဘုရားကို ဖူးရမှာ မဟုတ်ဘဲ၊ ကားနဲ့သွားမှသာ ကစ္ဆပနဒီ ကမ်းခြေက ကျောက်တော်မြို့ရှိ ကစ္ဆပနဒီ တံတားကြီးကို ကျော်ပြီးနောက် ၅မိုင်အကွာ သရက်တစ်ပင်ကျေးရွာ အလွန် မဟာမုနိကျေးရွာ ရောက်တဲ့အခါ ဘုရားကြီးအနီးမှာ ဖြတ်သန်းဖြတ်လာ ကားတွေအားလုံး ထမင်းစား ရပ်နားပါတယ်။ ဒီတော့ ထမင်းစားပြီးတာနဲ့ မဟာမုနိ ရုပ်ပွားတော်ကို တက်ရောက် ဖူးမျှော်နိုင်ပါတယ်။ မဟာမုနိရုပ်ပွားတော်ဟာ ဓညဝတီနန်းတော်ဟောင်းရဲ့ အချက်အခြာ နေရာမှာ တည်ရှိခဲ့ပါတယ်။ မဟာမုနိ ရုပ်ပွားတော် တည်ရှိရာ ကုန်းတော်မှ ပေအနည်းငယ်ခန့်အကွာမှာ ဓညဝတီ နန်းတော်ရာဟောင်းကို ယခုတိုင်မြင်တွေ့နိုင်ပါတယ်။ ဓညဝတီမြို့တော်ဟာ ခရစ်တော်မပေါ်မှီ ဘီစီ ၃၃၂၅ မှ အေဒီ ၃၂၇ထိ ရခိုင်တို့ရဲ့ ကြီးကျယ်ထင်ရှား စည်ကားခဲ့တဲ့ မင်းနေပြည်တော်ဖြစ်ခဲ့ပါတယ်။ ရှေးခေတ်က မြို့ဟောင်းများလို အဝိုင်းပုံသဏ္ဍာန် ရှိပြီး တံတိုင်းနှစ်ထပ်၊ ကျုံးနှစ်ထပ် တည်ထားခဲ့ပြီး ဧရိယာစတုရန်း ၂မိုင်မျှ ကျယ်ဝန်းပါတယ်။ ဓညဝတီမြို့တော်ဟောင်းရဲ့ မြို့ရိုးများကို ပြန်လည် တူးဖော်ပြီး ရှေးဟောင်းသုတေသနမှ ထိမ်းသိမ်းထားတာကြောင့် ကားလမ်းမပေါ်ကနေ ကြည့်ရင် မြေပြန့်ပေါ်မှာ ရှိနေတဲ့ အုတ်ရိုးများကို လှမ်းမြင်နိုင်ပါတယ်။


ဓညဝတီနန်းတော်ရာဟောင်း
ရခိုင်လူမျိုးများနဲ့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးများဟာ မဟာမုနိဘုရားကြီးကို ဖူးမျှော်ဖို့ လာရောက်ကြတာဟာ စည်ကားလှပါတယ်။ အချို့သောမြို့ရွာများမှ ဘုရားဖူးများဟာ ဘုရားကြီးအနီးက သရီချောင်းလက်တက်သို့ မော်တော်ဖြင့် ဘုရားဖူးလာရောက်ကြပါတယ်။ ဘုရားကြီး ပရဝုဏ်အနီးမှာ ထမင်းဆိုင်များလည်း ရှိပြီး မြန်မာထမင်းဟင်း၊ ရခိုင် ရိုးရာဟင်းတို့ကို နှစ်သက်ရာ မှာယူ သုံးဆောင်နိုင်ပါတယ်။ ရခိုင်ဟင်းတွေကတော့ဖြင့် ငရုပ်သီးစပ်လှပြီး စားရတာ ခံတွင်း အလွန်မြိန်ပါတယ်။ အစပ်ကြိုက်တဲ့ ကျွန်မအတွက်တော့ ရခိုင်ဟင်းစပ်ကို စားရတာ အလွန် နှစ်သက်မိပါတယ်။
 |
မော်တော်ဖြင့် ပျော်ပျော်ပါးပါး ဘုရားဖူးလာရောက်ကြသူများ
|
ရှေးခေတ် ရခိုင်ဘုရင်များဟာလည်း ဖောင်တော်ဖြင့် မဟာမြတ်မုနိဘုရားခြေတော်ရင်း လှေကားထိ ရောက်တဲ့ ချောင်းကနေ ဘုရားကြီးကို လာရောက်ဖူးမျှော်လေ့ရှိကြောင်း မှတ်တမ်းများ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ထမင်းစားပြီးတာနဲ့ ဘုရားဖူးဖို့ပေ၃၀ခန့်မြင့်တဲ့ ကုန်းတော်ပေါ်ကို စောင်းတန်းကနေ တက်လာခဲ့ပါတယ်။
စောင်းတန်းဘေးက ကာရံထားတဲ့ တံတိုင်းကြီးဟာ ရှေးဟောင်းလက်ရာပုံစံအတိုင်းတည်ဆောက်ထားပါတယ်။
ရင်ပြင်တော်ပေါ်က လှမ်းကြည့်ရင် မြင်ရတဲ့ မြတ်စွာဘုရားနှင့် ရဟန္တာ ငါးရာဆို့ ကြွချီလာဟန် ရုပ်ပုံတော်များ
ဒီမြင်ကွင်းကိုနိုင်ငံခြားသားတွေ အလွန်သဘောကျပြီး ရောက်လာတဲ့ သူတိုင်း ဒီနေရာကို ဓာတ်ပုံသေချာရိုက်တာကို တွေ့ရပါတယ်။

ရခိုင်မင်းများ ခေတ်အဆက်ဆက်က ကိုးကွယ်ခဲ့ကြတဲ့ ကြည်ညိုဖွယ်ရာ မဟာမုနိမြတ်စွာဘုရား ရုပ်ပွားတော်ပါ။
ရုပ်ပွားတော်ဟာ သတ္တဝါအများကို သနားကရုဏာ ထားတော်မူ ဟန်ဖြင့် ပြုံးတော်မူနေတဲ့ မျက်နှာသွင်ပြင် ရှိတယ်လို့ ဆိုကြပါတယ်။ ရှည်လျားလှတဲ့ သမိုင်းကြောင်း ရှိခဲ့တဲ့ မဟာမြတ်မုနိရုပ်ပွားတော်ရဲ့သမိုင်းကို အကျဉ်းချုပ် ပြောရရင် မဟာမုနိရုပ်ပွားတော်ကို သွန်းထုခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ကျော် မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်ခါက ဖြစ်ပါတယ်။ မဟာသက္ကရာဇ် ၁၂၃ခုနှစ် ရခိုင်တို့ဌာနေ ဓညဝတီပြည်ကြီးမှာ စန္ဒာသူရိယမင်း အုပ်ချုပ်စဉ် ဒက္ခိဏဒေသမှာ မြတ်စွာဘုရား ပွင့်တော်မူပါတယ်။ စန္ဒာသူရိယမင်းဟာ မြတ်စွာဘုရားပွင့်ကြောင်း ကြားသိရတဲ့အတွက် ဘုရားရှင်ကိုဖူးမျှော်လိုတဲ့ စိတ်ဆန္ဒတွေ ပြင်းပြစွာဖြစ်ပေါ် မိတဲ့အတွက် စိတ်တွင်းမှ အဓိဌာန်ဖြင့် မြတ်စွာဘုရားကို ပင့်ဖိတ်ပါတယ်။ ဘဝပေါင်းများစွာ ပါရမီအထုံပါခဲ့ဖူးတာကြောင့် မြတ်စွာဘုရားဟာ စန္ဒာသူရိယမင်းကြီးရဲ့ ပင့်ဖိတ်ချက်ကို သိတော်မူပြီး သာသနာအတွက် ချီးမြှင့်တော်မူရန် ရာဇဂြိုလ်ပြည်မှ ကောင်းကင်ခရီးဖြင့် ရခိုင်ပြည်သို့ ရဟန္တာ ၅၀၀နောက်တော်ပါးတို့နှင့် ကြွချီတော်မူလာပါတယ်။

မြတ်စွာဘုရားရှင်နဲ့ ရဟန္တာ ငါးရာတို့ဟာ ကစ္ဆပနဒီမြစ်ကမ်းဘေး ယခု ကျောက်တော်မြို့ တစ်ဖက်ကမ်းက သေလာဂီရိကျောက်တော်တောင်ထိပ်မှာ ရပ်နားတော်မူပါတယ်။ ဘုရင် စန္ဒာသူရိယမင်းနဲ့ တိုင်းသူပြည်သားတို့ဟာ မြတ်စွာဘုရားကို ဖူးမျှော်ကြပြီး တရားဓမ္မများ နာယူခွင့်ရခဲ့ကြပါတယ်။ ဘုရင်စန္ဒာသူရိယ မင်းကြီးဟာ နန်းတော်တွင်းကိုလည်း ပင့်ဖိတ်တော်မူပြီး ဘုရားရှင်နဲ့ ရဟန္တာတို့ကို ဆွမ်းကြွေးပြီး တရားဓမ္မများကို နာယူခဲ့ရတာကြောင့် ဗုဒ္ဓတရားတော်ကို နှစ်နှစ်ကာကာ ယုံကြည်မိပြီး မြတ်စွာဘုရားကိုလည်း အတိုင်းမသိ ကြည်ညိုသဒ္ဓါစိတ် ယိုဖိတ်မိပါတယ်။ မြတ်စွာဘုရားရှင် ရာဇဂြိုလ်ပြည်ကို ပြန်ကြွမှာကိုလည်း စိုးရိမ်စိတ်များဖြစ်ပေါ်လို့ နေပါတယ်။ ထို့ကြောင့်လည်း မြတ်စွာဘုရားကိုယ်စား ကိုးကွယ်ဖို့ ရုပ်ပွားတော် သွန်းလုပ်ခွင့်ပြုဖို့ မြတ်စွာဘုရားထံခွင့်ပန်တဲ့အခါ သာသာနာတော် ရေရှည်တည်တံ့စေရန် ရည်ရွယ်ပြီး ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပါတယ်။
မဟာသက္ကရာဇ် ၁၂၃ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှ စပြီး မြတ်စွာဘုရားကိုယ်ပွား ရုပ်ပွားတော်ကို ယခုကျောက်တော်တောင် (သီရိဂုတ်တောင်တော်) ပေါ်တွင် မင်းကြီးနှင့်အများပြည်သူ ကောင်းမှုတော်ဖြစ်သော ရတနာ ၆၅တင်းဖြင့် ကြိုချက်သွန်းလုပ်တော်မူပါတယ်။ သက္ကရာဇ် ၁၂၃ခု ကဆုန်လပြည့်ကျော် ၁ရက်၊ ကြာသပတေးနေ့ မနက်ခင်းမှာ မဟာမုနိ ရုပ်ပွားတော်မြတ်ကြီးကို သွန်းလုပ်ပြီးစီးတော်မူခဲ့ပါတယ်။ ယခုဖူးမြင်ရတဲ့ မဟာမြတ်မုနိရုပ်ပွားတော်ဟာ မဟာမုနိ ရုပ်ပွားတော်မှာ ဥာဏ်တော်အမြင့် ၄ပေ ၄လက်မအရွယ်ရှိပြီး ဦးခေါင်းတော်မှာ မကိုဋ်ဆောင်းထားပြီး လက်ဝဲဖက် လက်တော်သည် ရင်ခွင်ပေါ် ဖြန့်၍တင်ထားသည့် ထက်ဝယ်ဖွဲ့ ပုံတော်ဖြစ်ပါသည်။ လက်ယာဖက် လက်တော်သည် မဟာပထဝီမြေကြီးကို ထိကိုင်သက်သေပြုနေသည့်ဟန် မှောက်လျှက်ရှိသည့် ဘူမိဖဿ မုဒြာဖြစ်ပါတယ်။ ခြေတစ်ဖက်ကို အပေါ်တင်ပြီး အခြားတစ်ဖက်ကို အောက်လျှိုကာ ထိုင်နေတော်မူဟန်ဖြစ်ပါတယ်။
ခေတ်အဆက်ဆက် ရခိုင်မင်းတို့ ကိုးကွယ်ပြုပြင်ခဲ့ရာမှ အင်္ဂလိပ်ခေတ်မှာ ပျက်စီး ယိုယွင်းကုန်သဖြင့် ၁၈၆၇ခုနှစ်မှာ ရှမ်းပြည်မှ ဘုရားဖူးလာသည့် မောင်ရွှေမှုံ ဆိုသူက ပြန်လည် ပြုပြင်ခဲ့ပြီးနောက် နှစ်ပေါင်း ၃၀ကြာသည့်အခါ စစ်တွေမြို့မှ ကျက်သရေဆောင် ရွှေစလွယ်ဆုရ ရခိုင်သူဌေးကြီး ဦးရဲကျော်သူနဲ့ ဇနီးဒေါ်သန္တာဖြူတို့မှ ပြုပြင်မွန်းမံ လှူဒါန်းမှုများ ပြုလုပ်ခဲ့ခြင်းကြောင်း မဟာမြတ်မုနိ ရင်ပြင်တော်နဲ့ ပတ်ဝန်းကျင်တို့ဟာ သာသာယာယာ တင့်တင့်တယ်တယ် ဖြစ်လာခဲ့ရပါတယ်။ သူဌေး ဦးရဲကျော်သူတို့ဟာလည်း သီရိပဝရ သကျမာရဇိန် ရုပ်ပွားတော်ကြီးကိုလည်း မဟာမြတ်မုနိ ရုပ်ပွားတော်ကြီးရဲ့ဘေးမှာ စံပါယ်ဖို့ သွန်းလုပ်လှူဒါန်းခဲ့ပြီး အတုဝိစိတြဝေယံ တန်ဆောင်းတော်ကြီး ကိုလည်း ဆောက်လုပ် လှူဒါန်းခဲ့ပါတယ်။ မဟာမြတ်မုနိ ရုပ်ပွားတော် စံပါယ်ရန် ခမ်းနား ထည်ဝါလှစွာသော ဘုံအဆင့်ဆင့်ပါသည့် ကုဋီကြီးကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့ပြန်ပါတယ်။
မဟာမုနိ ရုပ်ပွားတော်နှင့် အရံရုပ်ပွားတော် နှစ်ဆူ
မဟာမုနိရုပ်ပွားတော်ကြီးဟာ တန်ခိုးကြီးလှပြီး ကြည်ညိုသဒ္ဓါဖြင့် ဖူးမျှော်ကြသူ ပေါများလှပါတယ်။ စေတနာထက်ထက်သန်သန်ဖြင့် လှူဒါန်းထားကြတဲ့ ရတနာ ရွှေငွေတို့ဟာလည်း မဟာမြတ်မုနိရုပ်ပွားတော်ကြီးပေါ်မှာ သဒ္ဓါကြည်ဖြူ ထူးဆန်းအံ့ဖွယ် တင့်တယ်လှစွာ ရှိကြပါတယ်။
မဟာမြတ်မုနိရုပ်ပွားတော်၏ မကိုဋ်တော်
မကိုဋ်တော်ပေါ်မှ အများပြည်သူ ကြည်ဖြူလှူဒါန်းထားသည့် ရတနာများကို သဒ္ဓါညွှတ်နူးစွာ ဖူးမြင်နိုင်ရန် အနီးကပ် ရိုက်လာခြင်းဖြစ်ပါတယ်။
မဟာမြတ်မုနိရုပ်ပွားတော်အား လှူဒါန်းထားသည့် ရွှေသားစစ်စစ် အသုံးအဆောင်တော်များ
ကလပ်ကြီး၊ ရွှေဖလားကြီး၊ ရွှေလင်ပန်း၊ ရွှေယပ်တောင်၊ ရွှေသပိတ်၊ ရွှေသပိတ်ဖုံး၊ ရွှေသပိတ်အခြေ၊ ရွှေတံပူ၊ ရွှေရေပန်းကရား၊ ရွှေပန်းကရားထည့်လင်ပန်း၊ ရွှေဖလားငယ် ၂ခု စသည် ၁၂မျိုးသော ရွှေထည်လှူဒါန်းမှုတို့မှာ စုစုပေါင်း ရွှေချိန် ၂ပိဿာနှင့် ၈၀ကျပ်သားရှိတယ်လို့ သိရပါတယ်။
သူဌေး ဦးရဲကျော်သူနှင့်ဇနီး လှူဒါန်းခဲ့သော သီရိပဝရသကျမာရဇိန် ရုပ်ပွားတော်ကြီး
ခမ်းနားလှသည့် ရွှေပိန်းချ တိုင်လုံးကြီးများနဲ့ မှန်စီပန်းကွက် မျက်နှာကျက်များ
ရှေးခေတ်လက်ရာ ကျွန်းတံခါးကြီးများ
တိုင်လုံးပေါ်မှ လက်ရာမြောက် ရုပ်ကြွများ
ကုဋီအပြင်ဖက်တွင် ဝယ်ယူပူဇော်နိုင်သည့်ကြေးသွန်း ရုပ်ပွားတော်များ
ရခိုင်လူမျိုးတို့၏ အထိမ်းအမှတ် အဆောင် ရုပ်ထုဖြစ်သော ဗျာလ် ခေါ် သတ္တဝါ ကိုးကောင်တို့၏ အစိတ်အပိုင်းများကို ပေါင်းစပ်ထားသည့် နဝရူပံ ရုပ်ထု
မဟာမုနိပြတိုက်
မဟာမုနိဘုရား ပရဝုဏ်အတွင်းမှာ ရေကန် ၁ခု အပြင်ဖက်မှာ ရေကန် တစ်ခု ရှိပါတယ်။ အတွင်းမှာ ရှိတာက စန္ဒာသူရိယ ဘုရင်ကြီးကိုယ်တိုင် တူးဖော်ခဲ့တဲ့ ဦးတော်ဆေးကန်ဖြစ်ပြီး ရေမှာကြည်လင် သန့်စင်နေသည့်အတွက် မဟာမြတ်မုနိ ဦးခေါင်းတော်အား ဆေးကြော သည့် ရေကန် ဖြစ်ပါတယ်။ နောက် တစ်ခုမှ မြတ်စွာဘုရားရှင်၏ ခြေတော်အားထိုကန်မှ ရေဖြင့် ဆေးကြောခဲ့သည့်အတွက် ခြေတော်ဆေးကန်အမည်ရသော ရေကန် ဖြစ်ပါတယ်။ ၄င်းအပြင် ကြီးမားလှတဲ့ ညောင်ပင်ကြီး နှစ်ပင်ကိုတော့ သိကြားညောင်ပင်နဲ့ သားဆုပန် ညောင်ပင်လို့ ခေါ်ကြပါတယ်။
သူဌေးဦးရဲကျော်သူ လှူဒါန်းသည့် ကြေးပိဿ ၃၄ဝဝ ရှိသော ခေါင်းလောင်းကြီး
မဟာမြတ်မုနိ ကဗျည်းကျောက်စာတိုင်
မြောက်ဦးမြို့ဟာ ရှေးဟောင်း စေတီပုထိုးတွေ ပေါများလှပြီး လေ့လာစရာ ရှေးခေတ်လက်မှု အနုပညာများ၊ စိတ်ဝင်စားဖွယ် ဗိသုကာပညာ၊ ကြေးသွန်း အတတ်ပညာများ စသည်တို့ ပေါများလှတာကြောင့် လာရောက်ကြတဲ့ ဘုရားဖူးများနဲ့ နိုင်ငံခြားခရီးသွားများ များပြားလှပါတယ်။ မြောက်ဦးမြို့ကို သွားကြသူတိုင်း ပြည်တွင်းပြည်ပ ခရီးသွားအားလုံးတို့ဟာ ကျောက်တော်မြို့အနီးက မဟာမြတ်မုနိဘုရားကို မဖြစ်မနေ သွားရောက် ဖူးမျှော်လေ့ ရှိကြတာကြောင့် အလွန်စည်ကားလှပါတယ်။
သမိုင်းကြောင်း ရှည်လျားပြီး ကြည်ညိုဖွယ် မဟာမြတ်မုနိ သမိုင်းကြောင်းကို ရေးသားရာမှာ ပိုစ့်တစ်ပုဒ်တည်းနဲ့ အားလုံးပြည့်စုံအောင် ဖော်ပြဖို့ မဖြစ်နိုင်တာကြောင့် အတိုချုပ်ပြီး ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ အချက်အလက်များ လိုအပ်ခြင်း၊ ဖော်ပြရန် ကျန်ရှိခြင်း၊ မှားယွင်းခြင်းတို့ ရှိခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် ပန်ကြားချင်ပါတယ်။ အကိုးအကားအဖြစ် မျှားအောင်ရဲ့ သမိုင်းထဲမှာ မြောက်ဦးဘုရားစေတီပုထိုးများနှင့် ဧည့်လမ်းညွှန်၊ သိန်းထွန်းအောင် (ရှေးဟောင်းသုတေသန)၏ ရခိုင် မဟာမြတ်မုနိ ဘုရားသမိုင်းနှင့် သိမှတ်ဖွယ်ရာများ စာအုပ်တို့မှ ကောက်နှုတ်ကိုးကားထားပါတယ်။
အားလုံးသော မိတ်ဆွေများ မင်္ဂလာရှိသော နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး ဆန္ဒများအားလုံး ပြည့်ဝအောင်မြင်ကြပါစေရှင်..