သခွားသီးထောင်း၊ ကြက်ဥထောင်း

ဒီတစ်ပတ်မှာ လုပ်စားဖြစ်တဲ့ အစားအသောက်တွေ ထဲက သခွားသီးထောင်း အကြောင်းကို ပြောပြချင်ပါတယ်။ သခွားသီးထောင်း ဆိုလို့ သခွားသီးကို ငရုပ်ဆုံထဲထည့်ပြီး ညက်ညက်ကြေအောင် ထောင်းပစ်လိုက်တာမျိုး မဟုတ်ပါဘူး။ အားလုံးလည်း စားဖူးကြတဲ့ သင်္ဘောသီးထောင်းနည်းအတိုင်း ထောင်းထားတဲ့ သခွားသီးထောင်း ဖြစ်ပါတယ်။ ဒီနည်းဟာလည်း ယိုးဒယားအစားအစာ ရောင်းချတဲ့ဆိုင်တွေမှာ စားဖူးခဲ့တဲ့ သခွားသီးထောင်းနည်း အတိုင်း ထောင်းထားတာ ဖြစ်ပါတယ်။ ပါဝင်တဲ့ ပစ္စည်း အဆာပလာတွေကလည်း သင်္ဘောသီးထောင်းမှာ ပါဝင်တဲ့အတိုင်းသာ ဖြစ်ပါတယ်။ 

 သခွားသီးထောင်း
*************
Image Hosted by PicturePush - Photo Sharing
သခွားသီးထောင်းဖို့အတွက် ပုံမှာမြင်ရတဲ့ သခွားသီးရှည်ရှည်သွယ်သွယ်မျိုးကို ထောင်းထားတာပါ။ တကယ်လို့ ခုလို သခွားသီးမရှိရင် ရိုးရိုးသခွားသီးကို အခွံနွာပြီး ထောင်းနိုင်ပါတယ်။ ခု သခွားသီးကတော့ အခွံပါ စားလို့ရတာကြောင့် အခွံမနွာဘဲ ပါးပါးလှီးပါတယ်။ 

Image Hosted by PicturePush - Photo Sharing
အခွံနွာပြီး ပါးပါးလှီးထားတဲ့ သခွားသီးတွေကို ခပ်တောင့်တောင့်လေးဖြစ်အောင် ရေအေးအေးမှာ ခဏစိမ်ထားလိုက်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing

ထို့နောက်မှာတော့ သခွားသီးကို ထောင်းပါတော့မယ်။ သခွားသီးထောင်းဖို့အတွက် ကြက်သွန်ဖြူ ၂မွှာခန့်ကို အရင်ထောင်းပါတယ်။ အစပ်ကြိုက်ရင် ငရုပ်သီးများများ ထည့်ထောင်းနိုင်ပါတယ်။ သခွားသီး၊ ခရမ်းချဉ်သီး ခပ်ထူထူးလှီး၊ ပဲတောင့်ရှည်ပို တစ်လက်မခန့်ဖြတ်၊ ပုဇွန်ခြောက်တို့ကိုထည့်ပါတယ်။ ဆား၊ ငံပြာရည်၊ အရသာမှုန့်၊ သကြား (အချို့က ထန်းညက်)၊ မြေပဲဆန်လှော်၊ သံပုရာသီးကို အရည်ညှစ်ပြီး အခွံပါ ထည့်လိုက်ပါတယ်။ ငံပြာရည်မရှိရင် ငပိနည်းနည်းလေး ထည့်ထောင်းနိုင်ပါတယ်။ အရောင်လှဖို့အတွက် ပုလင်းနဲ့လာတဲ့ ခရမ်းချဉ်သီးဆောစ့် အနည်းငယ်ကို ထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing


အပြည့်အစုံထည့်ပြီးပြီဆိုရင် သစ်သားကျည်ပွေ့လေးနဲ့ ဖြေးဖြေးလေး ထောင်းရုံထောင်းပါတယ်။ အရသာတွေအားလုံး ရောသွားပြီဆိုရင် ချဉ်ချဉ်ချိုချိုစပ်စပ်လေးနဲ့ သခွားသီးထောင်းရပါပြီ။

Image Hosted by PicturePush - Photo Sharing
 ချိုချဉ်ငံစပ် သခွားသီးထောင်း



Image Hosted by PicturePush - Photo Sharing
 နံနံ၊ ကန်ဇွန်ရွက်တို့နဲ့ တွဲဖက်ပြီး စားဖို့ပါ




ချဉ်ချဉ်ချိုချို စပ်စပ် ကြိုက်သူများအတွက် အဆင်ပြေမဲ့ သခွားသီးထောင်းပါ။ ဒီနည်းနဲ့ ဂေါ်ရခါးသီး၊ ဆလပ်ရိုးတို့ကိုလည်း ထောင်းနိုင်ပါသေးတယ်။ 


ကြက်ဥထောင်း
**********

တလက်စတည်းမှာ  ကြက်ဥထောင်းနည်းကို ပြောပြချင်ပါသေး တယ်။ ကြက်ဥထောင်းဆိုလို့ အပေါ်က နည်းတွေနဲ့ ချဉ်ချဉ်စပ်စပ် ထောင်းတာမျိုး မဟုတ်ပါဘူး။ ဒီနည်းကတော့ ကျွန်မတို့ကချင်ပြည်နယ်မှာ ထောင်းစားလေ့ရှိတဲ့ ကြက်ဥ ငရုပ်သီးထောင်းနည်းဖြစ်ပါတယ်။ ပထဦးဆုံး ကြက်ဥ ၂လုံး ၃လုံးကို ကျက်အောင် ပြုတ်လိုက်ပါတယ်။ ကျက်ရင် ရေအေးမှာစိမ်ပြီး အခွံခွာထားလိုက်ပါတယ်။
 ကြက်ဥပြုတ်၊ ငရုပ်သီး၊ ကြက်သွန်ဖြူ


Image Hosted by PicturePush - Photo Sharing
 ထို့နောက် ကြက်ဥကို သေးသေးလေးတွေဖြစ်အောင် ဓားနဲ့ စင်းထားလိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing
ကြက်သွန်ဖြူနဲ့ ငရုပ်သီးကို အရင်ထောင်းပါတယ်။ ညက်ရင် ကြက်ဥကို ထည့်ထောင်းပြီး ဆား၊ အရသာမှုန့်တို့ကိုထည့်ပါတယ်။ ပြီးရင် ပါးပါးလှီးထားတဲ့ နံနံပင်၊ ဖက်ဖယ်ရွက်တို့ကို ထည့်လိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing
 
ကြက်ဥကို ငရုပ်သီးနဲ့ ထောင်းစားတဲ့ ကြက်ဥ ငရုပ်သီးထောင်းပါ။ ဒီ ကြက်ဥ ငရုပ်သီးထောင်းကတော့ အချဉ်ရည်ဟင်းတွေနဲ့ လိုက်ဖက်တဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်။ 


အားလုံးအတွက် ပျော်ရွှင်သော အားလပ်ရက်များဖြစ်ကြပါစေရှင်.. 





ကစ္ဆပနဒီနဲ့ ဘင်္ဂလားပင်လယ်အော်တို့ ဆုံကြလေသောအခါ...

စစ်တွေမြို့မှာ အလှဆုံး နေရာလေးတစ်ခုကို ပြောပါဆိုရင် ကစ္ဆပနဒီမြစ် (ကုလားတန်မြစ်) နဲ့ ဘင်္ဂလား ပင်လယ်အော်တို့ ဆုံတဲ့ စစ်တွေ ပွိုင့်ဟာ အလှဆုံးနေရာ တစ်ခုလို့ ညွှန်းဆိုချင်ပါတယ်။ စစ်တွေမြို့သူ မြို့သားများနဲ့ စစ်တွေမြို့ကို ရောက်ဖူးသူများကလည်း မှန်ကန်ကြောင်း ထောက်ခံကြမယ်လို့ ထင်ပါတယ်နော်။ ဘယ်လိုဘဲဖြစ်ဖြစ် မြစ်တစ်စင်း ပင်လယ်ထဲ စီးဝင်တဲ့နေရာ (ဒါမှမဟုတ် မြစ်နဲ့ ပင်လယ်တို့ ပေါင်းဆုံ ကြတဲ့နေရာ ) ဆိုကတည်းက စိတ်ဝင်စားဖို့တော့ ကောင်းနေတယ်လို့ ထင်မိပါတယ်။ အဲဒီလို ကစ္ဆပနဒီမြစ်ကြီး ဘင်္ဂလားပင်လယ်အော်နဲ့ ဆုံကြတဲ့အတွက် စစ်တွေမြို့ရဲ့ အလှဆုံး ဗျူးပွိုင့်ဆိုတဲ့နေရာ ဖြစ်လာတာမဟုတ်ပါလားနော်။ 

ကစ္ဆပနဒီနဲ့ ပင်လယ်ဆုံမှတ်ဖြစ်တဲ့ ပွိုင့်ရဲ့ အနေအထားကို ပြထားတဲ့ မြေပုံပါ။  

ရန်ကုန်ကနေ လေယာဉ်နဲ့ ထွက်လာရာ စစ်တွေကို မနက် ၁၁နာရီလောက်မှာ ရောက်ပြီး ထမင်း စားသောက်ကာ စစ်တွေမြို့ထဲရှိ ဘုရားများနဲ့ လည်ပတ်စရာနေရာတို့ကို လည်ပတ်ပြီး နောက်ဆုံးမှ ပွိုင့်ကို သွားကြတာဖြစ်ပါတယ်။ ပွိုင့်ကို ရောက်တဲ့အဲဒီအချိန်ဟာ ညနေစောင်းပြီ ဖြစ်ပါတယ်။ စစ်တွေမြို့ကိုလည်ပတ်ကြည့်ရှုရာမှာ ငှားလာတဲ့ ကားသမားလေးဟာ ရခိုင်သံဝဲဝဲနဲ့ တစ်မြို့လုံးကို လိုက်လည်းပို့၊ ရှင်းလည်း ရှင်းပြပါတယ်။ သူလိုက်ပြတဲ့ နေရာတွေထဲက ထူးထူးဆန်းဆန်း တစ်နေရာကို ပြချင်ပါသေးတယ်။ 


Image Hosted by PicturePush - Photo Sharing

အဲဒါကတော့ ပုံထဲမှာမြင်ရတဲ့အတိုင်းပါဘဲ။ သစ်ပင်ကြီးတစ်ပင်လုံးပေါ်မှာရှိနေတဲ့ လင်းဆွဲတွေပါ။ အရွက်တောင် မရှိတော့အောင် တစ်ပင်လုံးမှာ တွဲလောင်းချိတ်ပြီးနေ့ခင်းကြောင်တောင်မှာ ရှိနေတဲ့ လင်းဆွဲတွေကို သူလိုက်ပြတော့ ရီလဲရီချင်၊ သဘောလဲကျပြီး ဓာတ်ပုံရိုက်ခဲ့တာပါ။ 

ကုလားတန်မြစ်လို့ ခေါ်တဲ့ ကစ္ဆပနဒီမြစ်ကမ်းဘက်ကနေ ပွိုင့်ကို ကားနဲ့ထွက်လာရာမှာ လမ်းတွေကို ကွန်ကရစ် ခင်းပြီး ပြုပြင်နေတာမို့ မကြာခင်မှာ မြစ်ကမ်းတစ်လျှောက် ခုထက်ပိုပြီး သာယာ လှပနေတော့မှာ သေချာသလောက် ရှိပါတယ်။ ကစ္ဆပနဒီမြစ်ကမ်းဘေးအတိုင်း ပတ်လာရင်း မြစ်ကြီးကို ကြည့်ပြီး ကစ္ဆပနဒီရယ်လို့ လှပခမ်းနားတဲ့ နာမည်ရှိခဲ့ပေမဲ့ ဘာကြောင့်များ ကုလားတန်မြစ် ရယ်လို့ ခေါ်ကြတယ်ဆိုတာ နားမလည်နိုင် ဖြစ်မိပါတယ်။ ကျွန်မအနေနဲ့ကတော့ ကစ္ဆပနဒီဆိုတဲ့ နာမည်လေးကို ပိုသဘောကျနှစ်သက်မိပါတယ်။ 

Image Hosted by PicturePush - Photo Sharing
 ကစ္ဆပနဒီမြစ်ကမ်းဘေး

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ဒီပုံတွေကတော့ ကစ္ဆပနဒီ မြစ်ကမ်းဘေးတစ်လျှောက် ရှုခင်းတွေ ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ပွိုင့်သို့ဝင်ရာ ကမ်းခြေပတ်လမ်း

Image Hosted by PicturePush - Photo Sharing

ပင်လယ်နဲ့မြစ်တစ်စင်းတို့လှလှပပ ပေါင်းဆုံရာနေရာဖြစ်တဲ့ ပွိုင့်ကိုရောက်ပါပြီ။

Image Hosted by PicturePush - Photo Sharing

ပွိုင့်မှာရှိတဲ့ မျှော်စဉ်ပါ။ မျှော်စဉ်ပေါ်တက်ပြီးလည်း ရှုခင်းတွေကို ကြည့်ရှုနိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ပွိုင့်မှာ စားသောက်ဆိုင်လည်း ရှိတဲ့အတွက် စားရင်းသောက်ရင်းလည်း ရှုခင်းများကို ကြည့်ရှုနိုင်ပါသေးတယ်။ 


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ပွိုင့်မှာ အမှတ်တရထားရှိတဲ့ ရှေးဟောင်းထန်းလုံးအမြောက်ပါ။ ပင်လယ်ပြင်ကို ချိန်ရွယ်ထားဟန် ထားရှိနေပုံကိုကြည့်ပြီး ဒီအမြောက်ဟာ ပင်လယ်ဘက်က လာသမျှ အန္တရာယ်ကို တွန်းလှန်တိုက်ခိုက်ပစ်မဲ့ ပုံသဏ္ဍာန်ရတယ်လို့ ကျွန်မစိတ်ထဲ တွေးလိုက်မိပါသေးတယ်။

Image Hosted by PicturePush - Photo Sharing
 လှပသာယာပွိုင့်ကမ်းခြေမှာ

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
 ကစ္ဆပနဒီမြစ်ဘက်ခြမ်း


Image Hosted by PicturePush - Photo Sharing

ဒီနေရာကတော့ ပင်လယ်နဲ့ မြစ်တစ်စင်းတို့ရဲ့ အလယ်ဆုံမှတ်ဘဲဖြစ်မယ်ထင်ပါရဲ့

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

ဆည်းဆာအောက်က စစ်တွေကမ်းခြေ

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ဒီပုံတွေကတော့ကမ်းစပ်က ကျောက်ဆောင်တွေပေါ် ဆင်းပြီးရိုက်ထားတာပါ။ ပွိုင့်မှာ ရှိနေတဲ့ ကျောက်ဆောင်တွေဟာ မြင်ရတဲ့အတိုင်း အလွှာအထပ်ထပ်တွေနဲ့မို့ စိတ်ဝင်စားဖို့ကောင်းပြီး ကြည့်လို့လည်း အလွန်လှပါတယ်။ ပင်လယ်ရဲ့ ရိုက်ခတ်မှုကြောင့် ခုလို အလွှာအထပ်တွေ ဖြစ်နေတာလား။ ဘာကြောင့်ခုလို ဖြစ်နေတာလဲဆိုတာတော့ မသိနိုင်ပါဘူး။ 


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
ဟိုးခပ်လှမ်းလှမ်းမှာတော့ ကျွန်းကလေးတစ်ကျွန်းကို မှုန်ပြပြမြင်နေရပြီး အဲဒီကျွန်းပေါ်မှာတော့ အင်္ဂလိပ်ခေတ်က ဆောက်လုပ်ခဲ့တဲ့ မီးပြတိုက်အဟောင်း ရှိနေပါတယ်။

Image Hosted by PicturePush - Photo Sharing

 ဒါကတော့ ယခုမှ ဆောက်လုပ်ထားတဲ့ မီးပြတိုက်အသစ်လို့ ဆိုပါတယ်။


Image Hosted by PicturePush - Photo Sharing
 မျှော်စင်ပေါ်ကနေ မြင်ရတဲ့ ရှုခင်းပါ။ ညနေစောင်းလာပြီမို့ နေလုံးကြီးက ပင်လယ်ထဲကို ငုတ်လျှိုးစ ပြုလာပြီမို့ နေဝင်ချိန်ကို ထိုင်ကြည့်ဖို့ စားပွဲတွေဆီကို သွားကြပြီး အုန်းရေလေးသောက်ရင်းနဲ့ ပင်လယ်ရဲ့ ဆည်းဆာချိန်ကို စောင့်ကြည့်ရတာ တကယ်ကို အရသာရှိလှပါတယ်။


Image Hosted by PicturePush - Photo Sharing

စစ်တွေပွိုင့်ကနေလှမ်းမြင်ရတဲ့ ပင်လယ်ရဲ့ ဆည်းဆာအလှ 

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

ငါးဖမ်းလှေတွေ ပင်လယ်ထဲ ထွက်ကြပြီလား.. ငါးဖမ်းပြီး ပြန်လာကြလေသလား.. မသိပေမဲ့ ဆည်းဆာရဲ့အောက်မှာ ငါးဖမ်းလှေတွေကလည်း ခန့်ညားလှပလို့နေခဲ့တယ်။ 

Image Hosted by PicturePush - Photo Sharing


နောက်ဆုံးမှာ နေလုံးကြီးပင်လယ်ထဲ ငုတ်လျှိုးသွားတာနဲ့ စစ်တွေပွိုင့်ကနေ ပြန်လာပါတော့တယ်။ လှပလွန်းတဲ့ စစ်တွေပွိုင့်ရဲ့ အလှကိုကြည့်ဖို့ နောက်တစ်ကြိမ် အခွင့်သာရင် ထပ်လာပါဦးမယ်လို့လည်း စိတ်ထဲကနေ တိတ်တိတ်လေး ဆန္ဒပြုခဲ့ပါသေးတယ်။

Image Hosted by PicturePush - Photo Sharing

ကျွန်မတို့တည်းတဲ့ စစ်တွေ ဟိုတယ်ကလည်း ကမ်းခြေမှာဘဲ ရှိတဲ့အတွက် ဟိုတယ်ရောက်တာနဲ့ အဝတ်အစားလဲပြီး ကမ်းခြေကိုအပြေးအလွှားဆင်းကာ ဓာတ်ပုံရိုက်ပါတော့တယ်။ ခုပုံတွေကတော့ စစ်တွေ ကမ်းခြေ (ဘင်္ဂလားပင်လယ်အော်ရဲ့ နေဝင်သွားပြီးတဲ့နောက်) ရိုက်ထားတဲ့ ပုံတွေပါ။
Image Hosted by PicturePush - Photo Sharing




Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

 ဒီပုံလေးကိုတော့ ပင်လယ်ရဲ့ ကဗျာလို့ ကျွန်မ တင်စားပြီး ရိုက်ခဲ့တဲ့ပုံလေးပါ။ ပင်လယ်ကြီးကတော့ နေဝင်သွားပြီးတာတောင် အလှကြီးလှနေတုန်းဘဲဆိုတာ ပုံလေးတွေကြည့်ပြီး လက်ခံနိုင်မယ် ထင်ပါတယ်နော်။ :P 

ကမ်းစပ်ကနေ ပြန်တက်လာတော့ တော်တော်လေး မိုးချုပ်နေပါပြီ။ ဟိုတယ် ဝင်ပေါက်နားမှာ လူငယ်လေးတစ်ယောက် ရပ်စောင့်နေတာကိုတွေ့ရပြီး သူတို့က ကမ်းခြေကို ဆင်းသွားတဲ့ ဟိုတယ်ဧည့်သည်တွေရဲ့ လုံခြုံရေးကို စောင့်ကြည့်ပေးနေတဲ့ ဟိုတယ် ဝန်ထမ်းလေး ဖြစ်တာကို တွေ့လိုက်ရတော့  ဟိုတယ်ရဲ့ ဝန်ဆောင်မှုကို စိတ်ထဲက အသိအမှတ် ပြုလိုက်မိ ပါတယ်။

နောက်တစ်နေ့ မနက်မှာတော့ အစောကြီးထပြီး မြောက်ဦးမြို့ကို ကားနဲ့ခရီးဆက်ခဲ့ပါတော့တယ်။ မကြာခင်မှာတော့ မြောက်ဦးမြို့ရဲ့ ရှေးဟောင်းစေတီပုထိုးများအကြောင်း ရေးပါတော့မယ်ရှင်။ ဆက်လက် အားပေးကြပါဦးလို့လည်း ပြောချင်ပါတယ်နော်။ 


ချစ်သော မိတ်ဆွေများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ရှင်။




အမာရွတ်များ

လွန်ခဲ့တဲ့ နှစ်များက ဖလော်ရီဒါမြောက်ပိုင်းဒေသရဲ့ ပူအိုက်လှတဲ့ တစ်ခုသော နွေရာသီမှာ အသက် ၇နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ သူ့အိမ်နောက်ဖက်က ရေကန်မှာ ရေဆင်းကူးဖို့ စိတ်ကူး ရလိုက်တာနဲ့ အိမ်နောက်ဖေးတံခါးကနေ ပြေးထွက်သွားပါတယ်.. ရေကန်ဘက်ကို သွားနေရင်းနဲ့ ဖိနပ်၊ ခြေအိတ်၊ အင်္ကျီ စတာတွေကိုလည်း ဆွဲချွတ်သွားခဲ့ ပါတယ်။ ရေကန်နားရောက်တယ် ဆိုရင်ဘဲ အေးစိမ့်နေတဲ့ရေပြင်ထဲကို ဒိုင်ဗင် ထိုးဆင်းလိုက်ပါတော့တယ်။

ကောင်လေး ရေကန်ထဲမှာ ကူးခတ်ကစားနေရင်းနဲ့ တဖြေးဖြေး ရေကန်အလယ်ကို ရောက်ရှိသွားပါတယ်။ အဲဒီအချိန်မှာဘဲ ရေကန်ရဲ့ တစ်ဖက်ခြမ်းမှာ ရောက်နေတဲ့ မိကျောင်း တစ်ကောင်ဟာ ကောင်လေးကို မြင်လိုက်ပြီး ကောင်လေးရှိရာကို တိတ်တဆိတ် ကူးခတ် လာခဲ့ပါတော့ တယ်။ အဲဒီမြင်ကွင်းကို အိမ်ထဲက ပြတင်းပေါက်ကနေ သားလေး ရေကူးတာ ကို စောင့်ကြည့်နေတဲ့ မိခင်ဖြစ်သူက လှမ်းမြင်လိုက်ပါတယ်။ မိကျောင်းနဲ့ တဖြေးဖြေး နီးကပ်နေပြီဖြစ်တဲ့ သားလေးအတွက် စိုးရိမ်ပူပန်စိတ်တွေနဲ့ အိမ်ထဲကနေ ရေကန်ဆီ ပြေးထွက်လာတဲ့ မိခင်ဖြစ်သူဟာ ပါးစပ်ကနေလည်း သူ့သာလေးကြားအောင် အသံကျယ်နိုင်သမျှ ကျယ်ကျယ်အော်ပြီး ကမ်းစပ်ကို ပြန်ကူးလာဖို့ အော်ဟစ် ပါတော့တယ်။


သူ့အမေအော်သံကို ကြားလိုက်တဲ့ ကောင်လေးဟာ အလန့်တကြားဖြစ်ပြီး မိခင်ရှိရာဘက်ကို အလျှင်အမြန် ပြန်လည် ကူးခတ်လာပေမဲ့ ကမ်းစပ်ကို ရောက်ချိန်မှာ မိကျောင်းဟာလည်း သူ့အနီးကို ရောက်လာပါပြီ။ မိခင်က ကောင်လေးရဲ့ လက်ကို လှမ်းဆွဲ လိုက်နိုင်ချိန်မှာ မိကျောင်းကလည်း ကလေးရဲ့ ခြေထောက်ကို လှမ်းကိုက်လိုက်ပါပြီ။ အဲဒီမှာ မိကျောင်းနဲ့ လူအကြား အကြိတ်အနယ် ပြိုင်ပွဲ တစ်ခု ဖြစ်လာပါတယ်။ မိခင်ဟာ အားစိုက်ပြီး ကလေးရဲ့ လက်မောင်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး အပေါ်ကို ဆွဲတင်ပါတယ်။ မိကျောင်းကလည်း ခြေထောက်ကို မလွတ်တမ်း ဆွဲကိုက်ထားပါတယ်။ 

ရေကန်စပ်မှာ မိခင်နဲ့ မိကျောင်းတို့ အားပြိုင်ပြီး ဆွဲနေကြတာဟာ မယုံနိုင်လောက်အောင် အံ့သြဖို့ ကောင်းလှပါတယ်။ မိကျောင်းဟာ မိခင်ဖြစ်သူထက် အင်အား ပိုမိုသန်မာသော်လည်း သားကို ချစ်တဲ့ မိခင်ရဲ့ ဇောဟာ ကြီးမားလွန်းလှတဲ့အတွက် မိခင်ဟာ လုံးဝအလျော့မပေးဘဲ သားလေးရဲ့ လက်တွေကို တင်းကြပ်အောင် ဆုပ်ကိုင်ထားပြီး ကမ်းပေါ်ကနေ အတင်းဆွဲထားပါတယ်။ အဲဒီအချိန်မှာ အော်သံတွေကို ကြားတဲ့ အခြားသော အိမ်နီးချင်းတွေ ရောက်လာပြီး မိကျောင်းကို ဝိုင်းပြီး ရိုက်နှက် ပစ်ခတ်ကြတော့မှ မိကျောင်းဟာ ကလေးကို လွှတ်ပြီး ထွက်သွားပါတော့တယ်။ 

အဲဒီဖြစ်ရပ်အပြီးမှာ မိကျောင်းကိုက်ခံရလို့ ခြေထောက်မှာ ဒဏ်ရာများစွာ ရရှိသွားတဲ့ ကလေးငယ် ဟာ ဆေးရုံမှာ တက်ရောက်ကုသ ခံယူရပါတယ်။ လပေါင်းများစွာကြာလို့ ဒဏ်ရာတွေ သက်သာ လာပေမဲ့ ခြေထောက်မှာတော့ ရုပ်ဆိုးလှတဲ့ အမာရွတ်ကြီးတွေ ကျန်ရစ်ခဲ့ပါတယ်။ နောက်ထပ် ဒဏ်ရာတွေကတော့ ကလေးငယ်ရဲ့ လက်ပေါ်က ခပ်နက်နက် ခြစ်ရာကြီးတွေ ဖြစ်ပါတယ်။ အဲဒါကတော့ ကလေးငယ်ကို မိကျောင်းပါးစပ်ထဲ ပါမသွားစေလိုတာကြောင့် စိုးရိမ်ပူပန်တဲ့ မေတ္တာဇော အပြည့်နဲ့ အားစိုက်ပြီး ဆွဲလိုက်တဲ့ မိခင်ဖြစ်သူရဲ့ လက်သည်းတွေဟာ ကလေးရဲ့ လက်မောင်းသားထဲကို နက်နက်နဲနဲ ဝင်ရောက်သွားခဲ့တဲ့ ဒဏ်ရာတွေ ဖြစ်ပါတယ်။ 

ကောင်လေး ဆေးရုံက ဆင်းတဲ့အခါမှာ သတင်းစာတစ်စောင်ရဲ့ သတင်းထောက်တစ်ယောက်က မိကျောင်းရန်ကနေ လွတ်မြောက်ပြီး အသက်ရှင်လာတဲ့ ကောင်လေးကို အင်တာဗျုး လုပ်ဖို့ရောက်လာပါတယ်။ သတင်းထောက်ဖြစ်သူက ကောင်လေးရဲ့ ဒဏ်ရာတွေကို ပြဖို့ တောင်းဆိုတဲ့ အခါ ကောင်လေးဟာ မျက်နှာ မသာမယာနဲ့ မိကျောင်းကိုက်ခံရတဲ့ သူ့ခြေထောက်က ဒဏ်ရာတွေကို ဘောင်းဘီရှည် လှန်ပြီး ပြပါတယ်။ ခြေထောက်က အမာရွတ်ကြီးတွေဟာ ကြီးမားပြီး ရုပ်ဆိုးလှပါတယ်။ မြန်မြန်ပြပြီးတာနဲ့ သူ့ဘောင်းဘီကို ပြန်ဆွဲချလိုက်ပြီးနောက် သူ့ရဲ့ အင်္ကျီလက်ကို ပင့်လိုက်ပြီး လက်ဖျံပေါ်က  ဒဏ်ရာတွေလည်း သတင်းထောက်ကို ပြပါတယ်။ အဲဒီအခါမှာတော့ ကောင်လေးရဲ့ မျက်နှာဟာ မသာမယာမဟုတ်တော့ပါဘူး။ 

“ ဟောဒီမှာကြည့်.. ဒီမှာလည်း ကျွန်တော်ဒဏ်ရာတွေ ရထားတယ်။ ဒီဒဏ်ရာတွေကတော့ ကျွန်တော့် မေမေဟာ ကျွန်တော် မိကျောင်းနောက်ကို ပါသွားမှာစိုးလို့ သူ့လက်တွေနဲ့ တအား ဆုပ်ကိုင်ထားတဲ့ အတွက် ရလိုက်တဲ့ ဒဏ်ရာတွေပါ။ ကျွန်တော့်မေမေက ပိန်ပိန်းလေးရယ် ဒါပေမဲ့ ကျွန်တော့်ကို မိကျောင်းကိုက်တော့မှ မေမေ ဘယ်လောက် အင်အားကြီးတယ်ဆိုတာ ကျွန်တော် သိသွားတော့တယ်” လို့  ကောင်လေးဟာ ဂုဏ်ယူစွာနဲ့ သတင်းထောက်ကို  ပြောလိုက်ပါတော့တယ်။

ကောင်လေးရဲ့ မျက်နှာပေါ်မှာ သူ့လက်ပေါ်က အမာရွတ်တွေအတွက် စိတ် အနှောက်အယှက်ဖြစ်ပုံမရဘဲ ဂုဏ်ယူနေဟန် အထင်းသား တွေ့နေရပါတယ်။ မိကျောင်းတစ်ကောင်ရဲ့ ခွန်အားကိုတောင် တုဖက်ပြိုင်နိုင်တဲ့အထိ သူ့မေမေဆီမှာ သားသမီးကို ချစ်တဲ့၊ စိုးရိမ်တဲ့ စိတ်ဇောတွေနဲ့ ခွန်အားတွေ ရှိလာတာကို ဂုဏ်ယူနေပုံလည်း ရပါတယ်။ မိခင်တိုင်းဟာ သားသမီးတွေနဲ့ ပတ်သက်လာရင် ချစ်ခြင်းမေတ္တာ ဘယ်လောက် ကြီးမားတယ်ဆိုတာ ကောင်လေးရဲ့ လက်ဖျံပေါ်က အမာရွတ်တွေက သက်သေဘဲ ဖြစ်ပါလိမ့်မယ်။ ဘယ်လောက်ကြီးမားတဲ့ အန္တရာယ်ဖြစ်ပါစေ မိခင်တွေက သားသမီးတွေရှေ့ကနေ မားမားမတ်မတ် ကာကွယ်ကြ၊ ကယ်တင် ပေးတတ်ကြပါတယ်။ ဒါဟာ နှိုင်းတုလို့မရတဲ့ အနှိုင်းမဲ့ မိခင်တွေရဲ့  ချစ်ခြင်းမေတ္တာဘဲ မဟုတ်ပါလား။


Alligator Scars (Unknown Author) ကို ကမ္ဘာ့မိခင်များနေ့အတွက် တစ်ကမ္ဘာလုံးမှာရှိတဲ့ မိခင်များကို ဦးညွှတ်ရင်း ခံစားရေးဖွဲ့ ဘာသာပြန်ပါတယ်။ သားသမီးတိုင်းရဲ့ အားလုံးသော မိခင်များ ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာကြပါစေရှင်။ 




ဝက်သားသရက်သီးကြော်

ဒီတစ်ပတ်အတွက် ဖော်ပြချင်တဲ့ ဟင်းလျာက ခုလို သရက်သီးပေါတဲ့ ရာသီမှာ သရက်သီးကို ဟင်းတစ်မည်အဖြစ် လုပ်စားလို့ရနိုင်မဲ့ ဝက်သားသရက်သီးကြော် ဖြစ်ပါတယ်။ ခက်ခက်ခဲခဲ မဟုတ်တဲ့ ဝက်သားသရက်သီးကြော်ဖို့အတွက် လိုအပ်တာတွေကို အောက်မှာ ဖော်ပြပါမယ်နော်။ 

Image Hosted by PicturePush - Photo Sharing 


ဝက်သားများကို အနေတော်အရွယ် ခပ်ပါးပါးလှီးပြီး ဆား၊ အရသာမှုန့်၊ ဟင်းချက်ဝိုင် အနည်းငယ်တို့နဲ့ နယ်ထား လိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing
သရက်သီးအစိမ်းကို အခွံနွာပြီး ပါးပါးလှီးထားပါတယ်


Image Hosted by PicturePush - Photo Sharing 
ကြက်သွန်ဖြူ၊နီ၊ ဂျင်း၊ ငရုပ်သီးတို့ကို ပြင်ထားပါတယ်။ 

Image Hosted by PicturePush - Photo Sharing

 ကြော်ဖို့လိုအပ်တဲ့ အဆာပလာများ 

Image Hosted by PicturePush - Photo Sharing

ဝက်သားကို အရင်ကြော်ပြီး အသားကျက်ပါက ကြက်သွန်၊ ဂျင်းများထည့်ပြီး သရက်သီးကိုထည့်ကြော်လိုက်ပါတယ်။ ဆား၊ အရသာမှုန့်၊ ငံပြာရည်တို့ကို သင့်တင့်သလို ထည့်ပါတယ်။ 



Image Hosted by PicturePush - Photo Sharing
အချိန် ခဏကြာရင် သရက်သီးများ ပျော့အိမသွားခင်မှာ ချလိုက်ပါတယ်။ 



Image Hosted by PicturePush - Photo Sharing
ဝက်သားသရက်သီးကြော်


Image Hosted by PicturePush - Photo Sharing 
 ငရုပ်သီးစိမ်းနဲ့ ကြော်တဲ့ ဝက်သားသရက်သီးကြော်

 အချဉ်အရသာလေးနဲ့ ဝက်သားကို မအီအောင်ကြော်ဖို့အတွက် ဝက်သားသရက်သီးကြော် ရပါပြီနော်။


အားလုံးဘဲ ပျော်ရွှင်အဆင်ပြေသော နေ့ရက်များကို ကျော်ဖြတ်နိုင်ကြပါစေရှင်။