ဒီတစ်ပတ်ချက်စားဖြစ်တဲ့ ဟင်းကတော့ အိမ်ကိုလွမ်းလို့ ချက်စားဖြစ်တဲ့ မျှစ်ဟင်းဖြစ်ပါတယ်။ အိမ်ကိုလွမ်းလို့ချက်စားတဲ့ဟင်းဟာ အသားငါးတွေနဲ့ ချက်ထားတဲ့ ဟင်းမဟုတ်ဘဲ မိုးရာသီမှာအလွန်ပေါတဲ့ မျှစ်ဟင်းဖြစ်ပါတယ်။ ဒီဟင်းဟာ ကျွန်မတို့အိမ်မှာ အမေက ခုလိုမိုးရာသီမှာ မကြာခဏ ချက်ကျွေးတဲ့ဟင်းလည်း ဖြစ်ပါတယ်။ မိုးရာသီမျှစ်တွေ ပေါတဲ့အချိန်မှာ မျှစ်ကိုမြင်တော့ အိမ်ကို သတိရတာကြောင့် ချက်စားဖြစ်တာပါ။ ဒါကြောင့်အိမ်ကိုလွမ်းလို့ ချက်တဲ့ဟင်းလို့ နာမည် ပေးလိုက် ပါတယ်။
ဒီမျှစ်က ဝါးပိုးဝါးတို့လို ဝါးအကြီးမျိုးရဲ့ မျှစ်ပါ.. အလယ်မှာ အခေါင်းပိတ်မျိုးဖြစ်ပါတယ်။ အဲဒီမျှစ်ကို ချက်စားမှာပါ။
အဲဒီမျှစ်ကို ပါးပါးလှီးတာမဟုတ်ဘဲ ဓါးနဲ့ပေါက်ပါတယ်။
ခုလို ပုံစံရလာပါပြီ..
ရလာတဲ့ မျှစ်တွေထဲက တစ်ဝက်ကို ရေစိမ်ထားလိုက်ပါတယ်။ တစ်ဝက်ကိုတော့ မျှစ်ဆိမ့်ချက်စားပါမယ်
ဒီမျှစ်ဆိမ့်ချက်ဖို့ လိုအပ်တာတွေကတော့ ကြက်သွန်ဖြူ၊ ကြည်သွန်နီ၊ ဆား၊ အရသာမှုန့်၊ ပုဇွန်ခြောက်၊ ခရမ်းချဉ်သီး၊ မြေပဲဆန်မညက်တညက်ထောင်း၊ အရောင်တင်၊ နွနင်းမှုန့်၊ဆီ အနည်းငယ်တို့ လိုအပ်ပါတယ်။ ဆီတိုဖူး( သို့) မဟုတ် ငပိ အနည်းငယ် ထည့်ပါတယ်။ ထို့နောက် ခဏလောက် ဟင်းကို လုံးပါတယ်။
ရေထည့်ပြီး မီးပြင်းပြင်းဖြင့် အနည်းဆုံး ၂ရေခန့် ခမ်းအောင် တည်ပါတယ်။ သို့မှသာ မျှစ်တွေနူးပြီး စားလို့ကောင်းမှာ ဖြစ်ပါတယ်။ ၂ရေလောက် ထပ်ထည့်ပြီးနောက် အရသာအပေါ့အငံ စိတ်ကြိုက်ထည့်ကာ ရေခပ်များများချန်ပြီး သုံးဆောင်နိုင်ပါပြီ။
ရှမ်းနံနံလေးခတ်ပြီး စားသုံးရင် အရသာနူးညံ့ပြီး ဆိမ့်သက်တဲ့ မျှစ်ဆိမ့်ဟင်းတစ်ခွက် ရပါပြီ။
နောက်ထပ်ချက်ဖြစ်တဲ့ဟင်းကတော့ မျှစ်ရေစိမ်ဖြစ်ပါတယ်။ စောစောက ရေစိမ်ထားတဲ့ မျှစ်ကို ၃ရက်လောက် ရေစိမ်ထားပါတယ်။ ၃ရက်အတွင်းမှာ ရေကို မကြာခဏလဲပေးပါတယ်။ ၄ရက်လောက်ဆို မျှစ်ရေစိမ် ချက်စားဖို့သင့်တော်တဲ့အနေအထားရပါပြီ။
ရေစိမ်ထားတဲ့ မျှစ်တွေကို ဆေးကြောထားလိုက်ပါတယ်။
ရေနွေးကိုဆူတောင်တည်ပြီး ကြက်သွန်ဖြူ၊ ပုဇွန်ဆိတ်လေးများကို ထည့်လိုက်ပါတယ်။ ဆား၊အသားမှုန့်တို့ကိုထည့်ပါတယ်။
မျှစ်ကိုထည့်လိုက်ပြီး ၁၀မိနစ်ခန့်ဆူအောင်တည်ထားလိုက်ပါတယ်
ချကာနီးမှ ပင်စိမ်းရွက်လေး ခတ်လိုက်ပါတယ်
ပင်စိမ်းနံ့မွှေးမွှေးလေးနဲ့ မျှစ်ရေစိမ်တစ်ခွက်ရပါပြီ...
နောက်ထပ် ချက်စားဖြစ်တာကတော့ အခုလို မျှစ်ကိုဘဲ ပါးပါးလှီးပြီး ၃ရက်လောက် ရေစိမ်ထားတဲ့ မျှစ်ကို ဝက်သားနဲ့ ကြော်စားတာပါ။
ပါးပါးလှီးထားတဲ့ မျှစ်ရေစိမ်
ကြက်သွန်ဖြူ၊ ဂျင်းတို့နဲ့ ဝက်သားကိုပါးပါးလှီးပြီး ကြော်ပါတယ်။
ငရုပ်ပွအရှည်အနီ၊အစိမ်းတို့ကို ခုလိုလှီးထားပါတယ်
ဝက်သားကျက်ရင် မျှစ်ကိုထည့်လိုက်ပါတယ်။ ဆား၊ အရသာမှုန့်၊ ပဲငံပြာရည် အနည်းငယ်ထည့်ပါတယ်။
ထို့နောက် ငရုပ်သီးများကိုထည့်ပြီးနောက် ၃မိနစ်လောက်ဆို စားနိုင်ပါပြီ။
ဝက်သားမျှစ်ရေစိမ်ကြော်ရပါပြီ..
ကျွန်မတို့ကချင်ပြည်နယ်ဟာ တောတောင်တွေ အလွန်ပေါတာကြောင့် မျှစ်၊ဝါးလည်း အလွန်ပေါပါတယ်။ ကျွန်မတို့ ငယ်ငယ်ကဆိုရင် ကျွန်မတို့ရွာမှာ ဟင်းသီးဟင်းရွက်ဆိုတာ တောတောင်ထဲ ဝင်ရှာရင် အလွယ်တကူ ရှာလို့ ရပါတယ်။ သို့ပေမဲ့ ခုချိန်မှာတော့ တောတွေပြုန်း၊ တောင်တွေ ဖြိုချခံရပြီး နောက်မှာတော့ မျှစ်ဝါး နဲ့ ဟင်းသီးဟင်းရွက်၊ ဆိုတာ အလွန်ကို ရှားသွားပါပြီ.. တောတွေတောင်တွေ ယခင်အတိုင်း ပြန်မဖြစ်နိုင်ရင်တောင် ခုရှိတဲ့အတိုင်းကို ဆက်လက်ပြီး မပြုန်းတီးအောင် ထိန်းသိမ်းနိုင်ဖို့ ဆုတောင်းမိရင်း တောမှာချက်စားတဲ့ မျှစ်ဟင်းချက်နည်းကို အိမ်အလွမ်းပြေချက်စားဖြစ်တာ အားလုံးကို ပြန်လည် မျှဝေလိုက်ပါတယ်ရှင်..
အားလုံအးတွက် သာယာသောနေ့ရက်များဖြစ်ကြပါစေ..