ရေခဲတောင်ပေါ်က ထူးဆန်းသော ပိုးကောင်တစ်ဖြစ်လဲ အပင်ငယ်ကလေးများ

ဒီတစ်ပတ် စိတ်ဝင်စားမိတဲ့ အကြောင်းအရာလေးတစ်ခုကို ရေးချင်ပါတယ်။ အဲဒါကတော့ ကျွန်မတို့ ကချင်ပြည်နယ်ရဲ့ ရေခဲတောင်ပေါ်မှာ ပေါက်ဖွားပြီး ဆေးဘက်ဝင် တန်ဖိုးကြီးလှတဲ့ ရှီးပဒီးလို့ခေါ်ကြသော အကောင်တစ်ပိုင်း၊ နွယ်ပင်တစ်ပိုင်း အကြောင်းကို လက်လှမ်းမီသလောက် ရှာဖွေကြည့်ထားတာလေး ဖော်ပြချင်ပါတယ်။ ရေခဲတွေ ဖုံးလွမ်းနေတဲ့ တောင်တန်းကြီးတွေမှာ ဆေးဘက်ဝင်တဲ့ ရှားပါးသစ်ပင်များနဲ့ တိရိစ္ဆာန်များကို တွေ့ရှိရပါတယ်။ ဆောင်းမှာ ပိုးကောင်၊ နွေမှာ သစ်ပင် လို့ ခေါ်ကြတဲ့ ထူးထူးဆန်းဆန်း ဖြစ်ပေါ်လာတဲ့ ဒီ ရှီးပဒီးဟာ အလွန်မြင့်မားတဲ့ ရေခဲတောင်တွေမှာသာ တွေ့ရှိရပါတယ်။ ပေပေါင်း များစွာ မြင့်မားတဲ့  ရေခဲတောင်တွေ ရှိရာ ဒေသဖြစ်တဲ့ ဟိမဝန္တာ တောင်တန်း ဖြာဆင်းရာ တရုတ်၊ တိဘက်၊ နီပေါ၊ ဘူတန်နဲ့ မြန်မာပြည်မြောက်ဖျား ရေခဲတောင်တန်းတွေမှာ တွေ့ရှိနိုင်ပါတယ်။ တရုတ် တိုင်းရင်း ဆေးဝါးတွေမှာ ထည့်သွင်းဖော်စပ်ကြပြီး ဈေးလည်း အလွန်ကြီးတဲ့ ဆေးဘက်ဝင် အမျိုးအစား ဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing



 
Image Hosted by PicturePush - Photo Sharing




ပိုးနွယ်ရှင်ခေါ် ရှီးပဒီးဖြစ်ပေါ်လာပုံက ထူးထူးဆန်းဆန်းလို့ ပြောရမှာပါဘဲ။ အကောင်မဖြစ်ခင် သန္ဓေ သားလောင်း ဖြစ်တဲ့ ပိုးဥကောင်လေးတွေဟာ ဆောင်းရာသီအချိန်မှာ အလွန် အေးလွန်းတာကြောင့် မြေကြီးထဲမှာ ဆေးဘက်ဝင် မဂျစ်ဥ၊ ခန်းတောက်မြစ် တို့ကိုစားသုံးပြီး ဆောင်းခိုနေခဲ့ပါတယ်။ အဲဒီလို ဆောင်းခိုနေတဲ့အချိန်မှာ ပိုးလောင်းကောင်လေးတွေဟာ မြေကြီးအောက်မှာ ငြိမ်သက်နေသော်လည်း    ကပ်ပါမှိုတစ်မျိုးရဲ့ တွယ်ကပ်ငြိတွယ်ခြင်းခံရပြီး ၄င်း  ကပ်ပါးမှိုဟာ ပိုးလောင်းကောင်လေးတွေကို ဖုံးလွှမ်း သွားခဲ့ပြီး နွေရာသီရောက်ချိန်မှာ ပိုးလောင်းကောင်လေးများရဲ့ ဦးခေါင်းပေါ်ကနေ မြက်ပင်နဲ့ ဆင်တဲ့ ဦးချိုသဖွယ် အညှောင့်ကလေး ထွက်လာခဲ့ပါတယ်။ အဲဒီ အညှောင့်ကလေးတွေဟာ ၅စင်တီမီတာကနေ ၁၅စင်တီမီတာအထိ ရှည်လျားစွာ ထွက်ပေါ်လာတတ်ပါတယ်။  ဒေသခံတွေရဲ့ အဆိုအရတော့ အဲဒီအချိန်ဟာ ပိုးကောင်ဘဝကနေ  နွယ်ပင်အဖြစ် ရှင်သန်ချိန်ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ ဒါကြောင့်လည်း ရေခဲချိန်မှာ ပိုးကောင်၊ ရေခဲတွေ အရည်ပျော်ပြီး မြေကြီးတွေ မြင်ရချိန်မှာတော့ အပင် ဖြစ်လာတယ်လို့ ဆိုပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

၎င်းရေခဲများ အရည်ပျော်ချိန်မှာ မြေအောက်က ပိုးလောင်းကောင်လေးတွေရဲ့ ဦးခေါင်းကနေ အပင်လေး ထွက်လာတဲ့အခါ ဒေသခံ တောင်ပေါ်သားများက ရှာဖွေ စုဆောင်း ကောက်ယူ ကြပါတယ်။ တောင်ပေါ်ဒေသတွေမှာ ရှေးယခင်ကတည်းက ဆေးဘက်ဝင်တယ်လို့  သိခဲ့ကြတာကြောင့်လည်း ၄င်း ပိုးကောင်လေးများကို ရှာဖွေ စုဆောင်းသူများပြားလှပါတယ်။ ကျန်းမာရေး အတွက် အလွန် အကျိုးပြုပြီး ဆေးဘက်ဝင်လှတဲ့ ရှီးပဒီး ပိုးကောင်လေးတွေဟာ ဈေးကောင်းလည်း အလွန် ရပါတယ်လို့ သိရပါတယ် ။ ကျွန်မဖတ်မိတဲ့ စာလေးတစ်ခုမှာဆိုရင် အဲဒီ အကောင်လေး တစ်ကောင်ကို မြန်မာငွေ တစ်သောင်းခွဲခန့် ပေးရပြီး တစ်ပိသာကို အမေရိကန် ဒေါ်လာ ၃ဝဝဝဝ လောက် တန်ဖိုး ရှိတယ်လို့ ဆိုပါတယ်။ ပေ တစ်သောင်းကျော်မှာတွေ့ရတဲ့ ပိုးကောင်လေးတွေက ပိုပြီး ဈေးကောင်းရတယ်လို့သိရပါတယ်။ 

Image Hosted by PicturePush - Photo Sharing
တိဘက်တောင်တန်းပေါ်က ရှီးပဒီးပိုးနွယ် ရှာဖွေသူနှစ်ဦး

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
ရေခဲတွေ အရည်ပျော်ပြီး မြေကြီးတွေ ပေါ်လာချိန်မှာ လူစုလူဝေးတွေ ရောက်လာပြီး ရှီးပဒီးပိုးနွယ်လေးများကို ရှာဖွေကြစဉ်


ရှီးပဒီးခေါ် ပိုးနွယ်လေးရဲ့ အစွမ်းထက် ဆေးဘက်ဝင်မှုတွေက တော်တော်ကိုများပြားပါတယ်။ အရသာမှာ ချိုပြီးဆိမ့်တဲ့အရသာရှိတယ် ဆိုပါတယ်။ ၄င်းရှီးပဒီး ပိုးကောင်လေးတွေကို အခြောက်လှမ်းပြီး အမှုန့်ပြုလုပ်ကာ ရောင်းချတတ်ကြပါတယ်။
  • အဟာရဓာတ် ပါဝင်မှု များပြားတဲ့အတွက် ဖျားနာပြီး နလံထစလူနာတွေ အမြန်ဆုံး ကျန်းမာရေး ကောင်းမွန်လာစေခြင်း
  • ကျောက်ကပ်ကို ကောင်းမွန်စေခြင်း၊ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာများ ချောမွေ့စေခြင်း
  • ဓာတ်မတည့်ခြင်းကို သက်သာစေခြင်း၊
  • ချောင်းဆိုး၊ ရင်ကြပ်ရောဂါများကို သက်သာစေခြင်း
  • ကင်ဆာဖြစ်ပွားခြင်းကို လျော့နည်းစေခြင်း
  • သွေးဥများကို တိုးပွားစေခြင်း သွေးရည်ကြည်အတွက် ပရိုတိန်းများ ဖြစ်ပေါ်စေခြင်း၊ သွေးဖိအား များခြင်း၊ နည်းခြင်းကို ပုံမှန်အတိုင်း ဖြစ်စေနိုင်ခြင်း
  • အမျိုးသားများအတွက် ခွန်အားတိုးပွားစေခြင်း
  • ကိုယ်ခံအားကို မြင့်မားစေခြင်း၊ အဆုပ်ရဲ့လုပ်ငန်းဆောင်တာများကို ကောင်းမွန်စေခြင်း
  • အမျိုးသမီးများ ဓမ္မတာကောင်းမွန်စေခြင်း ၊ နုပျိုစေခြင်း၊ အရေးအကြောင်းများကို ပျောက်ကင်း သက်သာစေခြင်း 
စသဖြင့် အကျိုးများလှတယ်လို့ သိရပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
ရှားပါးတာကြောင့်ရော ၊ ဆေးဘက်ဝင်တာကြောင့်အတွက်ပါ တန်ဖိုးကြီးလှပါတယ်။ နေ့စဉ်ပုံမှန် အားဆေး အဖြစ် သောက်သုံး ကြသူများလည်း ရှိကြပါတယ်။ ၄င်း ပိုးဆေးနွယ်( ရှီးပဒီး) များကို တရုတ်၊ ဂျပန်၊ ကိုးရီးယားစသည့်နိုင်ငံများက ဝယ်ယူကြကြောင်း သိရပါတယ်။ အချို့သော အားကစား သမားတွေ ဟာလည်း ကိုယ်ခံစွမ်းအားမြင့်မားပြီး အမောအပန်း ခံနိုင်ဖို့ရန်အတွက်  ပိုးနွယ်ပင်ကို အမြဲတမ်း မှီဝဲ စားသုံးကြတယ်လို့ ဆိုပါတယ်။ အချို့သောသူတွေက စွပ်ပြုတ်ထဲ ထည့်ချက်ခြင်း၊ ၄င်း ရှီးပဒီး သက်သက်ကိုလည်း စားသုံးခြင်းများ ပြုလုပ်တတ်ကြပါတယ်။  တိဘက်ဒေသတွေမှာ ၄င်းဆေးပိုးနွယ်ကို အမြောက်အမြား ရှာဖွေရရှိပြီး ငွေကြေးစီးပွား တိုးတက်လာကြသူတွေ အများအပြား ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


ကြက်သား၊ ရှီးပဒီးစွပ်ပြုတ်

Image Hosted by PicturePush - Photo Sharing

ရှီးပဒီးစွပ်ပြုတ်


မန်မာပြည် မြောက်ဖျား ကချင်ပြည်နယ်ရဲ့ မြင့်မားလှတဲ့ ရေခဲတောင်တွေထက်မှာ ရှာဖွေတွေ့ရှိနိုင်တဲ့ အကောင် တစ်ပိုင်း နွယ်ပင်တစ်ပိုင်း ရှီးပဒီး ကို စနစ်တကျလေ့လာခြင်း၊ သုတေသနပြုလုပ်ခြင်းများ လုပ်ဆောင်ပြီး ယနေ့ ခေတ်စားလှတဲ့ ကိုရီးယားဂျင်ဆင်းတို့လို စီးပွားဖြစ် မွေးမြူစိုက်ပျိုးထုတ်လုပ်နိုင်မယ် ဆိုရင်တော့ ဒေသခံတွေအတွက် သဘာဝ ပတ်ဝန်းကျင်လည်း ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိတဲ့အပြင် ဝင်ငွေတိုးရုံသာမက၊ အလုပ်အကိုင် အခွင့်အလမ်း အသစ်တွေပါ ရရှိတိုးပွားလာစရာ ရှိကြောင်း စိတ်ကူးယဉ် အိပ်မက်မိပါတော့တယ်ရှင်။



Image Hosted by PicturePush - Photo Sharing 

အဖြူရောင်ကန္တာရ

ကန္တာရရယ်လို့ ပြောလိုက်ရင် အင်မတန်မှ ကြောက်စရာကောင်းပြီး သေမင်းတမန် နယ်မြေလို့တောင် တင်စား ကြတာကိုဘဲ ကြားဖူးကြမယ် ထင်တယ်နော်။ ကန္တာရကို စာတွေထဲမှာ ဖော်ပြကြရင်လည်း အင်မတန်မှ ခြောက်သွေ့ ကြမ်းတမ်းပြီး၊ နေအလွန့်အလွန်ပူပြင်းတဲ့ ဒေသ၊ မြွေတွေပေါပြီး အလွန် ထူထပ်တဲ့ သဲပြင်တွေချည်း ဖုံးလွှမ်းနေတဲ့ ဒေသ ၊ ရေတစ်စက်မှမရှိ၊ မိုးတစ်စက်မှ မရွာတဲ့ ဒေသ၊ အလွန် ကြောက်စရာ ကောင်းတဲ့ နေရာဒေသ တစ်ခုအဖြစ် ပုံဖော်ကြလေ့ရှိပါတယ်။ တကယ်တမ်းတော့ ခြောက်သွေ့ ပေမဲ့ သဲပြင်တွေနဲ့ လှပတဲ့ ဒေသဟာ ကန္တာရလည်း ရှိတယ်လို့ ဆိုရင်လည်း မမှားပါဘူး။ ဘရာဇီးနိုင်ငံရဲ့ Maranhenses အမျိုးသား  သဲကန္တာရဟာ အင်မတန်မှ လှပပြီး အဖြူရောင်သဲပြင်ကြီးတွေ ဖုံးလွှမ်းနေတဲ့ ကန္တာရ တစ်ခုဖြစ်ပါတယ်။ ပြီးတော့ အဲဒီကန္တာရထဲမှာ ကြည်လင်ပြီး အေးမြနေတဲ့ ရေကန်ငယ် တစ်ခုလည်း ရှိပါတယ်။



maranhenses 12

maranhenses 13

maranhenses 10


အဖြူရောင် ကန္တာရဟာ ကန္တာရထဲကို ခရီးသွားလာသူတို့အတွက် နိဗ္ဗာန်ဘုံလေးတစ်ခုလို့တောင် တင်စားလို့ ရလောက်အောင် လှပသာယာတဲ့ နေရာလေးတစ်ခု ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံရဲ့ မြောက်ဘက်မှာ တည်ရှိပြီး ကီလိုမီတာ တစ်ထောင်ခန့်ကျယ်ဝန်းပါတယ်။ သို့သော်လည်း ၄င်းအဖြူရောင် ကန္တာရထဲမှာ ရေကန်ငယ်လေး ရှိပြီး မိုးလည်း ပုံမှန်ရွာသွန်းတတ်သော်လည်း သစ်ပင် အလွန် နည်းပါးပါတယ်။

maranhenses 1


maranhenses 6

maranhenses 7
maranhenses 8
maranhenses 9


သဲပုံတွေကြားက ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ရေအိုင်တွေဟာ မိုးရွာပြီးတာနဲ့ ရေတွေ ပြည့်လာတတ်ပြီး အပြာရောင် ကနေ အစိမ်းရောင်အထိ မိမိကြည့်ရှုတဲ့နေရာ အနေအထားကိုလိုက်ပြီး အရောင် ပြောင်းနေတာ ကို တွေ့ရပါတယ်။အဖြူရောင်သဲပြင်တွေကြားက မြင်ရတဲ့ ရေအိုင်တွေဟာ ကျောက်မျက် ရတနာ တောက်ပနေသလိုမျိုး လှပစွာ တွေ့မြင်နိုင်တာ ဟာလည်း အဖြူရောင်ကန္တာရရဲ့ ထူးခြားစွာ လှပတဲ့ အချက်ဘဲဖြစ်ပါတယ်။ 

 e.
maranhenses 3
maranhenses 4
maranhenses 5
သာယာလှပတဲ့ အဖြူရောင်ကန္တာရကို ဘရာဇီးအစိုးရရဲ့ ကာကွယ်စောင့်ရှောက်တဲ့အစီအစဉ်အနေနဲ့ မည်သည့်ကိုယ်ပိုင်ကားတွေကိုမှ ဝင်ခွင့်မပြုပါဘူး။ ဥယျာဉ်က စီစဉ်ထားတဲ့ လေးဘီး ထရပ်ကားတွေနဲ့သာ အတွင်းထဲကို ဝင်ရောက်ခွင့်ရှိပါတယ်။ 


maranhenses 1


maranhenses 1


maranhenses 2


maranhenses 11

ကန္တာရထဲက ကြည်လင် သန့်စင်နေတဲ့ ရေအိုင်ထဲမှာ ငါးတွေကိုတောင် တွေ့နိုင်ပါတယ်။ ဒီလောက်တောင် လွင်တီးခေါင် သဲကန္တာရထဲ ငါးတွေကို ဘယ်က ဘယ်လို ဝင်ရောက်လာသလဲ စဉ်းစားစရာပါ။ သို့ပေမဲ့ ဖြစ်နိုင်တာက ပင်လယ်ပျော်ငှက်တွေဟာ ငါးတွေကို ပင်လယ်ကနေ စားသောက်ပြီး ငါးထဲမှာ ပါလာတတ်တဲ့ ငါးဥတွေဟာ ငှက်တွေရဲ့ ဝမ်းထဲကိုရောက်သွားပြီး မစင်မဖြစ် ရေကန်နား စွန့်ပစ်မိရာက ၄င်း ငါးဥကနေ ငါးတွေ ရှင်သန်ပေါက်ဖွား လာတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

မျက်စိတဆုံး ကျယ်ပြောလှတဲ့ သဲပြင် ဖြူလွလွတွေကြားမှာ စိမ်းစိုစိုရေကန်တွေ တည်ရှိနေတာဟာ ရောက်လာသူတိုင်းရဲ့ စိတ်နှလုံးကို သိမ်းကျုံးဆွဲငင်နိုင်စွမ်း ရှိလှတဲ့အတွက် ဘရာဇီးက သဘာဝအလှအတိုင်း တည်ရှိဆဲ အဖြူရောင်ကန္တာရကို လာရောက်လည်ပတ်သူတွေ တစ်နေ့တစ်ခြား များပြားလို့လာပါတယ်။ လာရောက်လည်ပတ်သူတွေကြောင့် အဖြူရောင်ကန္တာရရဲ့ အလှအပတွေ ပျက်စီးမှာ၊ ရေကန်တွေ ညစ်နွမ်းမှာ၊ ခမ်းခြောက်မှာကိုတော့ တာဝန်ရှိသူများက ထိမ်းသိမ်း စောင့်ရှောက် ရမှာ ဖြစ်ပါတယ်။ အခါအခွင့် သင့်ရင်တော့ အဖြူရောင် သဲသောင်ပြင်တွေနဲ့ လှပနေတဲ့ ကန္တာရထဲကို ရောက်ဖူးချင်ပါသေးတယ်ရှင်... 

အားလုံးဘဲ ကြည်လင်ရွှင်လန်း ငြိမ်းချမ်းကြပါစေ.. 


Image Hosted by PicturePush - Photo Sharing 

မက်မွန်သီးဝက်သားကြော်

ဒီတစ်ပတ်အတွက် ချက်စားဖြစ်တဲ့ ရာသီစာ ဟင်းလေးတစ်ခွက်ကို ဘလော့ဂ်လာ မိတ်ဆွေများအတွက် ပြန်လည် မျှဝေချင်ပါတယ်။ ခုရာသီမှာ ကျွန်မ နေတဲ့ မြို့ကလေးမှာ မက်မွန်သီး ( Peach) တွေ အလွန်ပေါပါတယ်။ မက်မွန်သီးတွေဟာ အလုံး တော်တော်လေးကို ကြီးပြီး လက်သီးဆုပ် နီးနီးလောက်ကို ရှိပါတယ်။ ပြီးခဲ့တဲ့ရက်က မိတ်ဆွေ တစ်ယောက်က အဲဒီမက်မွန်သီးတွေ တော်တော်များများကို လက်ဆောင်လာပေးပါတယ်။ စားလို့လည်း မနိုင်နိုင်အောင် ပါဘဲ။ မက်မွန်သီးက သိပ်မမှည့်သေးရင် အနည်းငယ် ချဉ်တဲ့အရသာရှိတော့ များလှတဲ့ အသီးတွေကို ဒီတိုင်းကုန်အောင် စားဖို့မဖြစ်နိုင်တော့ ဟင်းချက်စားဖို့ ကြံရပါတယ်။ ဒီတော့ မက်မွန်သီး တွေကို ဘယ်လိုနည်းနဲ့ဟင်းအဖြစ် စားဖြစ်တယ်ဆိုတာကို ပြောပြပါမယ်နော်။ 


Image Hosted by PicturePush - Photo Sharing

သိပ်မမှည့်သေးတဲ့ မက်မွန်သီးတွေကို ရွေးချယ်ပါတယ်။ မှည့်သွားရင် ပျော့သွားတာကြောင့် ဟင်းချက် စားဖို့ မကောင်းဖြစ်တတ်ပါတယ်။  

Image Hosted by PicturePush - Photo Sharing

မက်မွန်သီးတွေကို ရေစင်အောင်ဆေး၊ အခွံနွာပြီး ခုလို ပါးပါးလှီးပါတယ်. ကြက်သွန်ဖြူ၊ ကြက်သွန်နီ ငရုပ်သီးတို့ကို ပြင်ဆင်ထားပါတယ်။ ဝက်သားကို ပါးပါးလှီးပြီး ဆား၊ ဟင်းချက်ဝိုင်၊ အရသာမှုန့်တို့နဲ့ နယ်ထားလိုက်ပါတယ်. 


Image Hosted by PicturePush - Photo Sharing

ပထမဦးစွာ ဝက်သားကိုအရင်ကြော်ပါတယ်။ ဝက်သားကျက်တာနဲ့ မက်မွန်သီးကိုထည့်ပြီး ခရမ်းချဉ်သီး၊ ငရုပ်သီးတို့ကိုထည့်ကာ ဆား၊ အရသာမှုန့်၊ ငံပြာရည်အကြည်တို့ ထည့်လိုက်ပါတယ်.။ ရေအနည်းငယ် ထည့်ပြီး မက်မွန်သီးတွေ ကျက်အောင် ချက်ပါမယ်။ 

Image Hosted by PicturePush - Photo Sharing

ဟင်းအိုး မချခင်မှာ ရှမ်းနံနံတစ်ခုခု သင့်တော်ရုံပမာဏ ထည့်လိုက်ပြီးရင်တော့ ချဉ်ချိုချိုလေးနဲ့ အရသာတစ်မျိုးထူးတဲ့ ဝက်သား မက်မွန်သီး ကြော် ရပါတယ်။




Image Hosted by PicturePush - Photo Sharing

နောက်တစ်ကြိမ်မှာတော့ ဝက်သားဆားငံခြောက်ကို အငံပေါ့အောင် တစ်ညလုံးရေစိမ်ထားပြီး မနက်မှ ပါးပါးလှီးပြီး မက်မွန်သီးနဲ့ ကြော်ပြန်ပါတယ်။ ဆားလေးလေးနဲ့ ဝက်သား အရသာမှာ မက်မွန်သီး က အချိုနဲ့ အချဉ်က ရောစပ်လိုက်တဲ့ အချိန်မှာ အတော်လေးကို လျှာရင်းမြက်တဲ့ ဟင်တစ်ခွက်ရစေပါတယ်။ ကျွန်မအိမ်မှာတော့ ဒီဟင်းကို မြည်းစမ်းဖူးသူတွေအားလုံးကလည်း စားလို့ကောင်းကြောင်း ထောက်ခံချက်တွေ ပေးကြပါသေးတယ်း))

အရသာရှိပြီး လွယ်လဲလွယ်ကူ၊ မက်မွန်သီးတွေ ပေါနေတဲ့ ခုလိုရာသီအတွက်လည်း အဆင်ပြေ တာကြောင့် မကြာခဏ ချက်စားဖြစ်တဲ့ ဝက်သား မက်မွန်သီးကြော်ပါ။ ဝက်သားနေရာမှာ တစ်ခြား မိမိနှစ်သက်ရာ အသားနဲ့လည်း ချက်စားနိုင်ပါသေးတယ်နော်။  


အားလုံးအတွက် ပျော်ရွှင်ဖွယ် တနင်္ဂနွေနေ့ပါရှင်.. 



ဘဝရဲ့ ကစားပွဲများ


ဒီတစ်ပတ်အတွင်းမှာ အိမ်မှာ ငြိမ်ငြိမ်မနေရဘဲ ဟိုသွား ဒီသွားနဲ့ ခရီးသွားလာရတဲ့ အလုပ်တွေနဲ့ ရှုပ်နေတာနဲ့ပဲ စာအသစ် မရေးဖြစ်တာ နည်းနည်း ကြာသွားခဲ့ပါတယ်။ စာအသစ်တွေ အရင်လို မရေးနိုင်ခင်မှာ သွားရင်း လာရင်း ကားပေါ်မှာ၊ ခရီးမှာ မထင်မှတ်ပဲ Angry Birds ဆိုတဲ့ ဂိမ်းကို  ကျွန်မ ကစားမိခဲ့စဉ်က ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေနဲ့ တွေးမိတဲ့ အတွေးအမြင်တွေ အကြောင်း    ပြောပြချင်ပါတယ်။  များသောအားဖြင့်တော့ ကျွန်မဟာ ဂိမ်းတွေ ဘာတွေကို ဆော့လေ့ ဆော့ထ ရှိတဲ့သူ တစ်ယောက် မဟုတ်ပါဘူး။ အလုပ်များတာရယ်၊ ရှားရှားပါးပါး ရတဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် အချိန်၊ စာရေး စာဖတ်လုပ်ချိန်တွေထဲကနေ ဖဲ့ပြီး မပေးချင်တာရယ်၊ အစလုပ်ပြီး မကစားချင်တာရယ် စတာတွေကြောင့် ဖြစ်ပါတယ်။ ဂိမ်းတွေရဲ့ ထုံးစံကလည်း စ ကစားမိရင် စွဲလန်းတတ်တာကြောင့်လည်း အစလုပ်ပြီး မကစား ချင်တာပါ။ ဂိမ်းတွေ ဘာတွေ ဆော့ဖို့ သိပ်စိတ်မဝင်စားတဲ့ ကျွန်မရဲ့ဖုန်းထဲကို ညီမလိုခင်တဲ့ တစ်ယောက်က လွန်ခဲ့တဲ့ တစ်လလောက်ကမှ Angry Birds ဆိုတဲ့ ဂိမ်းလေးကို ဖုန်းထဲမှာသွင်းပေး သွားခဲ့ပါတယ်။ ကွန်ပျူတာနဲ့တောင် ဂိမ်းတွေ ဆော့လေ့မရှိတဲ့ ကျွန်မဟာ ဖုန်းထဲကို ရောက်လာတဲ့ Angry Birds ဂိမ်းကို ဖုန်းပေါ်မှာ တွေ့နေပေမဲ့ ယောင်လို့တောင် ဖွင်မကြည့်မိပါဘူး။ တစ်ရက်မှာတော့ ခရီးတစ်ခု သွားရင်းနဲ့ တစ်နေရာမှာ ကိစ္စတစ်ခုကို စောင့်ဆိုင်းစရာ ပေါ်လာခဲ့ပါတယ်။ ဖတ်စရာစာအုပ်လည်း ပါမသွားတဲ့ ကျွန်မဟာ ဖုန်းထဲမှာ ထည့်ထားတဲ့ စာအုပ်တွေကို Adobe reader နဲ့ ဖတ်နေခဲ့ပါတယ်။ ဖတ်လက်စ စာမျက်နှာတွေဟာ မကြာခင်မှာဘဲ ဖတ်လို့ ပြီးသွားတာနဲ့ ဖုန်းကိုကလိရင်း အဲဒီ Angry Birds ဂိမ်းကို စူးစမ်းတဲ့ အနေနဲ့ စမ်း ကစားမိပါတယ်။




စပြီး ကစားလိုက်ရာကနေ ဂိမ်းရဲ့ လွယ်ကူရှင်းလင်းတဲ့ User Interface၊ ဂိမ်းထဲမှာ ပါဝင် လှုပ်ရှားတဲ့ ဇာတ်ကောင်လေးတွေရဲ့ ဆွဲဆောင်မှုတွေကြောင့် အဲဒီနေ့က လယ်ဗယ်တစ်ခုပြီးတစ်ခု ပြီးတဲ့ အထိ တစ်ဖြည်းဖြည်း ဆော့သွားခဲ့မိပါတယ်။ နောက်ပိုင်းမှာ လယ်ဗယ်မြင့်လာတာနဲ့အမျှ  ပိုပိုပြီး ခက်ခဲလာသလို ခက်ခဲတဲ့ လယ်ဗယ် တစ်ခုခုကို အကြိမ်ကြိမ် ပြန်ပြန်ဆော့ရတာတွေ ရှိပါတယ်။ အဲဒီနေ့နောက်ပိုင်း ခရီးကနေ အိမ်ပြန်ရောက်တော့လည်း အလုပ်တစ်ဖက်နဲ့ အားလပ်ချိန်တွေမှာ အဲဒီ Angry Birds ဂိမ်းကိုဘဲ ပြန်ကစားမိပါတယ်။ အဲဒီဂိမ်းနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား ကစားဖူးတဲ့သူတွေကတော့ အတော်များများ သိပြီးသားဖြစ်ကြမှာပါ.. လယ်ဗယ်တစ်ခုကို အောင်မြင်ပြီးမှ နောက်ထပ် လယ်ဗယ်အသစ် တစ်ခုကို ဆက်ကစားလို့ ရတာမျိုးပါ။ အဲဒီတော့ ဒီလယ်ဗယ် တစ်ခုကို မအောင်မြင်နိုင်ရင် နောက်ထပ် လယ်ဗယ်အသစ်တွေကို ဆက်ဆော့ရဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အစပျိုးပြီး ဆော့လိုက်မိတဲ့ ကျွန်မဟာ အချိန်အားရတာနဲ့  Angry Birds ကို ဆော့နေမိတတ်ခဲ့ပါတယ်။ လယ်ဗယ်တစ်ဆင့်ပြီး တစ်ဆင့် ကစားနေရင်း အတော်ကိုခက်ခဲတဲ့ အဆင့်တွေမှာ မအောင်မြင်မချင်း အချိန် တော်တော်ကြာကြာ ထပ်တလဲလဲ ကစားပါတယ်။ တခါတလေများ လုံးဝကို အောင်မြင်တော့မှာ မဟုတ်ဘူးလို့ ထင်မိတဲ့အထိ ခက်ခက်ခဲခဲ ကစားရတာတွေ ရှိပါတယ်။ ခက်ခဲတယ် ဆိုတာကလည်း ကျွန်မအတွက် ဆိုလိုတာပါ။ ဂိမ်းတွေဘာတွေ သိပ်ဆော့လေ့မရှိတဲ့ ကျွန်မ အတွက်တော့ အခြားသူတွေအတွက် မခက်ခဲဘူး ထင်ရတဲ့ ဂိမ်းတွေကလည်း ကျွန်မအတွက် ခက်ခဲချင် ခက်ခဲနေနိုင်တာမျိုးပါ။

တခါတလေများ ရေချိုးဖို့ ပြင်နေချိန်မှာတောင် ခဏလောက်ဆိုပြီး ဂိမ်းဆော့မိရင် မပြီးနိုင်တော့အောင် ဖြစ်ရပါတော့တယ်။ ခက်ခက်ခဲခဲ ဂိမ်း တစ်ခုခုကို ဆော့မိရက်သား ဖြစ်နေရင်းများ ရေတောင် ဆက်မချိုးနိုင်အောင် ဖြစ်သွားရပါတယ်။ ကျွန်မစိတ်ထဲမှာလည်း ငါ ဒီဂိမ်းကို မရမချင်း ရေမချိုးဘူး ဆိုပြီး ဇွတ်ပေပြီးကို ဆော့နေတတ်တာပါ။ အဲဒီခါများဆို တကယ်လဲ အဲဒီဂိမ်း မအောင်မြင်အချင်း ရေမချိုးဘဲ ဆော့နေတာဟာ နောက်ဆုံး အောင်မြင်သွားပြီ ဆိုတော့မှသာ စိတ်ဖြောင့်ဖြောင့်နဲ့ ရေ ဆက်ချိုးဖြစ်ပါတယ်။ မှန်တာပြောရရင် တစ်ချို့ဂိမ်းဆို အဲဒီလယ်ဗယ်မှာတင် ၃-ရက်လောက် ထပ်ခါတလဲလဲ ဆော့ရတာမျိုးလည်း ရှိခဲ့ပါတယ်။ ၃-ရက်ဆိုတာကလည်း တစ်ချိန်လုံး ဆော့နေနိုင်တာမျိုးတော့ မဟုတ်ပါဘူး. အားလပ်ချိန်ရတဲ့အခါတွေမှာ ကစားတာကို ဆိုလိုတာပါ။ တစ်ချို့ဂိမ်းတွေက တစ်ကြိမ်တည်းနဲ့ အောင်မြင် သွားတာမျိုး ရှိသလို တစ်ချို့ကျတော့ အကြိမ်ပေါင်းများစွာ မရေမတွက်နိုင်အောင် ဆော့မှ အောင်မြင်တာမျိုး တွေ ရှိတာပါ။ အဲဒီလို ခက်ခက်ခဲခဲ ကစားရတဲ့ ဂိမ်းတွေကို လက်လျှော့ မိတော့မလိုအထိ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း တစ်ခုခုဆို ကစားလက်စဘဲဖြစ်ဖြစ် လုပ်လက်စဘဲဖြစ်ဖြစ် မအောင်မြင်မချင်း မကျေနပ်တတ်တဲ့ ကျွန်မဟာ အဲဒီဂိမ်းကို မကျော်နိုင်မချင်း မရရအောင် ဆော့ပါတယ်။ 

တကယ်လို့ ကျွန်မသာ လွယ်လွယ်ကူကူ လက်လျော့လိုက်ရင် နောက် ဂိမ်းလယ်ဗယ်တစ်ခုကို ဆက်တက်နိုင်တော့မှာ မဟုတ်ပါဘူး.. အောင်မြင်မှုရဲ့ အရသာကိုလည်း ခံစားရမှာ မဟုတ်ပါဘူး။ ဂိမ်းတစ်ခုမှာ ခက်ခဲတဲ့ လယ်ဗယ်တစ်ခုကို အချိန်ကြာကြာဆော့လေ ဘယ်လို ကစားရင် နိုင်နိုင်တယ် ဆိုတဲ့ လမ်းကြောင်းကို တွေ့မြင် လာလေ ဖြစ်တဲ့အခါ နောက်ဆုံးမှာတော့ အဲဒီ လယ်ဗယ်ကို အောင်မြင်အောင် ကျော်ဖြတ်သွားနိုင် တာချည်းပါဘဲ။  ဒါပေမဲ့ ခက်ခက်ခဲခဲ ကစားရတဲ့ ဂိမ်းတွေကို အောင်နိုင်သွားတဲ့ အခါ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်နဲ့ ပျော်ရွှင်မှုက ကျေနပ်စရာ ကောင်းပါတယ်။ ကျွန်မဆိုရင် ခက်ခက်ခဲခဲ လယ်ဗယ်တစ်ခုခုကို အောင်မြင်သွားတိုင်း လက်သီးလက်မောင်းတောင် တန်းပြီး အော်ဟစ်မိတာပါဘဲ။ 

ကျွန်မဟာ အဲဒီဂိမ်းတွေကို ကစားနေရင်းမှာဘဲ ကျွန်မစိတ်ထဲ တွေးမိလာတာက ဂိမ်းတွေဟာ ယခုလက်ရှိ လူတွေရဲ့ ဘဝမှာတွေ့ကြုံခံစားနေရတဲ့ ပြဿနာတွေ၊ အခက်အခဲတွေ၊ ဒုက္ခတွေနဲ့ တူလှတယ် လို့ တွေးမိလာတာပါ။ တစ်ချို့အခက်အခဲတွေက လွယ်ကူတယ်.. ရိုးရှင်းတယ်.. ဒီတော့ လွယ်လွယ် ကူကူနဲ့ ဖြေရှင်းနိုင်တယ် .. ကျော်ဖြတ်နိုင်တယ်.. တစ်ချို့ပြဿာနာတွေ အခက် အခဲတွေများ ကျတော့ ကျွန်မ ဆော့နေတဲ့ ဂိမ်းတစ်ချို့ကို ခက်ခက်ခဲခဲ ကစားရသလို ပြဿနာတွေ ကိုလည်း ခက်ခက် ခဲခဲ ဖြေရှင်းရတာ၊ ကျော်ဖြတ်ရတာတွေ ရှိလာပါတယ်။ တစ်ချို့ ပြဿနာများဆို ဖြေရှင်းဖို့ မဖြစ်နိုင်တော့ဘူး.. ဖြေရှင်းနိုင်တော့မှာမဟုတ်ဘူးလို့ကို ထင်မိ ရလောက်အောင် ကြီးမား ခက်ခဲတတ်တာကို တွေ့ရမှာပါ။ ဒါပေမဲ့ စိတ်မပျက်ဘဲ စိတ်ရှည်ရှည်ထားပြီး ဖြေရှင်းရင် မအောင်မြင်တဲ့ ပြဿနာ ၊ မဖြေရှင်းနိုင်တဲ့ အခက်အခဲဆိုတာ မရှိသလောက်ပါဘဲ.။ တစ်ကယ်တော့ ဘဝဆိုတာဟာလည်း ဂိမ်းတစ်ပွဲ ကစားရခြင်းနှင့် အသွင်သဏ္ဍာန် အရသာ ကွဲပြားပေးမယ့် အနှစ်သာရခြင်းကတော့ အတူတူပဲ မဟုတ်ပါလား။

ဒီတော့ ကျွန်မရဲ့ အမြင်အရတော့ ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေဟာ ဂိမ်းကစားရတာနဲ့ တူလှတယ်လို့ ဆိုချင်ပါတယ်။ ဒီနေ့ နေ့တဓူဝ ကျွန်မတို့ တတွေ ထိတွေ့နေကြတဲ့ ကွန်ပြူတာတွေ၊ စမတ်ဖုန်းတွေ အစရှိတာတွေထဲက ဂိမ်းတွေကစားတဲ့အခါမှာ လယ်ဗယ်တစ်ခုပြီးတစ်ခု အောင်မြင်ချင်ရင် ဇွဲရှိဖို့ လိုအပ်သလို စိတ်ရှည်ရှည်ထားဖို့လည်း အလွန်လိုအပ်ပါတယ်။ ဂိမ်းတစ်ခုရဲ့ အဆင့်တိုင်း အဆင့်တိုင်းစီမှာ မတူထူးခြားတဲ့ အခက်အခဲတွေ၊ အတားအဆီးတွေ ရှိနေတတ်တာဟာလည်း ဂိမ်းတွေရဲ့ သာဘဝပါပဲ။ အဲဒီလို ဂိမ်းကစားရင်း တွေ့လာရတဲ့ အဆင့်တိုင်းက အခက်အခဲတိုင်းကို တစ်ကြိမ်တစ်ခါ ကျော်ဖြတ်ရုံနဲ့ အောင်မြင်ဖို့ ဆိုတာဟာလည်း အပေါ်ကို အဆင့်မြင့်မြင့် ရောက်လာလေ ဖြစ်နိုင်ခြေ ပိုပိုနည်းလာလေပါပဲ။ အဲဒီလို အဆင့် တစ်ခုစီကို ဖြတ်ကျော်တဲ့ အခါ တစ်ကြိမ်တစ်ခါနဲ့ မရ၊ ကျရှုံးသွားတဲ့ အချိန်တွေမှာ ဂိမ်းကစားသူရဲ့ စိတ်ရှည်မှု၊ ဇွဲရှိမှုပေါ် မူတည်ပြီး အဲဒီ ကျရှုံးမှုကနေ သင်ခန်းစာယူ၊ မိမိရဲ့ အားနည်းချက်ကို မိမိဘာသာ မြင်အောင်ကြည့်ပြီး ပြန်လည်ဖြည့်ဆည်းပြင်ဆင်၊ မိမိ ဖြတ်ကျော်လိုတဲ့ အခက်အခဲမှာ ဘယ်လို အားနည်းချက် ရှိသလဲ တွေ့အောင်ရှာပြီး လက်မလျော့ပဲ အကြိမ်ကြိမ် ထပ်ကြိုးစားသွားမယ် ဆိုရင် တစ်ကြိမ်မဟုတ် တစ်ကြိမ်မှာတော့ မိမိဖြတ်ကျော်လိုတဲ့ အခက်အခဲကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မှာပဲ ဖြစ်ပါတယ်။




သေသေချာချာ တွေးကြည့်မယ် ဆိုရင် ဘဝမှာကြုံရတဲ့ အခက်အခဲတွေဟာလည်း ဂိမ်းတွေထဲကလိုပါပဲ။ ကြုံရတဲ့ ပြဿနာ၊ အတားအဆီး တစ်ခုခုဟာ ပထမမှာတော့ စိတ်ညစ်စရာ၊ စိတ်ပျက်စရာ လို့ ထင်စရာပါ။ ဒါပေမယ့် အခက်အခဲ တစ်ခုကို ကျော်ဖြတ်ပြီးတိုင်း ကျော်ဖြတ်ပြီးတိုင်းမှာ ရရှိတဲ့ ခံစားမှုဟာ ဘယ်အရာနဲ့မှ မတူအောင် မိမိကိုယ် မိမိ ကျေနပ်၊ ယုံကြည်မှု၊ ရင့်ကျက်မှုကို ပေးစွမ်းနိုင်တယ် ဆိုတာ အခက်အခဲတွေ အများကြီးကို အကြိမ်ကြိမ် ရင်ဆိုင်ကျော်ဖြတ်ဖူးကြတဲ့ သူတွေ အနေနနဲ့ လေးလေးနက်နက် တွေ့ကြုံ ခံစားဖူးကြမှာပါ။ အခက်အခဲမကြုံဖူး၊ အခက်အခဲကို မကျော်လွှားဖူးဘဲနဲ့ ရင့်ကျက်တဲ့သူ တစ်ယောက် ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီအတွက် ကျွန်မ ပြောလိုက်ချင်တာကတော့ ကျွန်မတို့ ဘဝမှာ ကြုံရတဲ့ အခက်အခဲတွေဟာ တစ်ကယ်တော့ ဘဝကို ပိုပြီး စိတ်ဝင်စားကောင်းအောင်၊ မိမိကို ပိုပြီး ရင့်ကျက်တဲ့လူ၊ ယုံကြည်မှု ရှိတဲ့လူ၊ ကိုယ့်အခက်အခဲတွေကို ကျော်လွှားနိုင်သလို သူတစ်ပါးတွေကိုလည်း အခက်အခဲတွေ ကျော်လွှားနိုင်ဖို့ လမ်းပြပေးနိုင်တဲ့ သူ ဖြစ်လာစေတဲ့ အတွက် အခက်အခဲတွေကို အခက်အခဲတွေလို့ ရိုးရိုး မရှုမြင်ဘဲ စိန်ခေါ်မှုတွေ အဖြစ် ပြောင်းလဲ ရှုမြင်ပြီး ဇွဲရှိရှိ၊ လုံ့လ ဝီရိယကောင်းကောင်းနဲ့ စိတ်ရှည်ရှည်ထားပြီး ရင်ဆိုင်ကျော်ဖြတ်သွားကြဖို့ အလွန်ပဲ လိုအပ်လှပါတော့တယ်ရှင်။     ။








Photo Credit;
၁။ http://guidetoline.blogspot.com/2011/12/5-tips-to-overcome-challenges.html



ငါးဥချဉ်ချဉ်စပ်စပ်ချက်

ဒီတစ်ပတ် ရှေ့ရက်တွေက အလုပ်ရှုပ်နေတာကြောင့် စာတွေလည်း လိုက်မဖတ်နိုင်၊ စာအသစ်လည်း မရေးနိုင်ခဲ့တဲ့အတွက် မိတ်ဆွေများ အားလုံးကို တောင်းပန်ချင်ပါတယ်ရှင်… စာတွေ အများကြီး မရေးနိုင်သေးခင် ယခုအပတ် အားလပ်ရက် အတွက် ဟင်းချက်စရာတွေထဲက ငါးဥကို ကျွန်မတို့ကချင်ပြည်နယ်မှာ ချက်စားကြတဲ့ ကချင်ချက် ချက်နည်းလေးနဲ့ ချက်ပြမှာဖြစ်ပါတယ်နော်။ 



Image Hosted by PicturePush - Photo Sharing

မိမိချက်မဲ့ ငါးဥကို ရေစင်စင်ဆေးပါတယ်။

ကျွန်မတို့အရပ်မှာတော့ ငါးရဲ့ ဝမ်းဗိုက်ထဲမှာရှိတဲ့ ငါးအူ၊ ငါးစီဖောင်း၊ စသည်တို့ကိုလည်း စားလေ့ရှိပါ တယ်။ ခုလည်းငါးဥသာမက ငါးစီဖောင်းတွေကိုလည်း ထည့်ချက်ပါမယ်။ ပထမဆုံး ချက်ပြုတ်မယ့် ငါးဥ၊ ငါးစီဖောင်း စတာတွေ အားလုံးကို ရေနဲ့ စင်အောင် သေသေချာချာ ဆေးကြောလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing


ထို့နောက် ငါးဥကို အတုံးလေးများတုံး၊ ငါးစီဖောင်းတို့ကိုလည်း တစ်လမခန့်ဖြတ်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူထောင်း၊ ငရုပ်သီးစိမ်းပါးပါးလှီး၊ ဆား၊ အရသာမှုန့်၊ ငံပြာရည်၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်၊ ရှမ်းနံနံ၊ ဖက်ဖယ် စတဲ့ ဟင်းခတ်အမွှေးအကြိုင်ရွက်တို့ကို ထည့်ပါတယ်။ အချဉ်အရသာအတွက် ချဉ်စော်ခါးသီးခြောက် (သို့မဟုတ်) မက်လင်သီးခြောက် နည်းနည်းကို ပါးပါးလှီးထည့်ပါတယ်။ ၄င်းတို့ မရှိပါက သံပုရာသီး အနည်းငယ်ကိုလည်း လှီးလို့ဖြစ်ဖြစ်၊ အရည်ညှစ်လို့ ဖြစ်ဖြစ် ထည့်နိုင်ပါသေးတယ်။ ဟင်းကျက်သွားတဲ့အခါ ဟင်းအိုးချခါနီးကိုထည့်ဖို့ နံနံနဲ့ ဖက်ဖယ်ရွက်ကို  အားလုံးမထည့်ဘဲ အနည်းငယ် ချန်ထားပါတယ်။ အစပ်ကြိုက်တတ်ရင်တော့ ငရုပ်သီးစိမ်းများများထည့်နိုင်ပါတယ်။ ကျွန်မတော့ တော်သင့်ရုံလောက် ထည့်လိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing 
ကချင်ချက်ဟာ ဆီသတ်ပြီး ချက်တာမျိုးမဟုတ်ပါဘူး။ ချဉ်ချဉ်စပ်စပ် မွှေးမွှေးကြိုင်ကြိုင်နဲ့ ဆီကို ပမာဏ အနည်းဆုံးသုံးပြီး ဆီလှယ်၊ ရေလှယ် ချက်တာမျိုးပါ။ ဒါကြောင့် ဆီမသတ်ဘဲ အိုးထဲကို ရေထည့်လိုက်ပြီး မီးပေါ်တည်လိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing


ရေဆူလာရင် ရောမွှေပြီး အဖုံးအုပ်ထားလိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ငါးဥနဲ့ စီဖောင်းများ သေချာကျက်စေရန် ရေကို ၂ရေခန့် ခန်းအောင်ချက်ပါတယ်။ ရေခမ်းသွားရင် နံနံရွက်နဲ့ ဖက်ဖယ်ရွက် ချန်ထားတာကို ထပ်ထည့်ပြီး မွှေလိုက်ပါတယ်။ 



ချဉ်ချဉ်စပ်စပ် အရသာရှိတဲ့ ငါးဥချက်လေးရပါပြီ။ ကျွန်မတို့ ကချင်ပြည်နယ်မှာ အသုံးများတဲ့ ဖက်ဖယ်ရွက်လေးက ဟင်းကို မွှေးနေစေပြီးတော့ မိုးအေးအေးမှာ ခံတွင်းမြိန်စေတဲ့ ဟင်းတစ်ခွက် ဖြစ်စေမှာ အမှန်ပဲဖြစ်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ထမင်းမြိန်မဲ့ ငါးဥချက်ဟင်းပါ။ 


မန်ကျည်းသီးထောင်းသုပ်
************
နောက်ထပ် ချက်စားဖြစ်တဲ့ ဟင်းတစ်မျိုးအနေနဲ့ မန်ကျည်းသီးစိမ်းကို ထောင်းပြီး သုပ်ထားတာလေး ပြောပြချင်ပါသေးတယ်။ မန်ကျည်းသီး နုနုတွေကို ဈေးကဝယ်၊ ရေစင်အောင်ဆေး၊ အပေါ်က အခွံလေးတွေကို ဓါးနဲ့ခြစ်လိုက်ပါတယ်။ အဲဒီနောက် ငရုပ်ဆုံထဲ နည်းနည်းချင်းစီ ထည့်ထောင်းပါတယ်။ မန်ကျည်းသီးတွေဟာ အချိန်နည်းနည်း ကြာလာတာနဲ့ တဖြေးဖြေးချင်း မဲသွားတတ်ပါတယ်။ ဒါကြောင့် မန်ကျည်းသီးကို ထောင်းကတည်းက ဆားနည်းနည်းစီထည့်ထောင်းရပါတယ်။ 

Image Hosted by PicturePush - Photo Sharing


မန်ကျည်းသီးထောင်းထဲကို ဆား၊ အရသာမှုန့်၊ ပုဇွန်ခြောက်၊ ငရုပ်သီးစိမ်း၊ ကြက်သွန်နီပါးပါးလှီး၊ ငပိအနည်းငယ်တို့ကို ထည့်ပါတယ်။ ထို့နောက် ပဲဆီအစိမ်းကို ထည့်ပါတယ်။ မန်ကျည်းသီးကို အချဉ်ပေါ့စေရန်နှင့် စားလို့သင့်တော်တဲ့ အရသာရစေဖို့ ဆီများများထည့်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

၎င်းအဆာပလာများကို ရောနယ်လိုက်ရင် မန်ကျည်းသီးစိမ်းထောင်းကို ဆီစိမ်းလေးဆမ်းပြီး သုပ်ထားတဲ့ ဟင်းတစ်ခွက် ရပါပြီ။ 

Image Hosted by PicturePush - Photo Sharing

ချဉ်ချဉ်စပ်စပ် မန်ကျည်းသီးစိမ်းထောင်းသုပ်ပါ။ မန်ကျည်းသီးထောင်း၊ ငါးဥဟင်း၊ ဟင်းချိုပူပူ တစ်ခွက်နဲ့ ဆိုရင် ဘယ်သူ့ကို မေးမေး မိုးအေးအေးရာသီမှာ ခံတွင်းမြိန်စေမယ့် ဟင်းတွေ ဖြစ်နေမှာ သေချာပါတယ်နော်။ 


အားလုံးအတွက် ပျော်ရွှင်ဖွယ် တနင်္ဂနွေနေ့ပါရှင်...



Image Hosted by PicturePush - Photo Sharing