ခြံစည်းရိုးလေး လုံပါစေ

Photo Source - cjbnc@flickr.com


နယ်မှာရှိတဲ့ ကျွန်မတို့အိမ်ဟာ ရေချောင်းလေးတစ်ခုရဲ့ဘေးမှာ ရှိပါတယ်။ ကျွန်မတို့အိမ်မှာ ရှေ့မျက်နှာစာ ပေ ၇၀လောက်ရှိပြီး အနောက်ဖက်မှာတော့ ချောင်းရိုးစပ်အထိ ပေ ၁၅၀ခန့် ကျယ်ဝန်းတဲ့ ရှည်မျောမျော ခြံဝင်း ရှိပါတယ်။ ဘေးနှစ်ဖက်မှာတော့ အိမ်နီးချင်းတွေရဲ့ အိမ်တွေ တည်ရှိနေပါတယ်။ ကျွန်မ အခု ပြောချင်တာက ကျွန်မတို့အိမ်ရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ အိမ်နီးချင်းအကြောင်းပါ။ ကျွန်မ ၅တန်းအရွယ်လောက်မှာ ကျွန်မတို့ ဘေးခြံကို တစ်ခြား တစ်မြို့တစ်ရွာကလူတွေ ဝယ်ယူလိုက်ကြပြီး ပြောင်းရွေ့နေထိုင်ဖို့ ရောက်လာကြပါတယ်။ ကျွန်မတို့ရဲ့ အိမ်နီးချင်း အဟောင်းတွေကတော့ ရွာအစွန်က ခြံကို ပြောင်းရွေ့သွားကြပါတယ်။ အိမ်နီးခြင်း အသစ်တွေဟာ စီးပွားရေး ချောင်လည်ပုံရပါတယ်။ သို့ပေမဲ့လည်း ကျွန်မတို့ ရွာသူ ရွာသားတွေလို  ပျူပျူငှာငှာ ဖော်ဖော်ရွေရွေ မရှိကြပါဘူး။ မျက်နှာထား ခပ်တင်းတင်းနဲ့ နေတတ်ကြပါတယ်။

သူတို့မိသားစုထဲမှာ ဆေးသမားတစ်ယောက် ပါလာပါတယ်။ အဲဒီ ဆေးသမားဟာ ဆေးချစရာ ပိုက်ဆံမရှိရင်၊ အိမ်ကလူတွေ ပိုက်ဆံမပေးရင် တွေ့ကရာပစ္စည်းတွေ ရောင်းချပြီး ဆေးချတတ်ပါတယ်။ အဖိုးတန်ပစ္စည်းတွေကနေ အဖိုးမတန်ပစ္စည်းတွေက အထိ ခိုးယူပြီး ဆေးချတတ်သူပါ။ သူတို့အိမ်က ပစ္စည်းတွေဟာလည်း အဲဒီဆေးသမား ခိုးပြီးရောင်းတာ မနည်းမနော ရှိနေပုံရပါတယ်။ အိမ်ခြင်းက နီးနေတော့ တစ်ဖက် ဆူသံပူသံတွေကို အတိုင်းသား ကြားနေရတဲ့အတွက် ပစ္စည်းပျောက်တာတွေ၊ ဆေးသမားကို အော်ဟစ်နေတာတွေ တွေ့နေမြင်နေ ရတာကြောင့်လည်း သိနေရတာပါ။ ဆေးသမားဆိုတာကလည်း ဆေးချဖို့အတွက် အိမ်ကပိုက်ဆံမပေးရင် ရတဲ့ပစ္စည်းကို ခိုးယူ တတ်ကြသူတွေပါ။

ကျွန်မတို့ နယ်ဘက်တွေက ရွာတွေရဲ့ ထုံးစံ ခြံစည်းရိုးကို အခိုင်အခံ့ ကာရံတယ်ဆိုတာ မရှိသလောက် ပါဘဲ။ ဝါးခြမ်းနဲ့ သော်လည်းကောင်း သစ်သားအပိုများနဲ့သော်လည်း တစ်အိမ်နဲ့တစ်အိမ် ခြံစည်းရိုး ကာရံလေ့ရှိပါတယ်။ ပြီးတော့လည်း တောရွာဆိုလေတော့ အိမ်တွေကလည်း ဂရံတွေဘာတွေ ရှိတာမျိုး၊ ခြံဝင်းရဲ့ အတိုင်းအတာကလည်း အတိအကျ တိုင်းတာထားကြတာမျိုး မရှိကြပါဘူး။ အဲဒီလိုပါဘဲ ကျွန်မတို့အိမ်နဲ့ ဘေးအိမ်ဟာ ခြံစည်းရိုးကို ဝါးနဲ့ကာတဲ့အခါ ကာ၊ သစ်သားနဲ့ကာတဲ့အခါ ကာပါတယ်။ ဝါးခြံစည်းရိုး ဆိုတာကတော့ အနည်းဆုံး တစ်နှစ် နှစ်နှစ်လောက်သာ ခံသာမို့ မကြာခဏ အသစ်ပြန်ပြန် ကာရပါတယ်။  သစ်သားခြံစည်းရိုးကတော့ အနည်းဆုံး ၄နှစ်လောက်တော့ ခံပါတယ်။ ကျွန်မတိုရဲ့အရင် အိမ်နီးချင်း အဟောင်းတွေနဲ့ တုန်းကတော့ ခြံစည်းရိုး ပြဿနာ လုံးဝ မရှိဘဲ သူ့ဘက်က ကာလိုက်၊ ကိုယ့်ဘက်က ကာလိုက်နဲ့ အဆင်ပြေတဲ့သူက ကာလိုက်ကြတာပါဘဲ။ ဘယ်သူကာကာ ထူးထူးခြားခြား ဘာမှ ပြောတာဆိုတာမျိုး မရှိတတ်ကြပါဘူး။ အိမ်ရှင် အသစ်တွေဟာ ဘေးအိမ်ကို ရောက်လာပြီး သိပ်မကြာခင်မှာ ကျွန်မတို့ခြံစည်းရိုးနဲ့ ကပ်လျှက်မှာ ဝါးပင်ငယ်လေးတွေ စိုက်ပျိုးတာကို တွေ့ရပါတယ်။ အပင်ပေါက် ခပ်ငယ်ငယ်မို့ စိမ်းစိမ်းစိုစိုရှိပြီး ဝါးရွက်လေးတွေဟာ သေးသေးချွန်ချွန်နဲ့ ချစ်ဖို့လည်း ကောင်းပါတယ်။

ကျွန်မတို့အိမ်နဲ့ အဲဒီဘေးအိမ် တို့ကြားမှာ ခြံစည်းရိုး အသစ်မလဲတာ ကြာတဲ့အခါ စည်းရိုးနဲ့ အကာ အရံတွေက ရာသီဥတုဒဏ်တွေ၊ ခြစားတဲ့ဒဏ်တွေကြောင့် ဆွေးမြေ့ပြီး ခွေးတိုးပေါက်တွေဖြစ်နေတာ၊ ပြိုကျတာတွေ ဖြစ်တာမျိုး ရှိတတ်ပါတယ်။ အဲဒီလို အပေါက်အပြဲတွေ ဖြစ်နေရင်တော အိမ်မှာ စိုက်ထားတဲ့ ငှက်ပျောခိုင်ဆိုတာ ရင့်လာကာစ ရှိသေးတယ်။ အခိုင်လိုက် ခုတ်ယူသွားတာမျိုး၊ လိုချင်တဲ့ အဖီးအကြီးကြီးတွေကိုသာ ရွေးပြီး ခုတ်သွားတာမျိုးတွေ မကြာခဏ ဖြစ်လာတတ်ပါတယ်။ ခြံထဲမှာ အဝတ်တွေ လှန်းထားလို့ သတိ မထားမိလိုက်ရင် လှန်းထားတဲ့ အဝတ်တွေ ပျောက်သွားတာမျိုး မကြာခဏ ဖြစ်ပါတယ်။ တစ်ခါသား ဆိုင်ကယ် အစီးလိုက် ခြံထဲကနေ ပျောက်သွားခဲ့ပါသေးတယ်။ အခြားသော ပစ္စည်းတွေ ပျောက်တယ် ဆိုတာလည်း ရေတွက်မကုန်အောင်ပါဘဲ။ သို့ပေမဲ့ ဘယ်သူခုတ်တယ်ဆိုတာ လက်သည် မပေါ်ပါဘူး။ ကျွန်မတို့အနေနဲ့ကလည်း ဘယ်သူက ခိုးလို့ ခိုးမှန်း အတိအကျ မပြောနိုင်ပါဘူး။

ထင်စရာရှိတာက ဘေးအိမ်က ဆေးသမားလက်ချက်လို့ဘဲ ထင်စရာရှိတာပါဘဲ။ သို့ပေမဲ့လည်း အဲဒီတစ်ယောက်ရယ်လို့ ကျွန်မတို့အနေနဲ့ အတိအကျ ယိုးစွတ်လို့ မရပါဘူး။ အိမ်က တစ်ယောက်ယောက်ကများ အဲဒီဆေးသမား ခိုးတာဘဲဖြစ်မှာပါလို့ မိသားစုထဲ  ပြောမိရင်တောင် လက်ပူးလက်ကြပ် မမိတာရယ်၊ ကိုယ့်ခြံကကို မလုံခြုံတဲ့ အားနည်းချက် ရှိတာကြောင့်ရယ်ကြောင့် သူတစ်ပါးကို အရမ်းမစွတ်စွဲပါနဲ့လို့ ကျွန်မတို့ မိဘတွေက ဆုံးမလေ့ရှိပါတယ်။ “ကိုယ့်ခြံကမှ မလုံတာ သူခိုးက ဝင်တော့မှာပေါ့။ ဒီတော့ သူခိုးမဝင်စေချင်ရင် ခြံကို လုံအောင် ကာဖို့ဘဲ ရှိတယ်” လို့ ဖေဖေက ပြောပါတယ်။

အဲဒီလိုနဲ့ ပေါက်ပြဲနေတဲ့ ခြံစည်းရိုးကို ဖြိုချပြီး ကိုယ့်ခြံလုံခြုံအောင် အသစ်ကာဖို့အတွက် သစ်ဝါးတွေ စတင် စုဆောင်း ပြင်ဆင်ကြပါတယ်။ အဲဒီအချိန်မှာ တစ်ဖက်ခြံက လူတွေက ဖေဖေကို လာတွေ့ပြီး ဦးလေးတို့ အေးအေးဆေးဆေးသာ နေပါ။ ခြံကို သူတို့ကာပါ့မယ်လို့ လာပြောကြပါတယ်။ အဲဒီလိုလာပြောတော့ သူတို့ကာတော့လဲ ကိုယ့်ဘက်က အကုန်အကျ သက်သာတာပေါ့ကွာ ဆိုပြီး ဖေဖေတို့က လက်ခံလိုက်ပါတယ်။ အဲဒီလိုနဲ့ တစ်ဖက်ခြံက လူတွေဟာ ခြံစည်းရိုး ပျက်စီးဟောင်းနွမ်းတိုင်း တစ်နှစ်တစ်ခါ (သို့မဟုတ်) ၂နှစ်တစ်ခါ သူတို့ဘက်က တာဝန်ယူပြီး ကာရံပေးပါတယ်။ အဲဒီလို စစချင်းနှစ်တွေမှာတော့ ကျွန်မတို့ဘက်ကလည်း ဘာမှ သတိမထားမိဘဲ သူတို့ခြံကာတာကို အမှတ်မဲ့နေလိုက်မိပါတယ်။ ဒါပေမဲ့ နှစ်အနည်းငယ် ကြာတော့မှ ခြံစည်းရိုးဟာ တစ်နှစ်ထက် တစ်နှစ် ကျွန်မတို့အိမ်နဲ့ မသိမသာ နီးနီးလာတာကို သိလာတော့ တစ်ဖက်ခြံရှင်တွေဟာ စေတနာ ကောင်းလွန်းလို့ခြံကာတာ မဟုတ်ဘဲ ရည်ရွယ်ချက်နဲ့ ခြံကာတာမှန်း သိလာရပါတော့တယ်။

ကျွန်မတို့မောင်နှမတွေဟာ ကျောင်းတက်လိုက်၊ စာကျက်လိုက်နဲ့ ဆော့ကစားလိုက်နဲ့ အချိန်တွေကုန်ရင်း တဖြေးဖြေး လူလားမြောက် ကြီးပြင်းလာသလို အဲဒီဝါးပင်တွေဟာ တဖြေးဖြေးနဲ့ အရွယ်ရောက် ကြီးပြင်းလာပါတယ်။ မောင်နှမတွေမှာ ကိုယ်ပိုင်အလုပ်တွေ၊ စီးပွားတွေနဲ့ ဖြစ်လာသလို တစ်ဖက်ခြံက ဝါးပင်ငယ်တွေကနေ ဝါးရုံကြီး ကြီးကြီးမားမား အုပ်အုပ်ဆိုင်းဆိုင်း ဖြစ်လာပါတယ်။ သို့ပေမဲ့ အဲဒီဝါးပင်တွေဟာ ဝါးအကြီးမျိုးလည်း မဟုတ်ပါဘူး။ ထီးရိုးဝါးလို ခပ်သေးသေး အရွယ်ငယ်ငယ် ဝါးပင်တွေပါ။ ဒါပေမဲ့ ဝါးရုံကြီးဟာ ကြာလေ ကြီးလေ၊ ကြာလေ ပွားလာလေ ဖြစ်လာပါတယ်။ ကျွန်မတို့လည်း အသက်ရလာလို့ ငယ်စဉ်ကထက် အသိဥာဏ် ကြီးရင့်လာသလို အဲဒီလို ဝါးပင်တွေ ကြီးရင့်ရှည်လျားပြီး ပွားချင်တိုင်း ပွားလာတော့မှ ခြံစည်းရိုးနားမှာ ဝါးပင်တွေ စိုက်ထားတဲ့ အိမ်နီးချင်းရဲ့ ရည်ရွယ်ချက်ကို အကောင်လိုက် မြင်ရပါတော့တယ်။

သူတို့ဟာ ခြံစည်းရိုးကို ဘယ်တော့မှ ကျွန်မတို့ဘက်က အကာမခံပါဘူး။ ခြံစည်းရိုး ဟောင်းပြီဆိုတာနဲ့ သူတို့ဘက်က ကာပါတယ်။ ကာတိုင်းလည်း ခြံစည်းရိုးနေရာဟာ မသိမသာ ကျွန်မတို့ဘက်ကို တိုးလာတာပါ။ နောက်တစ်ခုက သူတို့စိုက်ထားတဲ့ ဝါးရုံပင်ပါ။ အဲဒီဝါးရုံပင်တွေဟာ ကြီးထွား များပြား လာတဲ့အခါ တဖြေးဖြေး ကျွန်မတို့ ခြံဘက်ထဲကိုပါ အပင်တွေက ပွားလာတာပါ။ အဲဒီလို ပွားလာတဲ့ ဝါးရုံကြီးဟာ သူတို့ စိုက်ထားတာ ဖြစ်တယ်ဆိုကာ ခြံစည်းရိုးကာတဲ့အခါ ဝါးရုံကြီးတစ်ခုလုံး သူတို့ခြံဘက် ပါအောင် ကာပါတယ်။ အဲဒီလို ကာတဲ့အခါမှာ ကျွန်မတို့ခြံထဲ ပေါက်နေတဲ့ ဝါးပင်တွေကိုပါအောင် သူတို့ရဲ့ ခြံစည်းရိုးကို ချဲ့ကာတဲ့အတွက် ကျွန်မတို့ ခြံဘက်က မြေတွေပါ ပါကုန်တာပါဘဲ။ သူတို့ရဲ့ လွန်လွန်းလာတဲ့ လုပ်ရပ်တွေကို ကျွန်မတို့လို လူငယ်တွေက ဘယ်လိုမှ သည်းခံနိုင်ခြင်း မရှိတော့ပါဘူး။ အိမ်ရဲ့ အုပ်ထိန်းသူဖြစ်တဲ့ ဖေဖေနဲ့ မေမေ့ကို တစ်ဖက်ခြံကလူတွေကို တစ်ခုခု ပြောဖို့ ဝိုင်းပြောကြတဲ့အခါ တရားသမားတွေဖြစ်တဲ့ ဖေဖေနဲ့ မေမေက “ မြေကြီးဆိုတာ သေရင်ကိုယ့်နောက်မှာ ပါမှာမှ မဟုတ်တာ။ သူတို့ မဟုတ်တာလုပ်ရင် သူတို့ခံရမှာပါ။ ဘာမှ ပြောဖို့ မလိုပါဘူး. ” လို့ ပြောတတ်ပါတယ်။

ကျွန်မတို့ မိဘတွေဟာ အနေအေးပြီး ပူလောင်ဒေါသတွေ အတော်နည်းကြသူတွေ ဖြစ်ပါတယ်။ ကျွန်မတို့ မောင်နှမတွေက တစ်ဖက်ခြံရဲ့ လုပ်ရပ်ကို စိတ်ဆိုးဒေါသတွေ ထွက်နေပေမဲ့ ဖေဖေနဲ့ မေမေကတော့ ဘာမှ မဖြစ်သလိုဘဲ နေနိုင်ကြပါတယ်။ ကျွန်မတို့ အိမ်ပေါ်ကနေ လှမ်းကြည့်လိုက်ရင် သူတို့ခြံထဲမှာ ထင်ထင်ရှားရှား မြင်နေရတဲ့ တိုင်ငုတ်တို တစ်ခု ရှိပါတယ်။ အဲဒီတိုင်ငုတ်တိုဟာ ခြံစည်းရိုးနဲ့ သုံးတောင်လောက် ကွာနေပါတယ်။ တကယ်တမ်းတော့ အဲဒီတိုင်ငုတ်တိုဟာ ကျွန်မတို့ ငယ်ငယ်ကတည်းက မိဘတွေ ကာခဲ့တဲ့  ခြံစည်းရိုး ငုတ်နေရာပါ။ တဖြေးဖြေးနဲ့ တိုးလာတဲ့ တစ်ဖက်က ခြံစည်းရိုးကြောင့် အရင်ခြံစည်းရိုး တိုင်ဟောင်းက သူတို့ခြံထဲ ရောက်နေတာသာ ဖြစ်ပါတယ်။ ဘယ်လောက်တောင် ဥာဏ်များပြီး လိုချင်လောဘကြီးလိုက်တဲ့ လူတွေလည်း ဆိုတာ ဒီခြံစည်းရိုးက သက်သေပြနေခဲ့ပါတယ်။ ကျွန်မတို့လူငယ်တွေက တစ်ဖက်ခြံကို သွားပြောကြရင် သူတို့ဘက်ကနင်ဘဲ ငဆ ပြောလွတ်တတ်ပါတယ်။ 

အနေအေးပြီး တရားကို နှလုံးသွင်းတဲ့ ကျွန်မတို့ မိဘတွေကဘာမှ မပြောပေမဲ့ လူငယ်တွေဖြစ်တဲ့ ကျွန်မတို့ မောင်နှမ တစ်တွေကတော့ သူတို့တွေရဲ့ လုပ်ရပ်ကို သည်းမခံနိုင်လောက်အောင် ဖြစ်ရပါတယ်။ နောက်ဆုံးမှာတော့ ဆက်လက် သည်းခံဖို့ရာ မဖြစ်နိုင်တော့တဲ့ မိသားစုအားလုံး တိုင်ပင်ကြပြီး  ခိုင်ခံ့တဲ့ အုတ်တံတိုင်း ကာလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ခြံစည်းရိုးကို အုတ်တံတိုင်းကာဖို့ ဆုံးဖြတ်ကြတာမှာ တစ်နှစ်တစ်ခါ ခြံစည်းရိုးပြန်ကာရတာမျိုး မဖြစ်တော့အောင် ခိုင်ခိုင်ခံ့ခံ့ ဖြစ်သွားစေချင်တာရယ်၊ ပွားများလာတဲ့ ဝါးပင်တွေကို အကြောင်းပြုပြီး ဖြေးဖြေးချင်း တိုးလာတဲ့ ကျွန်မတို့ပိုင် ခြံမြေကို ကျူးကျော်လာတဲ့ကိစ္စကို ဟန့်တားချင်တာရယ် အတွက်ကြောင့် ဆိုတာ အထူးပြောဖို့လိုမယ် မထင်ပါဘူး။ 

ခြံစည်းရိုး အသစ်ကာတဲ့အခါမှာ အရင်က ရှိခဲ့ဖူးတဲ့ ခြံစည်းရိုး အဟောင်းအကြောင်း၊ ဝါးပင်တွေအကြောင်း ကျွန်မတို့ လုံးဝ မပြောတော့ဘဲ ပါသွားပြီးသား မြေတွေကို ရှိစေတော့ဆိုပြီး ယခုလက်ရှိသူတို့ယူထားတဲ့  အနေအထားအတိုင်း ခိုင်ခန့်တဲ့ အုတ်တံတိုင်းကို ကာရံလိုက်ပါတယ်။ ခြံစည်းရိုးကာဖို့ ပန္နက်ချတဲ့နေ့မှာ တစ်ဖက်အိမ်က လူတွေကို ခေါ်ပြီး သူတို့အရင်က ကာခဲ့တဲ့ ခြံစည်းရိုးအတိုင်း အုတ်ပန္နက်ချမဲ့ အကြောင်းကို ခေါ်ပြပါတယ်။ မြေကြီးလည်း သူတို့ဘက် ပါထားတဲ့အတိုင်း ကာမယ်ဆိုတဲ့အတွက် တစ်ဖက် အိမ်ရှင်တွေက မကျေနပ်ကြောင်း ဘာမှ မပြောသာပါဘူး။ သို့ပေမဲ့ အုတ်တံတိုင်း ခတ်မယ်ဆိုတာ ကိုတော့ သိပ်သဘောကျပုံ မရပါဘူး။ သို့ပေမဲ့လည်း အဲဒီလို ခြံစည်းရိုးကောင်းကောင်းမှ မကာရင် တဖြေးဖြေးနဲ့ မြေခိုးလာတဲ့ သူတို့ကို ဟန့်တားဖို့ ဆိုတာ သိပ်မလွယ်လှပါဘူး။ ဒါကြောင့် ငွေအကုန်ခံပြီး အုတ်တံတိုင်း ကာလိုက်ရခြင်း ဖြစ်ပါတယ်။


သေချာ ခိုင်မာတဲ့ ခြံစည်းရိုး ကာလိုက်ပြီးတော့မှဘဲ ကျွန်မတို့ခြံမြေကို တစ်တိတိ ဖဲ့ယူနေတဲ့ အိမ်နီးချင်းဟာ ဘာမှ မတတ်နိုင်တော့ပါဘူး။ အုတ်တံတိုင်းကာလိုက်တဲ့အတွက် ခြံစည်းရိုးကို ခြစားမှာလည်း မစိုးရိမ်ရတော့ပါဘူး။ တကယ်တမ်းတော့ ခြဆိုတဲ့အကောင်ကလေးတွေက သေးသေးလေးတွေဖြစ်ပေမဲ့လို့ ခြံစည်းရိုးတစ်ခုလုံးကို ပြိုပျက်သွားနိုင်စေတယ်လေ။ ခြံက လုံလုံခြုံခြုံဖြစ်သွားတဲ့အတွက် အိမ်ရဲ့ ပစ္စည်းပျောက်တာတွေ၊ အသီးအနှံတွေ ခိုးခံရတာတွေ လုံးဝကို မရှိတော့ပါဘူး။ အဲဒီတော့မှ ကိုယ့်အိမ်လုံခြုံဖို့၊ ကိုယ့်ခြံထဲက မြေတွေ ပါမသွားဖို့ဆိုတာ ခြံစည်းရိုးဟာ အင်မတန်မှ အရေးကြီးတယ် ဆိုတာ အိမ်နီးချင်းဆိုးဆိုးနဲ့ တွေ့ကြုံရတဲ့ ကျွန်မတို့ ကောင်းကောင်းကြီး သဘောပေါက် သင်ခန်းစာ ရလိုက်ပါတော့တယ်။ ကိုယ့်ခြံစည်းရိုးကို လုံအောင် မကာနိုင်ရင်၊ ကာထားတဲ့ခြံစည်းရိုး ခြစားရင်၊ ခြံစည်းရိုးက မလုံတော့ ကိုယ့်ခြံထဲက ပစ္စည်းပျောက်ရင်တောင် သူတစ်ပါးကို အပြစ်တင်လို့ မရတဲ့ အဖြစ်ကိုလည်း ကြုံခဲ့ရပြီး ဥာဏ်များတဲ့ အိမ်နီးချင်းတွေနဲ့ တွေ့တဲ့အခါ ဒုက္ခရောက် တတ်ကြောင်း နားလည်မိပြီမို့ ခုချိန်မှာတော့ ကျွန်မဟာ ဘယ်ဒေသကိုရောက်ရောက် ဘယ်မှာဘဲ နေနေ အိမ်လုံခြုံဖို့ အတွက် ခြံစည်းရိုးကို လုံခြုံ ခိုင်ခန့်အောင် ကာရံဖို့၊ ခြံစည်းရိုး ခြစားမခံရဖို့ အမြဲတမ်း သတိထား မိပါတော့တယ်။ 

တကယ်လို့များ မိတ်ဆွေတို့လည်း မိမိတို့အိမ်ကို လုံခြုံစေပြီး၊ အိမ်နီးချင်းဆိုးရန်က ကင်းဝေးကာ မိမိရဲ့ မိသားစုဝင်တွေ အားလုံး ငြိမ်းငြိမ်းချမ်းချမ်း နေစေချင်တယ်ဆိုရင်တော့ မိမိတို့ရဲ့ အိမ်ခြံစည်းရိုးလေးတော့ လုံအောင်ကာထားကြပါလို့ အကြံပေးလိုက်ချင်ပါတယ်ရှင်...



 Image Hosted by PicturePush - Photo Sharing

ငယ်ရွယ်နုပျို အလှပိုစေဖို့..

လူတစ်ယောက်မှာ စိတ်လှဖို့အရေးအကြီးဆုံးပါ။ စိတ်လဲလှတယ် လူလဲ လှတယ်ဆိုရင်တော့ အတိုင်းအထက် အလွန်ပါဘဲ။ ဘယ်သူမဆို မိမိကိုယ်ကို လှလှပပလေး ဖြစ်ချင်ကြမယ် ထင်ပါတယ်နော်။ စိတ်ကလေးက လှနေပြီး ရုပ်က မလှပြန်ရင်လည်း ပြီးပြည့်စုံတဲ့အလှလို့ မခေါ်နိုင်သေးဘူး ဆိုရပါမယ်။ ရုပ်ကိုလည်း အလှဆင်ဖို့ ပြင်ဆင်သင့်သလို မိမိစိတ်ကိုလည်း လှပအောင် ပြင်ဆင် မွေးမြူရမှာဖြစ်ပါတယ်။ လူတွေဟာ  အသက်ကြီး လာတာနဲ့ အမျှ ငယ်ရွယ်နုပျိုလှပမှုတွေဟာ တဖြေးဖြေးနဲ့ လျော့ပါးလာမှာ အမှန်ဘဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း အသက်ကြီးလာရင်လည်း ငယ်ရွယ်နုပျိုမှုတွေ အလှအပတွေ လျော့ပါးသွားမှာဘဲဆိုပြီး မထိန်းသိမ်းဘဲ ထားတာထက်စာရင် မိမိကိုယ်ကို ဂရုတစိုက် ပြုပြင်ထိန်းသိမ်းတာက အရွယ်ကျမှုကို အထိုက်အလျောက် တားဆီးနိုင်ပြီး အသက်ထက်စာရင် နုပျိုလှပ ကြည့်ကောင်းနိုင်တယ်လို့ ဆိုပါတယ်။ ကောင်းပါပြီ.. မိမိကိုယ်ကို နုပျိုအောင် ဘယ်လိုများ ထိန်းသိမ်းစောင့်ရှောက်မလဲလို့ မေးလာရင်တော့ ဖတ်ဖူးထားတဲ့ စာတစ်ချို့ကို ကိုးကားပြီး ပြောပြချင်ပါတယ်။

၁. လမ်းလျှောက်တဲ့အခါဖြစ်စေ၊ မတ်တပ်ရပ်တဲ့အခါဖြစ်စေ ကိုယ်ခန္ဓာကို ဖြောင့်ဖြောင့်မတ်မတ် ထားဖို့ လိုအပ်ပါတယ်။ အဲဒီလို မတ်မတ်လျှောက်ခြင်းအားဖြင့် ပုခုံးကိုနောက်သို့ပစ်ထားစေပြီး ဝမ်းဗိုက်ကို ချပ်စေတဲ့အတွက် မိမိကိုယ်ကို ယုံကြည်မှုရှိသူ တစ်ယောက်အသွင် ပေါ်လွင်ပြီး ငယ်ရွယ်နုပျိုတဲ့ ပုံစံ ဖြစ်စေပါတယ်။ အဲဒီလို မတ်မတ် ရပ်တတ်တဲ့အကျင့်၊ လမ်းလျှောက်တတ်တဲ့အကျင့် မရှိပါက ပထမဆုံး မိမိကိုယ်ကို မှန်ထဲမှာ ကျင့်ကြည့်ပါ။ အလေ့အကျင့်ရလာတဲ့အခါ လွယ်လွယ်ကူကူဖြစ်သွားပြီး စမတ်ကျကျ လျှောက်တတ် နေတတ်သွားပါလိမ့်မယ်။

၂. အိပ်ရေးဝဝအိပ်ခြင်းဟာလည်း နုပျိုစေတဲ့ အချက်တစ်ချက်လို့ ဆိုပါတယ်။ တစ်ရက်ကို အနည်းဆုံး အိပ်ချိန် ၇နာရီမှ ၈နာရီထိ အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ခွန်အားတွေကို ပြည့်ဖြိုးစေပြီး စိတ်ကိုလည်း လန်းဆန်းစေတာကြောင့် သင့်ကိုယ်ကို အရွယ်တင် နုပျိုစေပြီး လန်းဆန်း တက်ကြွစေနိုင်တဲ့ အချက် တစ်ခုလို့ဆိုပါတယ်။

၃. အပြုံးကလည်း လူတစ်ယောက်ကို ငယ်ရွယ်နုပျိုစေပြီး ကြည့်လို့ကောင်းစေနိုင်ပါတယ်။ လူတစ်ယောက်ဟာ ပြုံးလိုက်ပြီဆိုရင် မျက်နှာပြင်က အကြောအခြင်တွေ လျော့သွားတဲ့အတွက် ပြုံးနေတဲ့မျက်နှာဟာ ရှိရင်းစွဲထက် ပိုငယ်တယ်လို့ ထင်ရပါတယ်။ ဒါကြောင့် မှန်ရှေ့မှာ ရပ်ပြီး ပြုံးကြည့်ပါ။ ပြုံးထားတဲ့ မျက်နှာနဲ့ မျက်နှာကြော ခပ်တင်းတင်းမျက်နှာ၂ခုကို နှိုင်းယှဉ်ကြည့်ရင် ဘယ်မျက်နှာလေးက သင့်ကို လှပငယ်ရွယ်စေသလဲဆိုတာ ခွဲခြားနိုင်ပါလိမ့်မယ်။

၎. ဆံပင်ပုံစံကလည်း လူတစ်ယောက်ရဲ့ ပုံစံကို ကောင်းကောင်းကြီးပြောင်းလဲစေနိုင်ပါတယ်။ တစ်ချို့ဆို ဆံပင်ပုံစံကြောင့် နုငယ်လှပတဲ့ ပုံစံမျိုး ပြောင်းလဲသွားရတာတွေ တွေ့မြင်ဖူးကြမှာပါ။ မိမိမျက်နှာလေးနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံကို ထားခြင်းအားဖြင့် အသက်ထက် ပိုငယ်ရွယ် နုပျိုလာစေနိုင်ပါတယ်။ ဆံပင်ပုံစံကို ရွေးချယ်ရာမှာ မျက်နှာ အနေအထားသာမက ဆံပင်အရောင်၊ ဆံသားအထူအပါးကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ဆံပင်ညှပ်ဆရာကောင်းတစ်ယောက်ဟာ သင့်မျက်နှာနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံကို အကြံပေးနိုင်စွမ်း ရှိရပါမယ်။ ဆံပင်ပုံစံကို ရွေးချယ်ရမှာ သင့်မျက်နှာ အနေအထားကို ထည့်သွင်းစဉ်းစားရုံသာ မကဘဲ ဆံပင် အထူအပါး၊ ဆံပင်သားအရောင်တို့ကိုပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

၅. ဆံပင်ကို အရောင်ဆိုးခြင်းကလည်း ရှိရင်းစွဲထက် ပိုမိုငယ်ရွယ်နုပျိုစေပါတယ်။ ဆံပင်အရောင်ဆိုးမယ်ဆိုရင် မိမိရဲ့ မူရင်းဆံပင်အရောင်နဲ့ သိပ်မကွာတဲ့ အရောင်ကို ရွေးချယ်သင့်ပါတယ်။ သို့မှသာ သဘာဝကျကျဖြင့် သင့်မျက်နှာကို ပိုမို ထင်ပေါ်လာစေမှာ ဖြစ်ပါတယ်။ ဆံပင်ကို ဟိုက်လိုက်ဖောက်ခြင်းကိုလည်း အခါအားလျှော်စွာ ပြုလုပ်နိုင်ပါတယ်။

၆. သင့်ကိုယ်ကို စမတ်ကျကျဖြင့် လှပလိုပါက အဝတ်အစားရွေးချယ်မှုကိုလည်း သတိထားရမှာဖြစ်ပါတယ်။ မိမိခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အားနည်းချက်ကို ရှာပြီး ၄င်းအားနည်းချက်ကို ဖုံးကွယ်နိုင်တဲ့ အဝတ်အစားမျိုး ဝတ်ဆင်နိုင်ပါတယ်။ ဥပမာ.. ပျော့တွဲနေတဲ့ လက်မောင်းသားများကို တံတောင်ဆစ်ခန့်ရှိတဲ့ လက်အရှည်အင်္ကျီဖြင့် ဖုံးကွယ်နိုင်ပါတယ်။ အရောင်ဖျော့များဟာလည်း ပိုမိုငယ်ရွယ်နုပျိုဟန် ပေါက်စေပါတယ်။

၇. သွားများကို သန့်ရှင်းနေအောင် ဂရုစိုက်သင့်ပါတယ်။ သွားကို နေ့စဉ်တိုက်သင့်သည့်အပြင် သွားတိုက်ကြိုးဖြင့်လည်း သွားကြားတွင် ညှပ်နေသော အစာများကို သန့်စင်ပေးပါ။ သွားဆရာဝန်ထံ မကြာခဏ သွားပြပါ။ သွားကို သန့်ရှင်းခြင်းအားဖြင့် သွားအောက်ခြေတွင် ကျောက်တည်ခြင်း၊ သွားပိုးစားခြင်း၊ အချိန်မတန်ခင် သွားကျိုးခြင်းတို့ကို ကာကွယ်နိုင်ပါတယ်။ ဖြူစင်သော သွားများကို ပိုင်ဆိုင်ထားခြင်းအားဖြင့် လူကြားထဲတွင် ပြုံးရန် ဝန်မဝေးခြင်းကို ဖြစ်စေနိုင်တဲ့အတွက် အပြုံးပန်းကို ပန်ဆင်ထားသော မျက်နှာသည် သာမန်ထက် ပို၍ နုပျိုလန်းဆန်းသော မျက်နှာအဖြစ် အများက သတ်မှတ်ကြပါတယ်။

၈. အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ အသက်အရွယ်ရလာရင် ခန္ဓာကိုယ်ဟာ ငယ်ရွယ်စဉ်တုန်းကနဲ့ မတူတော့ဘဲ ဝဖြိုးဖို့ ပိုပြီး လွယ်ကူလာပါတယ်။ ပိန်ပိန်ပါးပါး လူတစ်ယောက်နဲ့ ဝတဲ့သူတစ်ယောက်တို့ဟာ အသက်ချင်း တူရင်အောင် ဝတဲ့သူက အသက်ပိုကြီးတယ်လို့ ထင်ရပါတယ်။ ဒါကြောင့် မိမိကိုယ်ကို ငယ်ရွယ်နုပျိုအောင် နေမယ်ဆိုရင်  ဝိတ်လျှော့ဖို့အချက်ကလည်း အရေးတကြီး လိုအပ်ပါတယ်။ ခန္ဓာကိုယ် ဝိတ်ကို ကျစေမဲ့ အားကစားတစ်ခုခုကို လိုက်စားသင့်ပါတယ်။ အားကစား လိုက်စားတဲ့သူတွေဟာ သာမာန်လူတွေထက် ပိုပြီး အရွယ်တင် နုပျိုတာကို တွေ့ရပါတယ်။

၉. မိမိနဲ့ သင့်တော်တဲ့ မိတ်ကပ်ကိုသုံးခြင်းဟာလည်း မျက်နှာကို လှပအရွယ်တင်စေပါတယ်။ မိတ်ကပ် လိမ်းထားတဲ့ မျက်နှာဟာ ဘာမှ မလိမ်းထားတာထက်စာရင် နေရောင်ခြည်ဒဏ်မှ တိုက်ရိုက် ထိတွေ့ခြင်းကို အနည်းအကျဉ်း ဖြစ်စေ ကာကွယ်ပေးနိုင်ပြီး မျက်နှာပြင်ပေါ်က အရေးအကြောင်းများ၊ အမဲစက်များကို ဖုံးအုပ်ပေးနိုင်ပါတယ်။

၁၁. မျက်နှာပြင်အရေပြားကို ဂရုတစိုက် ထိန်းသိမ်းရန်လိုအပ်ပါတယ်။ အပြင်က ပြန်လာပြီး မျက်နှာပေါ်က မိတ်ကပ်များကို ဖျက်ပစ်ဖို့ မမေ့ပါနဲ့။ မိတ်ကပ်ဖျက်ရာမှာလည်း ဆပ်ပြာအပြင်းစားများအသုံးပြုကာ ရေဆေးပြီး ဖျက်တာထက် မျက်နှာသန့်စင်တဲ့ cleanser ကို အသုံးပြုပြီး ဖျက်တာက ပိုမိုကောင်းမွန်ပါတယ်။ ညအချိန်မှာ မျက်နှာပေါ်က မိတ်ကပ်တွေကို မဖျက်မိဘဲ တစ်ညလောက် အိပ်မိခြင်းဟာ အရေပြားကို ၈ရက်စာလောက် ပိုမို ရင့်ရော်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ညစဉ်ညတိုင်း မျက်နှာကို သန့်စင်ဆေးကြောရန် မမေ့ဖို့လိုအပ်ပါတယ်။ မျက်နှာသစ်ပြီးပါကလည်း မျက်နှာကို အစိုဓာတ်ပြည်လည်ဖြည့်ပေးတဲ့  Moisturizer လို skin care ကို အသုံးပြုသင့်ပါတယ်။ သို့မှသာ သင့်မျက်နှာကို စိုပြေလန်းဆန်းပြီး နုနယ်ဝင်းပစေမှာ ဖြစ်ပါတယ်။

အထက်ပါအချက်များကတော့ မိမိကိုယ်ကို နုပျိုလှပအောင် နေထိုင်တဲ့နည်းများ ဖြစ်ပါတယ်။ အားလုံးဘဲ လှပကျန်းမာ ပျော်ရွှင်စိတ်ချမ်းသာကြပါစေနော်။ 



Image Hosted by PicturePush - Photo Sharing

ဝက်သားနာနတ်သီးချက်

ဒီတစ်ပတ် အားလပ်ရက်မှာ ချက်စားဖို့ လွယ်လွယ်ကူကူ အရသာရှိရှိ ဟင်းတစ်မျိုးကတော့ မိုးလေး ခပ်အးအေးနဲ့ နာနတ်သီးတွေ ပေါစပြုပြီဖြစ်တဲ့ ဒီရာသီမှာချက်ဖို့အဆင်ပြေလှတဲ့ နာနတ်သီး ဝက်သားချက် ပါ။ ထူးထူး ဆန်းဆန်း မဟုတ်ဘဲ ဝက်သားကို ချက်နေကျ နည်းအတိုင်းချက်ပြီး နာနတ်သီးကို ထည့်လိုက်တာဖြစ်ပါတယ်။ 

မထူးဆန်းတဲ့ ဝက်သားနာနတ်သီးချက်နည်းကိုဘဲ ပြောပြရမယ်ဆိုရင် 

Image Hosted by PicturePush - Photo Sharing

နာနတ်သီးများကို မိမိထည့်လို့တဲ့ ပမာဏအတိုင်း အတုံးလေးများ တုံးထားလိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ဝက်သားကို အဆီအခေါက် အသားပါတဲ့ သုံးထပ်သားကို အရွယ်တော်အတုံးလေးများ တုံးပါတယ်။ ထို့နောက် ဆား၊ အရသာမှုန့်၊ ဝိုင်ဖြူအနည်းငယ်၊ ငံပြာရည်၊ ကြာညှို့အနည်းငယ်တို့နဲ့နယ်ပြီး နာရီဝက်ခန့်ထားလိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ဟင်းထဲထည့်ရင် မွှေးအောင် နံနံစေ့ကို ရေဆေးပြီး ထောင်းထားတာပါ။ (ဒါကတော့ ရှိလို့ထည့်တာပါ ။ မရှိရင် မထည့်ဘဲနေလို့ရပါတယ်) 

Image Hosted by PicturePush - Photo Sharing

ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စောစောက ထောင်းထားတဲ့ နံနံစေ့တို့ကို ဆနွင်း၊ အရောင်တင်မှုန့်၊ ငရုပ်သီးကြမ်းမှုန့် တို့ဖြင့် ဆီသတ်ပါတယ်။ အနှစ်များများရဖို့အတွက် ကြက်သွန်ဖြူနီကို များများထည့်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ဆီသတ်ထားတာ မွှေးလာပြီဆိုရင် ဝက်သားကိုထည့်ပြီး မွှေလိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ရေထည့်ပြီး ဆား၊ ငံပြာရည်၊ အရသာမှုန့်တို့ကို လိုအပ်သလိုထည့်ကာ အဖုံးအုပ်ပြီး ဝက်သားများ နူးအောင် နပ်ထားလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing

 ရေခန်းပါက ဝက်သားမနူးသေးရင် ရေထပ်ထည့်ပြီး နူးအောင်ချက်ပါ။


Image Hosted by PicturePush - Photo Sharing

ဝက်သားနူးတဲ့အခါ စောစောက နာနတ်သီးအတုံးများကို ထည့်လိုက်ပါတယ်။ ရေထပ်ထည့်ပြီး တစ်ရေခန့် ခန်းသွားအောင် မီးပေါ် ဆက်တည်ထားလိုက်ပါ။

Image Hosted by PicturePush - Photo Sharing

ရေခမ်းသွားပြီး ဝက်သားလည်းနူး၊ နာနတ်သီးလည်း အိလာပါပြီ။ အရသာမြည်းပြီး စိတ်ကြိုက်ဖြစ်ရင် ချလို့ရပါပြီ။ ဝက်သားရဲ့ အရသာက နာနတ်သီးထဲဝင်၊ နာနတ်သီးအရသာက ဝက်သားထဲကိုဝင်သွားပြီး အရသာဟာ ထူးခြားကာင်းမွန်လှပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ချဉ်ချိုချို အရသာလေးနဲ့ အရသာ အမူထူးတဲ့ ဝက်သားနာနတ်သီးချက်ပါ။ 


သူ့အနှစ်ကိုလည်း ထမင်းဖြူလေးနဲ့ နယ်စားမယ်ဆိုရင် ကောင်းမှကောင်းပါဘဲလို့.. :P


အားလုံးဘဲ ပျော်ရွှင်သော အားလပ်ရက်များကို ပိုင်ဆိုင်ကြပါစေရှင်..


Image Hosted by PicturePush - Photo Sharing

အလန်းဇယား ဦးထုပ်များ

သင်ဟာ ဦးထုပ်ဆောင်းရတာ နှစ်သက် သဘောကျသူတစ်ယောက်ဆိုခဲ့ရင် ကမ္ဘာပေါ်က ထူးထူးဆန်းဆန်း လှလှပပ တီထွင်ချုပ်လုပ် အလှဆင်ထားတဲ့ ဦးထုပ်တွေကို ဖော်ပြချင်ပါတယ်။


ဒီဇိုင်နာ Kentucky Derby ရဲ့ လဘ္ဘက်ရည်သောက်ချိန်လို့ နာမည်ပေးထားတဲ့ ဦးထုပ်ပါ။ ဒီလိုဦးထုပ်မျိုးကတော့ မိမိကိုယ်တိုင် လုပ်ဖို့ လွယ်မယ် ထင်ပါတယ်။ အိမ်မှာရှိတဲ့ လဘ္ဘက်ရည်ခွက်နဲ့ အသီးအနှံတစ်ချို့တွေကို ဦးထုပ်မှာ ကပ်ထားလိုက်ရုံပါဘဲ။ အပြင်သွားနေတုန်း ဗိုက်ဆာရင်းလည်း ဦးထုပ်ကနေ ဖြုတ်စားလိုက်ရုံဘဲပေါ့လေ။ :P



ဒီဇိုင်နာ Phillip Treacy ရဲ့ ညှို့အားပြင်း ဦးထုပ်လို့ ဆိုပါတယ်။ မျက်စိရှေကကွယ်နေတဲ့ အမွှေး အမျှင်တွေက အမြင် အာရုံကို ရှင်းလင်းစေရဲ့လားတော့ မသိပါ။



ချစ်စရာ့အနက်ရောင်ပိုက်ကွန် ဦးထုပ်ပါတဲ့။ ပင်လယ်ထဲငါးဖမ်းချင်သူများ ပိုက်မရှိရင်သူ့ဆီငှားလို့လည်း ရနိုင်ကောင်းပါတယ်လေ။ 



ဒီဇိုင်နာ Kentucky Derby ရဲ့ ကြက်တူရွေးဦးထုပ်ပါ။ ဒီပုံထဲက ကြက်တူရွေးကတော့ ငှက်မွှေးလေးတွေနဲ့ ပြုလုပ်ထားတာပါ။ တကယ်လို့ဒီလိုဦးထုပ်မျိုးကို သဘောကျလို့ ဆောင်းချင်ရင်တော့ လွယ်လွယ်ကူကူ ကြက်တူရွေးတစ်ကောင်ကို ခေါင်းပေါ်သာာ တင်သွားလိုက်ပါ။ ခုထက် ပိုစမတ်ကျပါလိမ့်မယ်။ :P




ထူးဆန်းထွေလာဦးထုပ်ကမ္ဘာ လို့ အမည်ပေးရလောက်အောင်  ခေါင်းပေါ်မှာ ဝက်သားတုတ်ထိုးလိုလို စလောင်းငယ်လေးတွေလိုလိုနဲ့ ထူးထူးဆန်းဆန်း အလှဆင်ထားတဲ့ ဦးထုတ်ပါ။ မိမိကိုယ်တိုင် ဒီဇိုင်း ထွင်မယ်ဆိုရင်တော့ ဝက်သားတုတ်ထိုးလေးတွေကို ခုလို စီပြီး ခေါင်းပေါ်မှာ တင်ထားလိုက်ရင် လူစိတ်ဝင်စားဖွယ် ဦးထုပ်တစ်လုံးကို ရမှာဖြစ်ပါတယ်။  



ခေါင်းပေါ်မှာ လင်ပန်းကြီးတစ်ချပ် ရွတ်ထားသလား ထင်ရလောက်အောင် ကြီးမှားလှတဲ့ ဦးထုပ်ပါ။ ဒီထက်ပိုလှချင်သူများကတော့ လင်ပန်းတစ်ချပ်သာ ခေါင်းရွက်သွားလိုက်ရင် အဆင်ပြေသွားမှာပါ။ :P



ဒါကတော့ လှလှပပ မိန်းမပျိုလေးတွေ ဆောင်းတတ်တဲ့ ဆောင်းရာသီဦးထုပ်လို့ ဆိုပါတယ်.



ဦးထုပ်မှာ အလှဆင်တဲ့ ပန်းတွေက ဦးထုပ်အပေါ်မှာ ရှိရမဲ့အစား ဦးထုပ်အောက်မှာ ရှိနေတာမို့ ပန်းတွေ အဆုပ်လိုက်ကြီး ပန်ထားတာနဲ့တောင် တူနေတဲ့ ဦးထုပ်ပါ။



ဒီဦးထုပ်ကတော့ ငန်းကြီးတစ်ကောင်လုံးကို ခေါင်းပေါ်တင်ပြီး အပြင်ထွက်တဲ့ စတိုင်ပါ။ မိမိအိမ်မှာ မွေးထားတဲ့ ဘဲတစ်ကောင်ဖြစ်ဖြစ်၊ ငန်းတစ်ကောင်ဖြစ်ဖြစ် ခေါင်းပေါ်တင်ပြီး အပြင်ထွက်ရင်လည်း ဒီစတိုင် အတိုင်း ဖြစ်နိုင်ပါတယ်။ အပေါ်က အကောင်က ချေးပါချရင်တော့ မိမိဒေါသနဲ့ မိမိသာဖြစ်ပါတယ်။ :P



ဒီပုံကတော့ ပိုလိုကွင်းကြီးတစ်ခုရဲ့ စတိုင်နဲ့ အမိုက်စား ဦးထုပ်ဒီဇိုင်း ဖြစ်ပါတယ်။ 



  1. စာမရီငှက်တစ်ကောင်ရဲ့ အမွှေးတွေနဲ့ တူတဲ့ ဦးထုပ်ပါ။ 



ဒီဦးထုပ်ကတော့ လှလှပပ ချစ်စဖွယ် သတို့သမီးလေးတွေနဲ့ လိုက်ဖက်တဲ့ နှင်းဆီတစ်ပွင့် ဦးထုပ်ပါ။



ကိတ်မုန့်တုံးကြီးဘဲ ခေါင်းပေါ်တင်ထားသလိုလိုနဲ့ ကြည့်ရတာ အင်မတန်မှ လေးမဲ့ပုံရှိတဲ့ ဦးထုပ်ပါ။ ဒါကတော့ မိမိကိုယ်ကို ဒုက္ခခံချင်သူတွေ ဆောင်းတဲ့ဦးထုပ်ဖြစ်ပုံရပါတယ်။ 



ပန်းပွင့်၊ ပန်းနွယ်တွေနဲ့ အလှဆင်ထားတဲ့ ပန်းတွေနဲ့ဝေ ဦးထုပ်ပါ။ 


ဒီဦးထုပ်ကတော့ ခေါင်းပေါ်မှာ ကပ်မနေဘဲ လေထဲမှာ ဝဲနေဟန်ရှိတဲ့ ဦးထုပ်ပါ။ 




ဦးထုပ်အရောင်လေးက ချစ်စရာ၊ စားချင်စရာကောင်းတဲ့ ချစ်စရာချောကလက် ဦးထုပ်ပါတဲ့၊ 



ဝီလျှံရဲ့ ကြင်ယာတော်လေး ဆောင်းတဲ့ ဦးထုပ်ဒီဇိုင်းပါ။ တော်ဝင်သူများအတွက် အထူးချုပ်ထားတဲ့ ဦးထုပ်ဖြစ်ပါတယ်။ 


အားလုံးဘဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်။ ဒီရက်ပိုင်း စာမရေးအားတဲ့အတွက် အပျင်းပြေကြည့်ဖို့ ပုံတွေ များများတင်လိုက်တာ ဖြစ်ပါတယ်။ 



Image Hosted by PicturePush - Photo Sharing

နှလုံးသားကန်ရေပြင်ပေါ်က ဖေဖေ

ငါးမျှားတံကို ရေထဲချလိုက်တဲ့အချိန်မှာတော့  ရော့ကီးတောင်တန်း ထိပ်ဖျားပေါ်က ရေခဲဖုံးတောင်ထွတ်တွေရဲ့ အရိပ်က ရေကန် မျက်နှာပြင်ပေါ် ရောင်ပြန် ဟပ်လို့ နေခဲ့သည်။ ဒီနေရာလေးကို လွန်ခဲ့သော နှစ်များစွာကတည်းက ကျွန်မရဲ့ ဖေဖေနဲ့ အကြိမ်ပေါင်းများစွာ ရောက်ခဲ့ရဖူးပါသည်။ ခုလဲ ရောက်လာရပြန်ပါပြီလေ … ရော့ကီး တောင်တန်းတွေ တည်ရှိရာ အမျိုးသားပန်းခြံတွင်းက အလွန်လှပတဲ့ ရေကန်ကြီးရဲ့ ကမ်းနှဖူးမှာ   ငါးမျှားဖို့ ပြင်ဆင်နေမိရင်း  ကျွန်မရဲ့ အသိစိတ် လိပ်ပြာလေးက အတိတ်လွင်ပြင် ကို တောင်ပံခတ်ကာ ပျံသန်းလို့ သွားမိတော့သည်။

ဒီနေရာလေးမှာပါဘဲ..  ကျွန်မကို ဖေဖေက  ငါးမျှားနည်းကို စပြီး သင်ပေးခဲ့သည်လေ.. ငါးမျှားတံမှာ ငါးမျှားကြိုးကို ဘယ်လို ချည်ရမည်၊  ဘယ်လို ငါးမျှားကြိုးကို သုံးရမည်၊ ဘယ်လို ငါးစာကို ရွေးချယ်ရမည်၊ ငါးမျှားချိတ်မှာ ငါးစာ ဘယ်လိုတပ်ရမည် ဆိုတာတွေကအစ ငါးမျှားချိတ်မှာ ငါးလာတွတ်ပြီး ဘယ်လောက်အကြာမှာ ငါးမျှားတံကို ဆတ်ခနဲ အပေါ်ကို ရုပ်ရမယ်ဆိုတာက အဆုံး အသေးစိတ်ကို စိတ်ရှည်လက်ရှည် သင်ကြားပြသပေးခဲ့ဖူးပါသည်။

ငါးမျှားဖို့ နေရာ သေချာရွေးချယ်တတ်ဖို့ကိုလဲ ဖေဖေက ကျွန်မကို အကောင်းဆုံး သင်ကြားပေးခဲ့ သည်ပါဘဲလေ…  ဖေဖေ ရွေးချယ်ပေးတဲ့နေရာက နက်ရှိုင်း မဲမှောင်နေပြီး တည်ငြိမ်သော ရေပြင်ရှိသည့် ကြီးမားလှသော ကျောက်ဆောင်ကြီးနဲ့ နံဘေးနေရာ.. 
" ဒီနေရာမှ ငါးမျှားကြိုးကိုချ " ဖေဖေက ကျွန်မကို ပြောလိုက်သည်။

" ဘာလို့လဲဖေဖေ "

"  ဒီနေရာမှာ သမီးအတွက် အကောင်းဆုံးနဲ့အကြီးဆုံး ငါးရှိနေတယ်.. "

" ဖေဖေက ဘယ်လိုသိတာလဲ"

"ဖေဖေပြောသလိုသာ လုပ်ကြည့်ပါသမီးရယ် "

ဖေဖေညွှန်ပြသည့် နေရာမှာဘဲ ကျွန်မရဲ့ ငါးမျှားတံကို အတိအကျ နေရာ ချလိုက်တော့ အစာတတ်ထားသည့် ငါးမျှားချိတ်လေးက နက်ရှိုင်းလှသည့် ကန်ရေပြင်အောက်ကို ကြိုးအရှည်ရှိသလောက် ငုတ်လျှိုးလို့ သွားခဲ့သည်။ ဖေဖေ့ကို နောက်ထပ် ဘာမှ ပြန်မေးနေစရာ မလိုတော့ပါ … သူ့ညွှန်ကြားချက်အတိုင်း တိတ်ဆိတ်စွာ လိုက်လုပ်ရုံသာရှိပါသည် …  မကြာခင်မှာ  ငါးလာတွတ်သည့် ခံစားချက်မျိုးကို လက်က ခံစားလိုက်မိသည့်အတွက် ငါးမျှားတံကို ဆွဲကိုင် မြောက်လိုက်ချိန်မှာ ကွက်တိပါဘဲ ဖေဖေပြောသလို ကြီးမားလှတဲ့ ငါးကြီးတစ်ကောင်.. ငါးမျှားတံထိပ်မှာ တစ်လူးလူး တစ်လွန့်လွန့်နှင့် ပါလာခဲ့တော့သည်။
ဒီ အဖြစ်အပျက်လေးကို ပြန်သတိရမိတော့ ဖေဖေဟာ ကျွန်မကို ငါးမျှားပုံ မျှားနည်းတင်သာမက ဘ၀မှာ ဘယ်လိုရှင်သန် ရပ်တည်ရမယ်ဆိုတာတွေပါ သင်ကြားပေးခဲ့တာကို ကောင်းစွာ သဘောပေါက်လာ မိပါသည်။

 ဒီနေရာမှာ ငါးမျှားချိတ်ကို မချနဲ့…. "

" ဘာလို့လဲဖေဖေ"

" ဒီနေရာရဲ့ ကန်ရေပြင်အောက်ခြေဟာ မှော်ပင်တွေ အရမ်းထူထပ်တယ်… သမီးရဲ့ ငါးမျှားချိတ်ရော ငါးစာပါ ဆုံးရှုံးရလိမ့်မယ်"  လို့ ညွှန်ကြားခဲ့သလို  ဘ၀အတွက်လည်း "သမီး ဒီလမ်းကိုတော့ မရွေးချယ်ပါနဲ့ ဒီလမ်းဟာ သမီးအတွက် အန္တရာယ်များလွန်းတယ် " စသဖြင့် ဆုံးမ သွန်သင်ခဲ့ပါသည်။ ကျွန်မဘ၀အတွက် အန္တရာယ်တွေကို  ဖေဖေက ကြိုတင်တွေးတော၊ ကြိုတင် သိနားလည်လို့ နေခဲ့သည်။ ကျွန်မအတွက် ဘယ်လို အမျိုးသားဟာဖြင့် ဘ၀ကြင်ဖော်ကောင်းတစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတာပါ စိတ်ရှည်လက်ရှည်နဲ့ ဖေဖေက သင်ပြညွှန်ကြားခဲ့ပါရဲ့။

ဖေဖေမှန်ခဲ့ပါသည်လေ။

ကျွန်မရဲ့ ဘဝသည် ဖေဖေ၏ ဦးဆောင်မှု၊ လမ်းညွှန်မှု အောက်တွင် အသားကျနေထိုင်ရင်း အဆင်ပြေ ပျော်ရွှင်သော အိမ်ထောင်သည်ဘ၀နဲ့အတူ တန်ဖိုးရှိသော အိမ်ထောင်ရှင်မကောင်း တစ်ယောက်ရဲ့ ဘဝနှင့် အောင်မြင်သော အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီးပါပြီ။ သားလေး၂ယောက်ရပြီးသည့် နောက် ယခုဆိုလျှင် သူတို့တွေ သည်လည်း ကိုယ့်အိုးကိုယ့်အိမ်နဲ့ အခြေတကျ ဖြစ်ကုန်ပြီ ဖြစ်သည်။ နောက်ဆုံးတော့လည်း အိမ်ကလေးမှာ  ကျွန်မခင်ပွန်းနဲ့ ကျွန်မနဲ့ ၂ယောက်တည်းသာ ကျန်ခဲ့တော့သည်လေ။ ဖေဖေ၏ အကူအညီ၊ ဖေဖေ့လမ်းညွှန်မှုသာ မရခဲ့လျှင် ကျွန်မ၏ ဘဝသည် ယခုလောက် အဆင်ပြေ လွယ်ကူချောမွေ့လိမ့်မည် မဟုတ်သည်မှာ သေချာလှသည်။

ရော့ကီးတောင်တန်းအနီးက ရေကန်ကြီးရဲ့ ကမ်းနဖူးမှာ တစ်ယောက်တည်း မတ်တပ်ရပ်နေမိရင်း လက်ရှိ ခုချိန်မှာတော့ ကျွန်မဟာ ပီဘိ ကလေးမလေး ပြန်ဖြစ်နေခဲ့ပါပြီ။ ရေထဲချထားသော ငါးမျှားကြိုးလေးကို အသာအယာ ပြန်ဆွဲယူပြန်တော့ ကန်ရေပြင်က လှိုင်းဂယက်လေးတွေ ထသွားလေသည်။ ထိုလှို်င်းဂယက်လေးများ ထနေသော ကန်ရေမျက်နှာပြင်ကိုကြည့်ရင်း  ကျွန်မဖေဖေ၏ စကားတစ်ချို့ကို ပြန်ကြားယောင်မိသည်။

"သမီးရေ…. သမီးဟာ ဖေဖေရဲ့ အကောင်းဆုံး ငါးမျှားသမားတစ်ယောက်ပဲ…"

"အိုး ဖေဖေ.. "

"သမီးအတွက် ဖေဖေဂုဏ်ယူပါတယ်.. "

"သမီး ငါးမျှားတတ်သွားလို့လား ဖေဖေ"

"သမီးဟာ ဖေဖေ မျှော်လင့်ထားသလို အကောင်းဆုံး အမျိုးသမီးတစ်ယောက်ရဲ့ဘ၀နဲ့ အောင်မြင်စွာ လူလား မြောက်သွားလို့ ပေါ့ကွယ်.. "  

ဖေဖေက ကျွန်မကို ကြည်ကြည်နူးနူးလေး ပြုံးပြလိုက်ရင်း ပြန်ဖြေခဲ့ပါသည်။ ဖေဖေနှင့်အတူ ကျွန်မလဲ ကြည်ကြည်နူးနူးလေး ပြုံးလိုက်မိပါသည်။

ထိုချိန်လေးတင် အသက်ကြီးကြီး စုံတွဲတစ်တွဲ လမ်းလျှောက်လာရင်း  ကျွန်မကို မြင်တော့ နှုတ်ဆက်စကား ဆိုရင်းက "ငါး ရပြီလား" ဟု လှမ်းမေးပါသည်။ "ဘာမှ မရသေးပါဘူး" လို့ ကျွန်မပြန်ဖြေလိုက်ရင်း ပါးပေါ်တွင်  မျက်ရည်စီးကြောင်း၂ခုက အလိုလို စီးကျလာပါတော့သည်။ ကျွန်မကို ကြည့်ကာ ဇဝေဇ၀ါ အတွေးတွေနှင့် စိတ်ရှုပ်သွားပုံရသော  အမျိုးသားကြီးက "  စိတ်မပူပါနဲ့ကွယ်.. မကြာခင်တော့ မိမှာပါ။ ဒီကန်မှာ ငါးမျှားနေကြတဲ့ လူတိုင်းဆီကို ရောက်ခဲ့ပြီး လိုက်မေးကြည့်တာ ဘယ်သူကမှ ငါးမရကြသေးပါဘူး.. "  ဟူ၍  ကျွန်မကို ပြန်နှစ်သိမ့်ပြီး အနားကနေ ကသုတ်ကယက် ထွက်ခွာသွားကြ ပါတော့သည်။

ကြည့်ရသည်မှာ  တစ်ယောက်တည်း ငါးမျှားနေပြီး အချိန်ကြာသည်ထိ ငါးမရသေး၍ စိတ်မငြိမ်မသက် ဖြစ်နေသည်ဟု ကျွန်မကို ထင်သွားသည့်ပုံ ရသည်လေ။ ကိစ္စမရှိပါ… ကျွန်မနှင့် အတူတူ ဖေဖေရှိနေသည်ကို သူတို့ သိနိုင်မည် မဟုတ်သလို နားလည်နိုင်မည်လဲ မဟုတ်ပါ။  ငါးတစ်ကောင်တစ်လေ ငါးမျှားချိတ်တွင် လာတွတ်လျှင်ပင် ကျွန်မ စိတ်ကူးလေးထဲတွင် ကျွန်မနှင့် အတူတူ  ဖေဖေ ရှိနေသည်ဆိုသည့် အတွေး၊ ဖေဖေနှင့် ငါးမျှားခဲ့ရချိန်တုန်းက ရရှိခဲ့သော ပျော်စရာအချိန် လေးတွေအကြောင်းကို  သတိတရ ပြန်တမ်းတ နေမိတာလေးတွေ အနှောက်အယှက်တောင် ဖြစ်သွားနိုင်ပါသည်။ ခုချိန်တွင် မည်သည့်ငါးမျှ မရသော်လည်း ဖေဖေ့မေတ္တာတရားကို ပြန်လည် တသ သတိရနေမိသည်က ကျွန်မအတွက် ပိုကောင်းသည်ပဲ မဟုတ်ပါလား။

ကျွန်မဘ၀ကနေ ဖေဖေပျောက်ကွယ်သွားခဲ့တာ ကြာပြီဖြစ်ပေမဲ့လို့ ယခုအချိန်ထိ ဖေဖေပေးခဲ့သော ငါးမျှားနည်းသင်ခန်းစာမှသည် ဘ၀အတွက် လေ့လာသင်ယူစရာ သင်ခန်းစာအားလုံးသည် ကျွန်မအတွက်တော့ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိနေတုန်း၊ လေးစားစွာ လိုက်နာနေရတုန်းသာ ဖြစ်လေသည်။ ဒီလိုအချိန်မှာတော့ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို လေးလေးနက်နက် နက်နက်ရှိုင်းရှိုင်း ခံစားနားလည်မိရင်း နှလုံးသား ကန်ရေပြင်ပေါ်မှာ ထင်ဟပ်နေသော ဖေဖေ့ပုံရိပ်လေးကို ချစ်ခင်နှစ်သက်မိစွာ ပြုံးရင်း ကြည့်နေမိပါတော့သည်။

Chicken Soup for the Fisherman's Soul မှ Kathleen Kovach Ripples of Reflection ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။ ကမ္ဘာပေါ်ရှိ ဖခင်များအားလုံး ကိုယ်စိတ်နှလုံးချမ်းမြေ့ကြပါစေ။



လေးစားချစ်ခွင်စွာ


Image Hosted by PicturePush - Photo Sharing