စိတ်ကူးထဲက (၁၈) ကျင်း


ဗိုလ်မှူး James Nesmeth ဟာ ဂေါက်သီးရိုက် ကစားခြင်း  အလွန်ဝါသနာကြီးသူ တစ်ယောက် ဖြစ်ပါ တယ်။ သူဟာ အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်း  ဂေါက်ရိုက်ဖို့ သူတို့မြို့က ဂေါက်ကလပ်မှာ စနစ်တကျ ကစားတတ်အောင် အမြဲလေ့ကျင့်လေ့ ရှိပါတယ်။ သူဟာ ဂေါက်သီးရိုက်ရာတွင် ၁၈-ကျင်းကို ရိုက်ချက် ၉၀-ခန့်ထိအောင် ရိုက်တတ်တဲ့ သာမန် လက်ရည်ရှိသူ တစ်ယောက်သာ ဖြစ်ပါတယ်။ ဗိုလ်မှူး  James Nesmeth  ဟာ အပတ်စဉ်တိုင်း သူ့မိတ်ဆွေသူငယ်ချင်းများနဲ့  မပျက်မကွက် လာရောက် လေ့ကျင့်လေ့ရှိပါတယ်။ သို့သော်လည်း တစ်ခုသောရက်မှ စကာ သူဟာ ကလပ်ရဲ့ ကွင်းထဲကနေ ပျောက်ကွယ် သွားခဲ့ပါတယ်။ အဲဒီလို ပျောက်ကွယ်သွားခဲ့တာဟာ ၇-နှစ်လုံးလုံး တစ်ကြိမ်တစ်ခါမှ ဂေါက်ကွင်းကို မရောက်ရှိလာတော့ပါ။ ဘယ်သူကမှလည်း သူ ဘယ်ရောက်သွားတယ်ဆိုတာ၊ သူဘာကြောင့် ဂေါက် လာမရိုက်တော့သလဲ ဆိုတာကို ဘယ်သူကမှ မသိလိုက်ကြပါ။

၇-နှစ် ကြာသွားပြီးတဲ့ နောက်မှာ သူကစားနေကျ ဂေါက်ကွင်းကို ရုတ်တရက် ပြန်ရောက်လာခဲ့ပါတယ်။ အံ့သြစရာကောင်းတာက သူ့ရဲ့ ဂေါက်ရိုက် အရည်အချင်းဟာ အလွန်တရာကို တိုးတက်  ကောင်းမွန် နေခဲ့ပါတယ်။ ၇-နှစ်ကြာ ဂေါက်ကွင်းနဲ့ ဝေးကွာနေခဲ့တဲ့ သူဟာ ပထမဦးဆုံး ဂေါက်ကွင်းကို စရောက်လာတဲ့ ရက်မှာပဲ ရိုက်ချက် ၇၄-ချက်နဲ့ အကောင်းဆုံး ရိုက်သွားခဲ့ပြီး သူနဲ့ ဂေါက်ရိုက်နေကျ မိတ်ဆွေများကို အံ့သြသွားအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဂေါက်ကွင်းကနေ ပျောက်ကွယ်သွားတဲ့  ၇-နှစ် အတွင်းမှာ ယခင်ရိုက်နေကျ ရိုက်ချက်ထက် အချက် ၂၀-ခန့် လျော့နည်းသွားအောင် သူဟာ ဘယ်လိုများ ကြိုးစားခဲ့တာပါလဲ မေးချင်စရာပါ။ သူ့ရဲ့ ဂေါက်ရိုက်စွမ်းရည်သာ မြင့်တက်လာခဲ့ပေမယ့် သူ့ခန္ဓာကိုယ် ကတော့ ယခင်ကထက်စာရင် အတော်လေးကို ချိနဲ့ပိန်ချုံးလို့ နေပါတယ်။

ဒီ ၇-နှစ် အတွင်းမှာ သူဟာ ဘယ်ကိုရောက်ပြီး ဘာတွေ လုပ်နေခဲ့ပါသလဲ?

တကယ်တန်းက သူဟာ ပြီးခဲ့တဲ့ ၇-နှစ်လုံးလုံး ဗီယက်နမ်စစ်ပွဲမှာ အဖမ်းခံရပြီး အကျဉ်းသားအဖြစ်နဲ့ နေနေခဲ့ရတာပါ။ အဲဒီ ၇-နှစ်လုံးလုံး  အကျဉ်းထောင်ထဲက ငါးပေခန့်ကျယ်ပြီး လေးပေခွဲခန့်သာမြင့်တဲ့ အချုပ်ခန်းလေးထဲမှာ နေနေခဲ့ရတာပါ။ အဲဒီအခန်းလေးထဲမှာ လူတစ်ဦးတစ်ယောက်ကိုမှ မမြင်ရ၊ စကားပြောစရာ တစ်ယောက်တစ်လေမှ မရှိ၊ ကျဉ်းကျပ်လှတဲ့ အခန်းလေးထဲမှာ ကိုယ်လက် လှုပ်ရှားစရာ နေရာမရှိတဲ့အဖြစ်ပါ။ အကျဉ်းထောင်ထဲမှာ ဘာမှ လုပ်နိုင် ကိုင်နိုင်ခြင်း မရှိပေမယ့် အဲဒီ အကျဉ်းထောင်ထဲကနေ တစ်နေ့နေ့မှာ လွတ်မြောက်ဖို့ မျှော်လင့်ရင်း ဆုတောင်းရင်းဖြင့် နေ့ရက်များကို ကုန်ဆုံးစေခဲ့ပါတယ်။ အချိန်တွေ ကုန်လွန်ခဲလှတဲ့ အကျဉ်းထောင် ထဲက နေ့ရက်တွေမှာ သူ့ရဲ့ စိတ်တွေဟာလည်း အဆီးအတားမရှိ ပျံ့လွှင့်လွန်းလှပါတယ်။ အချိန်တွေ ကုန်ခဲလွန်းလို့ သည်းမခံနိုင်အောင် ဖြစ်ရပါတယ်။ အဲဒီနောက်မှာတော့ သူဟာ သူရဲ့ စိတ်တွေပျံ့လွင့်မှုကို ထိန်းချုပ်ပြီး အချိန်ကို ကုန်လို့ ကုန်မှန်းမသိအောင် ကုန်ဆုံးဖို့ နည်းလမ်းတွေကို ကြိုးစား ရှာဖွေပါတော့တယ်။ သူဟာ သူဖြစ်ချင်တဲ့ အရာကို တကယ်ဖြစ်နေသလို မျက်စိထဲမှာ မြင်ယောင်လာအောင် အာရုံကို စူးစိုက် လေ့ကျင့်ပါတယ်။

သူဟာ အကျဉ်းထောင်ခန်းလေးထဲမှာ ငြိမ်ငြိမ်သက်သက်လေး လှဲလျောင်းနေရင်းက သူ့အာရုံ၊ သူ့မျက်လုံးထဲမှာ ဂေါက်ရိုက်ဖို့ အဝတ်အစား အပြည့်အစုံနဲ့ သူ့ကိုယ်သူ မြင်ယောင်လိုက်ပါတယ်။ ပြီးတော့ သူအကြိုက်ဆုံး ဂေါက်ဆက်ကို သူ့အာရုံထဲမှာ ရွေးချယ်လိုက်ပြီး စိတ်ကူးနဲ့ ဂေါက်ရိုက်ခြင်းကို စတင်ပါတော့တယ်။ ယခင်ချိန်တွေက သူဂေါက်ရိုက်ခဲ့စဉ်က သူအမြဲဆော့ကစားနေကျ ဂေါက်ကလပ်က အဲဒီဂေါက်ကွင်းရဲ့ အနေအထားကို အာရုံထဲမှာ အသေးစိတ် မြင်ယောင်ပြီး တစ်ရက်ကို ၁၈ကျင်းပြည့်အောင်  သူဟာ နေ့စဉ် မပျက်မကွက် ဂေါက်ကစားပါတယ်။ ဂေါက်ကွင်းထဲက ရိတ်ဖြတ်ထားတဲ့  မြက်ခင်း စိမ်းစိမ်းတို့ရဲ့ ရနံ့၊ သစ်ပင် စိမ်းစိမ်းစိုစိုတို့ပေါ်ရှိ သစ်ရွက်ကလေးများရဲ့ လှုပ်ခပ်သံ၊ ကျေးငှက်ကလေး များရဲ့ တေးသီချင်းသီကျူးသံ၊ နုညံ့ညင်သာတဲ့ လေပြည် လေညင်း ကလေးများရဲ့ အထိအတွေ့ စသည်တို့ကို မြင်ယောင်ရင်း ဂေါက် ရိုက်ပါတယ်။

အတွေးထဲမှာ ဂေါက်တံကို လက်မှာ တင်းတင်း ဆုပ်ကိုင်ပြီး တီခုံပေါ်မှာ မတ်မတ်ရပ်ကာ ဂေါက်သီးလေးကို ခပ်ဆတ်ဆတ်လေး ရိုက်ချလိုက်တယ်.. ဂေါက်သီးလေးက ခပ်ဝေးဝေးကို လွှင့်ကနဲကျသွားတယ်။ ပြီးတော့ သူဟာ မြက်ခင်းပေါ်မှာ ခြေတစ်လှမ်းချင်းလှမ်းပြီး ဂေါက်သီးလေး ရှိရာ လျှောက်သွားတယ်.. မြက်ခင်းစိမ်းစိမ်း အလယ်က ကျင်းကလေးထဲကို ဦးတည်ပြီး ဂေါက်သီးလေးကို ရိုက်ထည့်လိုက်ပြန်တယ်။ အဲဒီလို အပြင်မှာ တကယ်ကို ဂေါက်ရိုက်သလို သူ့စိတ်ကူးထဲမှာလည်း အသေးစိတ် ဂေါက်ရိုက်လေ့ကျင့်နေခဲ့ပါတယ်။ မနက်ခင်းမှာ နှင်းမှုန်တို့အောက်မှာ ဂေါက်ရိုက်ကစားခဲ့တဲ့ အရသာ၊ နေ့ခင်း နေခြည် နွေးနွေးမှာ ဂေါက် ကစားရတဲ့ ခံစားမှု၊ ညနေခင်း လေပြည်အေးအေးရဲ့ အထိအတွေ့ အပွေ့အဖက်နဲ့ ဂေါက်ရိုက်ရတဲ့ နှစ်သိမ့်မှု၊ တီခုံပေါ်က ဂေါက်သီးလေးက ရိုက်ချက်ပြင်းပြင်းနဲ့ လွှင့်ခနဲ ထွက်သွားတဲ့ စိတ်ကျေနပ်မှုတို့ကို တစ်ခုစီ ပြန်လည်မြင်ယောင်ရင်း နွေရာသီ၊ ဆောင်းရာသီ စသဖြင့် တကယ့်အပြင်က ရာသီဥတုအတိုင်း နေ့တိုင်းနေ့တိုင်း စိတ်ကူးထဲ၊ အတွေးထဲကနေ သူဟာ ဂေါက် ကစားနေခဲ့ပါတယ်။

တကယ့်အပြင်မှာတော့ သူဟာ ကျဉ်းကျဉ်းကျပ်ကျပ် အကျဉ်းထောင်ထဲမှာ သွားစရာမရှိ၊ ကြားစရာ အသံ မရှိ၊ စကားပြောစရာ လူမရှိတဲ့အတွက် အချိန်တွေ အများကြီး ပိုနေခဲ့တာကြောင့် သူ့ရဲ့ စိတ်ကူးထဲက ဂေါက်ရိုက်ခြင်းကို တစ်ဆင့်ချင်း အသေးစိတ် သူ စိတ်ကူးယဉ်နိုင်ခဲ့ပါတယ်။ ဂေါက်ရိုက်တဲ့အခါ အပြင်မှာ တွေ့ကြုံရတဲ့ အဆင့်တိုင်းကို သူဟာ ဘယ်အဆင့်ကိုမှ ကျော်မသွားဘဲ အသေးစိတ် စိတ်ကူးထဲမှာ ရိုက်ခဲ့ပါတယ်။ နေ့တိုင်းနေ့တိုင်း တစ်ရက်မှာ လေးနာရီ  သူဟာ ဂေါက် ၁၈ကျင်းကို ပြီးဆုံးအောင် ကစားခဲ့ပါတယ်။ နေ့တိုင်းနေ့တိုင်း တစ်ရက်မှ မပျက်မကွက် တစ်ဆင့်ခြင်းတစ်ဆင့်ခြင်း ၇နှစ်တာပတ်လုံး စိတ်ကူးနဲ့ ကစားခဲ့ပြီးတဲ့နောက် ထောင်ထဲကနေ ပြန်လည်လွတ်မြောက်လာတဲ့အခါ ယခင်က ရိုက်ချက်ထက် အချက်၂၀ လျော့ပြီး ၇၄ချက်နဲ့ ကစားနိုင်တဲ့သူ ဖြစ်လာခဲ့ပါပြီ။

စိတ်ဆန္ဒပြင်းပြင်းပြပြသာ အာရုံစူးစိတ်ပြီး လေ့ကျင့်မယ်ဆိုရင် စိတ်ကူးနဲ့လုပ်ဆောင်ခဲ့ပေမဲ့ လက်တွေ့မှာ အောင်မြင်မှုကို ရရှိစေနိုင်တယ်ဆိုတာ ဗိုလ်မှူး James Nesmeth ဟာ အကောင်းဆုံး သက်သေပြခဲ့သူ ဖြစ်ပါတယ်။


Ref;
"Chicken Soup for The Soul" စာအုပ်မှ Bert Deck ရဲ့ "18 Holes in His Mind" ကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။

Image Hosted by PicturePush - Photo Sharing 

အာရုံပြူတင်းပေါက်များ


သူမနေသော တိုက်ခန်းတွင် ၇ပေခန့်ရှည်ပြီး ၆ပေခန့်ကျယ်သည့်ပြူတင်းပေါက်များ ပါဝင်သည်။ ထိုပြူတင်းပေါက် များသည် မှန်ဖြင့်ပြုလုပ်ထားကာ တစ်ဖက်ဖက်သို့တွန်းလိုက်ရသော လျှောတံခါးများ ဖြစ်ပြီး ခြင်လုံဆန်ကာကို နောက်တစ်ထပ် ပြန်ကာရံထားလေသည်။ ခြင်ဆန်ကာပြီးလျှင်တော့ ခန်းဆီးစ အပြာရောင်နုနုလေးကို တတ်ဆင်ထားပြန်သည်။ သူမသည် ရာသီဥတု သာယာသောနေ့များတွင် တစ်အိမ်လုံးရှိ ပြူတင်းပေါက်များကို အကျယ်ဆုံး ဖွင့်လှစ်ထားတတ်ရာ ဟိုးတောင်တန်း ပြာလွင်လွင်များကို ကျော်ဖြတ်ကာ တိုက်ခတ်လာသော လေပြေလေညှင်းတို့က အိမ်နောက်ဖက် ပြူတင်းမှနေ၍ အမြဲမပြတ် ဝင်ရောက်လို့နေတတ်သည်။ အိမ်ရှေ့ပြူတင်းဆီမှတော့ နေရောင်ခြည် ဝင်းဝါဝါတို့က ဖြာကျ လင်းလဲ့လို့နေလေသည်။ သူမ နေသောအရပ်သည် တောင်တန်းများ ပတ်ဝိုင်းကာထားသော အရပ်ဖြစ်သောကြောင့် ရာသီဥတုမှာ အေးမြစိုစွတ်နေတတ်သည်မို့ ပြူတင်းဆီမှဖြာကျလာသော နေရောင်ခြည်သည်လည်း ပူပြင်း၍ မနေဘဲ နွေးနွေးထွေးထွေးဖြင့် ချစ်စဖွယ် ကောင်းနေတတ်ပြန်သည်။

သူမက ပြူတင်းပေါက်များကို နှစ်သက် စွဲမက်တတ်သူဖြစ်သည်။ ထို့ကြောင့်လည်း နေစရာအိမ်ရှာတိုင်း ပြူတင်းပေါက် ကျယ်ကျယ်လွင့်လွင့်ရှိပြီး လေပြေလေညင်းများ ဝင်ရောက် တိုက်ခတ်နိုင်သော အထပ်အမြင့် အဆောက်အဦးမျိုးကို ရွေးချယ်လေ့ရှိပါသည်။ ထို့ပြင် ဘေးပတ်ဝန်းကျင်တွင် အဆောက်အဦး ခပ်နိမ့်နိမ့်သာ ရှိသည့်နေရာမျိုးလည်း ဖြစ်ရမည်။ သို့မှသာ သူမနေသော အခန်းလေးဆီသို့ လေပြေလေညင်းများ အဆီးအတားမရှိ ဝင်ရောက်နိုင်မည် ဖြစ်လေသည်။ အိမ်ရှေ့ပြူတင်းပေါက်သည်တော့ လမ်းမနှင့် နီးသဖြင့် လမ်းပေါ်မှ ဆူဆူညံညံ ကားသံများကို ကြားရလေ့ရှိသဖြင့် သူမ သဘောမကျပါ။ အိမ်တစ်အိမ်လုံးတွင် သူမ သဘောအကျဆုံး ပြူတင်းပေါက်မှာ အိမ်နောက်ဖက် ပြုတင်းပေါက်ဖြစ်သည်။ ထို့ကြောင့်လည်း သူမနေဖို့အခန်းကိုတော့ လေဝင်လေထွက် ကောင်းသော ထိုပြူတင်းပေါက်ရှိသည့် အိမ်နောက်ဖက်ရှိ အခန်းကို ရွေးချယ်ထားလေသည်။

ထိုပြူတင်းပေါက်အနီးတွင် သူမ အလုပ်လုပ်ရန် စားပွဲတစ်လုံးကို ထားလိုက်ပြီး စားပွဲပေါ်တွင်တော့ အလုပ်အတွက် လိုအပ်သည့် ကွန်ပျုတာ ၊ တယ်လီဖုန်း ဖက်စ်၊ ပရင်တာ တွဲရက်ပါသည့် စက်တစ်လုံး၊ ဘောလ်ပင်ခဲတံထည့်ရန် ခွက်လှလှလေးတစ်ခုနှင့် အရွက်ကလေးများ ဖားဖားလျားလျားဖြင့် စိမ်းစိုလှပလှသည့် ပန်းအိုးလေးတစ်လုံးလည်း ရှိပါသည်။ အလုပ်အားလပ်ချိန်များတွင်  စာတိုပေစများ ရေးရန်ဝါသနာပါသော သူမသည် အင်တာနက်ပေါ်တွင်လည်း မတောက်တခေါက် စာရေးလေ့ရှိသည်။ ထို့ကြောင့် သူမအတွက် အပန်းဖြေစရာ နောက်ထပ် အရာတစ်ခုမှာ စာရေးစာဖတ်ခြင်း ဖြစ်လေသည်။ ကွန်ပျူတာ တင်ထားသည့် စားပွဲကို ထားဖို့နေရာ ရွေးချယ်သောအခါ ထွေထွေထူးထူး စဉ်းစားစရာမလိုပါ။ ပြူတင်းပေါက်နှင့် အနီးဆုံးနေရာကိုသာ သူမက ရွေးချယ်ပါသည်။

Image Hosted by PicturePush - Photo Sharing


ထိုပြူတင်းပေါက်မှ ငေးမောကြည့်သည့် အခါတွင်လည်း သူမတို့ မြို့ကလေးကို ပတ်ဝိုင်းကာရံထားသည့် တောင်တန်းပြာပြာကြီးများကို နွေဦးအခါများတွင် မှုန်ရီသီဝေစွာ၊ မိုးရာသီတွင်တော့ တိမ်မျှင်တိမ်ခိုးများ၊ တောင်ခိုး တောင်ငွေ့များ  လွှမ်းပတ် ရစ်သိုင်းကာ၊ ဆောင်းရာသီတွင် နှင်းမှုန်နှင်းစက်များ သိုင်းခြုံရီဝေစွာ ရှိနေတတ်ပြန်တာကိုလည်း သူမက သဘောကျသူဖြစ်သည်။ တောင်တန်းကြီးတွေကတော့ ဘယ်အချိန် ဘယ်ရာသီဘဲဖြစ်ဖြစ် လှလှပပ ခန့်ခန့်ထည်ထည် ရှိနေတတ်သည်ဘဲလေ။ တောင်တန်းပြာပြာကြီးနှင့် သူမတို့မြို့ကလေးကြားတွင် စိမ်းလန်းသော လယ်ကွင်းများ၊ စိုက်ခင်းများ ရှိလေသည်။ လယ်ကွင်းများ၊ ပန်းခင်းများ၊ သီးနှံစိုက်ခင်းများကို ဖြတ်သန်းလာသောလေသည် တရံတခါတွင် လန်းဆန်းသော ကောင်ပင်ပျိုတို့၏ ရနံ့များကိုပင် သယ်ဆောင်လာတတ်သည်။ တခါတလေတွင် ပန်းခင်းများဆီမှ မွှေးထုံသင်းပျံ့သော ပန်းရနံ့များကိုလည်း သယ်ဆောင်လာတတ်ပြန်သည်။


သူမ အလုပ်လုပ်နေစဉ်၊ သို့မဟုတ် စာရေးနေစဉ် ပြူတင်းပေါက်မှ ဝင်ရောက်လာသော လေပြေကလေးများက သူမ၏ဆံနွယ်များ၊ အင်္ကျီစလေးများ၊ သူမ မျက်နှာပြင်ပေါ်၊ သူမ လက်မောင်းသားလေးများကို ပွတ်သပ် ကျီစယ်နေတတ်သည်ကို သဘောကျမိသည်။ အလုပ်လုပ်ရင်း ၊ စာရေးရင်း လက်ညောင်းလာသည်ဖြစ်စေ၊ စိတ်အာရုံများ ညောင်းညာလာလျှင်ဖြစ်စေ စာရေးနေသည်ကို ရပ်လိုက်ပြီး ပြူတင်းပေါက်မှ မြင်နေရသော စိမ်းပြာပြာ မှိုင်းညို့ညို့ တောင်တန်းကြီးများ၊ စိမ်းစိုနုပျိုနေသော စိုက်ခင်းပြင်ကျယ်ကြီးများ၊ ရောင်စုံဖူးပွင့်ဝေဆာနေသော ပန်းခင်းကြီးများ၊ နေဝင်ဆည်းဆာချိန်များတွင် အိပ်တန်းတက်ရန် အုပ်စုဖွဲ့ ပျံသန်းတတ်သော ငှက်အုပ်များ ကို ငေးမော၍ ကြည့်ရှုလိုက်လျှင် သူမ၏နွမ်းနယ်နေသော စိတ်အာရုံများက အမြဲလိုလို ပြန်လည် လန်းဆန်းလာသည်သာ ဖြစ်လေသည်။




သူမတို့အိမ်တွင် ဝရံတာ မပါရှိပါ။ ကျယ်ဝန်းသော ပြူတင်းပေါက်များသာ ရှိပါသည်။ သစ်ပင်များကို ချစ်တတ်သော သူမက ရသည့်နေရာတွင် အပင်လေးများကို စိုက်ပျိုးတတ်သြူုဖစ်သည်။ သူမတို့အိမ်၏ ပြူတင်းပေါက် အပြင်ဖက်တွင်တော့ တစ်ထွာခန့် ကျယ်ဝန်းသည့် အုတ်ဘောင် ရှိလေသည်။  အိုးကလေးများဖြင့် အပင်များကို စိုက်ပျိုးပြီး ထိုဘောင် ကလေးပေါ်တွင် တင်ထားလေသည်။ မနက်တစ်ခါ ညနေတစ်ခါ ရေဖြန်း ဗူးလေးဖြင့် စိတ်ရှည်လက်ရှည် ရေဖြန်းရင်း လေညင်းခံရတာကို၊ စာရေးရန် အကြောင်းအရာ စဉ်းစားရတာကိုက စိတ်ချမ်းသာဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုဟုလည်း သူမက ယူဆပြန်သေးသည်။ သူမစိုက်ထားသော အပင်ကလေးများမှာ ပွင့်သည့်အပင်က ပွင့်ဖူးသည့်အပင်က ဖူးဖြင့် သူမ၏ ပြူတင်းပေါက်ကလေး လှပဖို့ တစ်တပ်တစ်အား ပါဝင်လို့နေသည်။ လမ်းမပေါ်က ကြည့်လိုက်လျှင် ပန်းပင်လေးများဖြင့် လှပနေသော ပြူတင်းပေါက်များ ရှိသည့်အိမ်သည် သူမတို့ တစ်အိမ်တည်းသာ ဖြစ်လေသည်။ မိတ်ဆွေတစ်ချို့က သူမတို့ အိမ်ရှေ့ လမ်းမပေါ်မှ အဖြတ်တွင် ပန်းအိုးလေးများရှိသော သူမတို့အိမ်ကို ဝေးဝေးကပင် မြင်နိုင်လေသည်။ ထို့ကြောင့် သူမတို့အိမ် လာမည့်သူများကိုလည်း အထူးတလည် ညွှန်းစရာမလိုပါ။ ပန်းအိုးလေးတွေရှိသော ပြူတင်းပေါက်နှင့်အိမ်ဆိုလျှင် သိသွားကြသည်သာ ဖြစ်သည်။ သူမတို့အိမ်ကို အခြားအိမ်များနှင့် မတူ ကွဲပြားစေသော ပြူတင်းပေါက် လေးများကို သူမ ချစ်သည်။

ပြူတင်းပေါက်လေး ဖွင့်ကြည့်လိုက်လျှင် လောက ပတ်ဝန်းကျင်၏ သဘာဝအလှများကို မြင်တွေ့နေရခြင်း၊  ငှက်ကလေးများ၏ တေးသီသံများကို ကြားရခြင်းနှင့် လေပြေလေးများ၏ ကလူကျီစယ်ခြင်းကို ထိတွေ့ခံစားရခြင်းကိုလည်း နှစ်သက်တတ်သည်။ ဘယ်လိုပင်ဖြစ်စေ သူမသည် ပြူတင်းပေါက်လေးများကို ချစ်သူဖြစ်လေသည်။ သူမ၏အာရုံများကို လတ်ဆတ် လန်းဆန်း နုပျိုစေသော ပြူတင်းပေါက် များကိုလည်း သူမက အာရုံပြူတင်းပေါက်လေးများဟု သူမဘာသာ သူမ နာမည် ပေးထားမိသည်။ သူမသည် ထိုစားပွဲလေးတွင် သူမလုပ်စရာအလုပ်များကို စိတ်အာရုံနှစ်မြုပ်ပြီး လုပ်လေ့ရှိသကဲ့သို့  အချိန်အားရသည့်အခါတိုင်း ပြူတင်းပေါက်လေးနားရှိ ကွန်ပျူတာရှေ့တွင် ထိုင်ကာ စာရေးနေလေ့ရှိသည်။ ပြူတင်းဝမှ ဝင်ရောက်လာသော လေညင်းကလေးများ၊ မိုးနံ့ပါသော လေပြေများ၊ ပန်းရနံ့လေးများ ၊ ဝေးဝေးက မှိုင်းပြပြ တောင်တန်းများတို့က အလုပ်တွေကို လျှင်လျှင်မြန်မြန်ပြီးစီးဖို့  တက်တက်ကြွကြွ လုပ်နိုင်ဖို့ တွန်းအားများဖြစ်သလို ဝါသနာပါရာ စာတွေ တစ်ပုဒ်ပြီး တစ်ပုဒ် ဆက်ရေးဖို့အတွက် ခွန်အားများ ဖြစ်ခဲ့လေသည်။


သို့သော် သူမနှစ်သက်သော ပြူတင်းပေါက်လေးမှ မြင်တွေ့နေရသော မြင်ကွင်းများ၊ အတားအဆီးမရှိ ဝင်ရောက်နေသော လေပြေလေညင်းများသည် ထာဝရ ရှိနေလိမ့်မည်ဟု သူမထင်ခဲ့ခြင်းသည် မှားယွင်းခဲ့လေသည်။ ယခုနှစ်ဦးပိုင်းမှ စကာ သူမတို့အိမ်နောက်ရှိ မြေကွက်လပ် ကျယ်ကျယ်တစ်ခုကို ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ ရောက်လာကာ ဆောက်လုပ်ရေးကိရိယာများ၊ လုပ်သားများ၊ အိမ်ဆောက်ပစ္စည်းများစွာ တဖြေးဖြေး လာရောက်နေရာ ချပြီးနောက်တွင် မြေညှိ၊ နေရာရှင်းစသည်တို့ကို အချိန်တိုတိုအတွင်း အမြန်ဆုံးပြီးစီးအောင် လုပ်ကိုင်နေကြတာကို တွေ့ရသော်လည်း သူမသည် စိတ်ထဲတွင် မည်သို့မျှ မရှိခဲ့ပေ။ မြေပိုင်ရှင်များ အဆောက်အဦးတစ်ခုခု ဆောက်တော့မည် ဟုသာ တွေးထင်ခဲ့မိလေသည်။ သို့ရာအတွင် အချိန်နည်းနည်း ကုန်သွားလေ သူမ မျက်စိရှေ့တွင် အဆောက်အဦးတစ်ခု ဖြေးဖြေးချင်း ပီပီပြင်ပြင်ဖြစ်လာချိန်တွင် တုန်လှုပ်ရတော့သည်။


ယခုမှ သတိထားမိသည်။ သူမတို့ အနီးအနား ပတ်ဝန်းကျင်အားလုံး ယခင် ခပ်နိမ့်နိမ့် အိမ်ယာများ၊ မြေကွက်လပ်များမှာ အဆောက်အဦး အမြင့်များ အသစ်ဆောက်လာကြပြီး အရင်က သူမတို့အခန်း ရှိသည့်တိုက်သာ အမြင့်ဆုံးဖြစ်ခဲ့သော်လည်းယခုအခါတွင် ဘေးနားဝန်းကျင်များတွင်  ထိုအဆောက်အဦး အမြင့်များ ဖြစ်လာလေပြီ။ ထို့အတူ သူမချစ်သော ပြူတင်းပေါက်လေးရှိသည့် နေရာမှ အဆောက်အဦးမှာလည်း တဖြေးဖြေး မြှင့်တက်လာနေပါပြီကော။ ဘယ်နှစ်ထပ်အထိ ဆက်ပြီး ဆောက်ဦးမည် မသိသော်လည်း သူမ မြင်နေကျ မြင်ကွင်းများကို ထိုအဆောက်အဦးက တဖြေးဖြေး ဖုံးကွယ်လာနေပြီ။ ထိုအခါမှ သူမ အထိတ်တလန့်ဖြစ်ရလေတော့သည်။ ပြူတင်းပေါက်ကနေ မြင်နေရသော တောင်တန်းပြာပြာကိုလည်း တစ်ဝက်တစ်ပြက်သာ တွေ့ရတော့ပြီး အိမ်တွင်းသို့ ဝင်လာနေကျ လေပြေ လေညှင်းများလည်း ရောက်မလာတော့ပေ။ 

တစ်နှစ်နီးပါးခန့် ကြာသောအခါတွင်တော့ ၁၀ထပ်တိုက်ကြီး တစ်ခုပီပီပြင်ပြင် ဖြစ်လာပေပြီ။ ထိုအခါမှ အောက်ထပ်တွင် ဈေးဆိုင်ခန်းများ အပေါ်ထပ်များတွင်၊ ရုံးခန်းများ ၊ လူနေတိုက်ခန်းများ အဖြစ် ဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိလာရလေသည်။ အင်မတန်မှ လှပသေသပ်ပြီး လက်ရာမြောက်သော အဆောက်အဦးကြီး ဖြစ်သော်လည်း သူမအတွက်တော့ စိတ်ညစ်ညူးဖွယ် အဆောက်အဦးကြီး အဖြစ်သာ မြင်မိလေသည်။ ထိုအဆောက်အဦး မြင့်မြင့် ကွယ်သွားသောကြောင့် ပြူတင်းပေါက်လေးဆီမှလည်း လေပြေတို့မဝင်ရောက်နိုင်၊ သူမ အာရုံကို လန်းဆန်းစေသော မြင်ကွင်းများကိုလည်း မမြင်ရ၊ တောင်တန်းပြာပြာကြီးကိုလည်း မတွေ့ရသည့်အခါ သူမ နှစ်သက်ခဲ့သော ပြုတင်းပေါက်လေးကိုပင် မုန်းတီးမိလာတော့သည်။ 

ကွန်ပျူတာရှေ့တွင်ထိုင်ကာ လုပ်နေကျ အလုပ်လုပ်ရသည်ပင် စိတ်မရွှင်မလန်း ဖြစ်လာရပြီး စာရေးမည် ကြံလိုက်တိုင်းလည်း နောက်ကျိနေသော စိတ်အာရုံများက မည်သည့် စာလုံးကိုမျှ ရေးချင်စိတ် မရှိတော့ပေ။ ဤသို့ဖြင့် သူမသည် တဖြေးဖြေးနှင့် စိတ်တို တတ်လာသည်။ ရန်လိုတတ်လာသည်။ စာရေးလည်း ကျဲလာလေသည်။ ကွန်ပျူတာကို အခြားပြူတင်းပေါက်အနီးတွင် ရွေ့ရန် စိတ်ကူးမှာလည်း လက်တွေ့တွင် အကျိုးထူးမည် မဟုတ်ပါ။ တစ်အိမ်လုံးတွင် ရှုခင်းအကောင်းဆုံး ၊ လေဝင်လေထွက် အကောင်းဆုံးနေရာမှာ ဒီပြူတင်းပေါက်လေးသာ ရှိသည်။ အခြားပြူုတင်းပေါက်တို့မှာ လမ်းမနှင့်နီးသည့်အတွက် ဆူဆူညံညံ ရှိလှပြီး ထိုဖက်ခြမ်းတွင်လည်း တိုက်အမြင့်များက ကွယ်ထားသည်သာ ဖြစ်လေသည်။

သူမနေထိုင်ရာ ပတ်ဝန်းကျင်သည် အဆောက်အဦမြင့်မြင့်များ၊ ကောင်းမွန်သပ်ရပ်သော လမ်းမများ၊ ခမ်းနားထည်ဝါလှသော စူပါမားကက်များ၊ ကွန်ဒိုများဖြင့် ရုပ်ဝတ္ထုတို့မှာ တိုးတက်လာသော စိတ်နှလုံးကို အာဟာရဖြစ်စေမည့် သဘာဝ ပတ်ဝန်းကျင်များ၊ ရေမြေတောတောင်များ၊ စိတ်အေးချမ်းဖွယ် စိမ်းလန်းသော သစ်ပင်များ၊ ရှုခင်းများကို မြင်တွေ့မှု နည်းပါးလာနေပေပြီ။ အလုပ်ကို စိတ်နှလုံး ကြည်ကြည်လင်လင် လုပ်ရန် သို့မဟုတ် စာရေးခြင်းကို စူးစိုက်စွာ လုပ်နိုင်ရန် မည်သို့မျှ စိတ်အာရုံများကို စုစည်း၍ မရတော့သည့်အဆုံး သူမ အိမ်ပြောင်းရန် ဆုံးဖြတ် လိုက်တော့သည်။ သူမ အိမ်ရှာရပါဦးမည်။ 

ပြူတင်းပေါက်များ ကျယ်ကျယ်ဝန်းဝန်းရှိပြီး တောင်တန်းပြာပြာများ၊ စိုက်ခင်းစမ်းစိမ်းများ၊ ပန်းခင်း လှလှများကို မြင်တွေ့ရပြီး လေပြေလေညင်းများ ဝင်ရောက်နိုင်သော ပြူတင်းပေါက်များပါသည့် အိမ်ခန်းတစ်နေရာကို သူမ ရှာဖွေရပါဦးမည်။ ပိတ်ဆို့ခံထားရသော ပြူတင်းပေါက်များကို သူမ မလိုချင်ပါ၊ သူမ အတွေးများ၊ အာရုံများ လွှင့်ပျံချင်တိုင်း ပျံခွင့်ရသော၊ လတ်ဆတ် လန်းဆန်းသော လေပြေများ ဝင်ချင်တိုင်း ဝင်၍ရနိုင်သော၊ နှင်းငွေ့ခြုံသော တောင်တန်းများကို မြင်တွေ့ခွင့်ရနိုင်သော၊ ပုဇွန်ဆီရောင် သမ်းသော ညနေခင်းများတွင်  အုပ်စုလိုက်  အိပ်တန်းတက်သော ငှက်လေးများကို  အမြဲမြင်နိုင်သော ပြူတင်းပေါက်လေးများသည် သူမအာရုံများကို လွတ်လပ်ပွင့်လင်းစွာ ဖွင့်လှစ်ပေးနိုင်သော အရာများ ဖြစ်သည် မဟုတ်ပါလား။



Image Hosted by PicturePush - Photo Sharing 

Photo credit goes to their respective owners.




လရောင်အောက်မှာ...





ချောမာလှပတဲ့ ချစ်စရာ ဂျင်းနီလေးဟာ သူမတို့မိသားစု ပြောင်းရွေ့လာရတဲ့ အိမ်သစ်ကလေးကိုကြည့်ပြီး သိပ်ကို ပျော်ရွှင်ကျေနပ်နေပါတယ်… အိမ်ကလေးက ကြီးမားလှတယ် မဟုတ်ပေမဲ့ နေချင့်စဖွယ်ရှိပြီး သူမအတွက် သီးသန့်အခန်းလေးတစ်ခုလည်း ပါဝင်တာမို့ ပျော်ရွှင်နေမိတာပါ။ သူမက မကြာခင်မှာ  တက္ကသိုလ် စပြီးတက်ရတော့မယ်.. အသစ်စက်စက် တက္ကသိုလ်ကျောင်းသူလေး ဖြစ်လာတော့မဲ့ ဂျင်းနီအတွက် ကိုယ်ပိုင် သီးသန့်အခန်းလေးနဲ့တော့ နေချင်တယ်လေ. သူမတစ်သက်မှာ ကိုယ်ပိုင်အခန်းနဲ့ ဘယ်တုန်းကမှ မနေခဲ့ဖူးဘူး။ ဒါကြောင့် အခု သူမအတွက် အပိုင်ရတဲ့ အခန်းလေးကို ကြည့်ပြီး တစ်စိမ့်စိမ့်နဲ့ ကျေနပ်ပီတိတွေ ဖြစ်နေခဲ့မိတယ်.. သူမရဲ့ ပစ္စည်း ပစ္စယ တွေကိုတောင် နေရာမချနိုင်သေးဘဲ အခန်းလေးရဲ့ ပြူတင်းမှာ တတ်ဆင်ထားတဲ့ လိုက်ကာလေးဟာ ပြင်ပက လေပြေညင်းလေးရဲ့ တိုက်ခတ်မှုကြောင့် တစ်ဖျတ်ဖျတ် လှုပ်ခါနေတာကိုကြည့်ပြီး သူမစိတ်တွေလည်း ဖျတ်ဖျတ် ခါလို့ပေါ့။ ဒီလိုကျတော့လည်း လောကကြီးက ပျော်ရွှင် ကျေနပ်စရာပါဘဲနော်.. တက္ကသိုလ်မှာ သူငယ်ချင်း အသစ်တွေရပြီး ပါတီတွေ ပျော်ပွဲရွှင်ပွဲတွေ နွဲရပေဦးတော့မယ်.. အိုး.. အဲဒီလို ဘ၀လေးဟာ သူမ သိပ်ကိုလိုချင်ခဲ့တဲ့ ဘ၀လေးပါဘဲလေ။ တက္ကသိုလ်ကျောင်းသူဘ၀ရဲ့ ပျော်ရွှင်လွတ်လပ်ခွင့်တွေ အပြည့်အ၀နဲ့ ပျော်ပစ်လိုက်ဦးမယ် လို့လည်း သူမက တွေးနေမိသေးတော့တယ်။

ကျောင်းစတက်တော့ သူမ မျှော်လင့်ထားသလိုပါဘဲ။ ပျော်စရာ စိတ်လှုပ်ရှားစရာကောင်းလှပါတယ်... သူငယ်ချင်း အသစ်တွေ အများကြီး ရသလို အတန်းထဲက ကောင်လေးတွေကလည်း ချစ်စရာကောင်းလှတဲ့ သူမကို စိတ်ဝင်စားကြတယ်။ ပြီးတော့ သူမအတွက် ဂုဏ်ယူဝံ့ကြွားစရာက သူမတို့တက္ကသိုလ်မှာ အားကစားသိပ်တော်ပြီး ချမ်းလည်းချမ်းသာ၊ ရုပ်လည်းချောတာကြောင့် နံမည်ကြီး ထင်ရှားနေတဲ့ ဘောလုံး အသင်းခေါင်းဆောင် ကျောင်းသား တစ်ယောက်ကပါ သူမကို စိတ်ဝင်တစားနဲ့ မိတ်ဆက် ချဉ်းကပ်လာတဲ့အတွက် ဂျင်းနီက သိပ်ကို ကျေနပ် ပျော်ရွှင်ပြီး ဂုဏ်ယူနေမိတယ်..   သူငယ်ချင်းမ အသစ်တွေကတောင် သူမကို မနာလိုတွေ ဖြစ်နေကြရတယ်လေ။ ဂျင်းနီကတော့ ကျေနပ်လို့ပေါ့။ သူမက ပေါ်ပြူလာဖြစ်ချင်သူ.. တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေအကြားမှာ ထင်ရှားချင်တဲ့သူလေ.. ခုတော့ သူမ ဖြစ်စေချင်သလို ဖြစ်လာတော့မယ်ဆိုတာ ဂျင်းနီက သိနေပြီ.. ဒီတော့ ကျောင်းတက်ရတာ ပျော်ရွှင်စရာနေ့တွေ ဖြစ်လာတော့မယ်ဆိုတာလည်း သူမအတွက် သေချာလို့ဘဲပေါ့။

တစ်ခုရှိတာက ဂျင်းနီရဲ့ မိဘတွေက ရှေးရိုးဆန်တယ်.. ဂျင်းနီကို အသက်ငယ်သေးတယ်.. လူ့လောကကြီးအကြောင်း ဘာမှနားမလည်သေးဘူး။ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချဖို့ စောလွန်းသေးတယ် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သူတို့ရဲ့ မျက်စိအောက်မှာဘဲ ထိန်းချုပ်မှုလေးနဲ့ ထားချင်တယ်.. ပြီးတော့ တက္ကသိုလ် ကျောင်းသူဘ၀ကို ရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့ ကုန်ဆုံးစေချင်တယ်.. ပညာကို အေးအေးချမ်းချမ်း သင်ယူပြီး နောက်ထပ် ဘွဲ့လွန်သင်တန်းတွေ၊ ပညာတွေ အများကြီး ထပ်သင်စေချင်တယ်.. ထူးချွန် ထက်မြက်စေချင်တယ်.. အလှအပကိုသာ မက်မောပြီး အပျော်အပါးကို ဦးစားပေးတဲ့ ကျောင်းသူတစ်ယောက် မဖြစ်စေချင်ဘူး။  ဒီတော့ ဂျင်းနီကို ပညာကြိုးစားဖို့၊ အနေအထိုင် တည်ငြိမ်ဖို့ ဆုံးမတယ်.. အသွားအလာတွေ ကန့်သတ်တယ်.. ယောက်ျားလေးတွေ များတဲ့ ပါတီပွဲတွေ၊ ညဘက် ထွက်တာတွေကို မကြိုက်ဘူး.. မသွားစေချင်ဘူး.. ဒါကို ဂျင်းနီက စိတ်ဆိုးတယ်.. သူမရဲ့ မိဘတွေဟာ သိပ်ကို ချုပ်ခြယ်တယ်.. ရှေးကျလွန်းတယ်.. လို့ ထင်တယ်.. တကယ်တမ်းတော့ ဂျင်းနီက အခုမှ ၁၆နှစ်သာသာ ရှိသေးတာလေ။ ဒါပေမဲ့ သူမကတော့ သူမကိုယ်ကို လူကြီးတစ်ယောက် ဖြစ်နေပြီလို့ ထင်နေတတ်သူ….

တစ်ရက်တော့ ဂျင်းနီကို ကြွေနေတဲ့ ဘောလုံးအသင်းခေါင်းဆောင် ဂျက်ဖ်က သူတို့ရဲ့အိမ်မှာ ညဘက် ပါတီတစ်ခု လုပ်မယ်လို့ ဂျင်းနီကို ပြောလာတယ်.. ဂျက်ဖ်က ဂျင်းနီကို လာစေချင်တယ်.. ဂျင်းနီကလည်း သွားချင်တယ်.. ပြီးတော့ အဲဒီညမှာ လကလည်း သာမှာမို့  လရောင်အောက်မှာ သူ့ကားနဲ့ ကားလျှောက်စီးကြမယ်လို့ ဂျက်ဖ်က ဂျင်နီ့ကို ဖိတ်ခေါ်တယ်.. မိန်းခလေးတွေ သည်းသည်းလှုပ် ဖြစ်နေတဲ့ ဂျက်ဖ်ရဲ့ ဖိတ်ခေါ်မှုကို ဂျင်းနီ မငြင်းချင်သလို သူမ ကိုယ်တိုင်ကလည်း ဒီလိုပွဲတွေကို ပျော်ချင်တယ်.. သွားချင်တယ်.. ပြီးတော့ လရောင်အောက်မှာ ကားစီးရတဲ့ အရသာကို သူမ တစ်ခါမှ မခံစားဖူးဘူး.. ခံစားကြည့်ချင်တယ်.. “ သူနဲ့ လရောင်အောက်မှာ ကားအတူတူစီးလိုက်ရရင် ဘယ်လောက်ကြည်နူးဖို့ ကောင်းမလဲ၊ တစ်ခြားကျောင်းသူလေးတွေ သူမကို ဘယ်လောက်များ မနာလို ဖြစ်လိုက်မလဲ.. ” လို့ တွေးမိပြီး သွားချင်စိတ်က တားမရ ဆီးမရ ဖြစ်လာတော့တယ်.. ဒါပေမဲ့ သူမရဲ့ မိဘတွေက အမှန်အတိုင်းပြောရင် ဘယ်လိုမှ လွှတ်မှာမဟုတ်မှန်းလည်း ဂျင်းနီသိနေတယ်..

ဒါနဲ့ ဂျင်းနီက မိန်းခလေး သူငယ်ချင်းတစ်ယောက်ကို သူမ မိဘတွေဆီ အဲဒီမိန်းခလေးအိမ်မှာ စာကျက်ကြမှာမို့ ညအိပ်မယ်လို့ ညာပြောပေးဖို့ အကူအညီတောင်းတယ်. သူငယ်ချင်းမကလည်း သူမ မိဘတွေ ယုံကြည်လာအောင် ပြောပြီး ဂျင်းနီကို ခေါ်ထုတ်လာတယ်။ စာကျက်မယ် ဆိုလို့ ခွင့်သာ ပြုလိုက်ရပေမဲ့ မျက်နှာ မရွှင်မပျနဲ့ ကျန်ရစ်ခဲ့တဲ့ မိဘတွေကိုကြည့်ပြီး ဂျင်းနီစိတ်ထဲ တွေဝေ စိတ်လေးတော့ ၀င်သွားမိတယ်. “ငါဒီလိုလုပ်လိုက်တာ မှားပြီလား ”ပေါ့။

ဒါပေမဲ့ ပါတီကိုရောက်ပြီး ဂျက်ဖ်နဲ့ တွေ့ချိန်မှာ သူမက အရာရာကို မေ့သွားတော့တယ်။ ပါတီမှာ အစားအသောက်တွေလည်း များမှများပါဘဲ။  သောက်ကြ စားကြနဲ့  လူတွေကလည်း ဆူညံစည်ကားနေတော့တယ်. ဂျက်ဖ်ကလည်း သူ့လက်ထဲမှာ အရက်ခွက်က မပြတ်သလောက် ရှိနေပြီး ဆေးလိပ်ဆိုတာများ ပါတီပွဲကျင်းပတဲ့ သူတို့ရဲ့ အိမ် ခန်းမတစ်ခုလုံး နံစော်နေအောင် သောက်လိုက်ကြတာ.. ယောက်ျားလေးတိုင်းလိုလို ဆေးလိပ်နဲ့ အရက်ခွက်တွေနဲ့။ သူတို့ကို ကြည့်ပြီး ဂျင်းနီက မူးတောင် မူးလာသလို ခံစားရတယ်.. လူကလည်း ငြီးစီစီ ဖြစ်လာတယ်.. ညဉ့်က တဖြေးဖြေးနက်လာတယ်.. အပြင်မှာ လကလည်း ရွှန်းရွှန်းမြမြ သာလို့နေတယ်…  အရက်နံ့တွေ ဆေးလိပ်နံ့တွေ နံဟောင်နေတဲ့ အခန်းကနေ အပြင်ထွက်လာပြီး  လေနုအေးလေးတွေကို အငမ်းမရ ရှုရှိုက်နေမိတော့တယ်။ ကျောင်းမှာ ရှိုးတွေ မိုးတွေနဲ့ နေတတ်တဲ့ ကျောင်းသားတွေဟာ ဒီလို အရက်တွေ မူးအောင်၊ ဆေးလိပ်နံ့တွေ နံစော်နေအောင် သောက်ကြ စားကြလိမ့်မယ်လို့ ဂျင်းနီက တကယ်ကို မထင်ခဲ့မိဘူးလေ။

အဲဒီချိန်မှာ ဂျက်ဖ်က အပြင်ထွက်လာပြီး ဂျင်းနီကို ကားလျှောက်စီးမယ်လို့ ပြောလာတယ်.. ဂျင်းနီ ရင်ခုန်သွားတယ်.. “ကြည့်စမ်း.. ဒီလောက် သာနေတဲ့ လရောင်အောက်မှာ ဂျက်ဖ်ရဲ့ ကားအကောင်းစားကြီးနဲ့ လျှောက်စီးရမယ်ဆို ဘယ်လောက်တိမ်းမူးဖွယ် ကောင်းလိုက်မလဲနော်.. ” လရောင်ရဲ့ ဖြားယောင်းမှု၊ သူမစိတ်ရဲ့ တိမ်းညွှတ်မှုတို့ကြောင့် ဘာကိုမှ မစဉ်းစားမိတော့ဘဲ ဂျင်းနီက သဘောတူလိုက်မိတော့တယ်.. သူမနဲ့အတူလာတဲ့ မိန်းခလေးသူငယ်ချင်းကို ဂျက်ဖ်နဲ့ ကားလျှောက်စီးမယ်လို့ အသိသွားပေးလိုက်တော့ ကောင်မလေးက တားတယ် “ ဟင်.. ဂျက်ဖ်က မူးနေပြီလေ.. ကားမောင်းလို့ဖြစ်ပါ့မလား.. မူးနေတဲ့လူတစ်ယောက် မောင်းတဲ့ကားကို စီးရတာ အန္တရာယ်များတယ်.. မသွားပါနဲ့လား ဂျင်းနီ..”  လို့ သူမကို တားတယ်.. ဒါပေမဲ့ သူမ နားမ၀င်တော့ဘူး.. ခုချိန်မှာ သူမက ဂျက်ဖ်နဲ့ ကားလျှောက်စီးချင်တာဘဲ သိတော့တယ်.. ပြီးတော့ သူမစိတ်ထဲမှာ သူငယ်ချင်းမက မနာလိုလို့ တားတယ်လို့ဘဲ ထင်မိတယ်.. “အေးဆေးပါ ” လို့ သူငယ်ချင်းမ ကို ပြန်ပြောလိုက်ပြီး ဂျက်ဖ်ရဲ့ ကားပေါ်ကို ပျော်ပျော်ရွှင်ရွှင် တက်လိုက်ပြီးချိန်မှာ ဂျက်ဖ်က ကားကို အမြန်ဆုံးနှုန်းထားနဲ့ မောင်းထွက်လိုက်တော့ သူမစိတ်တွေက ပျော်ရွှင်လွတ်လပ်မှုနဲ့အတူ လေထဲမှာ လွှင့်ခနဲ ဖြစ်သွားသလိုပါဘဲ..

ငွေရောင်လင်းဖြာနေတဲ့ လရောင်အောက်မှာ အမိုးဖွင့်ထားတဲ့ ဂျက်ဖ်ရဲ့ ကားလေးက အရှိန်ပြင်းပြင်း မောင်းနှင်နေခဲ့တယ်.. ဘယ်ကိုဦးတည်းပြီး သွားနေတယ် လို့ ဂျင်းနီ မသိလိုက်နိုင်ခင်မှာဘဲ သတိထားမိတော့ မြို့ပြင်ဘက်ရောက်နေခဲ့ပြီ. ဂျက်ဖ်က  ကားကို ကားအသွားအလာ၊ လူသူကင်းရှင်းတဲ့ မြို့ပြင်က လမ်းဘေးတစ်နေရာမှာ ထိုးရပ်လိုက်တယ်… အဲဒီတော့မှ ဂျင်းနီရင်ထဲမှာ ကြောက်စိတ်တွေ ၀င်လာပြီး ခြေဖျားလက်ဖျားတွေ အေးစက်လာခဲ့တယ်.. “ဘုရားရေ.. ငါ့မိဘတွေ ပြောတာ အမှန်ပါဘဲလား.. ငါဟာ သိပ်ငယ်သေးတယ်.. လူတွေအကြောင်း ဘာမှ မသိသေးဘူး.. ဆိုတာ တကယ်ဟုတ်တာဘဲ.. ညနက်သန်းကောင် ယောက်ျားလေးတစ်ယောက်နဲ့ အထူးသဖြင့် မူးနေတဲ့ လူနဲ့ အပြင်ထွက်ရင် ဘာတွေဖြစ်လာမလဲ ငါဘာလို့များ မတွေးမိတာပါလိမ့်.. ငါတကယ်ကို မိုက်မဲတာဘဲ” လို့ စဉ်းစားမိရင်း ကြောက်ရွံ့မှုတွေကြောင့် သူမတစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာတယ်.. အဲဒီချိန်မှာ ဂျက်ဖ်က သူမကို လှမ်းဖက်ဖို့ ကြိုးစားတယ်.. ဂျင်းနီက ဂျက်ဖ်ရဲ့ လက်ကို တွန်းဖယ်လိုက်ပြီး “ဂျက်ဖ်.. ငါ.. ငါ  တောင်းပန်ပါတယ်.. ငါ့ကို အိမ်ပြန်ပို့ပေးပါ.. ငါ လရောင်အောက်မှာ ကားစီးချင်လို့ နင်နဲ့ လိုက်လာတာပါ။ ငါ ဒီမှာ မနေချင်ဘူး.. အိမ်ကိုပြန်ချင်တယ်.. ငါ့မိဘတွေဆီ ပြန်ပို့ပေးပါ” လို့ တတွတ်တွတ် တောင်းပန်မိတော့တယ်.။

ဒါပေမဲ့ ဂျက်ဖ်က သူမတောင်းပန်တာကို အသိအမှတ်ပြုပုံမရဘူး.. သူမကို တစ်ခါ ထပ်ပြီး ဖက်ဖို့ကြိုးစားပြန်တယ်.. ဒီတော့ ဂျင်းနီက ရုတ်တရက် အကြံရလိုက်ပြီး “ဂျက်ဖ် နင်ငါ့ကို အခုချက်ခြင်း အိမ်ပြန်ပို့ရင်ပို့.. မပို့ရင် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို ငါတိုင်ရလိမ့်မယ် ” လို့ လေသံခပ်တင်းတင်းနဲ့ ပြောချလိုက်တော့တယ်.. ဒီတော့မှ ဂျက်ဖ်က ငြိမ်သက်သွားတယ်. သူ့လို နံမည်ကြီး ကျောင်းသားတစ်ယောက်က ကျောင်းအုပ်ချုပ်ရေးအဖွဲ့နဲ့ အတိုင်ခံရမယ်ဆိုတာ သူဖြစ်ချင်မှာ မဟုတ်ဘူး.. ချက်ခြင်းဘဲ သူ့ရဲ့လက်က ကားသော့ဆီ ရောက်သွားပြီး ကားကို အရှိန်နဲ့ မောင်းထွက်လိုက်တော့တယ်.. ဒေါသစိတ်ရိုင်းတွေ၊ အရက်ရဲ့ မူးယစ်ရီဝေမှုတွေနဲ့ ဂျက်ဖ်က ကားကိုမောင်းနေတာကြောင့် အလာတုန်းကထက် အဆများစွာ မြန်နေတဲ့ ကားရဲ့ အရှိန်က ဂျင်းနီကို ချွေးစေးတွေ ပြန်လာစေတယ်.. သူ.. ဂျက် သိပ်ဒေါ်သထွက်နေခဲ့ပြီ။ တဖြေးဖြေး မြို့ထဲနဲ့ နီးလာပြီး ဘေးပတ်ဝန်းကျင်က သစ်ပင်တွေ အဆောက်အဦးတွေ ဖြတ်သွားတဲ့ကားတွေ တစ်ရိပ်ရိပ်ကျန်ခဲ့တယ်.. ဒီလောက်မြန်တဲ့ အမြန်နှုန်းက သိပ်ကို အန္တရာယ်ကြီးမှန်း သူမ နားလည်လိုက်တယ်. နားထဲမှာ လေတွေ တိုးနေတာများ ဘာသံမှတောင် မကြားရတော့ဘူး ထင်နေမိတယ်.. သူမ ကားရှေ့က ဒက်ရှ်ဘုတ်ကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း မျက်စိကို စုံမှိတ်ထားလိုက်မိပြီး ဂျက်ဖ်ကို ဖြေးဖြေးမောင်းဖို့၊ အရှိန်လျှော့ဖို့ တောင်းပန် နေမိတော့တယ်။

ရုတ်တရက် ပြင်းထန်တဲ့ ထိခိုက်မိသံကြီးထွက်လာပြီး သူမမျက်လုံးအပွင့်မှာ လင်းထိန်တဲ့ ကားမီးရောင်က စူးစူးရှရှ ၀င်ရောက်လာတယ်.. သူမ သိလိုက်ပြီ. ကားချင်းတိုက်မိပြီ. ကားလေးက တစ်ပတ် နှစ်ပတ် လိမ့်သွားတယ်.. ဘယ်နှစ်ပတ်ပါလိမ့်.. သူမ မသိတော့... မမှတ်မိတော့။ သူမ သိပ်ပျော်ရွှင်တဲ့ လရောင်အောက်မှာဘဲ အပြင်းအထန် ကားတိုက်မိပါပြီကောလား... နောက်ဆုံးမီးရောင်လေး မြင်လိုက်ပြီး သူမ ကမ္ဘာကြီးတစ်ခုလုံး မှောင်အတိ ကျသွားတော့တယ်.. နားထဲမှာ အသံတစ်ချို့တော့ ၀င်လာလိုက် ပျောက်သွားလိုက်.. တစ်ကိုယ်လုံးလဲ နာကျင်လို့..သွေးတွေလားမသိ ကပ်စေးစေးတွေ သူမကိုယ်ပေါ်က စမ်းမိသလို၊ သွေးညှီနံ့တွေကလည်း နံလာတယ်..  “လူနာတင်ကားခေါ်.. ကားထဲက လူတွေ အရင်ထုတ်.. တော်တော် အခြေအနေဆိုးတယ်.. ” စတဲ့ အသံတွေက မကြားတစ်ချက် ၊ ကြားတစ်ချက် … သူမ နောက်ဆုံး တွေးလိုက်မိတာက “ဂျက်ဖ် ဘယ်လိုနေလဲ.. ဘာဖြစ်သွားသေးလဲ။ ဟိုဘက်ကားက လူတွေရော ဘာတွေဖြစ်သွားသေးလဲ.. အသက်မှ ရှင်ရဲ့လား။”  သူမ ဘာကိုမှ မသိလိုက်နိုင်ခင်  နောက်ဆုံးတော့ အားလုံး အမှောင်.. ပိန်းပိတ်တဲ့အမှောင်.. အသံဆိုတာလည်း ဘာသံမှ မကြားရတော့အောင် သူမကမ္ဘာကြီးက မဲမှောင် တိတ်ဆိတ်သွားတော့တယ်.. အသိစိတ်တွေကတော့  ခန္ဓာကိုယ်မှာ မကပ်နိုင်တော့ဘူး။ လရောင်အောက်မှာ ခရီးနှင်လို့… လေအလျင်လို လွှင့်မျောနေလိုက်တာများ. ကားစီးတာထက်တောင် မြန်ချင်သေး။

ဆေးရုံပေါ်မှာ သူမ တစ်ချက် သတိပြန်လည်လာခဲ့တယ်. အသံတွေလည်း ကြားနေရတယ်.. သူမရဲ့ အခြေအနေ အတော်ဆိုးတယ်လို့ ပြောနေသံကိုလည်း ကြားလိုက်ရတယ်.. ပြီးတော့ ဂျက်ဖ်လည်း ဆုံးသွားတယ်လို့ ပြောနေကြသလိုဘဲ။ သူမ မျက်လုံးဖွင့်လိုက်တော့ ဘေးနားမှာ သူမနဲ့အတူတူ ပါတီကိုသွားခဲ့တဲ့ သူငယ်ချင်းမလေးလည်း ရှိနေတယ်.. ပြီးတော့ ဆရာဝန်တွေ၊ သူနာပြုတွေ အများကြီး သူမကို စိုးရိမ်တကြီး ၀ိုင်း ကြည့်နေကြတယ်.. နာလိုက်တာ.. တစ်ကိုယ်လုံး ဘယ်နေရာမှ မနာတဲ့နေရာ မရှိတော့ဘူးထင်တယ်.. သူမ ခြေ၊လက် ဘာတစ်ခုမှ လှုပ်လို့မရ၊ နှုတ်ခမ်းလေး ဟဖို့ပင် ခက်ခဲ ပင်ပန်းလွန်းလှတယ် ။ သူမ ဘေးနားမှာ သူမ မိဘတွေကိုတော့ မတွေ့ရ.. ဖေဖေနဲ့ မေမေ သူမသတင်း မကြားမိသေးဘူးထင်တယ်..  ငါ့ မိဘတွေ ဒီသတင်း မသိရင် ဘယ်လောက်များ ကောင်းလိုက်မလဲ လို့ တွေးလိုက်မိသေးတယ်.. သူမကို ဆရာဝန်တစ်ယောက် “သမီး မှတ်မိရဲ့လား သမီးတို့ ကားချင်းတိုက်မိတာလေ.. အခု ဆေးရုံပေါ်မှာ” လို့ ပြောလာတယ်.. သူငယ်ချင်းကို ကြည့်လိုက်တော့ မျက်ရည်တွေနဲ့..

“ဂျက်ဖ်ရော.. သူ ဘယ်လိုနေလဲ ”လို့ ဂျင်းနီက ကြိုးစားပြီး အသံထွက်မေးလိုက်တော့ သူငယ်ချင်းမက “ဂျက်ဖ် ဆုံးသွားပြီ ” လို့ ပြောလာတယ်.. “ဟိုဘက် ကားပေါ်က လူတွေရော” လို့ သူမ ပူပန်စိတ်နဲ့ မေးမိပြန်တော့ “အဲဒီကားပေါ်မှာ လူ၂ယောက်ပါတယ်.. ၂ယောက်လုံး ဆုံးသွားတယ်”. တဲ့ ။ ဂျင်နီပါးပေါ် မျက်ရည်တွေ စီးကျလာတယ်.. သူမ မိုက်ပြစ်ကြောင့် လူတွေ အသက်ဆုံးရှုံးသွားရတယ်.. ပျော်ချင်စိတ်နဲ့ မစဉ်းစားမဆင်ခြင်ဘဲ လုပ်ခဲ့တဲ့ သူမလုပ်ရပ်က ဒီလောက် ဆိုးကျိုးတွေ ဖြစ်စေခဲ့မှန်း အချိန်နှောင်းမှ သူမ သိလိုက်ရပြီ။ ဒါဟာ သူမရဲ့ အပြစ်တွေလို့ သူမ ခံစားမိတယ်..  ဂျင်းနီက သူငယ်ချင်းမလေးရဲ့ လက်ကိုဆုပ်ကိုင်ပြီး ပြောနေမိတယ်.. “ငါ့ကို ဘယ်သူကမှ ခွင့်လွှတ်ကြမယ် မထင်ဘူးနော်… သေသွားတဲ့ လူတွေရဲ့ မိသားစုကို တောင်းပန်တဲ့ အကြောင်း ပြောပေးပါသူငယ်ချင်းရယ်.. ငါ့အမှားတွေကြောင့် ခုလို သူတို့ မိသားစုတွေရဲ့ အသက်ဆုံးရှုံးရတာ၊ ဖြစ်နိုင်မယ်ဆိုရင်  ငါ့အသက်နဲ့လဲပြီးတောင် သူတို့ မိသားစုတွေ ပြန်ဆုံအောင် လုပ်ပေးချင်ပါတယ်.. ငါ့အဖေနဲ့ အမေကိုလည်း ပျော်ချင်စိတ်သက်သက်လေးနဲ့ လိမ်ညာခဲ့မိတာကို ခွင့်လွှတ်ဖို့ ပြောပေးပါနော်။ အဲလို လိမ်ညာပြီး အိမ်ကနေထွက်ခဲ့မိလို့ အမှားတွေကြုံရတာ နောင်တရပါပြီလို့၊ ငါ့ကို ခွင့်လွှတ်ပါလို့ တောင်းပန်ပေးပါ သူငယ်ချင်းရယ်...  နော်… ပြောပေးမယ် မဟုတ်လားဟင်.. ငါ့ကို ပြောစမ်းပါဟာ.. ”

သူငယ်ချင်းမက ဂျင်းနီရဲ့စကားတွေကို မကြားသလို စကားတစ်ခွန်းမှ ပြန်မပြောဘဲ တိတ်ဆိတ်လို့နေခဲ့တယ်.. ရှိုက်သံတွေကသာ သူငယ်ချင်းမရဲ့ နှုတ်ဖျားက ကြေကွဲဖျော့တော့စွာ ထွက်ပေါ်နေခဲ့တယ်.. သူမရဲ့ လက်ကို ဆုပ်ကိုင်ပြီး တောင်းပန်တိုးလျှိုးနေတဲ့ ဂျင်းနီရဲ့ စကားသံတွေကို ခေါင်းငြိမ့်ခေါင်းခါ ဘာတစ်ခုမှ တုံ့ပြန်မှု မရှိပါဘူး… တုံဏှိဘာဝေနဲ့ ငိုကြွေးလို့သာ နေခဲ့တယ်.. မကြာခင်မှာ တောင်းပန်နေတဲ့ ဂျင်းနီရဲ့ အသံလေးဟာ တိုးဝင်ပျောက်ကွယ်သွားပြီး သူမရဲ့ ၀ိဥာဉ်ကလေးဟာ ဒဏ်ရာတွေနဲ့ ကျိုးကြေနေတဲ့ ခန္ဓာကိုယ်ကို စွန့်ခွာလို့ လရောင်အောက်ကို လွတ်လပ်စွာ ပျံသန်းသွားတော့တယ်… ဘေးနားမှာ ရှိနေတဲ့ သူနာပြု ဆရာမလေးက ဂျင်းနီရဲ့ သူငယ်ချင်းမလေးကို “ ဒီကောင်မလေးက သူ့အဖေအမေကို တောင်းပန်ပေးဖို့ မသေခင်လေး မှာ ဒီလောက်တောင်းဆိုနေတာ ရှင်က ဘာဖြစ်လို့ ဘာမှ ပြန်မပြောတာလဲ.. သူ ကျေနပ်သွားအောင် တစ်ခုခု ပြန်ပြောလိုက်တာ မဟုတ်ဘူး။ ခုတော့ သူ့မှာ သေသာ သွားတယ်.. ရှင့်ဆီက သူ့အဖေအမေကို ပြောပေးမယ် ဆိုတဲ့စကား ကောင်မလေး မကြားသွားလိုက်ရဘူး သနားဖို့ကောင်းလိုက်တာ.. ” လို့ ပြောလိုက်ပါတယ်..

မျက်ရည်တွေနဲ့ ငိုကြွေးနေတဲ့ ဂျင်းနီရဲ့ သူငယ်ချင်းမလေးက “ ကျွန်မ ဘယ်လိုများ ပြောရမလဲ ဆရာမရယ်.. သူတို့ကားနဲ့ တိုက်မိပြီး ဆုံးသွားတဲ့ တစ်ဖက် ကားပေါ်က လူ၂ယောက်ဟာ သူ့အဖေနဲ့ အမေပါ ဆိုတာ သူ သိမသွားတာက ပိုကောင်းတယ် မဟုတ်လား။ ဆုံးသွားတဲ့ သူ့အဖေနဲ့ အမေကို သူ့သမီးရဲ့ တောင်းပန်စကားတွေ ကျွန်မ ဘယ်လိုများ ပြောပေးနိုင်တော့မလဲ ဆရာမရယ်” လို့ ရှိုက်ကာ ရှိုက်ကာ ငိုကြွေးရင်း ပြောနေပါတော့တယ်.. ဂျင်းနီနဲ့ ဂျက်ဖ် ကားမောင်းထွက်သွားချိန်မှာ စိတ်ပူပြီး ဂျင်းနီရဲ့ သူငယ်ချင်းမက သူ့အဖေ အမေဆီ ဖုန်းဆက်လိုက်လို့ ဂျင်းနီရဲ့ မိဘနှစ်ပါးဟာ စိုးရိမ်ပူပန်စိတ်တွေနဲ့ သူ့သမီးနောက် ကားအမြန်မောင်းပြီး လိုက်လာကြလို့ လမ်းမှာ ဒေါသတကြီး မူးမူးနဲ့ မောင်းလာတဲ့ ဂျက်ဖ်ရဲ့ ကားနဲ့ တိုက်မိကြတယ်ဆိုတာ.  ဂျင်းနီတစ်ယောက် သိမသွားရှာတော့ပါဘူးလေ…

လရောင်အောက်မှာ လွှင့်မျှောနေတဲ့ ဂျင်းနီလေးရဲ့ ၀ိဥာဉ်ဟာ ပျော်ရွှင်မှုလေး တစ်ခုကို လိုချင်တာနဲ့ မတန်တဆ စတေးလိုက်ရတဲ့ သူမရဲ့ အသက်၊  မိဘတွေရဲ့ အသက်အတွက်  သူမရဲ့မိဘတွေကို တောင်းပန်ဖို့များ လိုက်လံ ရှာဖွေနေလေမလား.. ရယ်လို့ ဂျင်းနီရဲ့ သူငယ်ချင်းမလေးက ၀မ်းနည်း နာကျင်စွာ တွေးတောနေမိပါတော့တယ်..


I'm sorry I lied ( Unknown Author) ကို ဆီလျှော်အောင် ဘာသာပြန်ပါသည်။





စားစရာ ကြက်ဆီထမင်း

ဒီတစ်ပတ် စားသောက်စရာ အကြောင်းအရာအဖြစ် ကြက်ဆီထမင်းကို ဖော်ပြချင်ပါတယ်။ ကြက်ဆီထမင်း ချက်နည်းကို အရင်တုန်းကလည်း ဖော်ပြခဲ့ဖူးပေမဲ့ တစ်ခါနဲ့တစ်ခါ ချက်နည်းလေးတွေ နည်းနည်းစီ ကွဲပြားအောင် လုပ်ထားတာမို့ ပြန်လည် ဖော်ပြချင်ပါတယ်။ ကြက်ဆီထမင်းကို ( Hainanese Chicken Rice) ဟိုင်နန်ကြက်ဆီထမင်းလို့ ခေါ်ကြတာကိုတွေ့ရပါတယ်။ ဘာဖြစ်လို့ ဟိုင်နန် ကြက်ဆီထမင်းလို့ ခေါ်ရတာလဲလို့ လေ့လာကြည့်တော့ ကြက်ဆီထမင်းရဲ့ မူလဇာတိရင်းမြစ်ဟာ တရုတ်ပြည် ဟိုင်နန် ကျွန်းက ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ ဟိုင်နန်ကျွန်းက လူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်လောက်က မလေးရှား၊ စင်္ကာပူကျွန်း စသည်တို့ဘက်ကို ပြောင်းရွေ့အခြေချ နေထိုင်ဖို့ ရောက်လာခဲ့ကြရာမှ အဲဒီ ကြက်ဆီထမင်း ချက်နည်းဟာ ဟိုင်နန်ကျွန်းက တရုတ်လူမျိုးတွေနဲ့အတူ ပါလာပြီး စင်္ကာပူ၊ မလေး၊ ဗီယက်နမ်၊ ထိုင်း စတဲ့ နိုင်ငံတွေမှာ နာမည်ကျော် စားစရာ တစ်မျိုးအဖြစ် ထင်ရှားလာခဲ့ရာ ကျွန်မတို့မြန်မာပြည်မှာပါ လူကြိုက်များတဲ့ စားသောက်ဖွယ် ဖြစ်လာခဲ့ပြီ။ 

ဘယ်အချိန်စားစား မရိုးနိုင်အောင် စားကောင်းလှတဲ့ ကြက်ဆီထမင်းဟာ လူကြိုက်လည်း များလှပါတယ်။ ကြက်ဆီထမင်း ချက်ဖို့အတွက် ပထမဦးစွာ အဆီများများ ဝဖြိုးဖြိုး ကြက်တစ်ကောင်ကို ရွေးချယ်ကာ ဆားနဲ့ ပွတ်ဆေးပြီး ရေစင်အောင်ဆေးပါတယ်။ ကြက်ထဲက ပါလာတဲ့ အဆီပြင်တွေကို သပ်သပ် ဖယ်ထားလိုက် ပါတယ်။ တကယ်လို့ အဆီပြင်မပါရင်လည်း ဖယ်ထားဖို့ မလိုပါဘူး။ ပြီးရင် ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ အရသာမှုန့်၊ နာနတ်ပွင့်၊ ဖာလာသီး ( ၄င်း ၂မျိုးကို တရုတ်လိုတော့ ချောက်ကော၊ ပါးကောလို့ ခေါ်ကြပါတယ်) တို့ကို ထည့်ကာ ၄င်းကြက်သားကို ရေမြုပ်အောင်ထည့်ပြီး ကြက်သားများ နူးလာတဲ့ထိ ပြုတ်ပါတယ်။ ကြက်ကို အကောင်လိုက် ပြုတ်နိုင်သလို ခုတ်ထစ်ပြီး အဆင်ပြေသလိုပြုတ်နိုင်ပါတယ်။ ကျွန်မတော့ အိုး နည်းနည်းသေးတဲ့အတွက် တစ်ပိုင်းစီ ခုတ်လိုက်ပြီး ပြုတ်လိုက်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing

ကြက်သားကိုပြုတ်ခြင်း

Image Hosted by PicturePush - Photo Sharing
ဒါကတော့ ကြက်မှာပါတဲ့ အဆီတွေပါ 

အဲဒါကို ဆီနည်းနည်းထည့်ပြီး ကြော်လိုက်ရင် အဝါရောင် သန်းနေတဲ့  ကြက်ဆီတွေ ထွက်လာပါတယ်။ အဲဒီနည်းနဲ့ ကြက်ဆီကို ရနိုင်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ကြက်သားပြုတ်နေတုန်းမှာလည်း ကြက်ဆီတွေ ထွက်လာတတ်ပါတယ်။ အဲဒီဆီကို ခပ်ခပ်ပြီး ယူထားရင်လည်း ကြက်ဆီကို ရပါတယ်။ ကြက်သားနူးလာရင် အသားတွေကို ဆယ်ထားလိုက်ပြီး ရေခဲရေ အေးအေးထဲမှာ ခနလောက် စိမ်ထားလိုက်ရင် အရေခွံတင်းနေတဲ့ ကြက်သားပြုတ်ကို ရပါတယ်။ အဲဒီကြက်သားတွေကို မိမိနှစ်သက်သလို အနေတော် အတုံးလေးများ တုံးထားနိုင်သလို အသားများ လွှာရင်လည်း လွှားထားနိုင်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing

ကြက်သားပြုတ်ရည်ပါ။


Image Hosted by PicturePush - Photo Sharing


ခူးခပ်ထားတဲ့ ကြက်ဆီတွေကို ရေခန်းအောင်တည်ပြီး ရေခန်းတာနဲ့ ကြက်သွန်ဖြူ၊ နာနတ်ပွင့်၊ ဖာလာပွင့်တို့ကို ဆီသတ်ပါတယ်

Image Hosted by PicturePush - Photo Sharing

ထို့နောက် ကြက်ဆီထမင်းချက်ရန် ရေဆေးထားတဲ့ ဆန်ကို ထည့်ပြီး ဆန်အနည်းငယ် ဝါရောင်သန်းလာတဲ့အထိ ကြော်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ထို့နောက် ( Rice cooker) ထမင်းအိုးထဲ ဆန်ကိုထည့်လိုက်ပြီး ဆား၊ ကြက်သားမှုန့်၊ ဆွမ်းမွှေးရွက် ( မရှိက မထည့်လည်း ရပါတယ်) ကြက်သားပြုတ်ရည်တို့ကို မိမိဆန်နဲ့ သင့်တော်တဲ့ ပမဏကို ထည့်လိုက်ပြီး ထမင်းကျက်ပြီး အနံ့လေး မွှေးလာတဲ့အထိ ချက်ပါ။ ထမင်းအိုး တည်ထားတုန်းမှာဘဲ အနံ့လေးက မွှေးကြိုင်လာတာကို ခံစားရပါလိမ့်မယ်။

Image Hosted by PicturePush - Photo Sharing

ထမင်း ကျက်သွားတဲ့အခါ  ကြက်ဆီလက်ကျန် ရှိနေသေးရင် ထမင်းအိုးထဲ လောင်းထည့်ပြီး ဆီတွေ နှံ့သွားစေဖို့ အပေါ်အောက် အနည်းငယ်မွှေပေးပါ။


Image Hosted by PicturePush - Photo Sharing

ပန်းကန်လုံးတစ်ခုထဲ ထမင်းကို လက်နဲ့ အသာသိပ်ထည့်ပြီး ပန်းကန်ပြားပေါ် မှောက်ချလိုက်ရင် ပုံစံတကျ လှပတဲ့ ထမင်းလေးကို ရပါမယ်။ ပြီးရင် ၄င်းနဲ့ တွဲဖက် စားသောက်ဖို့ ကြက်သား၊ ဥနီ၊ သခွားသီး၊ ပူစီနံ၊ နံနံတို့ကို နှစ်သက်သလို အလှဆင်ပါ။ 

(ကြက်သား အများကြီးစားရင် ချောင်းဆိုးမယ်။ သုံးတုံးထဲ စားနော် ) :P:P


Image Hosted by PicturePush - Photo Sharing

ကြက်ဆီထမင်း၊ ဗာလချောင်ကြော်၊ ပဲငပိဆော့စ်၊ ငရုပ်ဆောစ့်၊ မုန်ညင်းချဉ်၊ ကြက်ပြုတ်ရည် 

ကြက်ဆီထမင်းကို အချို့ဆိုင်တွေမှာ ဗာလချောင်ကြော်နဲ့ တွဲဖက်ပြီး လာချပေးပါတယ်။ တကယ်လို့ ဗာလချောင်ကြော်ပါ ထည့်မယ်ဆိုရင် ကြက်သွန်နီ ပါးပါးလှီးပြီး ရွေဝါရောင်သန်းလာအောင် ကြော်ပါတယ်။ ကြက်သွန်ဖြူကိုလည်း ၄င်းအတိုင်း သီးသန့်စီ ကြော်ပါတယ်။ ကြော်ပြီးဆယ်ထားကာ ဆီ စစ်ထားလိုက်ပါတယ်။ ထို့နောက် ပုဇွန်ခြောက်ကို ရေဆေး ညက်အောင် ထောင်း( စက်နဲ့ ကြိတ်) ထားပြီး ဆီနဲ့ ကြော်ပါတယ်။ နနွင်း၊ အရောင်တင်မှုန့် ထည့်ပါတယ်။ ငရုပ်သီးကြမ်းမှုန့် နှစ်သက်သလောက် ထည့်ပါတယ်။ ဆား၊ အရသာမှုန့် ထည့်ပါတယ်။ ငပိအနည်းငယ်၊ ငံပြာရည် အနည်းငယ်ထည့်ပါတယ်။ အချိန်အနည်းငယ် ကြော်ပြီးနောက် ပုဇွန်ခြောက်များ ကျွတ်လာရင် ပန်းကန်ဖြင့် ခူးထားလိုက်ပြီး အေးသွားတဲ့အခါမှ ကြက်သွန်နီကြော်၊ ကြက်သွန်ဖြူကြော်၊ ပုဇွန်ခြောက်ကြော်တို့ကို ရောမွေလိုက်ရင် ဗာလချောင်ကြော် ရပါတယ်။ ပူတုန်းမှာ မရောရပါဘူး။ ရောလိုက်ရင် ကြက်သွန်တွေ မကြွပ်ဘဲ ပျော့သွားတတ်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing

ဗာလချောင်ကြော်

မိမိတို့ရဲ့ အားလပ်ရက်တွေမှာ ချက်ပြုတ်စားတာဘဲဖြစ်ဖြစ် ၊ သူငယ်ချင်းတွေနဲ့ စားဖို့ဖြစ်ဖြစ်၊ လှူဖို့ဖြစ်ဖြစ် ၊ ရောင်းဖို့ဖြစ်ဖြစ် အရသာလည်းရှိ၊ အမြင်လည်းလှ၊ အဆင်ပြေသင့်တော်တဲ့ ကြက်ဆီထမင်းပါ။ 


အားလုံးသော မိတ်ဆွေများအတွက် ပျော်ရွှင်ဖွယ် အားလပ်ရက်လေး ဖြစ်ပါစေရှင်.. 


Image Hosted by PicturePush - Photo Sharing

သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို

ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ အတွက် အလေးအမြတ်ပြုရာ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အခါကြီးရက်ကြီး ဖြစ်ပါတယ်။ "သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို" ဆိုတဲ့ စာချိုးနဲ့ အညီ ဗုဒ္ဓမြတ်စွာရဲ့ သန္ဓေယူခြင်း၊ တောထွက်တော်မူခြင်း၊ ဓမ္မစကြာတရားဦး ဟောကြားခြင်း စတဲ့ ကြီးကျယ်မြင့်မြတ်တဲ့  အဖြစ်အပျက်ကြီးများ ဖြစ်ပေါ်ခဲ့ရာ လမြတ်ဝါဆို အခါမှာ ဘလောဂ့်မိတ်ဆွေတို့ကို "မှန်ကန်သော အသိဥာဏ်၊ မြတ်သော အကျင့်စရဏ စတဲ့ ဂုဏ်တော်ကိုးပါးတို့နှင့် ပြည့်စုံရာ" မဟာလူသား  သမ္မာသဗ္မုဒ္ဓ ဂေါတမ မြတ်စွာဘုရားရဲ့ ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို ရည်မှန်းပြီး စိတ်နှလုံး ကြည်လင်ငြိမ်းချမ်းစွာနဲ့ ဘုရား ဖူးစေလိုတဲ့အတွက် ရှမ်းပြည်နယ် တောင်ကြီးမြို့ကိုရောက်ခဲ့စဉ် တောင်ကြီးမြို့ပေါ်မှာ ဖူးခဲ့ရတဲ့  စေတီတော်များရဲ့ ဓာတ်ပုံများကို ဝေမျှချင်ပါတယ်ရှင်။

တောင်ကြီးမြို့ သီရိပုညဝဍ္ဎန ကုန်းတော်ပေါ်မှာ တည်ထားတဲ့ စူဠာမုနိ လောကချမ်းသာ စေတီတော်ကြီး  ကျန်စစ်သားမင်းကြီး တည်ထား ကိုးကွယ်ခဲ့တဲ့ ပုဂံခေတ်လက်ရာ အာနန္ဒာဘုရားရဲ့ ပုံစံအတိုင်း၊ ရှေးခေတ် အနုပညာ လက်ရာများကိုပါ ထည့်သွင်းဆောက်လုပ်ကာ တောင်ကြီးမြို့တည် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဖြစ်နဲ့လည်း တိုက်ဆိုင်ပြီး  တောင်ကြီးမြို့  သီရိပုညဝဍ္ဎန  ကုန်းတော်ပေါ်မှာ အများပြည်သူ ကောင်းမှုဖြင့် ၁၉၉၄ခုနှစ်တွင် စတင် တည်ထား ကိုးကွယ်ခဲ့ပါတယ်။ စေတီတော်ကြီးကို ဖူးမြင်ရတာ ဟာလည်း ပုဂံအာနန္ဒာဘုရားကို ဖူးမြင်ရသလို စိတ်ထဲ ခံစားမိရပါတယ်။




















ကုန်းတော်ပေါ်ရောက်သည်နှင့် ကြည်ညိုစွာ ဖူးတွေ့ရသည့်  စူဠာမုနိ လောကချမ်းသာ စေတီတော်ကြီး


Image Hosted by PicturePush - Photo Sharing




စေတီကြီးဟာ အတွင်းမှာ လှိုဏ်ပါတဲ့ အမျိုးအစားဖြစ်တာကြောင့် အတွင်းထဲကို ဝင်ရောက် ဖူးမျှော်နိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing

စေတီအတွင်းထဲတွင်ရှိ အာနန္ဒာဘုရားအတွင်းမှ ပုဂံခေတ်လက်ရာနှင့် ပုံစံတူ ကြေးသွန်းရုပ်ပွားတော်

စူဠာမုနိစေတီတော်ကြီးရဲ့ အရွယ်အစား၊ အတိုင်းအတာများမှာ

ဥာဏ်တော်အမြင့်                                 ၁ဝ၈ပေ
အထွတ်စေတီအမြင့်                             ၂၀ပေ
ကွန်းတောင်အမြင့်                               ၂၄ပေ
အာရုံခံတိုက်မအမြင့်                            ၂၆ပေ
အာရုံခံတိုက်မအကျယ်                         ၁၁၃ပေ
လှိုဏ်ပတ်လည်းအရှည် တစ်ဖက်လျှင်        ၈၈ပေ
လှိုဏ်ပတ်လမ်းအကျယ်                         ၉ပေ
ဖိနပ်တော်အလျား                               ၁၁၇ပေ
အထွတ်စေတီ                                    ၁ဆူ
တိုက်မအရံစေတီ                                ၄ဆူ
ကွန်းတောင်အရံစေတီ                         ၄ဆူ
မုခ်ဦးစေတီတော်                                ၈ဆူ စသည်တို့ဖြစ်ပါတယ်။






Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing




Image Hosted by PicturePush - Photo Sharing


မုခ်လေးဘက် အတွင်းများတွင် တစ်ဖက်လျှင် တစ်ဆူစီ တည်ထား ကိုးကွယ်တော်မူသော ကြေးသွန်း ရုပ်ပွားတော် လေးဆူ

Image Hosted by PicturePush - Photo Sharing

စေတီအတွင်း လှိုဏ်ပတ်လမ်း

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

လှိုဏ်ပတ်လမ်း ဘေးတစ်ဖက် တစ်ချက်ရှိ မြတ်စွာဘုရား ဖွားတော်မူခန်း ရုပ်ကြွများ


Image Hosted by PicturePush - Photo Sharing


စေတီတော်အား ထောင့်ဘက်မှ ဖူးမြင်ရသည့် အနေအထား

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing

ကျယ်ဝန်းသည့် ရင်ပြင်တော်


Image Hosted by PicturePush - Photo Sharing

တောင်ကြီးမြို့ကို ရောက်ချိန်ဟာ ချယ်ရီတွေ ဝေတဲ့ ဖေဖော်ဝါရီလဖြစ်တာကြောင့် ပန်းရောင်အဆင်းနဲ့ ပွင့်ဝေနေတဲ့ ချယ်ရီပင်ကြီးနဲ့အတူ တောင်ကြီးရဲ့ အထိမ်းအမှတ် တောင်ချွန်းကိုမြင်ရတာကလည်း ကြည်နူးစရာကောင်းလှပါတယ်။ 

Image Hosted by PicturePush - Photo Sharing

စေတီရဲ့ ရင်ပြင်တစ်ဖက်ကနေ မျှော်ကြည့်ရင် စိန်ပန်းပြာပွင့်တွေကြားကနေ တောင်ကြီးမြို့ကို ခုလိုလည်း တွေ့မြင်နိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


ချယ်ရီတွေဝေတဲ့ တောင်ကြီးမြို့

ထမ်ဆမ်းဂူကနေ အပြန် ညနေစောင်းမှာ တောင်ကြီးမြို့ရဲ့ အမြင့်ဆုံးတောင်ပေါ်မှာတည်ထားတဲ့ ရွှေဘုန်းပွင့်စေတီရှိရာ တောင်ထိပ်ပေါ်ကို သွားခဲ့ကြပါတယ်။ တောင်ကြီး မြို့ဝန်းကျင်တစ်ဝိုက်မှာ တောင်တွေ ပေါများလှပြီး တောင်တွေဟာလည်း ထုံးကျောက်တောင်ကြီးတွေဖြစ်တာကို တွေ့ရပါတယ်။


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing



မြင့်မားလှတဲ့ တောင်ချွန်းပေါ်က ရွှေဘုန်းပွင့်စေတီတော်


Image Hosted by PicturePush - Photo Sharing




ရွှေရောင်ဝင်းဝါ သပ္ပါယ်လှသော ရွှေဘုန်းပွင့်စေတီတော်

Image Hosted by PicturePush - Photo Sharing

တောင်ချွန်းပေါ်မှ မြင်ရသည့်တောင်ကြီးမြို့

Image Hosted by PicturePush - Photo Sharing

ကျနေရောင်အောက်တွင် တောင်၏တစ်ဖက်၌ အင်းလေးကန်ကို မှုန်ပျပျ မြင်တွေ့နိုင်သည်။ 


တောင်ထိပ်ပေါ်မှာ ရှိနေစဉ်မှာဘဲ နေဝင်သွားပြီဖြစ်လို့ စေတီရင်ပြင်ကနေ တောင်ကြီးဝန်းကျင် ရှုခင်းတွေကို ငေးမောနေရာကနေ တောင်ပေါ်ကနေ ပြန်ဆင်းလာခဲ့ကြပါတယ်။ မွေတော်ကက္ကူနဲ့ ပင်းတယ၊ အင်းလေး အကြောင်းများကိုတော့ နောက်များမှ ရေးပါဦးမယ်။ 

အားလုံးသော မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ၊ ကျန်းမာ ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်.. 

ချစ်ခင်လေးစားစွာဖြင့်..


Image Hosted by PicturePush - Photo Sharing