ဝက်နံရိုးမြေအိုးချက်
ဒီတစ်ပတ် အစားအသောက် အကြောင်းမှာတော့ ဝက်နံရိုး မြေအိုးချက်ဟင်းနဲ့ မိတ်ဆက်ပေးပါဦးမယ်ရှင်။ ဝက်နံရိုးတွေကို မြေအိုးထဲမှာ နူးအိနေအောင်ချက်ထားတဲ့ ဟင်းတစ်ခွက်ဟာ အလွန်ကို အရသာ ရှိလှပါ တယ်။ ဝက်နံရိုးကိုချက်ဖို့ ပထမဦးစွာ ရေစင်အောင် ဆေးပြီး ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်အကြည်၊ ဟင်းချက်ဝိုင် အနည်းငယ် တို့ဖြင့် နယ်ပြီး၁၅မိနစ်ခန့် ထားထားလိုက်ပါ။ 
Image Hosted by PicturePush - Photo Sharing
ရေဆေး၊ ဆားနယ်၊ အရသာမှုန့်၊ ငံပြာရည်၊ ဟင်းချက်ဝိုင်ထည့်ကာနယ်
Image Hosted by PicturePush - Photo Sharing
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ နာနတ်ပွင့်၊ ဖာလာစေ့
Image Hosted by PicturePush - Photo Sharing
ကြက်သွန်၊ နာနတ်ပွင့်၊ ဖာလာစေ့တို့ကို ဆီထဲထည့်
Image Hosted by PicturePush - Photo Sharing
အရသာများနယ်ထားတဲ့ နံရိုးကို ထည့်ပါတယ်
Image Hosted by PicturePush - Photo Sharing
ထို့နောက် ပုလင်းနဲ့လာတဲ့  ပဲငပိကို တစ်စွန်းစာ ထည့်ပါတယ်။ ခရမ်းချဉ်သီး ၂လုံးလောက်ကို တောက်တောက်စင်းထည့်ပါတယ်။ ငံပြာရည်အနည်းငယ်ထည့်ပြီး ရေသင့်တင့်သလို ထည့်မွှေပါတယ်။ 
Image Hosted by PicturePush - Photo Sharing
နိုင်ငံခြားရောက်နေသူများ ပဲငပိကိုရှာလိုပါက Chilli bean sauce ဆိုပြီးရှာနိုင်ပါတယ်။
Image Hosted by PicturePush - Photo Sharing
ထို့နောက် နံရိုးများကို မြေအိုးထဲ ပြောင်းထည့်ပါတယ်။ ဆား၊ အရသာမှုန့် လိုသလိုထည့်ပါ၊
Image Hosted by PicturePush - Photo Sharing
ရေများများထည့်ကာ အဖုံးအုပ်ပြီး နံရိုးများ နူးအိလာအောင် တည်ထားလိုက်ပါတယ်
Image Hosted by PicturePush - Photo Sharing
နံရိုးနူးလာရင်ထည့်ဖို့ ဥနီ၊ ဂျူးမြစ်၊ ကြက်သွန်မြိတ် အကြီးမျိုးတို့ကို အသင့်ပြင်ဆင်ထားပါတယ်
Image Hosted by PicturePush - Photo Sharing
နံရိုးနူးလျှင် ဥနီ၊ ကြက်သွန်မြိတ်၊ ဂျုးမြစ်တို့ကို ထည့်လိုက်ပြီး ၅မိနစ်ခန့်ကြာလျှင် အရသာ အပေါ့အငံ လိုအပ်သလိုထည့်ပြီး ချနိုင်ပါပြီ။
Image Hosted by PicturePush - Photo Sharing
မြေအိုးဝက်နံရိုးချက် ရပါပြီ။
အသားထဲထိ အရသာဝင်ကာနူးအိပြီး စားကောင်းလှတဲ့ ဝက်နံရိုး မြေအိုးချက်ဟင်း တစ်ခွက်ပါ။ 
အားလုံးအတွက် ပျော်ရွှင်သော၊ အေးချမ်းသော Weekend ဖြစ်ပါစေရှင်.. 
Image Hosted by PicturePush - Photo Sharing
ဂေါ်သဇင်ပန်း ပန်လိုသူ
ကျွန်မတို့ အလယ်တန်း အထက်တန်းကျောင်းနေစဉ် အချိန်တွေမှာ အတန်းတိုင်းမှာ သင်ခဲ့ရတဲ့ မြန်မာ ကဗျာလေးတွေဟာ အလွန် ချစ်စရာ ကောင်းပါတယ်။ မြန်မာမှု မြန်မာဓလေ့ ၊ မြန်မာဆန်ဆန်နဲ့ ကျေးလက်နံ့လေးတွေ သင်းနေတဲ့ ကဗျာလေးတွေမို့ ဖတ်လို့လည်းကောင်း၊ ချစ်ဖို့လည်း ကောင်းလှပါတယ်။ ကျွန်မဟာ ကဗျာလေးတွေကို ဖတ်ရတာ နှစ်သက်သူတစ်ယောက်ပါ။ ကျောင်းမှာသင်ရတဲ့ ကဗျာလေးတွေဆိုရင် အလွတ်ရအောင်ကို ကျက်ပါတယ်။ အဲဒီလို ကဗျာတွေကို အလွတ်ကျက်တဲ့အကျိုးဆက်ကလည်း စာမေးပွဲမှာ ကဗျာတွေကို စကားပြေ ပြန်တဲ့အခါမျိုးမှာ ကျက်ထားတဲ့ စကားပြေ မေ့သွားခဲ့ရင်တောင် ကဗျာကို အလွတ်ရတာမို့ ပြန်စဉ်းဖို့အတွက်၊ ဒါမှ မဟုတ် ဆရာ ရေးပေးတာကို အလွတ် ကျက်တာမျိုးမဟုတ်ဘဲ မိမိ စကားလုံးတွေနဲ့ စကားပြေဖြစ်အောင် ရေးဖို့အတွက် တော်တော်ကို အထောက်အကူ ဖြစ်စေပါတယ်။ ကျောင်းသင် ကဗျာတွေထဲမှာ ကိုယ်အပြင်မှာ မသိမမြင်ဖူးတဲ့ အရာတစ်ချို့တွေကို ပထမဦးဆုံး နာမည်ကို စပြီးရင်းနှီးစေခဲ့ပါတယ်။
ဥပမာအားဖြင့် ပြောရရင် ဝန်ကြီးပဒေသရာဇာ ရေးတဲ့ ထန်းတက်သမား ကဗျာထဲမှာပါတဲ့ ရင်းထောင်၊ ရင်းဆွဲတို့  ကလိုင် တို့ဆိုတာတွေဟာ နာမည်ကိုပထမဦးဆုံး ကြားဖူးခြင်းဖြစ်ပြီး ထန်းပင်ရှားပါတဲ့ ကချင်ပြည်နယ်လို ကျွန်မရဲ့ ဇာတိမြေမှာ တွေ့ရဖို့ ခဲယဉ်းလှပါတယ်။ အဲဒီကဗျာထဲမှာဘဲ နှီးဒေါင်းလန်းဆိုတာနဲ့လည်း စပြီး ရင်းနှီးမိပါတော့တယ်။ နှီးဒေါင်းလန်းကိုတော့ စာအုပ်တစ်ချို့မှာ ဖော်ပြထားတာကြောင့် အပြင်မှာ မမြင်ဖူးပေမဲ့ ပုံကလေးကိုတော့ မြင်ဖူးခဲ့ရပါတယ်။ အလားတူ ကိုးတန်းမှာ သင်ရတဲ့ စိတ်နေမြင့်သူဆိုတဲ့ ကဗျာမှာ ကျွန်မအတွက် မှတ်မှတ်ရရ ဖြစ်စေတဲ့ ပန်းတစ်မျိုးရဲ့ အမည်ကို စတင် ရင်းနှီးရပြန်ပါတယ်။ အဲဒီ ပန်းနာမည်က ဂေါ်သဇင်ပန်းပါ။ ဂေါ်သဇင်ပန်းအကြောင်း ကဗျာထဲမှာ ဘယ်လိုပါသလဲဆိုတာ မှတ်မိသူများလည်း မှတ်မိကြမှာပါနော်။ မမှတ်မိသူတွေအတွက် တစ်ဖန် မှတ်မိအောင် အစ ပြန်ဖော်ပြချင်ပါတယ်။
စိတ်နေမြင့်သူ
********** 
ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း ယောင်းမတို့ ရေ
ပန်ပါရလို၊ ပန်ရလျှင်လဲ
ပန်းများသခင်၊ ဂေါ်သဇင်ဟု
ပင်ဆင့်ပေါက်သည်၊ ရွက်မြှောက်ရိုးတံမှသာတဲ့။
လိမ်းပါရလို၊ လိမ်းရလျှင်လဲ
ရွှေနှင့်နှိုင်းတူ၊ တောင်ငူနနွင်း
ငွေနိုင်းချင်းသည်
ဝင်းထိန်ထိန်ငယ်၊ အချိန်ခြောက်ကျပ်သားမှသာတဲ့။
ကြင်ပါရလို၊ ကြင်ရလျှင်လဲ
ရွှေတိုက်တော်မှာ စာရင်းသွင်းသည်
ခြင်းခြင်းတောက်တဲ့ လူမှသာတဲ့။
အပျိုဖြူငယ်ကကျွမ်း၊ မယ်လွမ်းလှတယ်လေး။
အိုင်ချင်း (အမည်မသိ ရှေးစာဆို)
ကဗျာထဲမှာ ပါတဲ့ အတိုင်းဆိုရင် ရှေးယခင်ခေတ်က ဂေါ်သဇင်ပန်းဟာ ပန်းတကာတို့ရဲ့ သခင်အဖြစ် သတ်မှတ်ပုံ ရပါတယ်။ ကဗျာ သုံးပိုဒ်လုံးအကြောင်းကို မပြောပြတော့ပေမဲ့ ပထမဦးဆုံး အပိုဒ်ထဲမှာဆိုရင် ကဗျာထဲက မိန်းခလေးဟာ “ ပန်းပန်မယ် ဆိုရင်တောင် တစ်ခြားပန်းတွေကို မပန်ချင်ပါဘူး။ ပန်းတကာတို့မှာ အမြတ်ဆုံးလို့ သတ်မှတ်တဲ့ ဂေါ်သဇင်ပန်းကိုသာ ပန်လိုတယ်” လို့ ပြောထားပါတယ်။ တကယ်တမ်းတော့ ကျွန်မဟာ ဂေါ်သဇင်ပန်းဆိုတာကို အဲဒီမတိုင်ခင်က တစ်ခါမှကို မမြင်ဖူးပါဘူး။ အဲဒီတော့ ကဗျာထဲမှာ ဖော်ပြထားတဲ့ မိန်းခလေး ပန်ချင်တဲ့ ဂေါ်သဇင်ပန်းဆိုတာ ဘယ်လိုပန်းမျိုးလဲဆိုတာ တော်တော်လေး စိတ်ဝင်စားမိပါတယ်။
နောက်တော့ တစ်ခုသော မိုးရာသီမှာ မမျှော်လင့်ဘဲ သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ရှေ့ ခြံစည်းရိုးမှာ ကျွန်မ တစ်ခါမှ မမြင်ဖူးတဲ့ ပန်းကလေးတွေဟာ အရွက်စိမ်းရင့်ရောင်နဲ့အတူ ဆင်စွယ်ရောင်လေးတွေနဲ့ ပွင့်နေတာကို တွေ့မိပါတယ်။ အဲဒီ ပန်းကလေးတွေက သဇင်ပန်းနဲ့ ခပ်ဆင်ဆင် တူတာကိုတွေ့ရတာမို့ အိမ်ရှင် သူငယ်ချင်းကို မေးမိတော့မှ သူငယ်ချင်းကလည်း သူလည်း မသိတာကြောင့် သူ့အိမ်က လူကြီးတွေကို မေးကြည့်တော့မှ ကျွန်မသင်ခဲ့ရတဲ့ ကဗျာထဲက ဂေါ်သဇင်ပန်းလေး ဖြစ်နေတာကို သိရတော့ ကျွန်မမှာ ဝမ်းသာစိတ် ဖြစ်မိရပါတယ်။ ဘာကြောင့်ဆိုတော့ ကိုယ်မမြင်ဖူးပေမဲ့ ကဗျာထဲမှာတောင် ဖွဲ့ဆိုရလောက်အောင် လှပတဲ့ ပန်းတကာတို့ရဲ့ ဘုရင် ဆိုတဲ့ ပန်းကလေးကို စိတ်ဝင်စားမိတာကြောင့်ပါ။
Image Hosted by PicturePush - Photo Sharing
အဲဒီမှာ ကျွန်မမြင်ခဲ့ရဖူးတဲ့ ဂေါ်သဇင်ပန်းတွေဟာ ရိုးတံသေးသေး သွယ်သွယ်နဲ့ အရွက်ထူထူ၊ အပွင့်က သဇင်ပန်းနဲ့ ဆင်တူကာ ရိုးတံသွယ်သွယ်လေးပေါ်မှာ အပွင့်သေးသေးလေးတွေ စီရီပြီး ပွင့်တာဖြစ်ပါတယ်။ မိုးရာသီမှသာ ပွင့်တတ်ပြီး နွယ်ပင်အမျိုးအစား ဖြစ်တာကြောင့် ခြံစည်းရိုးတွေမှာ ခွေလိမ်ပြီး ရစ်ပတ် နွယ်တက် နေတတ်ပါတယ်။ ရေကြိုက်ပုံရပြီး စိုစွတ်တဲ့ မြေမျိုးမှာ စိုက်တာကို တွေ့ရပါတယ်။ ပန်းပွင့်မှာ အနံ့ကတော့ သင်းသင်းလေးဘဲလို့ စိတ်ထဲမှာ မှတ်မိပါတယ်။ ဘယ်လိုပင်ဖြစ်စေ ကျွန်မကတော့ ကဗျာထဲက ပန်းကလေးမို့ စိတ်ထဲ ရင်းရင်းနှီးနှီး သတ်မှတ် ခံစားမိပါတယ်။ နှစ်သက်မြတ်နိုးမိပါတယ်။ အဲဒီလိုနဲ့ ကျွန်မရဲ့ ဇာတိ ကချင်ပြည်နယ်ကနေ မန္တလေး၊ ရန်ကုန်တို့မှာ ကျောင်းတက်ဖို့ ထွက်ခွာ လာပြီးတဲ့နောက်မှာတော့ ဂေါ်သဇင်ပန်းကို တစ်ခါမှ ပြန်မတွေ့တော့ပါဘူး။ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဂေါ်သဇင်ပန်းကို တစ်ခါမှ မမြင်ခဲ့ရဖူးပါဘူး။ မရှိတာလား ၊ ရှိပေမဲ့ ကျွန်မ မတွေ့တာ လားတော့ ကျွန်မလည်း အသေအချာ မပြောနိုင်ပါဘူး ..  အဲဒီပန်းကလေးနဲ့ ဝေးသွားခဲ့တာတော့ အတော်ကို ကြာသွားခဲ့ပါတယ်။
မမျှော်လင့်တဲ့ ခရီးတစ်ခုဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ကလေးမှာ ဝေးကွာသွားတာ ကြာပြီဖြစ်တဲ့ ချစ်စဖွယ် ဂေါ်သဇင်ပန်းလေးတွေနဲ့ ပြန်လည် ဆုံဆည်းရပါတော့တယ်။ ကျွန်မမှာ မိတ်ဟောင်း ဆွေဟောင်းတွေ ပြန်လည် ဆုံစည်းမိရသလို ဝမ်းသာအားရ ဖြစ်မိပြီး အဲဒီ ဂေါ်သဇင်ပန်းလေးတွေကို ဓာတ်ပုံ ရိုက်မိပါတယ်။ ဂေါ်သဇင်ပန်းဟာ မိုးရာသီမှသာ ပွင့်တာမို့ တကယ်လို့သာ တစ်ခြားအချိန် ရောက်သွားခဲ့ရင် ပန်းပွင့်တာကို မြင်ခဲ့ရမှာ မဟုတ်ပါဘူး။ ခုတော့ တိုက်တိုက်ဆိုင်ဆိုင် မိတ်ဟောင်းဆွေဟောင်းနဲ့ ပြန်ဆုံရတာမို့ မိုးရာသီမှာ သွားဖြစ်ခဲ့တဲ့ ခရီးအတွက် ကျေးဇူး တင်မိရ ပါသေးတယ်။ 
Image Hosted by PicturePush - Photo Sharing
ဟောဒီလိုခြံစည်းရိုးမှာ နွယ်တက်ပြီး သွယ်လျလျပွင့်တတ်တဲ့ ဂေါ်သဇင်..
Image Hosted by PicturePush - Photo Sharing
သဇင်ပန်းနဲ့ တူသော်ငြားလည်း သဇင်ပန်းလို အခြားအပင်မှာ ကပ်ပြီးပေါက်တာမျိုးမဟုတ်
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
ချစ်စရာ ဂေါ်သဇင်
အပေါ်မှာ မြင်ရတဲ့ အတိုင်းပါဘဲ.. သဇင်ပန်းလေးတွေနဲ့ ပုံစံတူတဲ့ ဂေါ်သဇင်ပန်းလေးတွေပါ။ ပန်းလေးတွေ ကို ကြည့်ပြီး စဉ်းစား မိလာတာက ဒီလို ရိုးရိုးရှင်းရှင်း ခြံစည်းရိုးမှာ ပွင့်တဲ့ ဂေါ်သဇင် ပန်းလေးတွေဟာ ကဗျာထဲမှာ ပါသလို ပန်းတကာတို့ရဲ့ ဘုရင် ဖြစ်နိုင်ပါ့မလား လို့ စိတ်ထဲ ထင်လာမိပါတယ်။  အချို့ အရပ်မှာတော့ ဆောင်တော်ကူးပန်းလေးတွေကို ဂေါ်သဇင်ပန်းလို့ ခေါ်ကြတယ်လို့လည်း ရေးထားတာ ဖတ်ရပါတယ်။ ဆောင်တော်ကူး ပန်းတွေကတော့ ဆောင်းရာသီမှာ ပွင့်ပြီး အနံ့လေး ခပ်သင်းသင်းနဲ့ သင်းထုံတဲ့ ပန်းတစ်မျိုးပါ။  ကျွန်မတို့အရပ်မှာတော့ ဒီဇင်ဘာပန်းလို့ ခေါ်ပါတယ်။ ဂေါ်သဇင်ကတော့ စောစောက ပုံထဲက ပန်းကိုဘဲ ခေါ်ကြပါတယ်။ ဒါကြောင့် ရှေးကဗျာတွေထဲမှာပါတဲ့ ဂေါ်သဇင်ပန်းဟာ ဘယ်လိုပန်းမျိုးကို ရည်ရွယ်တာလဲ ဆိုတာ သိချင်လာတာကြောင့် သေချာ ရှာဖွေကြည့်ပြန်တော့ အခြားကဗျာလေးတွေကို ထပ်မံ တွေ့ရပြန်ပါတယ်။
Image Hosted by PicturePush - Photo Sharing
ဒီပန်းလေးတွေကတော့ ကျွန်မတို့က ဆောင်တော်ကူးလို့ခေါ်တာပါ။ အချို့က ဂေါ်သဇင်လို့ခေါ်တယ်ဆိုပြီး ရေးထားတာ ဖတ်ရပါတယ်။ ပုံကိုတော့ ( ဒီနေရာက ) ယူထားတာပါ။
ဂေါ်သဇင်
*******
ဂနိုင်ပြောကျယ်
တောအလယ်တွင်
တပါးဧကစာ
ကျင့်သုံးခါဖြင့်
ပင်ယံမြင့်မြင့်
တင့်လည်းတင့်ကာ
ဝင့်ဝင့်ထယ်ထယ်
အလှကြွယ်သား
ဆန်းပြားရနံ့
သင်းထုံပျံ့စေ
မြေလည်းမခ
ဂုဏ်မာနနှင့်
ပုညထူးမှ
ဆင်ပါရသည်
မြတ်ပန်းဘုရင် ဂေါ်သဇင်...။
ဖြူနီတင့်ဆန်း
တခန်းထိန်ဝါ
ခရမ်းပြာနှင့်
စုံစုံပွင့်၍
ဖူးငုံရနံ့
ထုံသင်းပျံ့လည်း
မ၀ံ့ရဲစွာ
ယှဉ်ပါရသော်
ပလ္လင်တော်နန်း
စံမြန်းဘုန်းရှင်
ထီမထင်သို့
ပန်းတို့သခင် ဂေါ်သဇင်...။
ဒီကဗျာလေးဟာ ဘယ်သူရေးစပ်ခဲ့တဲ့ ကဗျာလည်းတော့ မသိပါဘူး။ ကျွန်မ လိုက်ရှာရင်းနဲ့ ( ဒီနေရာ လေးကနေ ) ရတာ ဖြစ်ပါတယ်။  ဒီကဗျာဖတ်ပြီး စဉ်းစားမိရပြန်တာက ကဗျာထဲက ဂေါ်သဇင်ပန်းဟာ    သစ်ပင်မြင့်မြင့် ထက်မှာသာ ပေါက်တယ်လို့ ဆိုထားပါတယ်။ ရနံ့လည်း ရှိတယ်။ အရောင်စုံလည်း ရှိတယ်လို့ သိရပါတယ်။ ကျွန်မ ပုံထဲက ဂေါ်သဇင်ပန်းကတော့ မြေပြင်ကနေ နွယ်တက်ပြီး  ဆင်စွယ်ရောင် သာ ပွင့်တဲ့ပန်းပါ။ သစ်ပင်မြင့်မြင့်မှာ ပေါက်နိုင်တာမျိုးမဟုတ်ဘဲ ပင်ခြေလောက်မှာသာ နွယ်တက်ပြီး ပွင့်နိုင်တာမျိုးပါ။ ဒီလိုဆိုရင်  ဆင်စွယ်ရောင် ခြုံပင်အရွယ် ဆောင်တော်ကူးပန်းကို ရေးဖွဲ့တာ မဟုတ်တာလည်း သေချာဖတ်ကြည့်ရင် သိသာနိုင်ပါတယ်။ 
တော်သန့်စင် (ဂေါ်သဇင်)
*****************
တောတောင်သာမော၊
ဂနိုင်ပြောကျယ်၊
မြင့်ထက်ပင်ယံ၊
တင့်စွာစံ၍၊
ဟေမာန်ကာလ၊
ပျပျနံ့သင်း၊
လှယမင်းကြူ၊
ဖြူဖြူလွှလွှ၊
ခိုင်လုံးကြွသန်း၊
မင်းပန်းစိုးပန်း၊
ထက်တန်းကျကျ၊
စံ၍ခစား၊
များလူတော်ဝင်၊
ဂေါ်သဇင်မျိုး၊
လေတိုးလွင့်လွင့် ပင်မြင့်မြင့်။
အထက်က ကဗျာလေးကိုတော့ (ဒီနေရာမှာ တွေ့ရပြန်ပါတယ်) ရေးသူအမည်မဖော်ပြထားတော့ ဘယ်သူရေးတယ် မသိရပေမဲ့ ကဗျာထဲက ဂေါ်သဇင်ကတော့ သစ်ပင်မြင့်မှာပေါက်ပြီး ဖြူလွလွ တစ်ခိုင်လုံး ကြွနေတဲ့ ဆောင်းရာသီပန်းလို့ သိရပါတယ်။ 
ဂေါ်သဇင် 
*********
ဒွါဒသာ  အတာဝန်းမှာတော့
ဖြာရရာ  မာလာပန်းငယ်တို့
သာယာလန်းဆန်းကြတယ် ။
လတန်ခူးဆီက 
မြဖူးတွေ  စီရရီနှင့်
ပွင့်သိင်္ဂီ  ပန်းတောက်ပန်းပေမင့်
ဒေါင်းလန်းဝယ်  ငွေတစ်မတ်ဟာမို့
ကောင်းကန်းတယ်  ဖေ မမှတ်ပါဘု
ဖိုးပြတ်လွန်းလွယ် ။
နှင်းငွေရည်မှုံ  တမှုန့်ရယ်နှင့်
ညှင်းလေပြည်  သုန် တသုန့်တွင်မှ
ဆုံရဂုံ  မြိုင်အလယ်
ခိုင်သွယ့်နွဲ့  ညွန့်ဖူး ။
မိုးမကူ
ပင်မြင့်မှာ  တစ်ဂုဏ်ထူလို့
သဇင်ဖြူ  နှင်းရည်သောက်ဟာမို့
တော်အ၀င်  ဘုရင်တို့ ကောက်ပေလိမ့်
တစ်ယောက်မောင်  ယောင်လို့မှ မလှမ်းသာဘု
မျှော်မှန်းကာ  မြင်ရုံနှင့် ဆွေးရပါတော့
တော်တန်းစံ  ဇင်ငုံထွေးရယ်
ရဖို့ဆွတ်ခါ  ခူးချင်ရဲ့
ဖေးမလို့  ညွှတ်စွာနူး ။  ။
ဆရာကြီး မင်းသုဝဏ်
ဒီကဗျာကိုတော့ (ဒီနေရာက ရတာပါ ) ။ ဆရာကြီးရဲ့ ကဗျာထဲမှာတော့ မိုးမရွာတဲ့ ဆောင်းရာသီလို ချိန်ခါမှာ ပန်းလေးတွေဟာ သစ်ပင်ထက်ဖျားဆီမှ နှင်းရည်စိုလူးပြီး ဖူးပွင့်ကြတယ်လို့ ဆိုထားပြန်ပါတယ်။ သဇင်ဖြူ နှင်းရည်သောက်ဟာမို့ လို့ပါတဲ့အတွက်လည်း ကဗျာထဲက ဂေါ်သဇင်ဟာ သဇင်ပန်းကိုသာ ဆိုလိုဟန် တူပါတယ်။
ဒါကြောင့် ကဗျာတွေထဲက ဂေါ်သဇင်ပန်းဟာ ဆောင်းရာသီမှာ နှင်းရည်ဆွတ်ဖြန်းမှ လန်းဆန်းကြည်လင်စွာ ပွင့်ဝေကြတဲ့ သဇင်ပန်းများကို ဆိုလိုဟန် ရှိပြီး ကျွန်မ ဓာတ်ပုံထဲက ဂေါ်သဇင်ပန်းကို ရည်ညွှန်းဟန် မတူပါဘူး။ ပြီးတော့လည်း သစ်ပင်မြင့်မြင့်မှာသာ ပေါက်တယ်ဆိုလေတော့ ဆောင်တော်ကူးပန်းကိုရော၊ ဂေါ်သဇင်ပန်းကိုပါ ရည်ရွယ်ဟန် မရှိဘဲ သဇင် သို့မဟုတ် သစ်ခွ ပန်းကိုသာ ဆိုလိုတယ်လို့ ယူဆမိပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် နန်းထိုက်တော်ဝင်တဲ့ ပန်းများသခင် ဂေါ်သဇင် ဆိုတာ ကျွန်မ ဓာတ်ပုံထဲက ဂေါ်သဇင်ပန်းလေးကို  ပြောတာ  မဟုတ်ရင်တောင်မှဘဲ ကျွန်မကတော့ ခြံစည်းရိုးတွေမှာ စိုက်တတ်ပြီး ရနံ့သင်းသင်းလေးနဲ့ မိုးရာသီမှာပွင့်သော အညတရ ဂေါ်သဇင်ပန်းလေးကို ချစ်ခင် နှစ်သက်မြဲ နှစ်သက်နေဦးတော့မှာပါ။
( ဂေါ်သဇင်ပန်းနဲ့အတူ ကဗျာလေးတွေဖတ်ပြီး ပေါ်လာမိတဲ့ အကြောင်းအရာလေးတွေပါ)
မိတ်ဆွေများ အားလုံးလည်း ပန်းကလေးများလို ဝေဖြာလန်းဆန်းကြပါစေရှင်။ 
Image Hosted by PicturePush - Photo Sharing
တိတ်ဆိတ်မှုကို နားထောင်ခြင်း
တစ်ခါတုန်းက အတော်အသင့် စီးပွားရေးအဆင်ပြေတဲ့ လယ်သမားကြီး တစ်ယောက်ရှိပါတယ်။ တစ်ရက်မှာ သူတန်ဖိုးထား နှစ်သက်ရတဲ့ အိတ်ဆောင် နာရီလေးတစ်လုံးဟာ စပါးကျီထဲမှာ ကျပျောက်သွားခဲ့ပါတယ်။ အဲဒီနာရီဟာ သူ့အတွက်တော့ သာမန်နာရီတစ်လုံး မဟုတ်ဘဲ   မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ တန်ဖိုးထားစရာ အမှတ်တရတွေ အများကြီးရှိသော ရွှေနာရီလေး ဖြစ်ပါတယ်။ ကောက်ရိုးခြောက်တွေ အထပ်ထပ် ခင်းထားတဲ့ စပါးကျီထဲမှာ နာရီလေးကို အချိန်ပေါင်းများစွာကြာအောင် ရှာပေမဲ့ ဘယ်လိုမှ ရှာလို့ မတွေ့နိုင်ဖြစ်နေပါတယ်။
နောက်ဆုံးမှာတော့ လယ်သမားကြီးဟာ သူတစ်ဦးတည်း ရှာဖွေနေတာကို ရပ်လိုက်ပြီး စပါးကျီနဲ့ မနီးမဝေးမှာ ဆော့ကစားနေတဲ့ ကလေးတစ်အုပ်ကို ခေါ်လိုက်ကာ ကောက်ရိုးပုံထဲ ကျပျောက်သွားတဲ့ နာရီကိုတွေ့အောင် ရှာပေးနိုင်ရင် တွေ့တဲ့သူကို မုန့်ဖိုးပေးမယ်လို့ ကတိပေးပြီး ကလေးတွေကို စပါးကျီထဲ ဝင်ရောက်ရှာဖွေစေပါတယ်။ မုန့်ဖိုးပေးမယ်ဆိုတဲ့ အသံလည်း ကြားရော ကလေးတွေဟာ ဆူညံ ပွက်လောရိုက်ပြီး စပါးကျီထဲကို အလုအယက် ပြေးဝင်သွားကြပြီး သူ့ထက်ငါဦးအောင် ရှာဖွေကြပါတော့တယ်။ ကောက်ရိုးပုံကြီးထဲ ဗြောင်းဆန်အောင် ရှာဖွေကြပေမဲ့ အချိန်သာ ကုန်သွားတယ်။ ဘယ်သူ တစ်ဦးတစ်ယောက်ဆီကမှ တွေ့ပြီ ဆိုတဲ့အသံ ထွက်မလာပါဘူး။ နောက်ဆုံးမှာတော့ ကလေးတွေလည်း လက်လျော့လိုက်ပြီး စပါးကျီထဲကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ ပါတော့တယ်။
လယ်သမားကြီးလည်း စိတ်ဓာတ်ကျပြီး စပါးကျီရှေ့မှာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်ချလိုက်ပါတယ်။ အဲဒီချိန်မှာ စောစောတုန်းက ကလေးအုပ်စုထဲမှာပါတဲ့ ကောင်လေးတစ်ယောက်ဟာ စပါးကျီရှေ့ကို ပြန်ရောက်လာပြီး “စပါးကျီထဲမှာ ကျွန်တော်တစ်ယောက်တည်း အေးအေးဆေးဆေး ရှာချင်ပါတယ်။ ကျွန်တော့်ကို ရှာခွင့်ပြုပါ။ ကျွန်တော် ကြိုးစားကြည့်ချင်ပါတယ်” လို့ လယ်သမားကြီးထံ ခွင့်တောင်း လာပါတယ်။ လယ်သမားကြီးဟာ ကောင်လေးကို သေချာ အကဲခတ်ကြည့်ပါတယ်။ ကောင်လေး မျက်နှာပေါ်က ရိုးသားခြင်းတွေနဲ့ အားတက်သရော အမူအရာတွေကို မြင်လိုက်ရတာနဲ့ “ကောင်းပြီလေ.. နောက်ဆုံး လက်လျော့လိုက်ရမဲ့အစားတော့ ခုလို ထပ်ရှာတာက ပိုကောင်းတာပေါ့။ ရှာပါ  ခွင့်ပြုပါတယ်။ မင်းသာ ရှာလို့တွေ့ရင်ကတော့ မုန့်ဖိုးကောင်းကောင်း ပေးမယ်ဆိုတာ ငါ ကတိပေးပါတယ်ကွာ” လို့ ပြောလိုက်ပါတယ်။
ကောင်လေးဟာ လယ်သမားကြီးရဲ့ ခွင့်ပြုချက် ရတာနဲ့ စပါးကျီထဲကို ဝင်သွားပါတော့တယ်။ အချိန် သိပ်မကြာခင်မှာတော့ ကောင်လေးဟာ ကောက်ရိုးပုံတွေကြားထဲ ကျပျောက်သွားတဲ့ လယ်သမားကြီးရဲ့ နာရီလေးကို ကိုင်ပြီး စပါးကျီထဲကနေ ထွက်လာပါတော့တယ်။ နာရီလေးကို မြင်လိုက်ရတာနဲ့ လယ်သမားကြီးဟာ အလွန်ပျော်ရွှင်သွားတာနဲ့ အတူတူ အံ့လည်း အံ့သြမိပါတယ်။ လူပေါင်းများစွာ ရှာတုန်းက မတွေ့ဘဲ သူတစ်ယောက်တည်း သွားရှာတော့မှ တွေ့တယ်ဆိုတာ သူ့အတွက်တော့ အံ့သြထူးဆန်း ဖြစ်ရပါတယ်။
ဒါကြောင့်လည်း လယ်သမားကြီးက ကောင်လေးကို “ မင်းဘယ်လိုများ ရှာတွေ့ခဲ့တာလဲကွာ။ ငါလဲ ရှာတာ နေရာလပ် မကျန်အောင်ပါဘဲ။ မင်းနဲ့ မင်းသူငယ်ချင်းတွေလဲ စပါးကျီတစ်ခုလုံး နှံ့နေအောင် ရှာပြီးပြီ..မတွေ့ခဲ့ဘူး. အားလုံးလည်း လက်လျော့ပြီး ပြန်ကုန်ကြပြီ။ အခု မင်း တစ်ယောက်တည်း ရှာတော့မှ ဒီနာရီကို ပြန်တွေ့တယ်ဆိုတာ အတော်ထူးဆန်းတာဘဲ။ ဘယ်လိုရှာခဲ့တယ် ဆိုတာ ငါ့ကို ပြောပြပါဦးကွာ”လို့ မေးလိုက်ပါတယ်။ 
လယ်သမားကြီးရဲ့ အမေးကို ကောင်လေးက ရိုးရိုးစင်းစင်းဘဲ ပြန်ဖြေပါတယ်။
“ကျွန်တော် ဘာမှ ထူးထူးထွေထွ ရှာဖွေတာမျိုး မလုပ်ပါဘူး။ စပါးကျီထဲရောက်တဲ့အခါ ကြမ်းပြင်ပေါ် ငြိမ်ငြိမ်သက်သက် ထိုင်ချလိုက်ပါတယ်။ စပါးကျီတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ပြီး အပ်ကျသံတောင် မကြားရတဲ့အခါမှာ တဖြေးဖြေးနဲ့ ကျွန်တော့်နားထဲကို ဦးလေးရဲ့ နာရီ စက်သံက ဝင်လာပါတယ်။ ဒီတော့မှ အသံကြားတဲ့နေရာမှာ ရှာလိုက်တော့ ဒီနာရီလေးကို တွေ့ရတာပါဘဲ” လို့ ပြန်ဖြေပါတယ်။ ကောင်လေးရဲ့ အဖြေစကား ကြားတော့မှ လယ်သမားကြီးဟာ သူကိုယ်တိုင် ကောင်လေး ရှာသလို တည်တည်ငြိမ်ငြိမ် ရှာဖို့ မစဉ်းစားမိခဲ့ဘဲ နာရီပျောက်သွားပြီ ဆိုတဲ့ အသိစိတ်နဲ့ ပျာယာခတ်အောင် ရှာခဲ့မိတာကို ပြန် သတိရ မိပါတယ်။ တိတ်ဆိတ်ခြင်း ထဲမှာ ပေါ်ထွက်လာမဲ့ နာရီစက်သံလေးကို နားထောင်ရကောင်းမှန်း သူ မသိခဲ့ပါဘူး။ လယ်သမားကြီးဟာ ကောင်လေးရဲ့ ကျေးဇူးနဲ့ နာရီလေးကိုဘဲ ပြန်ရလိုက်တာမဟုတ်ဘဲ သူ့ထက် အသက်များစွာငယ်တဲ့ ကောင်လေးဆီကနေလည်း သင်ခန်းစာလေးတစ်ခုကို သူရလိုက်တာ ဖြစ်ပါတယ်။ 
ဒီပုံပြင်လေးဖတ်ပြီး ကျွန်မကိုယ်တိုင်ရဲ့ အဖြစ်အပျက်တွေနဲ့ ယှဉ်ပြီး ပြန်စဉ်းစားမိပါတယ်။ ကျွန်မသည်လည်း အခက်အခဲ ပြဿနာတစ်ခုခုနဲ့ ကြုံတိုင်း ရုတ်တရက်ဆို သွေးအေးအေးနဲ့ မဖြေရှင်းတတ်ဘဲ ထူထူပူပူဖြစ်ကာ ခြေမကိုင်မိ၊ လက်မကိုင်မိ အမြဲတမ်း ဖြစ်တတ်သူပါ။ “ဒီလောက်ကြီးတဲ့ ပြဿနာ ငါဘယ်လိုရှင်းမှာလဲ၊ ငါတော့ ဖြေရှင်းနိုင်တော့မှာ မဟုတ်ပါဘူး။ ဒုက္ခပါဘဲ။ ဒီလိုကိစ္စမျိုး ငါ့မှာမှ လာဖြစ်တတ်တယ်။ ငါကံဆိုးလိုက်တာ” စသဖြင့် တွေးတောပြီး ပြဿနာတစ်ခုကို မဖြေရှင်းရသေးခင်မှာဘဲ ကိုယ့်အတွေးနဲ့ကိုယ် စိတ်ဓာတ်ကျတာမျိုး၊ စိတ်ညစ်တာမျိုး မကြာခဏ ဖြစ်ခဲ့ဖူးပါတယ်။ 
တကယ်တမ်းတော့ အဖြေမရှိတဲ့ ပုစ္ဆာမရှိသလို၊ မဖြေရှင်းနိုင်တဲ့  ပြဿနာဆိုတာ မရှိဘူး ဆိုတဲ့ စကားရပ်အတိုင်း ဘယ်လောက်တောင် ကြီးမားတဲ့ အခက်အခဲတွေ၊ ပြဿာနာတွေဖြစ်ပါစေ.. နည်းလမ်းတကျနဲ့ စိတ်ကို တည်တည်ငြိမ်ငြိမ် ထားပြီး ဖြေရှင်းတဲ့အခါ ပြေလည်သွားတာမျိုး၊ အောင်မြင်အောင် ဖြေရှင်းနိုင်တာချည်းပါဘဲ။ အဲဒါကို တဖြေးဖြေး သိလာပြီးနောက်ပိုင်း ပြဿနာတစ်ခုခုနဲ့ ကြုံရင် သိပ်ပြီး တုန်လှုပ်နေတာ၊ ပျာယာခတ်နေတာမျိုး မဖြစ်ဘဲ စိတ်ကိုတည်ငြိမ်အောင် ထားနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားလာမိပါတယ်။ အဲဒီမှာ ဖတ်ဖူးမိတဲ့ ဆရာတော်ဦးဇောတိကရဲ့ အဆိုအမိန့်လေး တစ်ခုနဲ့လည်း ထပ်တူကျတာမို့ ပြန်လည် ဝေငှချင်ပါတယ်။
အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေးဆေးဆေးလုပ်တတ်အောင် လေ့ကျင့်ပါ။ အလျင်လိုတဲ့ အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေတဲ့သူဟာ စိတ်တိုဖို့ များတယ်။ မှားလို့ ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် အလျင်လိုရင် အရနှေးတယ်လို့ ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ လုပ်တတ်တဲ့ အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကို ပေးတယ်။ စတဲ့ စကားတွေဘဲ ဖြစ်ပါတယ်။ ဆရာတော်ရဲ့ စကားလုံးတွေဟာ ကျွန်မအတွက်တော့ အလွန်ကို တန်ဖိုးရှိတဲ့ စကားလုံးတွေဘဲ ဖြစ်ပါတယ်။
နောက်ထပ် မြင်သာ ထင်ရှားတဲ့ ဥပမာတစ်ခု အနေနဲ့ ပြောရမယ် ဆိုရင် ကန်ထဲမှာ ဖြစ်ဖြစ်၊ အိုးထဲမှာပဲ ဖြစ်ဖြစ်၊ ခွက်ထဲမှာပဲ ဖြစ်ဖြစ် ရှိနေတဲ့ တည်ငြိမ်နေတဲ့ ရေမျက်နှာပြင်မှာ ကြည်လင်တဲ့ မိမိရဲ့ အရိပ်ကို ထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။ အဲဒီလို မဟုတ်ပဲ ရေမျက်နှာပြင်ဟာ လှုပ်ရှားနေမယ်၊ တည်ငြိမ်မှု မရှိဘူး၊ လှိုင်းတွေ ထနေမယ် ဆိုရင် မိမိရဲ့ ပုံရိပ်၊ မိမိကြည့်လိုတဲ့ မြင်ကွင်းကို ဘယ်လိုမှ ထင်ရှားစွာ မြင်တွေ့ရဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီဥပမာနဲ့ အလားတူစွာပဲ ရေမျက်နှာပြင်နဲ့ တူတဲ့ အလွယ်တကူ လှုပ်ရှား လှိုင်းထလွယ်တဲ့ မိမိရဲ့ စိတ်ကိုလည်း သတိဆိုတဲ့ မိမိစိတ်ကို မိမိစောင့်ကြည့်ခြင်း နည်းလမ်း အကူအညီနဲ့ ကြုံလာသမျှ အခြေအနေတိုင်းမှာ တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းသိမ်းနိုင်မယ် ဆိုရင်တော့ အရာရာတိုင်းကို မှန်မှန်ကန်ကန်နဲ့ အကောင်းဆုံး ရှုမြင်သုံးသပ်ပြီး ဆုံးဖြတ်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဘယ်လိုအခက်အခဲ၊ ဘယ်လိုပြဿနာမျိုးဘဲ ကြုံကြုံ အရင်ဆုံး ကိုယ့်စိတ်ကိုယ် အတတ်နိုင်ဆုံး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင်ထားပြီး တွေ့ကြုံနေရတဲ့ ပြဿနာကို သေသေချာချာ မြင်အောင်ကြည့်ကာ စိတ်အေးအေး၊ ခေါင်းအေးအေးနဲ့ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖြေရှင်းကြရင်ဖြင့် ဘဝရဲ့ ဘယ်အခက်အခဲ ပြဿနာတွေကိုမဆို အောင်မြင်မှုရရှိကြမှာ မလွဲဘူး မဟုတ်ပါလားရှင်။
Image Hosted by PicturePush - Photo Sharing
မလုံတဲ့လိပ်ပြာ
သူမမှာ ရှိသည့် အကျင့်တစ်ခုက ညနေတိုင်း ဒီမြစ်ဆိပ်က ကျောက်တုံးကြီးတွေပေါ်ထိုင်ရင်း မြစ် တစ်ဖက်ကမ်းက ရှုခင်းတွေကို ငေးမောကြည့်ရှုတတ်သလို မြစ်ပြင်ကိုဖြတ်ပြီး တိုက်ခတ်လာတဲ့ လေညှင်းရဲ့ ပွေ့ဖက်မှုကိုလည်း ခံယူတာကို သူမက နှစ်သက်လှပါသည်။ မြစ်ပြင်မှာ လှိုင်းကြက်ခွပ် ကလေးတွေ ထနေတာ နေရောင်ရဲ့ ရွှေအဆင်းနဲ့ ထိအတွေ့မှာ ရောင်ပြန်လက်ရင်း တစ်ဖျတ်ဖျတ် တောက်ပနေပုံက ညနေခင်း ဆည်းဆာအောက်မှာ သိပ်ကိုလှပတဲ့ ပန်းချီကားလေးတစ်ချပ်လိုပါဘဲ။ နှစ်သက်ဖွယ် ကောင်းလွန်း လှပါသည်။ ရှုခင်းတွေကြည့်၍ ဝလျှင်တော့ ပါလာသည့် ဖတ်စရာ စာအုပ်တစ်အုပ်ပို ထုတ်ကာ ဖတ်နေတတ်သည်။ စဉ်စားကြည့်ပါ။ ညနေခင်းမှာ လေပြေတစ်လွှင့်လွှင့် တိုက်ခတ်နေချိန်တွင် စာအုပ်လေး ဖတ်နေရတဲ့ အရသာသည် ဘယ်လောက်များ ဇိမ်ကျဖို့ ကောင်းမည် ဆိုတာ။ ယခုလည်း သူမတွင်ပါလာသော စာအုပ်လေးကို ဖတ်နေရာမှ မျက်စိညောင်းလာသဖြင့်မြစ်ပြင် ရှုခင်းတွေဘက် ပြန်ပြီး အကြည့် ရောက်သွားမိသည်။
သည်စဉ်မှာဘဲ သူမ မြင်ကွင်းထဲ ၀င်လာတာက မြစ်တစ်ဘက်ကမ်းကနေ အသက် ၁၂နှစ်အရွယ် ကလေးမလေးတစ်ယောက် မြစ်ရေပြင်ကို ဖြတ်ကူးလာတာဘဲ ဖြစ်သည်။ သည်မြစ်ရေက အချို့နေရာများတွင် လူကူး၍ ရနိုင်လောက်အောင် ယောက်ျား ပေါင်ရင်းနားလောက်ထိ တိမ်သော နေရာ ရှိသည်။ သို့သော် လမ်းကြောင်းတော့ ကျွမ်းကျင်ရမည်။ မဟုတ်လျှင် လူတစ်ရပ်မြုပ်သည့်နေရာသို့ ရောက်သွားတာမျိုး ဖြစ်နိုင်သေးသည်။ ယခု မြစ်ကို ဖြတ်ကူးလာသော ကလေးမလေး ကြည့်ရသည်မှာ သည်မြစ်ကို ကူးနေကျလား မသိ။ သူ့မှာ ဘာအပူအပင်မှ မရှိသလို အေးအေးဆေးဆေး အနေအထားမျိုးနှင့် တစ်ဖြေးဖြေး ကူးလာခြင်းဖြစ်သည်။ သူမစိတ်ထဲတွင်တော့ လူကြီး တစ်ယောက်ယောက် မပါဘဲ ကလေးချည်းဘဲ မဖြတ်စေချင်ပါ။ ထို့ကြောင့် အော်ဟစ်တားမြစ်လိုက်ဖို့ စိတ်ကူး ရလိုက်မိသော်လည်း “သူ.. ကူးနေကျ ဖြစ်မှာပါလေ” ဟု စိတ်ကို ပြန်လျှော့ချလိုက်ကာ သူမတွင် ပါလာသော စာအုပ်ကလေးကို ပြန်ဖတ်နေလိုက်တော့သည်။
သို့သော် သူမစိတ်က မဖြောင့်.. စာထဲ စိတ်မရောက်နိုင်ဘဲ မြစ်ကို ဖြတ်ကူးနေသော ကလေးမလေး အတွက် စိတ်က ပူနေမိသဖြင့် မကြာမကြာ လှမ်းကြည့်နေမိသည်။ တတိယအကြိမ်မြောက် သူမ ကြည့်မိလိုက်စဉ်တွင် ကလေးမလေးမှာ ရေနစ်နေသည်ကို သူမ လှမ်းတွေ့လိုက်ရသည်။ ခေါင်းပင် မပေါ်တော့ဘဲ လက်နှစ်ဖက်သာ ဖော်နိုင်ပြီး မြုပ်ချည်ပေါ်ချည် ဖြစ်နေလေပြီ။ သူမ လက်ထဲက စာအုပ်ကို ပစ်ချလိုက်ပြီး ဘေးဝန်းကျင်ကို အကူအညီ တောင်းနိုင်ဖို့ လှမ်းကြည့်မိသော်လည်း လူရိပ်လူခြေ မမြင်ရဘဲ တိတ်ဆိတ်နေသော ဝန်းကျင်သာ သူမအနီးတစ်ဝိုက် ရှိနေလေသည်။ ရေကူးတတ်သော သူမက ထိုကလေးမလေးဆီ ကူးခတ်သွားဖို့ လွယ်အိတ်နှင့် ဖိနပ်ကို ချွတ်ပစ်လိုက်စဉ် လှေကလေးတစ်စင်းက ရေနစ်နေသော ကလေးမလေးဆီ တစ်ရွေ့ရွေ့ လှော်ခတ်သွားနေသည်ကို တွေ့လိုက်ရသဖြင့် အသာ ကိုယ်ရှိန်သတ်ကာ ကမ်းပေါ်ကနေသာ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေလိုက်မိသည်။ လှေသမားသည် ရေနစ်နေသူ ကောင်မလေးနှင့် မလှမ်းမကမ်း ရောက်ချိန်တွင် လှေလှော်ခြင်းကို ရပ်လိုက်ကာ လှော်တက်ကို လှမ်းပေးလိုက်လေသည်။
ရေနစ်နေသော ကလေးမလေးမှာ ခေါင်းပင်မပေါ်သဖြင့် သူ့လှော်တက်ကို မြင်ဟန်မတူသလို လှော်တက်ကိုလည်း လှမ်းကိုင်နိုင်သည့် အသိစိတ်လည်း ရှိဟန်မတူ။ သို့သော်လည်း လှေပေါ်က လှေသမားကတော့ ရေထဲဆင်းဖို့ စိတ်မကူးဘဲ လှော်တက်ကိုသာ တွင်တွင် ပေးနေလေသည်။ ကြည့်နေရင်း ဒေါသတွေ တနုံ့နုံ့ထွက်လာရသော သူမသည် “ရေထဲဆင်းဆယ်လိုက်ပါလား” ဟု အော်လိုက်သော်လည်း လှေသမားက မကြားသည်လား၊ မကြားဟန်ပြုနေသည်လားတော့ မပြောတတ် မြုပ်ချည်ပေါ်ချည် ဖြစ်နေသော ကလေးမလေးအား သူ့လှော်တက်ကိုသာ အတွင်သား ကမ်းပေးနေလေတော့သည်။
ကြည့်နေရင်း အခြေအနေ မဟန်တော့တာကို ရိပ်မိလိုက်သော သူမက ရေထဲကို ခုန်ဆင်းလိုက်ပြီး ရေနစ်နေသော ကလေးမလေး ရှိရာကို အားသွန် ကူးခတ်မိတော့သည်။ ကလေးမလေးဆီရောက်ဖို့ အနည်းငယ် အကွာအဝေးသာ လိုတော့ချိန်တွင် ကလေးမလေးမှာ ရေပြင်ပေါ် လုံးလုံးပေါ်မလာတော့ပါ။ ထိုအချိန်အထိ လှေသမားသည် လှေပေါ်မှနေ၍ လှော်တက်ကြီး ကိုင်ရက်သား ကြောင်ပြီး ရပ်ကြည့်နေဆဲဖြစ်သည်။ သူမ သွေးရူးသွေးတန်းဖြင့် ပိုပြီးအားစိုက်ကာ ကူးခတ်ရင်း “ မနှစ်သွားပါနဲ့ဦး ကလေးရယ်… ငါမင်းဆီကို ရောက်အောင်လာနေတယ်.. ငါ့ကို ခဏလောက်တော့ စောင့်ပါဦး။ ငါ မင်းကိုကယ်မှာပါ ” ဟု တတွတ်တွတ် ရေရွတ်နေမိသလို လက်တွေ ခြေထောက်တွေကလည်း သူမဘ၀တွင် အမြန်ဆုံးသော နှုန်းထားနှင့် ကူးခတ် လှုပ်ရှားနေမိတော့သည်။
သို့သော်လည်း ကလေးမလေး ရေနစ်နေသည့်နေရာ ရောက်သည့်အခါတွင်လည်း ကလေးမလေးအား လုံးဝ ရှာမတွေ့တော့ပါ။ ပေါ်မလာတော့သော ကလေးမလေးအား တွေ့လိုတွေ့ငြား အပြန်ပြန် အလှန်လှန် ရေငုတ်ကာ ရှာဖွေနေမိသလို၊ ခပ်လှမ်းကိုများ မျောပါသွားလေမည်လား ဟူ၍လည်း တွေးတောရင်း ထိုနေရာတစ်ဝိုက်တွင် ထက်အောက် စုံခြည်ဆန်ခြည် ရေငုပ်ရင်း ထပ်ခါထပ်ခါ ရှာဖွေနေမိတော့သည်။ ကလေးမလေး ရေနစ်သော နေရာသည် သူမအရပ်နှင့်ဆိုလျှင် ရင်ဘတ်လောက် ရှိသော နေရာ ဖြစ်လေသည်။ ခပ်နောက်နောက် မြစ်ရေကလည်း ကလေးမလေးကို အလွယ်တကူ မတွေ့နိုင်အောင် ဖုံးကွယ်ပေးထားသလို ဖြစ်နေရလေသည်။ ကြည့်ရသည်မှာ ကလေးမလေးသည် ရေကူးရင်း လမ်းကြောင်း လွဲသွားတာ  ဖြစ်နိုင်လေသည်။ အချိန်အတော်လေးကြာတော့ ရေငုပ်ရလွန်း၍ သူမ မျက်စိတွေ နီရဲ ကျိန်းစပ်လာသလို၊ နားတွေလဲ အူကာ နာကျင်ရတော့ချိန်တွင်မှ သူမ ရေငုပ်တာ ရပ်လိုက်တော့ လှေပေါ်တွင် ခုချိန်ထိ အရုပ်တစ်ခုလို ရှိနေသေးသော လှေသမားကို မြင်လိုက်မိချိန်တွင် သူမဒေါသတွေ ပေါက်ကွဲသွားတော့သည်။
“မင်းအသုံးမကျလို့ ဒီကလေးသေရတာ မင်းရဲ့အဝတ်တွေက ဒီကလေးလအသက်ထက် ပိုပြီး တန်ဖိုးလကြီးနေလို့လား အသုံးမကျတဲ့ကောင် သေသင့်တာက မင်း ”ဟု သူမက လှေသမားကို ပက်ပက်လစက်စက် ဒေါသတကြီး ပြောလိုက်မိပါတော့သည်။ သို့သော် လှေသမားကတော့ သူ ရေမကူးတတ်တဲ့လအတွက် ရေထဲဆင်း မဆယ်ရဲတာဖြစ်ကြောင်း သူမကို လေသံ ပျော့ပျော့နဲ့ ပြန်ပြီး ပြောလာပါသည်။ ဒေါသ ထွက်လွန်းနေသော သူမက “ရေမကူးတတ်ရင်လည်း လှေပေါ်ကနေ ကလေးမလေးရဲ့ လက်ကို လှမ်းကိုင်ပြီး ဆွဲတင်လိုက်ရင် ရတာပဲ ဒါမှ မရရင် ရေထဲဆင်းပြီး လက်တစ်ဘက်က လှေ ကို ကိုင် ကျန်လက်တစ်ဘက်က ကလေးမလေးကို အသာတွဲထားပြီး လှေပေါ်ကို ဖြေးဖြေးချင်း တွန်းတင်ပေးလိုက်ရင် ဖြစ်တာဘဲ မဟုတ်လား ရေက ကလေးအတွက် နက်ပေမဲ့ လူကြီးအတွက်တော့ ရင်ဘတ်အထိဘဲရှိတာ။ ရေနစ်ပြီး မသေနိုင်ပါဘူး။ မင်း သတ္တိ မရှိရင် ဘာဖြစ်လို့ ဒီနားထိ လာခဲ့သေးလဲ မင်းလှေကို တွေ့လိုက်လို့ ငါလည်း ရေထဲဆင်းဖို့ နှောင့်နှေးသွားခဲ့ရတာ။ ဒါ မဖြစ်သင့်ဘဲ ဖြစ်သွားရတာ မသေသင့်ဘဲ သေသွားရတာ” သူမသည် အဆက်မပြတ် အရူးတစ်ယောက်လို အော်ဟစ် နေမိပါတော့သည်။
မကြာခင်တွင်တော့ အဖြစ်အပျက်အားလုံးကို တစ်စုံတစ်ယောက်က လှမ်းမြင်သောကြောင့် အခြား သူများအား သွားရောက် ခေါ်ဆောင်ခဲ့ပုံရသည်။ ဆိပ်ကမ်းအနီး တစ်ဝိုက်မှ လူများ ဝိုင်းအုံရောက်ရှိလာကာ ယောက်ျားကြီး တစ်ချို့ ရေထဲ ဆင်း၍ ကလေးမလေးအား ဝိုင်းပြီး ရှာဖွေကြလေတော့သည်။ ထိုအချိန်တွင် လှေသမားမှာ လူတွေ အများကြီးရောက်သဖြင့် သူမ က သူ့အကြောင်းကို လူတွေသိအောင် ပြောမှာ စိုး၍လား၊ သူ့ကိုယ်သူ လိပ်ပြာ မလုံတော့၍လားတော့ မသိပါ။ လှေကလေးကို လှော်ခတ်ကာ ထွက်ခွာသွားပြီ ဖြစ်လေသည်။ နောက်တစ်ကြိမ်လည်း ထိုလှေသမား လုံးဝ ပြန်ပေါ်မလာတော့ပါ။ နောက်ထပ် နာရီဝက်လောက် ကြာတော့မှ ကလေးမလေး ကို သူနှစ်မြုပ်သွားသော နေရာလေးနှင့် မနီးမဝေးမှာဘဲ လူကြီးတစ်ယောက်က သွားတွေ့ပါသည်။ ကလေးမလေးသည် နွံ ထဲတွင် နှစ်မြုပ်သွားခြင်း ဖြစ်သောကြောင့် သူ၏အလောင်းကို နွံတွေကြားထဲမှာ မြုပ်နေတာကို ပြန်တွေ့လိုက်ရခြင်း ဖြစ်ပါသည်။ ကလေးမလေးအား ကမ်းပေါ် ခေါ်တင်လာကြကာ အသက်ရှင်လို ရှင်ငြား ရေများ အန်ထွက်အောင် ဝိုင်းဝန်း ပြုစုကြပါသည်။ သို့သော် ကလေးမလေးကတော့ ပြန်လည် နိုးထမလာတော့ပါ။
သူမသည်လည်း ကလေးမလေးကို ပြန်တွေ့ပြီ ဖြစ်တာကြောင့် ကမ်းပေါ်သို့ နှေးကွေး လေးလံစွာ ပြန်လည်ကူးခပ် လာခဲ့သည်။ ကလေးမလေး အလောင်းနားကိုလည်း သွားမကြည့် ဖြစ်တော့ပါ။ ထို မြင်ကွင်းကို ကြည့်ဖို့လည်း သူမ အားမရှိသလို ကြည့်လည်း မကြည့်ချင်ပါ၊ ကြည့်လည်းမကြည့်ရက်ပါ။ မိမိ မျက်စိရှေ့မှာတင် အသက်ဆုံးရှုံးသွားသူ တစ်ဦးကို ကြည့်ဖို့လည်း သူမစိတ်က လုံခြုံမှု မရှိသလို ခံစားနေရသည်။ မျက်စိ ရှေ့မှောက်မှာဘဲ အသက်ရှင်ဖို့ အတွက် အတင်း ကြိုးစားရုန်းကန်ရင်း နှစ်မြုပ် သေဆုံးသွားခဲ့ရသော ကလေးမလေး၏ ပုံရိပ်က သူမ ရင်ကို ဆို့နင့်စွာ နာကျင်ခံစားနေရသည်။
တော်ပါသေးသည်။ ကမ်းစပ်မှာထားခဲ့သော သူမအိတ်နှင့် လွယ်အိတ်ကလေးမှာ ဒီအတိုင်းသာ ရှိနေသေးသည်။ သူမ၏ အိတ်ကို ကောက်လွယ်လိုက်ကာ ဖိနပ်စီးလိုက်ချိန်တွင်တော့ သူမ တစ်ကိုယ်လုံး ခြစ်ခြစ်တောက် ပူနေသည့် အသိကို ခံစားလိုက်ရသည်။ သူမ ဖျားနေပြီ။ ရေထဲတွင် ဘယ်လောက် ကြာသွားသည်ကို သူမကိုယ်တိုင် မစဉ်းစားမိသလို အမှတ်လည်း မထားမိနိုင်လောက်အောင် ပူလောင် စိုးရိမ်စိတ်တို့ဖြင့် ပြာယာခတ်နေခဲ့မိသည်။ သို့သော် ကလေးမလေး သေဆုံးရမှုတွင် သူမကိုယ်တိုင် အပြစ်ကင်းပါရဲ့လားဟု ပြန်တွေးမိတော့ ရင်ထဲ နာကျင်မွန်းကြပ် လို့လာသည်။
ရေနစ်နစ်ခြင်းသာ သူမ ကူးခတ်သွားကာ ကယ်လိုက်လျှင် ကလေးမလေး ဒီလို အဖြစ်ဆိုးနှင့် ကြုံမည် မထင်ချေ။ လှေသမားကိုမြင်လိုက်၍ ရပ်ကြည့်နေလိုက်သော သူမတွင်လည်း ကလေးမလေး အသက် ဆုံးရှုံးရမှုအတွက် တာဝန်ရှိသလို ခံစားနေမိပြန်သည်။ တစ်ကိုယ်လုံး တုန်ရီမူးဝေလာသော ကြောင့် သူမကိုယ်သူမ အသာထိန်းလိုက်ရင်း အားတင်းကာ ဆိုင်ကယ်ကို စက်နိုး၍ ဆိပ်ကမ်းမှ ထွက်ခွာလာတော့ ဆိုင်ကယ်မောင်းသည့် အရှိန်နှင့် တိုက်လာသော လေအေးအေးက သူမရင်ကို မအေးမြစေနိုင်တော့ပါ။ တစ်ကိုယ်လုံးလည်း ခြစ်ခြစ်တောက်အောင် ပူလောင်ရင်း သူမရင်ထဲမှာလည်း ဆုံးရှုံးသွားသော အသက်တစ်ချောင်းအတွက် ပူလောင်သော ခံစားချက်များဖြင့် ငိုကြွေးနေမိပါတော့သည်။
လှေသမားတော့ ဘယ်လိုခံစားရမည်မသိ။ သူမကတော့ လိပ်ပြာမလုံသလို၊ အပြစ်မကင်းသလို ခံစားနေရသော သည်မြင်ကွင်းကို ဘယ်အချိန် ဘယ်ကာလ ကြာသည့်တိုင်အောင် သူမ မေ့နိုင်မည် မထင်ပါ။ တစ်ခါတစ်ရံတွင် မဆိုစလောက်သော နှောင့်နှေး လေးကန်မှုလေး တစ်ခုက လူ တစ်ယောက်၏ အသက်ကိုပင် ဆုံးရှုံးသွားစေတတ်ကြောင်း သူမ သိလိုက်ရပါပြီ။ နောင်များတွင်တော့ တစ်စုံတစ်ယောက် အန္တရာယ်နှင့် တွေ့ကြုံရသည်ကို သိရှိပါက မဆိုင်းမတွ ကူညီနိုင်ဖို့ ကြိုးစားမည်ဟုလည်း ဆုံးဖြတ်ချက် ချမိပါသည်။ လူတစ်ယောက် သူမမျက်စိရှေ့မှောက်တွင် အသက်ဆုံးရှုံးသွားသည့် မြင်ကွင်းမျိုးလည်း ဘယ်သောအခါမှ ထပ်မံ မမြင်တွေ့လိုပါဟု သူမ ရင်ထဲက ဆုတောင်းလိုက်မိပါတော့သည်။
 Image Hosted by PicturePush - Photo Sharing
ဖြစ်ရပ်မှန်ကို အခြေခံပြီး လွန်ခဲ့တဲ့ ၂နှစ်က အခြားဘလောဂ့်တစ်ခုမှာ ရေးခဲ့တဲ့ ဝတ္ထုလေးပါ။
ထူးထူးဆန်းဆန်း ပန်းရောင်ရေကန်ကြီး
တကယ်လို့များ သင်ဟာ ကမ္ဘာပေါ်မှာ ထူးထူးဆန်းဆန်း တည်ရှိနေတဲ့ ပန်းရောင်သန်းနေတဲ့ ရေကန်ကြီးကို မြင်ဖူးချင်တယ်ဆိုလို့ရှိရင် ဆီနီဂေါလ်ငံလေးကို အလည်သွားကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ အများအားဖြင့် ရေကန်လို့ဆိုလိုက်ရင် ကြည်လင်တဲ့ စိမ်းပြာရောင်၊ အပြာရောင်၊ ရေနောက်တယ်ဆိုရင် အဝါရောင် စသည်တို့သာရှိတတ်ပေမဲ့လည်း ရေကန်ကြီးတစ်ခုလုံး ပန်းရောင်ဖြစ်နေတာမျိုးကတော့ အင်မတန်မှ ရှားရှားပါးပါး ဖြစ်ပါတယ်။ သဘာဝရဲ့ ထူးဆန်းအံ့သြဖွယ် ဖန်တီးချက်တွေဟာ ဆန်းကြယ်လှတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ ဆီနီဂေါလ်နိုင်ငံရဲ့ မြောက်ဖက် မြို့တော် ဒါကာကနေ မိနစ်သုံးဆယ် ခရီး အကွာအဝေးမှာ ရှိတဲ့ Lake Retba ဟာ နွေးထွေး ကျယ်ဝန်းတဲ့ ကန်ရေပြင်ကြီးတစ်ခုလုံး ပန်းရောင် သန်းနေတာကို တွေ့ရမှာဖြစ်ပါတယ်။ 
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
ပုံမှာမြင်ရတဲ့အတိုင်းပါဘဲ... ကန်ကြီးထဲက ရေတွေအားလုံးဟာ အခြားသော ဘယ်ရေကန်နဲ့မှ မတူအောင် ပန်းရောင်ဖြစ်နေတာကို တွေ့ရမှာပါ။ ဒီရေကန်ကြီးဟာ ဘာကြောင့်များ ပန်းရောင်ဖြစ်နေရတာလဲဆိုတော့ ရေကန်ထဲမှာ ထူးဆန်းတဲ့ ရေညှိပင်တစ်မျိုး(  Dunaliella salina )ဟာ ရှင်သန်ပေါက်ဖွားနေတဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။ အဲဒီ Dunaliella salina   တွေဟာ ဆားငံရေတွေမှာ ရှင်သန်တဲ့ သေးငယ်လှသော ရေညှိအမျိုးဖြစ်ပါတယ်။ အဲဒီရေညှိတွေကြောင့် ရေကန်ရဲ့အရောင်ဟာ ပန်းရောင်ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ Lake Retba လို့ခေါ်တဲ့ ပန်းရောင် ရေကန်ဟာလည်း   ( ပင်လယ်သေလို) အင်မတန်မှ များပြားတဲ့ ဆားတွေပျော်ဝင်မှု သိပ်သည်းဆ များလွန်းတဲ့အတွက် လူကို ရေပေါ် ပေါ်စေနိုင်စွမ်းရှိပါတယ်။
Image Hosted by PicturePush - Photo Sharing
ပန်းရောင်ရေပြင်ပေါ်မှာ အေးအေးလူလူ
Image Hosted by PicturePush - Photo Sharing
ပုလင်းထဲထည့်ရင်တော့ ခုလို ပန်းဖျော့ရောင် မြင်ရပါတယ်
နိုင်ငံတကာ ခရီးသွားဧည့်သည်များနဲ့ ပြည်တွင်းခရီးသွားများကို အလွန်ဆွဲဆောင်နိုင်တဲ့ ပန်းရောင် ရေကန်ကြီးဟာ ကန်ထဲမှာ ရေစိမ်ရင်း ရေပေါ်မှာ ပေါ်နေတဲ့ အရသာကို ခံစားချင်သူတွေအတွက် အလွန်နှစ်သက်ဖွယ် ဖြစ်ပါတယ်။ ရေထဲကို နှစ်မြုပ်သွားတာမျိုး မဖြစ်နိုင်တဲ့အတွက်  ရေကူးသင်ချင်သူများ အတွက်လည်း အလွန်အဆင်ပြေပါတယ်။ ရေကန်ရဲ့အရောင်ဟာ စတော်ဘယ်ရီသီးကို နို့နဲ့ဖျော်ထားသလို ပန်းရောင် သန်းနေတဲ့ အရောင် ဖြစ်နေပါတယ်။ နေရောင်ခြည် အတက်အကျပေါ် မူတည်ပြီးလည်း ပန်းနုရောင်ကနေ ပန်းရင့်ရောင်အထိ မြင်တွေ့နိုင်ပါတယ်။ 
ကမ်းစပ်က ဆားပုံနဲ့ နေအိမ်များ 
ဆားစုဆောင်းသူများ 
Image Hosted by PicturePush - Photo Sharing
ရေကန်စပ်မှာပင်လျှင် များပြားလှသော ဆားပွင့်ကလေးများကို တွေ့ရှိပါတယ်
Image Hosted by PicturePush - Photo Sharing
ရေကန်ပတ်လည်မှာ ခုလို အမြုပ်ဖြူဖြူတွေ ဖွေးနေအောင် တွေ့ရပါတယ်
ဆားပါဝင်မှုနှုန်း များပြားလှတဲ့ ပန်းရောင်ရေကန်ကြီးမှာ  ယောက်ျား၊ မိန်းမ စတဲ့ ဆားစုဆောင်းသူတွေ မနည်းမနော ရောက်လာပြီး တစ်ရက်ကို ၆နာရီထိ ကန်ရေထဲမှာ စိမ်ကာ ရေကန်အောက်ခြေက ဆားပွင့်များကို သယ်ယူစုဆောင်းကြပါတယ်။ ဒေသခံများအတွက်တော့ ပန်းရောင်ရေကန်ကြီးဟာ အသက်မွေးဝမ်းကြောင်း ပြုကြတဲ့နေရာကြီးတစ်ခု ဖြစ်နေပါတယ်။ ၅-ကီလိုမီတာ ရှည်လျားတဲ့ ကမ်းစပ်တစ်လျှောက်မှာ ဆားစုဆောင်းသူများရဲ့ ဆားပုံများ၊ နေအိမ်များကို အစီအရီ တွေ့ရနိုင်ပါတယ်။ အထူးသဖြင့်တော့ အမျိုးသမီးများဟာ ရေအောက်က ဆားပွင့်များကို စုဆောင်းကြပြီး အမျိုးသား များကတော့ ဆားတွေကို ရောင်းချတာ၊ လိုအပ်တဲ့နေရာတွေကို ပို့ဆောင်ပေးတာ စသဖြင့် ပြုလုပ်ကြပါ တယ်။ 
Image Hosted by PicturePush - Photo Sharing
၎င်းအပြင် ပန်းရောင်ရေကန်ကြီးဟာ ပင်လယ်ငါးနဲ့ ပင်လယ်သတ္တဝါမျိုးစုံတို့ ရောင်းဝယ်ဖောက်ကားရာ နေရာလည်း ဖြစ်ပါတယ်။ ပင်လယ်နက်ထဲသို့ ညကတည်းက ငါးဖမ်းသွားကြတဲ့ ငါးဖမ်းလှေ များစွာတို့ဟာ  နေ့လည်ခင်းတွေမှာ ပြန်ရောက်လာကြပြီး မိမိတို့ ဖမ်းမိလာတဲ့ ငါး၊ ပုဇွန်စတဲ့ ပင်လယ်သတ္တဝါ တိန်ချိန် များစွာတို့ကို ပန်းရောင်ရေကန်ရဲ့ ကမ်းခြေမှာ ရောင်းချကြပါတယ်။ ပန်းရောင် ရေပြင်ရဲ့ ဆားပါဝင်မှု နှုန်းဟာ တစ်လီတာကို ၃၈၀ ဂရမ်ထိ ပါဝင်တာကြောင့် အလွန်မြင့်မားတဲ့ နှုန်းထားဖြစ်ပါတယ်။ ရေကန်ရဲ့ အနီးတစ်ဝိုက်မှာတော့ ဒေသခံတွေရဲ့ ရွာတွေနဲ့ သစ်တောတွေ ရှိပါတယ်။ ထူးခြားတဲ့ ပန်းရောင် ရေကန်ဟာ ဆီနီဂေါလ်နိုင်ငံရဲ့ အမျိုးသားအမွေအနှစ်လည်း ဖြစ်ပါတယ်။ 
Image Hosted by PicturePush - Photo Sharing
Sources; - http://www.broadsheet.ie/2012/07/02/the-big-pink-lake-of-senegal/