ငပိနံ့သင်းသင်း ညနေခင်း၊ သက်တံ့ဆယ်စင်း လင်း


သူမ ဒီရက်ပိုင်း ဝိတ်လျော့တော့မည်ဟု ဆုံးဖြတ်ထားသည်။ တဖြေးဖြေးနှင့် တစ်ရိပ်ရိပ်တက်လာသော ပေါင်ချိန်စက်ပေါ်မှ မြှားတံလေးကို အားနာသောအားဖြင့် နည်းနည်းချင်းစီ ကျပ်ကျပ်လာနေသော အဝတ်အစားများကို အားနာသောအားဖြင့် သူမ ဝိတ်လျော့ပါတော့မည်။ “အစားအသောက် လျှော့မည်၊ နေ့စဉ် လေ့ကျင့်ခန်းကို မဖြစ်မနေ လုပ်တော့မည် ” ထိုသို့ဆုံးဖြတ်ချက် ခိုင်ခိုင်ချပြီး သကာလ အရင်က သွားသွား လာလာ စားစားသောက်သောက် တွဲနေကျ သူငယ်ချင်းများ ၊ အားလပ်ရက်များတွင် အိမ်သို့ ဖိတ်ကာ ထမင်း အမြဲကျွေးလေ့ရှိသော မိတ်ဆွေများ၊ ဆိုင်တွင်ကျွေးဖို့ ခေါ်သူများကို လုံးလုံး အဆက်ဖြတ်ပစ်လိုက်သည်။ အစားအသောက် သွားစားဖို့ ခေါ်သောသူများ၊ ကျွေးမည့်သူများကိုလည်း အားနာစရာကောင်းလောက်အောင် သူမ တွင်တွင်ငြင်းသည်။ ဝိတ်လျော့နေစဉ်တွင် မည်သို့သော အစားအသောက်ကျွေးမည့်သူဖြစ်စေ ၊ မည်မျှပင် ခင်မင်ရင်းနှီးသူ ဖြစ်ပစေ လုံးလုံးကို မလိုက်တော့ပါဘဲ အလုပ်ကိစ္စနှင့် အပြင်ထွက်ရသည်မှ လွဲ၍ အစားသောက်များနှင့် ဝေးဝေးရှောင်ကာ အိမ်တွင်သာ နေတော့သည်။ ဝိတ်လျော့သည် ဆိုရာတွင်လည်း အားနာခြင်း၊ ဇွဲမရှိခြင်း၊ ဆုံးဖြတ်ချက် မခိုင်မာခြင်း ၊ ပျင်းရိခြင်း စသည်တို့ရှိနေလျှင် အောင်မြင်ဖို့ ခက်ခဲတတ်သည်။ သို့ကြောင့်လည်း သူမက အစားအသောက် ကျွေးမည့်သူ၊ စားဖို့လာဆွယ်မည့်သူတို့ကို ယတိပြတ် ငြင်းဆိုလိုက်ခြင်း ဖြစ်လေသည်။

အိမ်က ညီမများကိုလည်း သူမအတွက် ထမင်းလျှော့ချက်ဖို့ သတိပေးထားသည်။ ထမင်းခူးလျှင်ပင် သူမအတွက် ထည့်သောပန်းကန်ထဲတွင် ထမင်းများကို အခါတိုင်း ထည့်သည့် ပမာဏထက်  တစ်ဝက်ခန့်သာ ထည့်ရန် မှာထားသည်။ သူမသည် မနက်ပိုင်းတွင် ထိုထမင်း တစ်ပန်းကန်ကိုပင် တစ်ဝက်ခန့်သာ စားပြီး နေ့လည် ဗိုက်ပြန်ဆာလာသည့်အချိန်တွင်မှ ကျန်သည့် တစ်ဝက်ကို ပြန်စားသည်။ သူမ ဖတ်ဖူးသော စာထဲတွင် ဝိတ်လျော့လိုလျှင် အစားသောက်ကို တစ်ကြိမ်တည်း အများကြီးစားတာထက် တစ်ကြိမ်ကို နည်းနည်းသာ စားသင့်သည်ဟု ဖတ်ဖူးထားသည်မဟုတ်လား။ ထိုသို့ အစားအသောက် လျှော့သည်သာမက မနက်တိုင်း၊ ညနေတိုင်းလည်း ပြေးစက်ပေါ်တက်ကာ ပြေးသည် ချွေးဒီးဒီးကျသည်အထိ ပြေးသည်။ ထို့နောက်  လေ့ကျင့်ခန်း ဆက်လုပ်သည်။ တော်ရုံအပြင်ထွက်စရာ ကိစ္စတွင်ပင် မထွက်တော့ဘဲ လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်သည်။ မပျက်မကွက် လုပ်သည်။ လေ့ကျင့်ခန်းလုပ်ပြီးလျှင်လည်း ညနေပိုင်းတွင် နွားနို့ကဲ့သို့သော အရည်နှင့် အသီးအနှံ အချို့မှလွဲ၍ ထမင်းစသော အဖတ်များကို ဘာမှ မစားတော့ပါ။ ထိုသို့ဖြင့် သူမ အသည်းအသန် ဝိတ်လျော့ နေပါသည်။

ဝိတ်လျော့နေသည့် ဒုတိယအပတ်မြောက်ကာလ တစ်ခုသော ညနေတွင် သူမထံသို့ ပါဆယ်တစ်ထုပ် ရောက်လာသည်။ ပါဆယ်ထဲတွင် မည်သည့်ပစ္စည်းများ ပါမည်ကို ခန့်မှန်းမိသော သူမက ကျေနပ်သဘောကျစွာ ပြုံးလိုက်မိရင်း ပါဆယ်ထုပ်ကို ရင်ခုန်စွာ ဖြေမိလေသည်။ သူမ မျှော်လင့်ထားသည့် ပစ္စည်းများ ပါလာသည်ကို တွေ့ရပါသည်။ သို့သော်လည်း ပါဆယ်ထုပ်ထဲတွင် သူမ မမျှော်လင့်ထားသော ပစ္စည်းများလည်း ပါလာပါသည်။ သူမ မျှော်လင့်ထားသည့် အရာများကား စာအုပ်များဖြစ်ပြီး မမျှော်လင့်ထားသည့် အရာများကား ရယ်ဒီမိတ် စားသောက်ဖွယ်ရာများဖြစ်သော လ္ဘက်၊အကြော်စုံ၊ ငပိကြော်၊ အာပြဲခြောက်ကင်၊ သူမနှစ်သက်သည့် ပုဇွန်ခြောက် နီရဲရဲများ ဖြစ်လေသည်။ ထိုစားသောက်ဖွယ်ရာ များကိုတော့ဖြင့် သူမ လုံးဝ မမျှော်လင့်ထားခဲ့ပါ။ မမျှော်လင့်ဘဲ တွေ့လိုက်ရသည့်အတွက်လည်း နှစ်သက်အံ့သြစိတ်ဖြင့် သဘောကျမိရသည်။



သို့သော် ငပိကြော်ပုလင်းမှာ ပါဆယ်ထုပ်ထဲတွင် ဇောက်ထိုးဖြစ်နေခဲ့ဟန် တူပါသည်။ ထိုငပိကြော်ပုလင်းထဲမှ ဆီများမှာ အပြင်သို့ ဖိတ်ကျနေသောကြောင့် ပါဆယ်ထုတ် တစ်ခုလုံး ငပိကြော်ဆီများ စွန်းပေလျှက် ရှိနေသည်။ စာအုပ်များတွင်ပင် ဆီစတို့ အနည်းငယ် ဖိတ်စင် စွန်းပေလျှက် ရှိလေသည်။ ထို့ပြင် ပါဆယ်ထုပ် တစ်ခုလုံးလည်း ငပိကြော်နံ့တို့ဖြင့် သင်းပျံ့ကြိုင်လှိုင်လျှက် ရှိလေတော့သည်။ ပျားပိတုန်းတို့သည် မွှေးကြိုင်သော ပန်းနံ့ကို ရသည့် အခါတွင် နေမထိ ထိုင်မသာ လှုပ်လှုပ်ခတ်ခတ် ဖြစ်တတ်သည့်ပမာ အစားသောက် လျှော့နေသည်မှာ ၂ပတ်ခန့်ရှိပြီး အစားကောင်းကောင်း မစားသည့် သူမ နှာခေါင်းဝတွင်လည်း ငပိကြော်၏ သင်းထုံလှသော ရနံ့မှာ ကလူ၏သို့ မြှူ၏သို့ဖြင့် ဆွဲဆောင်နေတော့သည်။ ထိုအချိန်တွင် သူမ၏ ဗိုက်အတွင်းမှ တစ်ဂွီဂွီဖြင့် မြည်သံများပင် ထွက်လာလေသည်။

ထိုအခါတွင် သူမ၏စိတ်အာရုံသည် မည်ကဲ့သို့ ထိန်းချုပ်၌မျှ မရတော့ဘဲ “ထမင်းကျန်သေးလား”ဟု ဘေးက ညီမတစ်ယောက်ကို လှမ်းမေးလေသည်။ ထိုညီမက “ထမင်းတော့ ကျန်သေးသည်။ ဟင်းတော့ဖြင့် မကျန်တော့ပါ.. မမက ထမင်းဟင်း လျှော့ချက်ဟု ပြောသည့်အတွက် နည်းနည်းသာ ချက်သည်”ဟု ဆိုလေသည်။ သို့သော် သူမအတွက် မည်သည့်ဟင်းမျှ မလိုပါ။ ပါဆယ်ထုပ်ထဲမှ ငပိကြော်ပုလင်းထက် မည်သည့်ဟင်းမျှ မသာနိုင်တော့ပြီကိုလည်း ခုချိန်မှာ သူမ အတိအကျ သိနေပါပြီ။ သူမသည် သွက်လက်သော လက်များဖြင့် ပလပ်စတစ် အထပ်ထပ် ပိတ်ထားသော ငပိကြော်ပုလင်းကို ဖွင့်လိုက်တော့သည်။ ရေနွေးတစ်ခွက် ထည့်လိုက်သည်။ ထို့နောက် ထမင်းဖြူကို တော်တော်ကြီးသော ပန်းကန်လုံး အကြီးတစ်လုံးခူးကာ ငပိကြော်ကို ထမင်းပေါ်ပုံ၍ သူမ စားတော့သည်။ အားရပါးရ စားသည်။ တရစပ် စားသည်။ အနောက်က ကျားလိုက်လာသလို စားသည်။ ထမင်းမစားရတာ ရက်ပေါင်းရာချီ ရှိနေသော သူတစ်ဦးလို အငန်းမရ စားပါတော့သည်။

သူမ ထမင်းစားနေပုံကိုကြည့်ပြီး အိမ်က ညီမများက အံ့သြနေကြသည်။ ပါးစပ်အဟောင်းသား ငေးကြည့်နေသည်။ ထူးဆန်းနေသည်။ အစားအသောက်နှင့် ပတ်သက်ကာ ဘယ်သူ ကျွေးကျွေး၊  မစားဘူး၊ မလိုက်ဘူး ဟု တွင်တွင်ငြင်းကာ လုံးဝ ရှောင်ရှားနေသော သူမသည် ယခုတော့ တစ်ခြားဟင်း ဘာတစ်ခုမှ မပါဘဲ ရေနွေးကြမ်း တစ်ခွက် ငပိကြော်တစ်ပုံနှင့်သာ မြိန်ရည်ရှက်ရည် စားနေသည့် ယခုအချိန်တွင် သူတို့အတွက်တော့ဖြင့် အလွန်ထူးဆန်းသော သတ္တဝါတစ်ကောင် ရောက်လာသလို အံ့သြတကြီး ဖြစ်နေကြလေသည်။ ညီမ တစ်ယောက်က “မမ ဝိတ်လျော့နေတယ်ဆို…. ခုကျတော့ ထမင်းပန်းကန်ကြီးက အကြီးကြီး.. အားရပါးရ စားနေလိုက်တာ” ဟု ဆိုလေရာ သူမက “ ငါ ဒီနေ့ ဝိတ်မလျှော့တော့ဘူး.. ဘာမှ လာမပြောကြနဲ့ ” ဟု ဘု ပြန်တောလိုက်သည်။ ထည့်ထားသော ထမင်းပန်းကန်ကြီးတစ်ပန်းကန် ကုန်လေသော် “ ဝါး … ဗိုက်တင်းသွားပြီ။ စားလို့ကောင်းလိုက်တာ… ငါတော့ အိပ်ခန်းထဲ စောစောဝင်တော့မယ်” ဟု ဆိုလိုက်ကာ ပါဆယ်ထုပ်ထဲမှ သူမ နှစ်သက် မျှော်လင့်ထားသည့် အရာလေးတစ်ခုကို ကောက်ကိုင်ကာ အိပ်ခန်းတွင်းသို့ စောစောစီးစီး ဝင်လာခဲ့လိုက်တော့သည်။

ထိုညနေချိန်မျိုးသည် ခါတိုင်းတွင်တော့ သူမ အပြေးစက်ပေါ်တွင် ပြေးသည့်အချိန်၊ ပြေးပြီးလျှင် ကိုယ်လက် လေ့ကျင့်ခန်းများ ဆက်တိုက်လုပ်နေသည့်အချိန်မျိုး ဖြစ်လေသည်။ သို့သော် သူမသည် ယနေ့ ညနေတော့ဖြင့် ထမင်းကို ငပိကြော် ပုလင်း တစ်ဝက်ခန့် ကုန်အောင် စားပြီးသကာလ အိပ်ရာပေါ်တွင် ဇိမ်နှင့် အနားယူပါတော့မည်။ သူမ လက်ထဲတွင်တော့ အဖြူရောင် အောက်ခံပေါ်တွင် အရောင်စုံ ခဲတံ ဆယ်ချောင်းဖြင့် သရုပ်ဖော်ထားသည့် ချစ်စရာလှပသော သက်တံဆယ်စင်း စာအုပ်ကလေး။ စာအုပ်ကလေးသည် ငပိကြော်ပုလင်းမှ ဆီ အနည်းငယ် စွန်းပေးသွားဟန် ဝါကျင်ကျင် ဆီကွက်လေး ပေစွန်းလို့ နေသည်။ သူမ စာအုပ်လေးကို ဖွင့်ကာ ကြည့်လိုက်သည့်အခါတွင်လည်း ငပိကြော်နံ့က သူမ နှာဝတွင် ကလူကျီစယ် ရောက်လို့ လာလေသည်။ ညနေခင်း နေရောင်ခြည်က အခန်းအတွင်းထိ ခပ်နွေးနွေးလေး ကျနေသည်။ လေနုနု အေးအေးများကလည်း သူမအခန်းရှိ ဖွင့်ထားသော  ပြူတင်းတံခါးမှ တဆင့် တစ်ချက်ချက် ဝင်ဝင် လာတတ်သေးသည်။ စာအုပ်လေးကို ဖတ်နေစဉ်တွင် လေနုအေးက အဝှေ့တိုင်းမတော့ သူမ နှာခေါင်းထဲသို့ ငပိကြော်နံ့ သင်းပျံ့ပျံ့က တိုးတိုးဝင်လာလေသည်။ သို့သော်လည်း စာအုပ်ထဲက အမျိုးအစား စုံလှသော သက်တံ့ရောင်စုံများ ကြားထဲတွင် မမောနိုင် မပန်းနိုင် ဝဲလှည့်ပျံသန်းနေသည့် သူမ အာရုံလိပ်ပြာလေးကိုတော့ ထိုငပိကြော်နံ့သည် အနှောင့်အယှက်မပေးနိုင်သည်မှာ သေချာလှသည်။

ပြီးခဲ့သည့်အပတ်က “သူမထံ ပါဆယ်ပို့စရာရှိသည်။ တစ်ခြား ဘာလိုချင်သေးလဲ” ဟု ချစ်လှစွာသော အစ်မ မမြသွေးနီက ပြောလာသည်တွင် “သက်တံဆယ်စင်း စာအုပ်လေးလည်း လိုချင်တယ်ဟု သူမ ဆိုသည့်အခါ ပါပါ့တော်.. မပါဘဲ ဘယ်နေမလဲ” ဟု သူမ မတောင်းဆိုခင်ကပင် ထည့်ပေးပြီးသား ဖြစ်နေလေသည်။ အင်မတန် ချစ်ဖို့ကောင်းသော ၊ စိတ်ရှည် သဘောကောင်းသော၊ သူတဖက်သားကို အလွန်လည်း အလိုက်သိတတ်လှသော အစ်မတော်ပါပေ။ အစ်မတော် (မမြသွေးနီ အပါအဝင်) ဘလောဂ့်ဂါ ဆယ်ယောက် ( ကိုညီလင်းသစ်၊ မယ်ကိုး၊ သတိုး၊ ဏီလင်းညို၊ ခင်လေးငယ်၊ မြစ်ကျိုးအင်း၊ အိမ့်ချမ်းမြေ့၊ စာအုပ်ဖြစ်မြောက်အောင် စုစည်း စီစဉ်သူ ကိုရန်အောင် ( ရေခဲငှက်) ၊ မြတ်မွန် စသော သူတို့၏ စာမူများဖြင့် ယှက်ဖွဲ့ထားသော သက်တံဆယ်စင်းမှာ သူမ လက်ထဲတွင် လှပစွာ သိမ်မွေ့စွာ။ စာအုပ်ကို စီစဉ်ရိုက်နှိပ်ပေးသည့် ကိုမော်ကြီး၏ သေသပ်လှပသော စိတ်ရှည်သော စေတနာဖြင့် ပုံဖော်ထားသည့် စာအုပ်မျက်နှာဖုံးကပင်လျှင် ချစ်စဖွယ်၊ ဖတ်ချင်စဖွယ် ကောင်းနေပြန်လေသည်။





ဘလောဂ့်ပေါ်မှာကတည်းက သူမ နှစ်သက်စွာ ဖတ်ခဲ့သည့် ဘလော်ဂါများ၏လက်ရာ စာမူကလေးများမှာ သက်တံဆယ်စင်းဟူသော ဖတ်ချင်စဖွယ် စာအုပ်လေးအဖြစ်သို့ ပုံနှိပ်စာလုံးများ အနေနှင့် ခန့်ခန့်ထည်ထည် ရောက်ရှိလို့လာလေပြီ။ အချို့သော စာများမှာ ဘလော့ဂ်ပေါ်တွင် ဖတ်ခဲ့ပြီးဖြစ်သော်လည်း ယခု ပြန်ဖတ်ရသည့်အချိန်တွင် ခံစားမှုအသစ်၊ ရင်ခုန်မှု အသစ်၊ ရသအသစ်မျာကို ပြန်လည် ပေးစွမ်းနိုင်တုန်းပင်။ ရင်ခုန်ရတုန်း၊ စိတ်လှုပ်ရှားရတုန်းပင်။ တစ်ခါမှ မဖတ်ရသေးသော စာမူအသစ်များကိုလည်း ရင်ခုန်သံအသစ်ဖြင့် စိတ်ဝင်စားဖွယ် ဖတ်ရှုခွင့်ရနိုင်သေးသည်။ သူမသည်လည်း သက်တံတို့၏ ခေါ်ဆောင်ရာကို စိတ်အညှို့ခံရသူ တစ်ဦးပမာ အလိုက်သင့် စီးမျှောလိုက်ပါရင်း တစ်ချက်ချက် စာအုပ်တွင် စွန်းပေနေသော ဆီစက်လေးမှရရှိသည့် ငပိကြော်သည် နှာဝတွင် ရှုရှိုက်မိနေရင်းက စာအုပ်လေးထဲမှ စာများသည်ပင်လျင် ပိုမို အသက်ဝင် နှစ်သက်ဖွယ် ကောင်းလာသလို စိတ်တွင် ထင်လာမိလေသည်။ ငပိကြော်နံ့လေးဖြင့် ဖတ်နေရသော သက်တံဆယ်စင်း သည်ပင်လျင် သူမအတွက်တော့ အရောင်စုံသော ပန်းခင်းထဲတွင် ပြေးလွှားမြူးထူးနေခိုက် တစ်ခါတစ်ရံ ပန်းများ၏ ရနံ့သာမက ဘေးပတ်ဝန်းကျင်မှ သစ်ပင်တို့၏ အသက်ဝင်လှသော ရနံ့ကိုပါ တစ်ချက်တစ်ချက် ရလိုက်သည့်ပမာ ပိုမို စိတ်လှုပ်ရှား ရင်ခုန်ဖွယ် ကောင်းလှသည်ဟုလည်း ထင်မြင်မိလေသည်။



စာအုပ်လေးထဲမှ အချို့သက်တံလေးများသည် နူးညံ့သိမ်မွေ့ လှပစွာ ယှက်ဖြာနေပြီး၊ အချို့သက်တံကတော့ စိတ်ခွန်အားကို ပေးနိုင်စွမ်းလေသည်။ တစ်ချို့သော သက်တံကတော့ နောင်တတရားတို့ဖြင့် ယှက်ဖောက်ထားပြီး  အချို့ သက်တံကတော့ သူမ မသိခဲ့ဖူး၊ မရောက်ခဲ့ဖူးသည့် ဒေသန္တရ ဗဟုသုများကို မျှဝေနေသည်။ အချို့ သက်တံဆီမှ အတွေးသစ် များစွာကို ရရှိစေကာ အမျှင်မပြတ်သော အတွေးစတွေကို တစ်သီကြီး ဖြစ်ပေါ်စေပြန်သည်။ အချို့ သက်တံကတော့ လောကကြီးထဲက အဖြစ်အပျက်များကို မီးမောင်းထိုးပြထားပြီး တရားကျဖွယ်၊ သင်ခန်းစွာ ယူဖွယ်တို့ကို ဖော်ပြနေပြန်သည်။ အချို့ သက်တံကတော့ဖြင့် မေတ္တာတရားကို လှပစွာ၊ ခန်းနားစွာ ဖော်ကျူးထားပြန်လေသည်။ အချို့သက်တံကတော့ အားကောင်းလှသော စကားလုံးများဖြင့် စာဖတ်သူကို ညှို့ယူဖမ်းစား ဆွဲဆောင်လို့ နေပြန်သည်။ ဘယ်သို့ပင်ဆိုစေ ထို စာအုပ်ဖြူဖြူလေးကို သက်တံဆယ်စင်းဖြင့် ယှက်ဖောက် ဖော်ကျူးထားသည့် ကောင်းကင်အဖြစ် သူမကတော့ နှစ်သက်စွာ သဘောကျမိလေသည်။ အခြားသော သက်တံလေးများလည်း ကောင်းကင်ပေါ်ဝယ် လင်းလက် တောက်ပစွာ ထွန်းလင်း နိုင်ကြပါစေဟုလည်း ဆန္ဒမွန်ဖြင့် ဆုတောင်းမိပါသေးသည်။

သက်တံဆယ်စင်းတို့၏ ဖမ်းစားမှုဖြင့် သူမသည် ထိုညနေခင်းက  လေ့ကျင့်ခန်း လုပ်ရမည်ကို လုံးလုံးလျားလျား မေ့လျော့သွား မိလေတော့သည်။



ကြက်ကောက်ညှင်း အဆာသွပ်ပေါင်း

ဒီတစ်ပတ်မှာတော့ ကချင်ပြည်နယ် ဗန်းမော်-မိုးမောက် ဒေသက အစားအသောက် တစ်မျိုးနဲ့ မိတ်ဆက်ပေး ချင်ပါတယ်။ အဲဒါကတော့ "ကြက်ကောက်ညှင်း အဆာသွပ်ပေါင်း" ဆိုတဲ့ အစားအစာ တစ်မျိုးပဲ ဖြစ်ပါတယ်။ ကြက်ကောက်ညှင်းအဆာသွပ်လုပ်ဖို့ အတွက် သိပ်မကြီးတဲ့ အနေတော် ကြက်တစ်ကောင် လိုအပ်ပါတယ်။ ကြက်အကောင်ကြီးရင် အသားရင့်ပြီး စားမကောင်းတဲ့ အတွက် ကြက်အကောင် အသေးကို ရွေးရပါတယ်။ ကြက်ဝမ်းဗိုက်ထဲကို ထည့်ပြီးပေါင်းဖို့ အတွက် သင့်တော်သလောက် ကောက်ညှင်းငချိတ်ကိုလည်း ကြိုပေါင်းထားပြီး အအေးခံထားရပါမယ်။

Image Hosted by PicturePush - Photo Sharing

ပုံတွင်ပြသည့်အတိုင်း ကြက်အကောင်သေး တစ်ကောင်ကို အမွေးအမှင်များ စင်အောင်နှုတ်၊ ရေစင်စင် ဆေးပြီး ရင်အုံအောက်( ပေါင်ရင်းနားလောက်) မှနေ၍ အပေါက်သေး တစ်ခုကို ဓားဖြင့်ခွဲကာ ကလီစာများကို အခုလို ပန်းကန် တစ်ချပ်ဖြင့် အရင် ဖယ်ထုတ်ထားလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

အသင့်ပေါင်းပြီးသား ကောက်ညှင်း ငချိတ်

Image Hosted by PicturePush - Photo Sharing

ချောက်ကောပါးကော အမှုန့်များ (နာနတ်ပွင့်၊ ဖာလာစေ့)

Image Hosted by PicturePush - Photo Sharing

ကြာညို့ အချိုအငံ နှစ်မျိုးလုံးကို ထည့်ပါတယ်

Image Hosted by PicturePush - Photo Sharing

၎င်း ကြက်တစ်ကောင်လုံးကို အသားမှုန့်၊ ကြာညို့အချိုအငံနှစ်မျိုး၊ ဂျင်းရည်၊ ချောက်ကော ပါးကော အမှုန့်တို့ဖြင့် အသားထဲ စိမ့်ဝင်အောင် နယ်ထားပါတယ်။


Image Hosted by PicturePush - Photo Sharing

ကလီစာများကို ရေစင်အောင် ဆေးပြီး ပါးပါးလှီးကာ အသင့်ပေါင်းထားသော ကောက်ညှင်းဖြင့် ဂျင်းရည်၊ ကြာညို့၊ ဆား၊ ချောက်ကော ပါးကော၊ အသားမှုန့်၊ ဂျင်း စသည်တို့ကို လိုအပ်သလို ထည့်ကာ သမအောင် ထပ်နယ် ထားပါတယ်။

Image Hosted by PicturePush - Photo Sharing

ကြက်ဝမ်းဗိုက်ထဲ အဆာသွတ်ရန် အဆင်သင့်ဖြစ်နေသော ကောက်ညှင်းငချိတ်နှင့် ကလီစာများ။

Image Hosted by PicturePush - Photo Sharing

ထိုနောက် အသင့်ပြင်ထားသော ကောက်ညှင်းငချိတ်နှင့် ကလီစာများကို ကြက်ဝမ်းဗိုက်ထဲသို့ သိပ် ထည့်ရပါတယ်။

Image Hosted by PicturePush - Photo Sharing

အဆာသိပ်ပြီးသွားတဲ့ အချိန်မှာ ဓားဖြင့်ခွဲထားသော ကြက်ဝမ်းဗိုက်ကို အပ်နှင့် အပ်ချည်ကို အသုံးပြုပြီး အဆာများ ပြန်မထွက်လာစေရန် သေချာစွာ ပိတ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ပေါင်းရန် အသင့်ဖြစ်နေသော ကြက်ကောက်ညှင်းငချိတ် အဆာသွတ်

Image Hosted by PicturePush - Photo Sharing

ပေါင်းအိုးထဲသို့ မထည့်မှီ ကြက်ခြေထောက် ဒူးဆစ်နေရာလောက်မှ အကြောကို ဓားသေးသေးဖြင့် ဖြတ်ထားဖို့ လိုအပ်ပါတယ်။ ပေါင်းအိုးထဲ ထည့်တဲ့ အချိန်ရော၊ ကြက်ကို ပေါင်းနေစဉ် အချိန်မှာပါ အဆင်ပြေစေဖို့ ဖြစ်ပါတယ်။


စပေါင်းရန် အဆင်သင့် ဖြစ်နေသောကြက်ကို Rice Cooker သို့မဟုတ် ပေါင်းအိုးထဲ ထည့်ပြီး ရေ အနည်းငယ် ထည့်ကာ အချိန် တစ်နာရီ ( သို့မဟုတ်) ကြက်အသားနူးသည်အထိ ပေါင်းလိုက်ပါတယ်။


ထို့နောက် အသားများ နူးညံ့ အရသာရှိလှပြီး ရနံ့မွေးကြိုင်လှသော ကြက်ကောက်ညှင်း အဆာသွပ်ပေါင်း ကို ရပါပြီ။

Image Hosted by PicturePush - Photo Sharing

အချဉ်ရည်ဖြင့် တွဲဖက်စားသုံးရန် အဆင်သင့် ဖြစ်နေသော ကြက်ကောက်ညှင်းအဆာသွပ်ပေါင်း။

Image Hosted by PicturePush - Photo Sharing

ဒါကတော့ ကြက်ရဲ့ ဝမ်းဗိုက်ထဲက ကောက်ညှင်းနဲ့ ကလီစာတွေကို ခုလို မြင်ရတဲ့ ပုံပါ။ (ကော်မန့်ထဲမှာ ရေးထားတဲ့ မမေဓါဝီရဲ့ တောင်းဆိုချက်ကြောင့် ဒီတစ်ပုံကို ထပ်ဖြည့်ပြီး ထည့်ပေးလိုက်ပါတယ်။) :P:P
ထမင်းနှင့်ပဲ စားစား၊ ဒီအတိုင်းပဲ စားစား၊ အမြည်းအဖြစ်ပဲ စားစား စားလို့ အရသာရှိ ခံတွင်းမြိန်စေမယ့် ကြက်ကောက်ညှင်း အဆာသွတ်ပေါင်းကို ဒီတစ်ပတ် တနင်္ဂနေနွေနေ့ အစားအသောက်အဖြစ် ဖော်ပြ လိုက်ရပါတယ်ရှင်။

ဒီကြက်ကောက်ညှင်း အဆာသွတ်ပေါင်းကို ကိုယ်တိုင်ကိုယ်ကျ လုပ်ပြပြီး လုပ်နည်း အဆင့်ဆင့်ကို သေချာ စွာ ရှင်းပြ ပေးသူကတော့ ဗန်းမော်သူ မလီလီအေး ဖြစ်ပါတယ်။ ဒီကြက်ကောင်ညှင်းပေါင်းနည်းကို ကိုယ်တိုင် လုပ်ပြပြီး ရှင်းပြပေးခဲ့တဲ့ မလီလီအေးကို ဒီပို့စ်မှ တဆင့် ကျေးဇူးအထူး တင်ကြောင်း ဖော်ပြချင် ပါတယ်။

ဘလော့ဂ်ကြွလာ၊ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲကြပါစေရှင်...



ကန္တာရထဲက လခြမ်းကွေး..

သဲကန္တာရတွေထဲက ထူးခြားတဲ့ အံ့သြဖွယ်တစ်ခုကို ညွှန်းရမယ်ဆိုရင် လခြမ်းကွေးရေကန်ကြီးကို ဖော်ပြချင်ပါတယ်။ ခပ်ကွေးကွေး အနေအထားနဲ့တူပြီး လခြမ်းကွေးသဏ္ဍန် ဖြစ်ပေါ်နေတဲ့ ရေကန်ဟာ တရုတ်ပြည် Gansu ပြည်နယ်ရှိ Dunhuang မြို့နဲ့ ၆ကီလိုမီတာ အကွာလောက်မှာ Echoing-Sand သဲသောင်တန်းကြီးရဲ့ တစ်ဖက်မှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ အရှေ့မှ အနောက်သို့ အလျား ၂၁၈ မီတာ ရှည်လျားပြီး မြောက်မှ တောင်သို့ အနံ ၅၄မီတာ ကျယ်ဝန်းပါတယ်။ ရေကန်ဖြစ်ပေါ်နေတဲ့နေရာဟာ ပတ်ဝန်းကျင်က သဲပြင်တွေထက် နိမ့်တဲ့ အနေအထားမှာ ရှိတာကြောင့်လည်း ရေတွေ သိုလှောင်ထားသလို ဖြစ်နေခဲ့ပါတယ်။ လခြမ်းကွေးရေကန်ကို တစ်ချို့ကတော့ လှပရွှန်းလက် တောက်ပတဲ့ အမျိုးသမီးတစ်ဦးရဲ့ မျက်ဝန်းနဲ့တူတယ်လို့ တင်စားကြပြီး အချို့ကတော့လည်း လျှို့ဝှက်ပြီး နူးညံ့သိမ်မွေ့ ဆွဲဆောင်အားကောင်းတဲ့ မိန်းမပျိုရဲ့ နှုတ်ခမ်းကွေးလေးနဲ့ တူတယ်လို့လည်း ဆိုကြပြန်ပါတယ်။

Image Hosted by PicturePush - Photo Sharing


လခြမ်းကွေးရေကန်ဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၀၀၀ ကျော်လောက်က ဖြစ်လာတယ်လို့ ခန်းမှန်းရပြီး ၁.၃၇ ဧက ကျယ်ဝန်းသော ကြည်လင် စိမ်းစိုပြီး သန့်စင်နေတဲ့ ရေချိုကန်ဖြစ်ပါတယ်။ ခြောက်သွေ့ပြီး သစ်ပင်ရယ်လို့ တစ်ပင်မှ မပေါက်နိုင်တဲ့ သဲကန္တာရထဲမှာ ထူးထူးခြားခြား ဖြစ်ပေါ်နေပေမို့ ကန်ထဲက ရေဟာ တစ်နှစ်ပတ်လုံး ခန်းခြောက်ခြင်း မရှိဘဲ အမြဲတမ်း တည်ရှိနေတာပါ။ သို့သော်လည်း ပူနွေးလာတဲ့ ကမ္ဘာကြီးရဲ့ဖြစ်စဉ်အရ လခြမ်းကွေးရေကန်ထဲက ရေတွေဟာလည်း လွန်ခဲ့တဲ့ ရာစုနှစ်များထက်စာရင် တစ်ဖြည်းဖြည်း လျော့နည်းလို့ လာနေပါပြီ။ ၁၉၆၀ ပတ်ဝန်းကျင်လောက်က ရေကန်ရဲ့ ပျှမ်းမျှ အနက်ဟာ ၄မီတာကနေ ၅မီတာခန့် ရှိပြီး အနက်ဆုံးနေရာမှာ ၇.၅မီတာလောက် ရှိခဲ့ပေမဲ့ ၁၉၉၀ခုနှစ်လောက်မှာတော့ ၀.၉မီတာနဲ့ အနက်ဆုံးနေရာမှာ ၁.၃မီတာလောက်သာ ရှိပါတော့တယ်။ ဒါကြောင့် လခြမ်းကွေးရေကန်ဟာ နှစ်ပေါင်း ၃၀အတွင်းမှာ ရေအနက်ဟာ ၂ တော်တော်များများ လျော့ကျ သွားခဲ့တယ်လို့ ဆိုပါတယ်။


 Image Hosted by PicturePush - Photo Sharing



သို့ပေမဲ့ ပြည်နယ်အစိုးရနဲ့ တာဝန်ရှိသူများက ရေကန်ထဲက ရေတွေ ဆက်လက် ကျဆင်းလျှော့နည်းသွားတာမျိုး မဖြစ်အောင် နှစ်စဉ်နှစ်တိုင်း ရေလယ်ဗယ်ကို ပြန်ပြီး ဖြည့်တင်းခဲ့ကြပါတယ်။ ရေကန်ဘေး ပတ်လည်မှာ စိမ်းစိုလန်းဆန်းနေတဲ့ မြက်ပင်စိမ်းစိမ်းတွေက အနားသတ်ပေး  ထားသလို လှပနေပြီး ရေကန်တစ်ဖက်မှာတော့ ဟန်ခေတ်လက်ရာ ဘုရားကျောင်းကို တွေ့နိုင်ပါတယ်။ ထို့နောက် စိုက်ခင်း စိမ်းစိမ်းများကို သဲပြင်ဝါဝါနဲ့အတူ ကဗျာဆန်ဆန် ဆန်းကျယ် တင့်မောစွာ မြင်တွေ့ရမှာဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

ဆောင်းရာသီ ဆီးနှင်းများ ဖုံးနေတဲ့ ကန္တာရနဲ့ ရေကန်

ကန္တာရထဲမှာရှိတဲ့ လခြမ်းကွေးရေကန်ဟာ ပြည်တွင်းနဲ့ ပြည်ပ ခရီးသွားများကြားမှာ ထင်ရှား ကျော်ကြားပါတယ်။ ကန္တာရထဲက စိမ်းစိုနေတဲ့ အိုအေစစ်လေးဆိုရင်လည်း မမှားပါဘူး။ လခြမ်းကွေး ရေကန်ကို အလည်ရောက်လာကြသူများဟာ သဲတောင်တန်းထိပ်ကို တက်ရောက်ပြီး ကန္တာရသဲပြင်ကြီးရဲ့ ရင်သပ်ရှုမော အလှတွေ၊ နေဝင်ဆည်းဆာနဲ့ နေထွက်ချိန်တွေကို ငေးမောကြည့်ရှုကြသလို သဲပြင်ပေါ် လျှောစီးမလား၊  ကုလားအုတ်စီးမလား .. အဆင်ပြေပြေ သွားရောက်နိုင်အောင် စီစဉ်ပေးတဲ့ ခရီးသွား လုပ်ငန်းတွေလည်း ရှိနေပါတယ်။ ကန္တာရကြီးထဲ အလည်အပတ်သွားတဲ့ စိတ်လှုပ်ရှားဖွယ် ခံစားချက်မျိုး လိုချင်ကြသူများ အလည်သွားနိုင်ကြပါပြီနော်..  


အားလုံးကို လေးစားချစ်ခင်စွာဖြင့်

 

လမ်းမကြီးပေါ်က သင်ခန်းစာများ


သူမတို့အိမ်ရှေ့တွင် ကျယ်ဝန်းလှသော လမ်းမကြီး တစ်ခုရှိသည်။ လမ်းမကြီးသည် ကောင်းမွန် ချောမွေ့လှပြီး အပေါက်အပြဲ အဖာအရာ မရှိအောင် ကောင်းမွန်ေ သသပ်လှသည်။ လမ်းဘေး ဝဲယာတွင်တော့ လူသွားလမ်း ပလက်ဖောင်းရှိပြီး ၄င်းပလက်ဖောင်းပေါ်တွင် စိမ်းစိုလန်းဆန်းနေသော ကွမ်းပင်သဏ္ဍန် အပင်မြင့်များကို အတန်းလိုက် ၅ပေ ၆ပေခန့် ခြားပြီး စိုက်ပျိုးထားတာ တွေ့နိုင်ပေသည်။ ထို့ပြင် အသီးများ သီးတတ်သော ၆-ပေခန့်အရွယ် ပိန္နဲ၊ သရက်၊ သမင်မျက်လုံးသီးစသော သစ်ပင်များကို ရာသီအလိုက် ပန်းတွေ ပွင့်တတ်သည့်  ပန်းပင်ပုတို့က ခြံရံစိုက်ပျိုး အလှဆင်ထားသည်။ ကြည့်လိုက်လျှင် စိမ်းလန်း စိုပြေနေပြီး ပန်းပွင့်တွေကလည်း ရာသီအလိုက် ဖူးပွင့်ဝေဆာ လှပလို့နေသည်မှာ ပန်းဥယျဉ်သဖွယ် စိမ်းချမ်းမြေ့ဖွယ် ရှိရတော့သည်။ လူသွားလမ်း ပလက်ဖောင်းပေါ်မှ လမ်းလျှောက်သွားရသည်မှာ မြို့တွင်းတွင် လမ်းလျှောက်နေသည်နှင့်ပင် မတူ။ ပန်းဥယျာဉ်တွင်း လမ်းလျှောက်သွားနေရသည်နှယ် စိတ်ချမ်းမြေ့ဖွယ် ရှိလေသည်။



လမ်းမကြီးမှာတော့ ဥဒဟို သွားလာနေကြသောကားများ၊ ဆိုင်ကယ်များ များစွာရှိလေသည်။ သူမနေသည့်မြို့သည် ဆိုင်ကယ်ပေါသောမြို့ ဖြစ်သောကြောင့် လူငယ်လူရွယ်များကတော့ ဆိုင်ကယ်ကို အများအားဖြင့် စီးနှင်းကြသော်လည်း စီးပွားရေးလုပ်ငန်းရှင်များ၊ ငွေကြေးချမ်းသာသူများ၊ ခရီးသွားများကတော့ ကိုယ်ပိုင်ကား၊ တက္ကစီစသည်တို့ အသုံးပြုကြသည်။ စီးပွားရေးအချက်အချာ မြို့လည်း ဖြစ်တာကြောင့် ကုန်တင်ကားကြီး ကားငယ်များလည်း ဝင်ထွက် သွားလာနေကြသည်မှာ ပျားပန်းခတ်မျှ ရှိလေသည်။ ကျယ်ဝန်းလှသော လမ်းမကြီးတွင် စည်းကမ်းတကျ သူ့လမ်းကြောင်းနှင့် သူ၊ သူ့ဦးတည်ရာနှင့်သူ သွားလာလှုပ်ရှားနေသော လမ်းမကြီး၏ မြင်ကွင်းကိုအပေါ်စီးကနေ ကြည့်ရတာသည်မှာ မျက်စိပသာဒ ဖြစ်စရာကောင်းလှပေသည်ဟု သူမကထင်မိလေသည်။ ထို့ကြောင့်လည်းကားကြီးကားငယ် အသွယ်သွယ်၊ ဆိုင်ကယ် အမျိုးမျိုး၊ လူအဖုံဖုံ ဖြတ်သန်းသွားလာရာ လမ်းမကြီးသည် စိတ်ဝင်စားဖို့လည်းကောင်းလေသည်။

အိမ်ဝရံတာထက်မှ သူမနေ့စဉ် ငေးမောကြည့်ရှုမြဲဖြစ်သည့် ဖြောင့်တန်းရှည်လျားပြီး လှပသာယာသော လမ်းမကြီးနှင့် ပြေးလွှားသွားလာနေသောကားရောင်စုံ၊ ဆိုင်ကယ်မျိုးစုံတို့သည် လူ့လောကကြီးနှင့် ပမာတူလှသည်ဟု သူမက ထင်မိပါသည်။ ဦးတည်ရာမတူ၊ ရည်ရွယ်ချက် မတူညီကြသော်လည်း အားလုံးသည် လမ်းမကြီးပေါ်တွင် သူ့လမ်းကိုယ့်လမ်း၊ မိမိရွေးချယ်သည့်လမ်းကြောင်း၊ မိမိလိုလားသည့် ဦးတည်ရာကို အသီးသီးအသကကိုယ်စီကိုယ်ငှ သွားလာနေကြသည်။ ကားကလည်းကားလမ်းကြောင်း၊ ဆိုင်ကယ်ကလည်း ဆိုင်ကယ်လမ်းကြောင်း ၊ လူတွေသည်လည်းလူသွားလမ်းပလက်ဖောင်းပေါ်မှ စည်းကမ်းတကျ ရှိနေကြသည်။ အချိန်တိုင်း မရပ်မနား သွားလာနေကြသည်။ ထို့ကြောင့်လည်း ဖြောင့်တန်းနေသော လမ်းမကြီးသည် တနည်းအားဖြင့် မရပ်မနား လှုပ်ရှားနေသောလောကကြီးနှင့် လွန်စွာ တူလှပေသည်။

လမ်းမကြီးပေါ်တွင် သွားလာနေသောကားများ၊ ဆိုင်ကယ်များ ၊ လူများသည် မိမိလမ်းကြောင်းအတိုင်း၊ အစီအစဉ်တကျ သွားနေကြသည်။ စည်းကမ်းတကျ သွားနေကြသည် ဟု တွေးထင်စရာ ရှိသော်လည်း လမ်းမကြီးကိုအိမ်ပြူတင်းပေါက်မှ နေ့စဉ် ငေးမောကြည့်ရှုလေ့ရှိသောသူမသည် လမ်းမကြီးပေါ် သွားလာနေသော လူအချို့၏ ရက်စက် ရိုင်းစိုင်းသော ၊ ကောက်ကျစ်ယုတ်မာသော အမူအကျင့်၊ စိတ်နေ စိတ်ထားများကို မကြာခဏ မြင်တွေ့ရလေ့ ရှိသောအခါတွင် လမ်းမကြီးသည် လူ့လောကကြီးနှင့် ပိုပို၍ တူလာသည်ကို သူမအနေနှင့် ပို၍လက်ခံလာမိလေသည်။ စလင်းဘက် အိတ်ကလေးကိုလွယ်ကာ လမ်းမကြီးပေါ်တွင် ဆိုင်ကယ်တစ်စီးဖြင့် အေးအေးလူလူ သွားနေသော အမျိုးသမီးတစ်ဦးအား အခြား ဆိုင်ကယ်တစ်စီးပေါ်မှ ယောက်ျားနှစ်ယောက်က အမျိုးသမီး၏ စလင်းဘက်အိတ်ကိုလုယူပြီး ဆိုင်ကယ်ကို စက်ကုန်ဖွင့် မောင်းနှင်ထွက်ပြေးခြင်း၊ ဆိုင်ကယ်ပေါ်မှ လင်မယားစုံတွဲ၏ ပိုက်ဆံအိတ်ကို မရရအောင် လုပြေးသည့်အတွက် ဆိုင်ကယ်နောက်မှာ ထိုင်သည့်အမျိုးသမီးမှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး ဦးခေါင်းဆောင့်မိကာ အုတ်ဆက်ကွဲ၍ သေဆုံးသွားရသောမြင်ကွင်း၊ ဆွဲကြိုးဖြတ်ပြေးသည့်မြင်ကွင်း စသည့် ဆင်တူ အဖြစ်အပျက်များကို တစ်နှစ်အတွင်း အကြိမ်များစွာ မြင်တွေ့ခဲ့ရဖူးသည်။ ခတ္တခဏဆိုပြီး  လမ်းဘေးတွင် ရပ်ထားသောဆိုင်ကယ်ကို သော့ဖျက်ပြီး ခိုးယူသွားသည့် ဖြစ်ရပ်မျိုးလည်း အခါများစွာသူမ ရှိတတ်ပါသည်။

တစ်ကြိမ်တွင်မူ အလျင်စလို မောင်းလာသော တက္ကစီတစ်စီးက အခြားကားတစ်စီးအား ကျော်တက်ရင်း အရှိန်လွန်ပြီး လမ်းကြောင်းမှန် မောင်းလာသည့် ဆိုင်ကယ်ကို ဝင်တိုက်မိကာဆိုင်ကယ်သမား ပွဲချင်းပြီး အသက် ဆုံးရှုံးသွားသည့်ဖြစ်ရပ်မျိုး၊ ဆိုင်ကယ်နှင့်အမျိုးသမီးတစ်ဦး လမ်းကြားမှ ကွေ့ထွက်လာသည်ကို အရှိန်ပြင်းပြင်း မောင်းလာသည့်ကားက တိုက်မိပြီး ထိုကားသည် တစ်ချက်လေးမှ လှည့်မကြည့်တော့ဘဲ မောင်းထွက်ပြေးသွားသည့် ဖြစ်ရပ်မျိုး၊ ကိုယ်ပိုင်ကားတစ်စီးမှ အမျိုးသားတစ်ဦး၏ ဆိုင်ကယ်ကို တိုက်မိလိုက်သော်လည်း ဆင်းပင်မကြည့်ဘဲကားကို အသံမြည်အောင် မောင်းပြေးသွားသော်လည်း ကံဆိုးစွာဘန်ဘာပြုတ်ကျပြီး ကားနံပါတ်ပြားပါ ကျကျန်ရစ်ခဲ့သောကြောင့် ထိုညမှာပင် မော်တော်ကားရော ၊ လူပါ အဖမ်းခံလိုက်ရသည့်ဖြစ်ရပ်မျိုး၊ အရှိန်ပြင်းပြင်းမောင်းလာသည့် ဆိုင်ကယ်က ရပ်ထားသည့် ကားကို ဝင်တိုက်ပြီး မကြည့်ရက်စရာ ဒဏ်ရာဒဏ်ချက်များစွာဖြင့် သွေးချင်းချင်းနီရဲအောင် ထိခိုက်ဒဏ်ရာ ရသွားသည့် မြင်ကွင်းမျိုး ၊ ကားတိုက်ခံရသည့် သူက သတိမေ့မသွားဘဲ သွေးချင်းချင်းနီရဲနေသော်လည်း မတ်တပ်ထရပ်ကာ ဖြစ်သွားဖြတ်လာ အခြားသောကားများကို ဆေးရုံလိုက်ပို့ပေးဖို့ အကူအညီ တောင်းရာတွင် ကားကို ရပ်မပေးဘဲမောင်းပြေးသော ဖြစ်ရပ်မျိုးစသည့် အနိဌာရုံဖြစ်ရပ် များစွာတို့ အပြင် လမ်းဘေးတစ်လျှောက်တွင် စိုက်ထားသော အလှပန်းပင်များကို စည်းကမ်းမဲ့စွာ ခူးယူချိုးဖျက်သွားကြသည့်သူများ၊ အမှိုက်များကို စွန့်ပစ်ရန် သတ်မှတ်ထားသည့် နေရာများ ရှိပါလျက်ကယ်နှင့် ၄င်းနေရာတွင် မပစ်ဘဲ လမ်းမကြီးပေါ်သို့ အလွယ်တကူ ပစ်ချသွားသည့်သူများ စသဖြင့် လမ်းမကြီးပေါ် သွားလာနေကြသူ လူပေါင်းစုံတို့၏ မသိသားဆိုးဝါးလှသော စရိုက်အဖုံဖုံကို ထို လမ်းမကြီးထက်တွင် မကြာခဏ မြင်တွေ့ရလေ့ရှိသည်။

တစ်ခါတရံတွင်မူ ကားတိုက်မှုဖြစ်သောအခါ မိမိနှင့် မဆိုင်သော်လည်း ကားရပ်ပြီးတတ်နိုင်သမျှ ကူညီပေးသောသူများ၊ ကားပျက်နေသူများကို လမ်းသွားရင်း ဝင်ကူညီတွန်းပေးသွားသူများ၊ မိမိအစွမ်းရှိသမျှ စေတနာထားကာ ပြင်ပေးသွားသူများ၊ လိုအပ်သည့် အကူအညီ ပေးသွားသူများ၊  ကားပေါ်မှ စွန့်ပစ်သွားသော အမှိုက်သရိုက်များကို လမ်းပေါ်တွင် အပြေးလေ့ကျင့်နေသူတစ်ဦးမှ ကောက်ယူကာ အမှိုက်ပုံးထဲ ထည့်သွားပေးသော မြင်ကွင်းများ၊ လမ်းသွားလမ်းလာ တစ်ဦးဦးမှ ကျကျန်ရစ်ခဲ့သော ပိုက်ဆံအိတ်ကို အခြားကောက်ရသူ တစ်ဦးမှ ရဲစခန်းသို့ သွားအပ်သည့် အဖြစ်အပျက်များ စသည်တို့ကိုလည်း တွေ့ရတတ်ပါသေးသည်။ သို့သော်လည်း ထိုသို့သောလှပသည့် မြင်ကွင်းမျိုးမှာလည်း တွေ့တောင့်တွေ့ခဲ ရှားပါးလှပါသည်။

လူသားတို့နေထိုင်ရာဘဝခရီးကို ဖြတ်သန်းကျင်လည်ရာလောကကြီးတွင် ကောင်းသူနှင့် မကောင်းသူဟူ၍ လူအမျိုးမျိုးရှိသကဲ့သို့ပင် သူမအိမ်ရှေ့မှ လမ်းမကြီးပေါ်တွင် ဖြတ်သန်း သွားလာနေကြသူများတွင်လည်း စိတ်နှလုံး ကောင်းမွန်သည့်သူ၊ ကူညီတတ်သည့်သူများ ရှိသလို ဆိုးသွမ်းရိုင်းစိုင်းသူ၊ ကိုယ်ချင်းစာစိတ် ကင်းမဲ့သူ၊ စိတ်ဓာတ် အောက်တန်းကျသူများကိုလည်း တွေ့နေမြင်နေရသည်သာ ဖြစ်လေသည်။ အချို့သောသူများသည် မိမိကောင်းဖို့ အဆင်ပြေဖို့အတွက် သူတစ်ပါးကို ထိခိုက်အောင် လုပ်သူများရှိသလိုပင်။ လမ်းမကြီးပေါ်တွင်လည်း မိမိလမ်းကြောင်းအတိုင်း သွားနေသူများကိုကားဖြင့် ဝင်တိုက်ကာ တာဝန်မယူဘဲ ထွက်ပြေးသူများ၊ အေးအေးလူလူသွားနေသူများထံမှ ပိုက်ဆံအိတ် လုပြေးသူများ စသဖြင့် ရှိသည်တို့မှာလည်း လူ့လောကကြီးထဲမှ စိတ်ဓာတ်နိမ့်ပါးသူ စုန်းပြူးတစ်ချို့၏ စရိုက်များ ဖြစ်လေသည်။ ထိုသို့သော အဖြစ်အပျက်များစွာ မြင်တွေ့ရသည့် လမ်းမကြီးသည် လူ့လောကရှိ လူတို့၏ စိတ်နေစိတ်ထား၊ အကျင့်စရိုက်များကို ဖော်ပြနေသောဇာတ်ခုံတစ်ခု ပမာလည်း ဖြစ်လေသည်။

မည်သို့ပင် ဖြစ်စေကာမူလမ်းမကြီးကတော့ လူဖြူ၊ လူမည်း၊ ယောက်ျား၊ မိန်းမ၊ ကလေးအပါအဝင် လူမျိုးဘာသာ မခွဲခြားဘဲ ကောင်းသူကိုရော ဆိုးသူများကိုပါ မည်သူ့ကိုမှ ခွဲခြားမှုမရှိ။ သူ့အပေါ်မှ နေ့တဓူဝ ဖြတ်သန်းသွားလာခွင့် ပေးမြဲပေးလျက်ပင် ဖြစ်သည်။ ဆိုးသွမ်းသူများ ဖြတ်သန်းသွားလာနေကြသည့် အတွက် လမ်းမကြီးတွင် စိတ်ဆိုးခြင်း၊ စိတ်ပျက်ခြင်း ရှိပုံမရဟု သူမတွေးမိသည်။ တခါ လူကောင်း၊ သူကောင်း စိတ်ကောင်းရှိသူများ ဖြတ်သန်းသွားလာနေကြသည့် အတွက် လမ်းမကြီးများ ဂုဏ်ယူပြီး အပျော်လွန်နေလေမလား လို့လည်း သူမတွေးမိပါသေးသည်။ လမ်းမကြီးကား တည်တည်ငြိမ်ငြိမ်နှင့်ပင် ထိုသို့ မဟုတ်တန်ရာဟု ပြောနေသယောင် ရှိနေပြန်ပါသည်။ လမ်းမကြီးကား ကောင်းခြင်းဆိုးခြင်း၊ ချီးမွမ်းခြင်းကဲ့ရဲ့ခြင်း တည်းဟူသော လောကဓံတို့ကို ကောင်းမွန် ကျနစွာသဘောပေါက် နားလည် ထားသည့် ပမာ ရှိနေသည်ဟုလည်း သူမ တွေးထင်မိပြန်ပါသည်။

တဖြည်းဖြည်းနှင့် လမ်းမကြီးကို လမ်းမကြီးတစ်ခုအဖြစ် သူမ မမြင်မိတော့။ လမ်းမကြီးကို လောကကြီးအား ကောင်းကောင်း ဖြတ်သန်းနားလည် သဘောပေါက်ခဲ့ပြီးသူ၊ အလွန်အင်မတန်မှ ရင့်ကျက်တည်ငြိမ်သည့် အသွင်သဏ္ဍာန်ရှိသော သက်ရှိထင်ရှားလူကြီးတစ်ဦး (သို့မဟုတ်) သူကိုယ်တိုင် လောကကြီးအဖြစ် သူမစိတ်တွင် တဖြည်းဖြည်း ထင်မြင်လာမိသည်။ အဖြစ်အပျက် တစ်ခုကို သူမ မြင်တိုင်းမြင်တိုင်း သက်ရှိထင်ရှား လူတစ်ဦးဦးနှင့် တူသော လမ်းမကြီးက ထိုအဖြစ်အပျက်ကို သူမအားကိုယ်တိုင် ပြောပြနေသည်ဟုလည်း ခံစားမိလာလေသည်။ နောက်ပိုင်းအချိန်တွေမှာ လမ်းမကြီးနှင့် နေ့တိုင်း သူမ စကားပြောဖြစ်သည်။ တစ်ခါတစ်ရံ သူမကသွားစူးစမ်းလို့ ဖြစ်စေ၊ တစ်ခါတစ်ရံ အသံတစ်သံသံနှင့် လမ်းမကြီး လှမ်းအချက်ပေး၍ ဖြစ်စေ သူမတို့ အကြောင်းအရာများစွာကို အကြိမ်များစွာ ပြောဖြစ်ခဲ့ကြ လေသည်။  လမ်းမကြီးကို နေ့စဉ်ငေးကြည့်မိရင်း၊ လမ်းမကြီးနှင့် နေ့စဉ် အသံတိတ် စကားတွေ ပြောမိရင်းက လမ်းမကြီးနှင့် အကျွမ်းတဝင် ဖြစ်လာရင်း လမ်းမကြီးဆီမှ အလွန် အဖိုးတန်သော သင်ခန်းစာကို သူမရရှိခဲ့ပါသည်။

ထိုအရာကတော့ လူတိုင်းလူတိုင်းအနေဖြင့် ဘဝလမ်းခရီးကို သွားကြရာတွင် ဖြစ်စေ၊ ခရီးတစ်ခုခုကို သွားရာလမ်းတွင် ဖြစ်စေလူဆိုး၊ လူမိုက်များ၊ မကောင်းသူ၊ မသိသားဆိုးဝါးသူများနှင့် မည်သူမျှ ကြုံချင်ကြမည် မဟုတ်သည်မှာ အားလုံး၏ဆန္ဒဖြစ်ကြမည်မှာ သေချာပါသည်။ သို့သော်လည်း အဆိုပါခရီးတစ်ခု လမ်းခရီးပင်ဖြစ်စေ၊ ဘဝလမ်းခရီးတွင် ဖြစ်စေ၊ မိမိမကြုံချင်သော်လည်း မတော်တဆ ဖြစ်ဖြစ်၊ ရှေးအတိတ်ကံကြောင့် ဖြစ်ဖြစ် လူဆိုးလူမိုက် လူမလိမ္မာများနှင့် ကြုံရဆုံရတတ်သည်မှာလည်း ဓမ္မတာတစ်ခုပင် ဖြစ်ပါသည်။ သို့အတွက် ဘဝခရီး၊ သံသရာခရီးသွားများ ဖြစ်ကြသော သူမတို့ လူသားများ အနေဖြင့်လည်း မည်သည့် အခြေအနေတွင် မဆိုကြုံတွေ့ရသော အရာအားလုံးကို သတိကြီးကြီး၊ ဥာဏ်ကြီးကြီးဖြင့် ရှုမြင် သုံးသပ်၍ ဆိုးသွမ်းသူ၊ ရိုင်းစိုင်းနိမ့်ပါးသူများနှင့် ကြုံရဆုံရသော အခါများတွင် မိမိတို့ နေ့တဓူဝ သွားလာနေကြသော လမ်းမကြီးပမာ မတုန်မလှုပ် တည်ကြည်ခိုင်ခံ့ပြီး မှန်မှန်ကန်ကန် တုံ့ပြန်မှု ပြုလုပ်ရန် လိုသကဲ့သို့ လူကောင်း၊ သူကောင်း၊ သူတော်ကောင်းများ အတ္တဟိတ၊ ပရဟိတ မျှတအောင် ကြည့်ရှု ဆောင်ရွက်တတ်သူများနှင့် ကြုံကြိုက်သည့် အခါတွင်လည်း ထိုသူများကို တတ်နိုင်သမျှ တန်ဖိုးထားလေးစားပြီး မိမိတို့ ကိုယ်ကိုလည်း ရုပ်ပိုင်းဆိုင်ရာတွင်သာမက၊ စိတ်ပိုင်းဆိုင်ရာများတွင်ပါ ကောင်းသထက်ကောင်းသော၊ အဆင့်မြင့်သည်ထက် ပိုမြင့်မားသော သူများ ဖြစ်အောင် ကြိုးစား အားထုတ်သင့်ကြကြောင်း စသည့် အချက်များသည် လမ်းမကြီးက သူမကို ပြောပြေနေသော အဖိုးတန် သင်ခန်းစာများ ဖြစ်လေတော့သည်။


 


ငါးလိမ္မော်ဆမ်း


ဒီတစ်ပတ် အားလပ်ရက်အတွက် ကျွန်မ ချက်စားဖြစ်တဲ့ ငါးကြော်လိမ္မော်ရည်ဆမ်း ဟင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အထူးအဆန်းတော့မဟုတ်ပါဘူး။ ငါးနဲ့ လိမ္မော်ရည်ကို အဓိကအသုံးပြုပြီး ချက်ထားတာပါ။ ငါးလိမ္မော်ဆမ်းချက်ဖို့ ဦးစွာငါးတစ်ကောင်ကို ရေဆေး၊ ကြေးထိုးပြီး အတုံးလေးများ တုံးပါတယ်။ ငါးအတုံးများကို ဆား၊ ဟင်းချက်ဝိုင်၊ အသားမှုန့် တို့နဲ့နယ်ပြီး ၁၅မိနစ်ခန့် ထားလိုက်ပါတယ်။


အသင့်ပြင်ထားတဲ့ ငါးများ

ထို့နောက် ကြက်ဥတစ်လုံး၊ အကြော်မှုန့်၊ ဂျုံမှုန့်အနည်းငယ်တို့ကို ရောပြီး ရေဖြင့် ခပ်ပျစ်ပျစ် ဖျော်ကာ ဆားအနည်းငယ်ထည့်ပါတယ်။ 



၎င်းအနှစ်ဖြင့် ငါးများကို လူးကာ ရွှေဝါရောင်သန်းလာသည်အထိ ကြော်ပါတယ်။

ငါးအသားကြော်


ကြော်ပြီးငါးများကို ဆီစစ်ပြီး ပန်းကန်တစ်ခုထဲ ထည့်ထားလိုက်ပါတယ်.. ပြီးနောက် ငါးကြော်များပေါ်ကို ဆမ်းဖို့လိမ္မော်ဆောစ့်ကို ချက်ပါမယ်။ 


လိမ္မော်ရည် သင့်တော်သလောက်ကို ပြင်ဆင်ထားပါတယ်။ လိမ္မော်သီးမှ အရည်ညှစ်ယူပြီး ချက်နိုင်သလို ရယ်ဒီမိတ် လိမ္မော်ရည်ဖြင့်လည်း ချက်နိုင်ပါတယ်။


ကြက်သွန်ဖြူ၊ ဂျင်းအနည်းငယ်ထည့်ပြီး ဥနီ၊ ဖရုံသခွားသီး (Zucchini) တို့ကို ဆီနဲ့ ကြော်ပါတယ်။


အသီးများထည့်ပြီးနောက် လိမ္မော်ရည်ကို အိုးထဲ လောင်းချလိုက်ပါတယ်။ ကော်မှုန့်အနည်းငယ်ကို အရည်ဖျော်ထည့်ပါတယ်။



အဆက်မပြတ် မွှေပေးရင်းမှာဘဲ ကော်မှုန့်ပါတဲ့အတွက် အရည်တွေ ခုလို ဖြေးဖြေးချင်း ပျစ်လာပါတယ်။ ငရုပ်သီး၊ ဆား၊အသားမှုန့် စသည်ဖြင့် သင့်တော်သလို ထည့်ပါတယ်. 

  
လိမ္မော်အနှစ်များကို ငါးကြော်များပေါ် လောင်းချလိုက်ပြီးနောက် ငါးလိမ္မော်ဆမ်းရပါပြီ။ 


ငါးလိမ္မော်ဆမ်း

နှစ်သက်ရင် နံနံပင်လေး အပေါ်က အလှဆင်နိုင်ပါတယ်။ ဒီဟင်းကိုတော့ ချက်ခြင်းဘဲ ပူပူနွေးနွေးအချိန်မှာ ထမင်းနဲ့ စားသင့်ပါတယ်. ကြာသွားရင် ငါးကြော်က အရည်တွေနဲ့ ပျော့သွားမှာမို့ စားလို့မကောင်းဖြစ်တတ်ပါတယ်။ 

ချိုချဉ်အရသာလေးရှိတဲ့ ငါး လိမ္မော်ဆမ်းလေးကို အားလုံးဘဲ နှစ်သက်သဘောကျမယ်လို့ ယုံကြည်ပါတယ်။ ချစ်ခင်ရပါသော မိတ်ဆွေများအားလုံးအတွက် ပျော်စရာကောင်းတဲ့ တနင်္ဂနွေနေ့ကို ပိုင်ဆိုင်ကြပါစေရှင်….