သုံးရောင်ခြယ်ရေကန်


အင်ဒိုနီးရှားနိုင်ငံဟာ ထူးခြားဆန်းပြားတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ မြေမျက်နှာ သွင်ပြင်များစွာ ရှိတဲ့နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ် ။ အဲဒီထဲကမှ စိတ်ဝင်စားမိတဲ့ သဘာဝ ပတ်ဝန်းကျင်ကတော့ လူတွေရဲ့ ဖန်တီးမှုမပါဘဲ အရောင် သုံးမျိုးဖြစ်ပေါ်နေတဲ့  ရေကန်ကြီးများ အကြောင်းပါ။ မီးတောင်တွေ များစွာရှိတဲ့ နိုင်ငံဖြစ်တာကြောင့် အဲဒီ မီးတောင်တွေကြောင့်ပင် ထူးဆန်းတဲ့ မြေပြင်နဲ့ အံ့သြဖွယ် ပတ်ဝန်းကျင်တွေကို ဖြစ်ပေါ်စေနိုင်ခဲ့ပါတယ်။ ထူးထူးဆန်းဆန်း ဥပမာတစ်ခုကို ပြရမယ်ဆိုရင် Flores ကျွန်းပေါ်က သုံးရောင်ခြယ် ရေကန်ကြီးကို ပြချင်ပါတယ်။ KELIMUTU တောင်ပေါ်က မီးတောင်ထိပ်ဝဟောင်း တစ်ခုပေါ်မှာ ဖြစ်ပေါ်နေတဲ့ ရေကန်သုံးခုဟာ အံ့သြဖို့ကောင်းလောက်အောင် ရေရဲ့အရောင်ဟာ တစ်ကန်နဲ့တစ်ကန် မတူညီဘဲ တစ်မျိုးစီသော အရောင်အဆင်းဖြင့် ထူးခြားစွာ ဖြစ်ပေါ်နေခဲ့ပါတယ်။ တောင်ထိပ်ပေါ်က အရောင်သုံးမျိုးရေကန်ဟာ နိုင်ငံခြားခရီးသွား ဧည့်သည်တွေ အထူး စိတ်ဝင်စားကြပြီး လာရောက်လည်ပတ်ကြတာကြောင့် ကမ္ဘာကျော်နေရာတစ်ခု ဖြစ်လာပါတယ်။

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

မြို့ငယ်လေးဖြစ်တဲ့ Moni ကနေ ကီလိုမီတာ ၅၀ ခန့်ဝေးတဲ့နေရာမှာ တည်ရှိပြီး အရောင်သုံးမျိုးစီ ဖြစ်နေတဲ့ ရေကန်များဟာ နာမည်ကိုယ်စီ ရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဒေသခံ လူမျိုးတွေဟာ ရေကန်ကြီးမှာ ရှေးခေတ် အဆက်ဆက်က သေဆုံးသွားသူ ဘိုးဘွားလူကြီးတွေ၊ လူငယ်လူရွယ်တွေရဲ့ ဝိဥာဉ်တွေ နားခိုနေကြတယ်လို့ ယုံကြည်ကြပါတယ်။ ရေကန်ကြီးရဲ့ အရောင်တွေဟာလည်း သေဆုံးသူ ဝိဥာဏ်တွေရဲ့ စိတ်နေ စိတ်ထားပေါ်မူတည်ပြီး ဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။ တောင်ထိပ်ရေကန်ထဲက ရေတွေဟာလည်း မကြာခဏ အရောင်အမျိုးမျိုးပြောင်းလဲနေတတ်တယ်လို့ သိရပါတယ်။ 

Image Hosted by PicturePush - Photo Sharing
အပြာရောင်ရေကန်
Image Hosted by PicturePush - Photo Sharing

ရေကန်သုံးခုမှာ အရှေ့ဘက်နားကျတဲ့ ရေကန်ကြီးကတော့ အင်ဒိုနီးရှားဘာသာနဲ့ Tiwu Ata Mbupu ဖြစ်ပြီး သက်ကြီးရွယ်အို ရေကန်လို့ အမည်ရပါတယ်။ ၄င်းရေကန်ရဲ့ ရေတွေကတော့ အပြာရောင်ဖြစ်ပြီးတော့ အသက်ကြီးသူတွေ သေဆုံးသွားတဲ့အခါ သူတို့ဝိဥာဉ်တွေက အဲဒီရေကန်မှာ နေထိုင်ကြတယ်လို့ ယုံကြည်ကြတာကြောင့် အသက်ကြီးရွယ်အို ရေကန်လို့ အမည်တွင်ပါတယ်။  

Image Hosted by PicturePush - Photo Sharing

အစိမ်းရောင်ရေကန်

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


နောက်ထပ် ရေကန်တစ်ခုကတော့ Tiwu Nuwa Muri Koo Fai လို့ အမည်ရပြီး လူငယ်လူရွယ်ရေကန်လို့ အမည်ပေးထားကြပါတယ်။ သေဆုံးသွားတဲ့ လူငယ်လူရွယ်တွေရဲ့ ဝိဥာဉ်တွေကတော့ အဲဒီ ရေကန်မှာ နားခိုနေထိုင်ကြတယ်လို့ ဆိုပါတယ်။ ရေကန်ရဲ့ အရောင်ကတော့ အစိမ်းရောင်ဖြစ်ပါတယ်။ 



Image Hosted by PicturePush - Photo Sharing

နီညိုရောင် ရေကန်

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

သူနဲ့ကပ်လျှပ်မှာ ရှိနေတဲ့ နီညိုရောင် ရေကန်ကတော့ Tiwu Ata Polo  ဖြစ်ပြီး သက်ကြီးရွယ်အိုဖြစ်စေ၊ ယောက်ျားမိန်းမ ၊ လူငယ်မရွေး မသေခင်မှာ ဆိုးမိုက် ရမ်းကားတဲ့ သူတွေ၊ မကောင်းတဲ့သူတွေ သေဆုံးသွားတဲ့အခါ သူတို့တွေရဲ့ ဝိဥာဉ်တွေက အဲဒီ နီညိုရောင် ရေကန်မှာ နေထိုင်ကြရတယ်လို့ ဆိုပါတယ်။ အဲဒီရေကန်က ရေတွေဟာ တစ်ခါတစ်ရံမှာ အငွေ့တလူလူနဲ့ ဆူပွက်နေတာမျိုးကိုလည်း မြင်တွေ့ရတတ်ပါတယ်။


Image Hosted by PicturePush - Photo Sharing


တောင်ထိပ်တစ်ခုတည်းမှာ ဖြစ်ပေမဲ့ ရေကန်သုံးခုပေမဲ့ ရေရဲ့အရောင်တွေဟာ မတူညီ ကွဲပြားစွာ ဖြစ်ပေါ်နေတာ ဟာလည်း ဘူမိဗေဒပညာရှင်တွေအတွက် စိတ်ဝင်တစား စူးစမ်းလေ့လာစရာ ဖြစ်နေခဲ့ပါတယ်။ ရေကန်ကြီးရဲ့ အရောင်တွေ မတူညီရခြင်းကို သိပ္ပံနည်းကျ စူးစမ်းကြည့်ရမယ်ဆိုရင်တော့ ရေပြင်အောက်ခြေက မြေအောက်ထဲမှာရှိနေတဲ့ ဓာတ်ငွေ့တွေနဲ့ ဓာတ်သတ္တုတွေ ပါဝင်မှု ကွဲပြားနေတာကြောင့် ခုလို အရောင်စုံ ဖြစ်ပေါ်ရတယ်လို့ ဆိုပါတယ်။ တောင်ပေါ်ကနေ ရေကန်ရဲ့ အလှအပကိုသာမက တောင်ပေါ်ဒေသရဲ့ လှပတဲ့ အာရုဏ်ဦးရှုခင်းကိုလည်း ရှုစားနိုင်တာကြောင့် ခရီးသွားဧည့်သည်များဟာ မနက်စောစော တောင်ထိပ်ပေါ်ကို တက်ရောက်ပြီး အလွန်လှပတဲ့ ဆည်းဆာမနက်ခင်းကို ကြည့်ရှုလေ့ရှိကြပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံက အရောင်စုံ ရေကန်ကြီးများအကြောင်းကို ဗဟုသုတဖြစ်ဖွယ်ရှာဖွေ တင်ပြလိုက်ရပါတယ်..


အားလုံးသော မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ရှိကြပါစေရှင်… 


Image Hosted by PicturePush - Photo Sharing

မေတ္တာဥယျာဉ်





ကားလ်ဟာ အလွန်အေးဆေးတဲ့ အဖိုးကြီးတစ်ယောက်ဖြစ်ပါတယ်။ သူဟာ စကားလည်း များများ ပြောလေ့ မရှိပါဘူး။ ဒါပေမဲ့ လူတိုင်းကိုတော့ တည်ငြိမ်အေးဆေးပြီး နှစ်လိုဖွယ် အပြုံးနဲ့ ပြုံးပြတတ်လေ့ရှိတယ်။ ဒီရပ်ကွက်ထဲမှာ နေလာတာ နှစ်ပေါင်း ၅၀ ကျော်ရှိလာပေမဲ့လို့ ဘယ်သူကမှ သူ့အကြောင်း သိပ်မသိကြပါဘူး။ အမြဲတမ်း ပြုံးနေတတ်တဲ့ ကားလ်တစ်ယောက် ပတ်ဝန်းကျင်က လူတွေနဲ့တော့ ရောရော နှောနှော ထဲထဲဝင်ဝင် ပေါင်းသင်းဆက်ဆံတာ သိပ်မတွေ့ရပါဘူး။ သူအငြိမ်းစား မယူခင်ကတော့ မနက်တိုင်း ဘတ်စ်ကားစီးပြီး မြို့ထဲက အလုပ်ရှိရာကို သွားတတ်ပါတယ်။ သူ ငယ်ရွယ်နုပျိုစဉ်တုန်းက ဒုတိယကမ္ဘာစစ် ဖြစ်လာခဲ့ပါတယ်။ အဲဒီချိန်မှာ ကားလ်ဟာ တိုင်းပြည်အတွက် စစ်တပ်ထဲဝင်ပြီး တာဝန် ထမ်းဆောင်နေခဲ့စဉ်မှာ သေနတ်ကျည်ဆန် ထိမှန်ပြီး ခြေထောက်မှာ ဒဏ်ရာရသွားခဲ့ပါတယ်။

မနက်တိုင်း သူ့အိမ်ကနေ ဘတ်စ်ကားဂိတ်ရှိရာ လမ်းထိပ်ကို ခြေတစ်ဖက်ထော့နင်းထော့နင်းနဲ့ လမ်းလျှောက်သွားတတ်တဲ့ ကားလ်ကို တွေ့မိသူတိုင်းက ခင်မင်ဂရုဏာစိတ်တွေနဲ့  ပြုံးပြ နှုတ်ဆက် တတ်ကြပါတယ်။ သတိထားဖို့လည်း လူတွေက သူ့ကို သတိပေးကြတယ်။ ကားလ်တို့နေတဲ့ရပ်ကွက်ဟာ မြို့အစွန်မှာ ရှိတာကြောင့် ရန်ပွဲတွေ၊ ဂိုဏ်းဂဏတွေဖွဲ့ပြီး လုယက်ကြတာတွေ၊ မူးယစ်ဆေးဝါးမှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့်လည်း ခြေတစ်ဖက် မသန်ရှာတဲ့ အဖိုးအိုအတွက် လူတွေက စိတ်ပူကြတာပါ။ သူကတော့ အပူအပင်မရှိသလို အေးအေးဆေးဆေး လမ်းလျှောက်သွားတတ်ပါတယ်။ အသက်အရွယ် ရလာလို့ အငြိမ်းစားယူပြီးတာတောင်  ခြေတစ်ဖက် မသန်မစွမ်းဖြစ်နေပေမဲ့ အလုပ်ကို တက်တက်ကြွကြွ လုပ်နေတုန်း၊ ရပ်ကွပ်လေးမှာ လိုအပ်တဲ့ ကိစ္စတွေရှိရင်လည်း စေတနာ့ဝန်ထမ်းအဖြစ် သူ တတ်နိုင်သလောက် လုပ်နေဆဲဖြစ်တဲ့ ကားလ်ကို ရပ်ကွက်က လူတွေကလည်း လေးစားချစ်ခင်ကြတာ မဆန်းပါဘူး။ 

တစ်ရက်မှာ အဖိုးအိုကားလ်ဟာ လက်ကမ်းစာရွက်လေးတစ်ခုထဲက ကြော်ငြာကို မြင်လိုက်ပါတယ်။ အဲဒီကြော်ငြာက သူတို့ရပ်ကွက်ရဲ့ ဘုရားရှိခိုးကျောင်းနောက်ဖက်က ဥယျာဉ်ပန်းခြံလေးတစ်ခုကို စေတနာ့ဝန်ထမ်းအဖြစ် ပြုစုစောင့်လျှောက်ပေးမဲ့သူ အလိုရှိတယ်ဆိုတဲ့ ကြော်ငြာလေးပါ။ အဲဒါကိုလည်း တွေ့လိုက်ရော အဖိုးအိုကားလ်ဟာ မဆိုင်းမတွဘဲ သူလုပ်ပါမယ်လို့ အကြောင်းကြားလိုက်ပါတယ်။ ဘုရားကျောင်းရဲ့ တာဝန်ရှိသူတွေက သူ့လိုခြေထောက် မသန်စွမ်းတဲ့ အဖိုးအိုတစ်ယောက်က ဥယျာဉ်ကို တာဝန်ယူ စောင့်ရှောက်မယ်ဆိုတာ မယုံကြည်နိုင်သလို ဖြစ်နေကြပေမဲ့ သူကတော့ အခိုင်အမာဘဲ ဆုံးဖြတ်ထားပါတယ်။ ဒီဥယျာဉ်ကို သူဟာ အခကြေးငွေ မရဘဲ စေတနာသက်သက်နဲ့ ပြုစုစောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ 

အသက် ၈၇နှစ် ပြည့်လာတဲ့ ကားလ်ဟာ သစ်ပင် ပန်းပင်တွေကို အဖော်လုပ်ပြီး ဥယျာဉ်လေးကို သေချာပြုစု စောင့်ရှောက်ပါတယ်။ ဥယျာဉ်လေးဟာလည်း သစ်ပင်တွေနဲ့ စိမ်းစိုပြီး ပန်းတွေလည်း ဝေဆာဖူးပွင့်လှပလို့ နေပါတယ်။ အဖိုးအို ကားလ်ကတော့ သူပြုစုထားတဲ့ သစ်ပင်လေးတွေကိုကြည့်ပြီး ပီတိတွေ ဖြစ်နေတော့တာပါဘဲ။ ဒီလိုနဲ့ တစ်ရက်မှာတော့ ပန်းပင်တွေ ရေလောင်းနေတဲ့ အဖိုးအို ရှိရာကို လူငယ်သုံးယောက် ရောက်လာကြပါတယ်။ ပုံစံတွေက ဆေးကြောင်နေသလို မူးနေသလို ပုံစံတွေနဲ့ သူ့ကို ရန်ပြုမဲ့ အမူအရာတွေ ပေါက်နေပေမဲ့ အဖိုးအိုက သူတို့ကို အေးအေးဆေးဆေးဘဲ တုံ့ပြန်ပါတယ်။  သူကိုင်ထားတဲ့ ရေပိုက်ကို မြောက်ပြလိုက်ပြီး “ဒီပိုက်ကနေ ရေသောက်ချင်လို့လား ”လို့ မေးလိုက်ပါတယ်။ အဲဒီလူငယ် သုံးယောက်ထဲက အရပ်အရှည်ဆုံးနဲ့ အသန်မာဆုံးလူငယ်တစ်ယောက်က အဖိုးအိုရဲ့ စကားကို  “ဟုတ်ပါ့ဗျာ.. ရေသောက်ချင်လို့ပါ ” လို့ မခိုးမခန့်အပြုံးတစ်ချက်နဲ့အတူ  ပြန်ပြောလိုက်ပါတယ်။

အဖိုးအိုက အဲဒီလူငယ်လက်ထဲကို သူ့ရေပိုက်ကို လှမ်းပေးလိုက်ချိန်မှာဘဲ ကျန်တဲ့ လူငယ်နှစ်ယောက်က အဖိုးအို ကားလ်ရဲ့ လက်တွေကို ချုပ်ကိုင်ပြီး သူ့ကို မြေပြင်ပေါ် တွန်းလှဲလိုက်ပါတယ်။ ရေပိုက်ဟာ မြေပြင်ပေါ်ကို ပြုတ်ကျသွားပြီး ပိုက်က ရေတွေက ဒလဟော စီးကျလို့ နေပါတယ်။ အဖိုးအိုဟာ မြေပြင်ပေါ် လှဲကျသွားပြီး မူးဝေနေတုန်းမှာဘဲ လူငယ်တွေဟာ သူ့ရဲ့ အိတ်ဆောင်နာရီ၊ ကိုယ်ပေါ်က ပိုက်ဆံအိတ်၊ စတာတွေကို နှိုက်ယူပြီး ထွက်ပြေးသွားကြပါတယ်။ အဖိုးအိုဟာ သူ့ကိုယ်သူ မတ်တပ်ရပ်နိုင်ဖို့ ကြိုးစားပေမဲ့ အင်အားကုန်ခမ်းပြီး မူးဝေနေတာကြောင့် မကြာခဏ လှဲကျသွားတာကြောင့် ချက်ခြင်း ထနိုင်ဖို့ မကြိုးစားတော့ဘဲ ခဏလောက် ငြိမ်သက်ပြီး နေလိုက်ပါတယ်။ အဲဒီအချိန်မှာ ပန်းခြံရဲ့ အနီးဆုံးအိမ်ဖြစ်တဲ့ ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာဟာ လူငယ်သုံးယောက်က အဖိုးအိုကို ရန်မူနေတာကို သူ့အိမ် ပြူတင်းပေါက်ကနေ  တွေ့လို့ အဖိုးအိုကို ကူဖို့ ပြေးလာပေမဲ့ လူငယ်တွေကိုတော့ မမှီလိုက်တော့ပါဘူး။ ထွက်ပြေးသွားကြပါပြီ။

သင်းအုပ်ဆရာက အဖိုးအိုကားလ်ကို မတ်တပ်ရပ်နိုင်အောင် ထူပေးပြီး “ ကားလ် ခင်ဗျား အဆင်ပြေရဲ့လား။ ဘယ်နေရာတွေ နာသွားသေးလဲ” လို့ မေးတော့ အဖိုးအိုက ခေါင်းကို ခါပြပြီး “ဘာမှ မဖြစ်ပါဘူး… ကလေးတွေက ငယ်သေးတော့ ဆိုးကြတယ်လေ။ သူတို့တွေ တစ်နေ့တော့ စဉ်းစားဆင်ခြင်နိုင်တဲ့ အသိဥာဏ်ရှိလာမှာပါကွာ.”လို့ ဖြေပါတယ်။.ပြီးတော့ သူဟာ ရေပိုက်ကို ဆွဲလိုက်ပြီး ပန်းပင်တွေကို ရေသွားလောင်းနေပါတယ်။

သင်းအုပ်ဆရာကြီးက ဆက်ပြီး ကြည့်မနေနိုင်တော့ဘဲ “ကားလ် ဘာလုပ်နေတာလဲ ။ ခင်ဗျားကို နာကျင်အောင်လုပ်သွားတဲ့ သူတွေကို ရှာပြီး အပြစ်ပေးဖို့ ရဲစခန်းကို တိုင်လေ” လို့ ပြောတော့ “နေပါစေတော့ကွာ။ ကလေးတွေကို ဘာမှ မလုပ်တော့ပါဘူး။ ငါ့ပန်းပင်တွေဘဲ အေးဆေး ရေဆက် လောင်းလိုက်ပါဦးမယ်။ နောက်တောင် ကျနေပြီ။ နေပူလာရင် ရေလောင်းလို့ မကောင်းတော့ဘူးကွ ” လို့ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောပါတယ်။ သင်းအုပ်ဆရာဟာ အဖိုးအိုကိုကြည့်ပြီး အံ့အား သင့်မိပါတော့တယ်။ သူဟာ တကယ်ကို ဘာမှ မဖြစ်သလို နေနိုင်လိုက်တာ။ ကိုယ့်ကို ရန်လုပ်သွားတဲ့သူတွေကို ဘယ်လိုစိတ်နဲ့များ ခွင့်လွှတ်နေနိုင်တယ် မသိပါဘူးလို့လည်း တွေးနေမိပါတယ်။ အဖိုးအို ကားလ်ဟာ တကယ်ကို ထူးခြားတဲ့ လူတစ်ယောက်ပါဘဲ။

နောက်သုံးပတ်လောက် ကြာတဲ့အချိန်မှာ အဲဒီ လူငယ်သုံးယောက်ဟာ အဖိုးအိုဆီ ထပ်ရောက်လာပါတယ်။ အဖိုးအိုက လူငယ်သုံးယောက်ကို မှတ်မိပေမဲ့ ဘာမှ မဖြစ်သလိုပါဘဲ။ အရင်နေ့ကလိုဘဲ ရေပိုက်ခေါင်းကို မြောက်ပြပြီး ရေသောက်ဦးမလားလို့ မေးလိုက်ပါတယ်။ လူငယ်သုံးယောက်က ဒီတစ်ကြိမ်မှာတော့ သူ့ကို ကိုယ်ထိလက်ရောက် နာကျင်အောင် မလုပ်တော့ပါဘူး ဒါပေမဲ့ သူ့လက်ထဲက ရေပိုက်ကို ဆောင့်ဆွဲယူလိုက်ပြီး သူ့ရဲ့ ခေါင်းကနေ ခြေဖျားအထိ အေးစက်နေတဲ့ ရေတွေ ရွဲရွဲစိုသွားအောင် ရေပိုက်က ရေတွေနဲ့ စိန်ပြေ နေပြေ လောင်းချလိုက်ပါတယ်။ အဖိုးအို တစ်ကိုယ်လုံး ရွှဲစိုပြီး ခိုက်ခိုက်တုန်လာတော့မှ ရေပိုက်ကို ပစ်ချကာ သူတို့လာခဲ့တဲ့ လမ်းမအတိုင်း အော်ဟစ်ရယ်မောရင်း၊ လမ်းပေါ်က ကျောက်ခဲတွေကို ကန်ကျောက်ရင်း ပြန်ထွက်သွားကြပါတယ်။ အဖိုးအိုဟာ လူငယ်လေးတွေ ထွက်သွားရာဘက်ကို ငေးကြည့်နေလိုက်ပြီး နောက်တော့ ရေပိုက်ကိုကောက်ကိုင်လိုက်ကာ နေရောင်ရှိတဲ့ဘက်ကို မျက်နှာမူပြီး ရေဆက်လောင်းနေလိုက်ပါတော့တယ်။ သူ့မျက်နှာပေါ်မှာ လူငယ်လေးတွေကို စိတ်တို စိတ်ဆိုးနေတဲ့ အရိပ်အယောင်မျှပင် မတွေ့ဘဲ အေးဆေးတည်ငြိမ်လို့သာ နေပါတယ်။

ဒီလိုနဲ့ နွေရာသီဟာ တဖြုတ်ဖြုတ်နဲ့ ကုန်ဆုံးသွားခဲ့ပြီး ဆောင်းဦးကို ဝင်ရောက်လာပါတော့တယ်။  အဖိုးအိုကတော့ လုပ်နေကျအတိုင်း ဥယျာဉ်ကို ပေါင်းသင်၊ ရေလောင်း၊ ပန်းပင်တွေ ပြုစု စသဖြင့် လုပ်မြဲ လုပ်နေခဲ့ပါတယ်။ လူငယ်သုံးယောက်ဟာလည်း ကြုံလျင် ကြုံသလို အဖိုးအိုထံ မကြာခဏရောက်လာကြပြီး အဖိုးအိုကို ရန်စခြင်း၊ ရန်ရှာခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် အဖိုးအိုကတော့ သူတို့ကို တစ်ခုမှ လက်တုံ့ပြန်တာ၊ ဆဲဆိုတာတွေ မလုပ်ခဲ့ဘဲ သည်းခံမြဲ သည်းခံလို့ပဲ နေနေခဲ့ပါတယ်။ တစ်ရက်မှာတော့ သစ်ပင်တွေကို မြေဆွပေးတဲ့ သူ့ရဲ့ နောက်ကျောဘက်ကို တစ်စုံတစ်ယောက် ရောက်လို့လာတဲ့အတွက် သူ အထိတ်တလန့် ကြည့်လိုက်မိပြီး မြက်ခင်းပြင်ပေါ် ရုတ်တရက် လဲကျသွားပါတယ်။ ရောက်လာတဲ့ သူက သူ့ဆီ လာနေကျ ကောင်လေးသုံးယောက်ထဲက ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ အရပ်ရှည်ရှည် လူငယ်လေးပါဘဲ။ ဒီတစ်ခါမှာတော့ ထိုကောင်လေးက “ မကြောက်ပါနဲ့ အဖိုး၊ ဒီတစ်ခါ ခင်ဗျားကို ရန်လုပ်မလို့ လာတာ မဟုတ်ပါဘူး။ ”လို့ နူးညံ့ ငြင်သာတဲ့ အသံနဲ့ ပြောလိုက်ပါတယ်။ ပြီးတော့ တက်တူးတွေ၊ အမာရွတ်တွေ ပြည့်နေတဲ့ သူရဲ့ ညာလက်ကိုလည်း အဖိုးအိုကို ကမ်းပေးလိုက်ပြီး နှုတ်ဆက်ဖော်ရွေလိုတဲ့ အမူအရာကို ပြနေပါတယ်။

သူဟာ လဲနေတဲ့ အဖိုးအိုကို ဆွဲထူပေးပြီးနောက် သူ့ရဲ့ အင်္ကျီအိတ်ကို နှိုက်လိုက်ပြီး တစ်စုံတစ်ရာကို ဆွဲထုတ်လိုက်ကာ အဖိုးအိုကို ကမ်းပေးလိုက်ပါတယ်။ အဖိုးအိုက ယောင်နနနဲ့ လှမ်းယူလိုက်ရင်း ဘာတွေပါလိမ့်လို့ မေးလိုက်တော့ ခင်ဗျားရဲ့ ပိုက်ဆံအိတ်လေ။ ကျွန်တော် ပြန်လာပေးတာပါ။ ပိုက်ဆံအိတ်ထဲမှာ ခင်ဗျားထည့်ထားတဲ့ ငွေတွေလည်း အားလုံး ပါပါတယ်” လို့ ပြောလိုက်တော့ အဖိုးအိုက “ ဘာဖြစ်လို့  အခုလိုပြန်လာပေးတာလဲ” လို့ မေးလိုက်ပါတယ်။ အဲဒီလို မေးလိက်တော့ လူငယ်ဟာ သူ့ရဲ့ ခြေထောက်ကို ဂဏှာမငြိမ် ဟိုရွေ့ဒီရွှေ့လုပ်လိုက်ရင်း မျက်နှာပေါ်မှာလည်း ရှက်ရွံ့သလို အရိပ်အယောင်တွေ ပြေးလွှားနေတာ တွေ့လိုက်ရပါတယ်။

ကျွန်တော် အဖိုးဆီက သင်ခန်းစာရလိုက်လို့ပါ။ ကျွန်တော်တို့ဟာ ငွေလိုတဲ့အတွက် ဘာမှ ပြန်မလုပ်နိုင်တဲ့ အဖိုးလို အသက်ကြီးတဲ့လူတစ်ယောက်ဆီက လုယူခဲ့တယ်။ ပြီးတော့ နာကျင်ထိခိုက်အောင်လည်း ကိုယ်ထိ လက်ရောက် လုပ်ခဲ့ပါတယ်။ အဖိုးဆီကို ကျွန်တော်တို့ ရောက်လာတိုင်းလည်း အဖိုးက အော်ဟစ်တာမျိုး ၊ ကျွန်တော်တို့ကို ပြန်ပြီး တိုက်ခိုက်တာမျိုးတွေ မလုပ်ဘဲ နွေးနွေးထွေးထွေး ဆက်ဆံခဲ့တယ်။ အမုန်းတွေအစား ချစ်ခြင်းမေတ္တာကိုသာ ပြခဲ့တယ်”  လူငယ်က သူ့စကားကို ခဏ ရပ်လိုက်ပြီး ချောင်းတစ်ချက် ဟန့်လိုက်ပါတယ်။ ပြီးတော့ “ကျွန်တော် အဖိုးဆီက ဒီပစ္စည်းကို ယူသွားပြီးကတည်းက အိပ်လို့မပျော်ခဲ့ပါဘူး။ ဒါကြောင့် အခုလို လာပြန်ပေးတာပါ။ ”

လူငယ်ဟာ စိတ်ကသိကအောက် ဖြစ်နေပုံနဲ့ သူ့စကားကို ခဏ ရပ်လိုက်ပြန်ပါတယ်။ သူ့ပုံစံက ဘာဆက်ပြောရမှန်း မသိတော့အောင် ဖြစ်နေသလိုပါဘဲ။ “ကျွန်တော့်ကို ဒီလိုစိတ်မျိုးဖြစ်စေခဲ့တဲ့အတွက် အဖိုးကို ကျွန်တော် ကျေးဇူးတင်ပါတယ်” လို့ ပြောလိုက်ပြီး လူငယ်ဟာ ခြံထဲကနေ အပြင်ဘက်က လမ်းမကြီးပေါ်ကို ထွက်ခွာသွားပါတော့တယ်။ အဖိုးအိုဟာ သူ့လက်ထဲ ပြန်ရောက်လာတဲ့ အိတ်ကို မယုံကြည်နိုင်သလို ငုံ့ကြည့်နေလိုက်ပြီး အိတ်ကို ဖြေးညှင်းစွာ ဆွဲဖွင့်လိုက်ပါတယ်။ အိတ်ထဲမှာ သူ့နာရီလေးကို ပြန်တွေ့လိုက်တော့ ဆွဲထုတ်လိုက်ပြီး သူ့လက်ကောက်ဝတ်မှာ ပြန်ပတ်ထားလိုက်ပါတယ်။ နောက် ပိုက်ဆံအိတ်ထဲက ဓာတ်ပုံလေးတစ်ပုံကို ဆွဲထုတ်လိုက်ပြန်ပါတယ်။ အဲဒါလေးက သူငယ်ရွယ်စဉ် မင်္ဂလာဆောင်တုန်းက ဓာတ်ပုံပါ။ ဓာတ်ပုံထဲက စုံတွဲလေးကတော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကအတိုင်း ပြုံးရွှင်ကြည်နူးနေတဲ့ မျက်နှာတွေ သူ့ကို ကြည့်နေခဲ့ပါတယ်။  

ခရစ္စမတ်ရက်အပြီး အေးစက်နေတဲ့ တစ်ခုသော ရက်တစ်ရက်မှာ အဖိုးအိုကားလ်ဟာ သေဆုံးသွားခဲ့ပါတယ်။ ရပ်ကွက်ထဲက လူပေါင်းများစွာဟာ အေးစက်နေတဲ့ ရာသီဥတုကို မမှုဘဲ အဖိုးအိုရဲ့ အသုဘကို တက်ရောက်လာကြပါတယ်။ သင်းအုပ်ဆရာဟာ လူပေါင်းများစွာထဲကမှ သူမသိတဲ့ လူငယ်တစ်ယောက်ဟာ အဖိုးအို ကားလ်ရဲ့ အသုဘ တက်လာတာကို သတိထားမိလိုက်ပါတယ်။ သူဟာ ဘုရားရှိခိုးကျောင်းရဲ့ ထောင့်အစွန်ခုံလေးမှာ ငြိမ်ငြိမ်သက်သက် ထိုင်နေခဲ့ပါတယ်။ အခကြေးငွေ မယူဘဲ သေသည်အထိ ဥယျာဉ်လေးကို ပြုစုစောင့်ရှောက်သွားတဲ့ ကားလ်းရဲ့ အကြောင်းကို လူအများက ပြောဆိုနေခဲ့ကြပါတယ်။ သူတို့ဟာ ဒီဥယျာဉ်လေးကိုမြင်တိုင်း ကားလ်းကို သတိရနေကြမှာ အသေအချာပါဘဲ။



နွေဦးရာသီရောက်လာချိန် တစ်ခုသောရက်မှာ လက်ကမ်းကြော်ငြာလေးတစ်ခု ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ အဖိုးအို ကားလ်း ပြုစုခဲ့တဲ့ ဥယျာဉ်ကို ဆက်လက်ပြုစု စောင့်ရှောက်မဲ့သူတစ်ယောက် အလိုရှိတယ်ဆိုတဲ့ ကြော်ငြာပါဘဲ။ ကြော်ငြာပြီး သိပ်မကြာခင်မှာ လူငယ်တစ်ယောက်က အလုပ်လာလျှောက်ပါတယ်။ အဲဒီလူငယ်ရဲ့ လက်မှာ အမာရွတ်တွေရှိပြီး တက်တူးတွေလည်း ထိုးထားပါတယ်။ 

“အဖိုးအို ကားလ်ရဲ့ ဥယျာဉ်ကို ဆက်ပြီး စောင့်ရှောက်ဖို့ ကျွန်တော့်ကို အလုပ်ခန့်မယ်ဆိုရင် ကျွန်တော် လုပ်ပါရစေ” လို့ လူငယ်က ပြောပါတယ်။ အဲဒီ လူငယ်ကို သင်းအုပ်ဆရာက ကောင်းကောင်း မှတ်မိပါတယ်။ အဖိုးအို ကားလ်ရဲ့ အသုဘကို ရောက်လာခဲ့တဲ့ လူငယ်ပါပဲ။ အဖိုးအိုကားလ်ရဲ့ ကြင်နာတတ်မှုက ဒီလူငယ်လေးရဲ့ ဘဝကို ပြောင်းလဲစေခဲ့ဟန် တူပါတယ်။ သင်းအုပ်ဆရာက ဥယျာဉ်ရဲ့ သော့ကို လူငယ်လေးရဲ့ လက်ထဲကို ပေးလိုက်ပြီး “ကဲ အခုအချိန်က စပြီတော့ ကားလ်ရဲ့ ဥယျဉ်လေးကို မင်း. သူ့ကိုယ်စား စောင့်ရှောက်ပေးပေတော့” လို့ ပြောလိုက်ပါတယ်။ လူငယ်လေးဟာ ဥယျာဉ်ကို အဖိုးအို ကားလ် ရှိစဉ်က အတိုင်း ပြုစုစောင့်ရှောက်ပါတယ်။ ဥယျာဉ်ကို ပြုစုစောင့်ရှောက်ရင်းမှာပဲ သူဟာ ကောလိပ်ကျောင်းကိုလည်း ဆက်တက်ပါတယ်။ ဘွဲ့ရပြီးတော့ မိန်းကလေး တစ်ယောက်နဲ့ လက်ထပ်လိုက်ပါတယ်။ ထို့နောက် လူမှုရေး အဖွဲ့အစည်း တစ်ခုရဲ့ အရေးပါတဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်လာပါတယ်။ သို့ပေမယ့် ဥယျဉ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ တာဝန်ကိုလည်း မပျက်ကွက်ခဲ့ပါဘူး။ ပန်းတွေ ပွင့်သထက် ပွင့်အောင်၊ စိုပြေသထက် စိုပြေအောင် သူ ကြိုးစားခဲ့ပါတယ်။

တစ်ခုသော ရက်တစ်ရက်မှာတော့ သူဟာ ဥယျာဉ်လေးကို ဆက်ပြီး မစောင့်ရှောက်နိုင်တော့ဘူး ဆိုတဲ့ အကြောင်းပြောဖို့ သင်းအုပ်ဆရာထံ ရောက်လာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ ဇနီးလေးဟာ လွန်ခဲ့တဲ့ ညက သားယောက်ျားလေး မွေးဖွားခဲ့ပြီ ဖြစ်တာကြောင့် အဲဒီကလေးလေးကို ပြုစုစောင့်ရှောက်ရမှာ ဖြစ်တဲ့ အတွက် ဥယျဉ်ကို ဆက်ပြီး မစောင့်ရှောက်နိုင်တော့တဲ့ အကြောင်း သင်းအုပ်ဆရာကို ရှင်းပြပါတယ်။ လူငယ်ရဲ့ မျက်နှာပေါ်မှာတော့ ရှက်ပြုံလေးနဲ့ အတူ ပီတိတွေဖြာနေတဲ့ မျက်ဝန်းတစ်စုံနဲ့ပါပဲ။ 

“မင်းရဲ့ သားလေးအတွက် ဂုဏ်ယူပါတယ်” လို့ သင်းအုပ်ဆရာက ပြန်ပြောလိုက်ပြီး လူငယ်လေး ဆီက သော့ကို လက်ခံယူလိုက်ပါတယ်။ တဆက်တည်းမှာပဲ သင်းအုပ်ဆရာက 

“ဒါနဲ့.. မင်းရဲ့ ကလေးနာမည်က ဘယ်လိုခေါ်သလဲ” လို့ပါ မေးလိုက်ပါတယ်။

“ကားလ် ပါ” လို့ လူငယ်လေးက ပြန်ဖြေပြီး သင်းအုပ်ဆရာရှေ့ကနေ အေးဆေးတည်ငြိမ်တဲ့ ခြေလှမ်းတွေနဲ့ တရွေ့ရွေ့ ထွက်ခွာသွားပါတော့တယ်။






‎23‎:‎49CARL'S GARDEN ( AUTHOR UNKNOWN ) ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။

Photo credit goes to 500px.com

ရွာသီတင်းကျွတ်

လူတိုင်းလူတိုင်းဟာ သီတင်းကျွတ်တို့၊ သင်္ကြန်တို့ဆိုရင် မိမိရဲ့ ဇာတိရပ်ရွာတွေကို ပြင်းပြင်းပြပြ သတိရကြမယ် ထင်ပါတယ်နော်။ ကျွန်မလည်း ထိုနည်းတူစွာပါဘဲ။ မွေးရပ်မြေရဲ့ အဝေးမှာ ရောက်နေပေမဲ့ သီတင်းကျွတ်ဆိုတဲ့ အသံလေးကြားတာနဲ့ ကိုယ့်မွေးရပ်မြေရဲ့ ပျော်စရာ ဓလေ့စရိုက်များ၊ ပျော်ပွဲရွှင်ပွဲများကို မှတ်မှတ်ထင်ထင် သတိရမိတတ်ပါတယ်.. ဘယ်နေရာ ဘယ်အရပ်ကို ရောက်နေပါစေ.. ငယ်စဉ်ကတည်းက ဆင်နွဲခဲ့ရတဲ့ ကျွန်မတို့ဒေသရဲ့ သီတင်းကျွတ် မီးထွန်းပွဲတော်ကို  မမေ့နိုင်ခဲ့တာ သေချာပါတယ်။ ကျွန်မတို့ဒေသမှာ ကျင်းပလေ့ရှိတဲ့ သီတင်းကျွတ်ပွဲတော်အကြောင်းကို  ဓာတ်ပုံတစ်ချို့နဲ့ အတူ ဒီနေရာကနေ အမှတ်တရလေး ပြောပြချင်ပါသေးတယ်ရှင်။ ကျွန်မရဲ့ ဇာတိဒေသဟာ ကချင်ပြည်နယ် ဖားကန့်ဒေသက ရွာလေးတစ်ရွာ ဖြစ်ပါတယ်။ ရှမ်းလူမျိုးတွေ အများဆုံး နေထိုင်တဲ့ နေရာဒေသဖြစ်တာကြောင့် ရှမ်းဓလေ့ ထုံးစံများနဲ့ ပွဲလမ်းသဘင်များကို ကျင်းပလေ့ ရှိပါတယ်။

သီတင်းကျွတ်မရောက်ခင် ၂ပတ်လောက်အလိုကတည်းက သီတင်းကျွတ် ပွဲတော်အတွက် အသက်အရွယ်အလိုက် အလုပ်စပြီး ရှုပ်ကြပြီ ဖြစ်ပါတယ်။ ပထမဦးဆုံး အပျိုလူပျိုအဖွဲ့၊ မယ်ခိင်လို့ ရှမ်းလိုခေါ်ကြတဲ့ အိမ်ထောင်သည်တွေအဖွဲ့၊ အဖိုးအဖွားတွေအဖွဲ့ စသဖြင့် အဖွဲ့လိုက် သူ့အဖွဲ့နဲ့သူ အဖွဲ့ခေါင်းဆောင် လုပ်သူတွေက အစည်းအဝေးတွေ ခေါ်ယူကြပါတယ်။ အစည်းအဝေးမှာတော့ အုပ်စု တွေခွဲပြီး သီတင်းကျွတ်ပွဲတော်အတွက် သူ့ကဏ္ဍအလိုက် တာဝန်ထမ်းဆောင်ကြဖို့ လုပ်ငန်းများ ခွဲဝေသတ်မှတ်ကြပါတယ်။ အပျိုလူပျိုအဖွဲ့က လာသမျှ ဧည့်သည်တွေကို ဧည့်ခံကျွေးမွေးဖို့ တာဝန်ယူရပြီး အိမ်ထောင်သည် အဖွဲ့က ချက်ပြုတ်ရေးနဲ့ သံဃာတော်များ ဆွမ်းကွမ်းကိစ္စ တာဝန်ယူရကာ အဖိုးအဖွားတွေကတော့ လပြည့်နေ့ညမှာ ကျွန်မတို့ဒေသရဲ့ ဥရုချောင်းအတွင်း ဆီမီးတစ်ထောင် မျှောနိုင်ဖို့ ဆီမီးခွက် လုပ်ဖို့ ကိစ္စတွေမှာ တာဝန်ယူရပါတယ်။ အပျိုလူပျိုအုပ်စုရဲ့ ဧည့်ခံရေးမှာမှ ဟင်းခွက်ဖြည့်တဲ့သူ၊ သောက်ရေနဲ့ လက်သုပ်ပုဝါ တာဝန်ယူတဲ့သူ၊ စားသောက်ပြီး ပန်းကန်များကို လိုက်လံသိမ်းဆည်းသူ၊ ပန်းကန်ဆေးသူ စသဖြင့် အုပ်စုငယ်များ ထပ်မံခွဲရပြန်ပါတယ်။ အဲဒီရက်တွေမှာ အနီးတစ်ဝိုက်က တောတောင်တွေမှာ မုဆိုးမလ္ဘက်လို့ ခေါ်တဲ့ လ္ဘက်အရသာနဲ့ ဆင်ဆင်တူတဲ့ အရွက်ကို အခူးထွက်သူက ထွက်ကြရပါတယ်.... ကျွန်မတို့ဘက်မှာ တောင်စောင်းတွေမှာ ပေါပေါများများ တွေ့ရတတ်တဲ့ မုဆိုးမ လ္ဘက်လို့ခေါ်တဲ့ အရွက်ကို လ္ဘက်ပင်အစား အသုံးပြုကြပါတယ်..
 



ရောင်စုံစက္ကူနဲ့ လုပ်ထားတဲ့ ဆီမီးခွက်တွေပါ။

တာဝန်ခွဲဝေထားတဲ့အတိုင်း အသက်ကြီးတဲ့ အဖိုးအဖွားတွေ၊ အန်တီတွေအရွယ်တို့က ရောင်စုံ စက္ကူလေးတွေ ဖြတ်ညှပ်ပြီး မီးခွက်လေးတွေ လုပ်ကြပါတယ်.. ဆီမီးတစ်ထောင်လို့ အလွယ်တကူ ခေါ်ကြပေမဲ့ တကယ်တမ်းတော့ ဆီမီးခွက်ကလေးတွေဟာ တစ်ထောင်မကအောင် များပြားပါတယ်.. အနီ၊ အပြာ၊ အ၀ါ၊ အစိမ်း စသဖြင့် အရောင်လေးတွေ စုံနေတာပါဘဲ။ ချစ်စရာ ရောင်စုံ ဆီမီးခွက်ကလေးတွေပေါ့နော်။ ပြီးတော့ အပ်ချည်ကြိုး ခပ်တုတ်တုတ်တွေကို မီးစာအဖြစ် ကျစ်ရပါတယ်..  ပြီးတော့မှ အဲဒီမီးစာလေးတွေကို ဆီမီးခွက်အတွင်းမှာ ကော်လေးတွေနဲ့ လိုက်ကပ်ရပါတယ်.. ဒီလိုဆိုရင် စက္ကူခွက်ကလေးထဲ ဆီဖြည့်ပြီး မီးစာမှာ မီးညှိလိုက်တာနဲ့ ဆီမီးခွက်အဖြစ် ရေထဲမျှောလို့ ရပါပြီ။ ဆီမီးခွက်လုပ်တဲ့ ပညာကိုတော့ အသက်ကြီးတဲ့အဖွားတွေက ရပ်ရွာဓလေ့ထုံးစံမို့ အစဉ်အဆက် လုပ်လာကြတော့ သူတို့က လုပ်တတ်ကြပြီး အန်တီအရွယ်တွေကို ပြန်လည်သင်ကြား လက်ဆင့်ကမ်းပေးကြပါတယ်… မီးခွက်လေးတွေ ပြုလုပ်နေတဲ့ ဘုရားကျောင်းဆောင် ထဲမှာတော့ ပျော်စရာကောင်းလောက်အောင် စကားသံတွေ ဝေေ၀ဆာဆာ အကျွေးအမွေးတွေ အဖြာဖြာနဲ့ပါဘဲ။ လ္ဘက်သုပ်လို စားဖွယ်ရာတွေကလဲ အလျှံပယ်ပါဘဲ။ မုဆိုးမ လ္ဘက်ရွက်ကို ပြုတ်ပြီး အုန်းသီးကိုခြစ်ကာ မြေပဲဆန်၊ နှမ်းတို့နဲ့ အဆိမ့်သုပ်လို့ အလှူအတန်းတွေမှာ ကျွေးလေ့ရှိပါတယ်။

ရွာထဲက လူကြီးတစ်ချို့နဲ့ အရွယ်ရောက် ယောက်ျားတစ်ချို့ကျတော့ တောတောင်ထဲကို ၀ါးခုတ်ဖို့လူစုပြီး စီးစဉ်တိုင်ပင်ကြပါတယ ခုတ်မဲ့ ၀ါးက ဖယောင်းတိုင်လေးတွေ ထည့်ပြီးမီးထွန်းလို့ရမဲ့ လက်တစ်လုံး သာသာ ထီးရိုးဝါးလို့ခေါ်တဲ့ ၀ါးလုံးသေးသေးလေးတွေ ဖြစ်ပါတယ်. အဲဒီဝါးလုံးတွေကို ခုတ်ယူလာကြပြီး ဘုန်းကြီးကျောင်းဝင်းထဲမှာ စုပုံထားကာ လူတစ်ရပ် မရှိတဲ့အမြင့်၊ ကလေးလူကြီး လူတိုင်းမီနိုင်တဲ့ အနေတော် အရွယ်လေးတွေ ပိုင်းဖြတ်ပြီး ကျယ်ဝန်းလှတဲ့ ကျောင်းဝင်းကြီးတစ်ခုလုံး အပြည့် လူသွားလမ်းကလေး ချန်ထားပြီး ၀ါးတိုင်လေးတွေကို စိုက်ကြပါတယ်.. တစ်ချို့နှစ်တွေဆို ၀င်္ကဘာတွေလုပ်ကာ ကျောင်းဝင်းထဲ လျှောက်ကြည့်တဲ့ သူတွေ မျက်စိလည်ပြီး ၀ါးတိုင်တွေကြား ခြာခြာလည်နေအောင်လည်း လုပ်ကြပါသေးတယ်..  ၀ါးခုတ်ကြတဲ့ ဓလေ့က ကျွန်မတို့ ငယ်စဉ်က ပြုလုပ်ခဲ့ကြတာပါ။ အဲဒီချိန်တုန်းက ကျွန်မတို့ အရပ်ဒေသမှာ တောတောင်တွေ ထူထပ်ပြီး သစ်ဝါးတွေလဲ အလွန် အင်မတန်မှ ပေါလှပါတယ်..  အခုနောက်ပိုင်းတော့ ကျောက်စိမ်းတွေ အလုအယက် သူ့ထက်ငါ  တူးဖော်တဲ့သူတွေကြောင့် တောတောင်တွေ ပြုန်းတီးပြီး ၀ါးတွေလဲ ရှားပါးလာတာကြောင့် ၀ါးခုတ်တဲ့ ဓလေ့ မရှိတော့ဘဲ ၁လက်မအကျယ် သစ်သားတန်းလေးတွေ ကျောင်းဝင်းပတ်ပတ်လည် ရိုက်ပြီး အဲဒီတန်းလေးတွေပေါ် မီးထွန်းဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်..

 
ချက်ရေး ပြုတ်ရေး လက်မနှေးကြ


နောက် ရပ်ရွာရဲ့ တာဝန်ရှိသူ ခေါင်းဆောင်များ၊ အလှူအတန်း ရက်ရောသူများနဲ့ ဘာသာရေး အလှူအတန်းတွေ၊ ပွဲလမ်းသဘင်တွေမှာ ကမကထ ပြုလုပ်ကြတဲ့ လူကြီးတွေက အလှူငွေတွေ ကောက်ခံ စုဆောင်းပြီး  သီတင်းကျွတ်ပွဲမှာ ဘုရားဖူး၊ ဘုန်းကြီး ကန်တော့ လာရောက်ကြတဲ့ ရပ်ဝေးရပ်နီး အများသူငှာ အယုတ်အလတ်၊ အမြတ်မရွေးကို ကျွေးမွေးဖို့ စီစဉ်ပြင်ဆင်ကြပါတယ်.. ကျောင်းဝင်းကြီး ထဲက ချက်ပြုတ်ဆောင်ကြီးမှာ ဆန်အိတ်တွေ မြောက်များစွာ ၀ယ်ယူစုဆောင်းကြပါတယ်.. အချို့အလှူရှင်တွေလည်း ဆန်တွေကို အိတ်လိုက် လာလှူကြပါတယ်.. ဟင်းအဖြစ်ကျွေးမွေးဖို့ အသီးအရွက်၊ အခြောက်အခြမ်းတွေကို ၀ယ်ယူစုဆောင်းပါတယ်..  ( ဖရုံသီး၊ ပိန်းဥ၊ ခရမ်းသီး၊ ခရမ်းချဉ်သီး ၊ ပဲသီး၊ ငါးချဉ်) စသဖြင့် အများအပြားပါဘဲ။ ထင်း၊မီးသွေးတွေလဲ တောင်ပုံရာပုံ ကြိုတင် စုဆောင်းထားရပါတယ်.. ချက်ပြုတ်ရာမှာ ပါဝင်မဲ့သူများကလည်း အိုးကြီးခွက်ကြီးတွေ သယ်ယူကြ၊ ညအိပ်ထမင်းချက်ဖို့ နေရာတွေဦးကြနဲ့ ပျော်ရွှင် တက်ကြွနေကြတာပါဘဲ။



ရောင်စုံမီးသီးတွေနဲ့ အလှဆင်ထားတဲ့ သီတင်းကျွတ် ဘုန်းကြီးကျောင်း

ကျွန်မတို့အရပ်မှာ လပြည့်နေ့မရောက်ခင် အဖိတ်နေ့ညကနေကစလို့ အိမ်တိုင်း လမ်းတိုင်းမှာ မီးစထွန်းပါတယ်.. ဆီမီးခွက်တွေ၊ လျှပ်စစ်မီးတွေ၊ ဖယောင်းတိုင်မီးတွေနဲ့ တစ်မြို့လုံး တစ်ရွာလုံး တစ်လမ်းလုံးဟာ ထိန်ထိန်ညီးနေပါတော့တယ်.. စေတီပုထိုးတွေရှိရာ အရပ်တိုင်းဟာလည်း လျှပ်စစ်မီး ဖယောင်းတိုင်မီး အလင်းတွေနဲ့ ဘုရားဖူးသွားကြတဲ့ လူတွေနဲ့ စည်ကားနေတာပါဘဲ။ စေတီရှိရာ တောင်ပေါ်မှာလည်း မီးထွန်းလာကြသူတွေ၊ ဘုရားဖူးသူတွေ၊ လမ်းလျှောက်လာကြသူတွေနဲ့ ကြိတ်ကြိတ်တိုးရှိနေပြီး နေရာတိုင်းမှာ လူတိုင်းလူတိုင်းဟာ သူ့အုပ်စုနဲ့သူ လမ်းလျှောက်ကြ၊ ထွန်းထားတဲ့ မီးအလှတွေ လိုက်ကြည့်ကြနဲ့ အုန်းအုန်းကျက်ကျက် ရှိလှပါတယ်.. ၀ါးတိုင်တွေ၊ သစ်သားတန်းတွေ စိုက်ထားတဲ့ ဘုန်းတော်ကြီး ကျောင်းဝင်းထဲမှာတော့ အများသူငါ လှူထားကြတဲ့ ဖယောင်းတိုင် ထုပ်ကြီးတွေကို ခြင်းကြီးခြင်းငယ်တွေနဲ့ သယ်ချလာပြီး ပျိုပျိုအိုအို လူကြီးလူငယ်အားလုံးက တိုင်တွေပေါ် လိုက်လံထွန်းညှိကြပါတယ်.. မီးထွန်းလို့ အားလုံး ပြီးတဲ့အချိန်မှာတော့ ဘုန်းကြီးကျောင်းဝင်းကြီး တစ်ခုလုံးဟာ ရွှေရောင်မီးလျှံတွေနဲ့ ၀င်းဝါထိန်လင်းပြီး ရှုမငြီးအောင် ဖြစ်စေပါတော့တယ်.. ကျောင်းဝင်းထဲက ဓမ္မာရုံကြီးမှာတော့ ပွဲကတဲ့ ဇာတ်တွေ အငြိမ်တွေ ရှိနေပြီး ဈေးသည်တွေရဲ့ ဆိုင်ခန်းတွေကလည်း ဓမ္မာရုံကြီးအနီးတစ်ဝိုက်နဲ့ လမ်းမကြီးပေါ်မှာ စည်ကားစွာ ရောင်းချနေကြပါပြီ။ ပွဲဈေးတန်းလျှောက်နေသူလည်း ကြိတ်ကြိတ်တိုးနေကြပါပြီ။ သီတင်းကျွတ် မီးထွန်းပွဲတော်မှာ အထူးတလည် ပြင်ဆင်ထားတဲ့ လျှပ်စစ်မီးလှလှတွေ၊ ရောင်စုံမီးလုံးတွေ၊ ဘုန်းကြီးကျောင်းဝင်းထဲ ထွန်းညှိထားတဲ့ ဖယောင်းတိုင်မီးတွေနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ချင်သူများအတွက် ဓာတ်ပုံဆိုင်တွေကလည်း လှသထက်လှအောင် ဆိုင်တွေကို ပြင်ဆင်ပြီး သူ့ထက်ငါ အပြိုင်အဆိုင် ရှိနေကြသလို  ဓာတ်ပုံရိုက်နေသူတွေကလည်း မနည်းမနောပါဘဲ။


ချောင်းထဲမှာ မျောနေတဲ့ ဆီမီးခွက်ရောင်စုံလေးများ




အရောင်စုံ၊ အရွယ်စုံ၊ အလင်းစုံ၊ လှလှပပ၊ လင်းလင်းတောက်တောက် ဆီမီးခွက်လေးများ

ရှင်ဥပ္ပဂုတ္တ ဖောင်တော်


လပြည့်နေ့ညမှာတော့ ညနေကတည်းက လူတွေအားလုံးဟာ ခါတိုင်းထက်ပိုပြီး လှုပ်လှုပ်ရှားရှား ရှိနေကြပါတယ်.. အားလုံးမျှော်လင့်နေတဲ့ ဆီမီးခွက်မျှောပွဲ ပြုလုပ်မှာမို့ပါ။ ဘုန်းကြီးကျောင်းရေဆိပ်မှာတော့ ၀ါးဖောင်( ငှက်ပျောတုံးဖောင်) ပေါ်တင်ပြီး ပြသာဒ်တွေ မီးတွေထွန်းညှိ ပူဇော်ထားတဲ့ ရှင်ဥပဂုတ်ပုံတော်ကလည်း တင့်တယ်စွာ ရှိနေပါပြီ။ မီးခွက်တွေ မျှောတာနဲ့ ရှင်ဥပဂုတ်ဖောင်တော်ကိုလည်း မျှောချလိုက်မှာ ဖြစ်ပါတယ်.. ရေချောင်းဆိပ်ကမ်းတွေမှာ လူတွေအားလုံး ရောက်ရှိနေကြပြီး အိုးစည်ဒိုးပတ်အဖွဲ့ကလည်း ဆူညံစွာတီးမှုတ်အော်ဟစ်ရင်း အသံပေးနေကြပါပြီ။ အမှောင်ထုလေး သန်းလာတာနဲ့ ကောင်းကင်ယံမှာ တိမ်ကင်းစင်ဝင်းပနေတဲ့ လမင်းကြီးကလည်း တဖြေးဖြေး လင်းထိန်စပြုလာချိန်မှာတော့ ဆီတွေထည့်ထားတဲ့ အိုးတွေ၊ ဆီမီးခွက်ရောင်စုံထည့်ထားတဲ့ ခြင်းကြီးတွေကို လူအချို့က သယ်လာကြပြီးတာနဲ့ ဆီမီးခွက်ထဲ ဆီဖြည့်သူဖြည့်၊ မီးခွက်တွေကို မီးထွန်းညှိသူညှိနဲ့ အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြပြီး ချောင်းရေထဲမှာလည်း မီးခွက်ရောင်စုံလေးတွေ စတင်မျှောပါစ ပြုလာနေပါပြီ။ ညအမှောင်က စိုးမိုးလာပြီး လမင်းကြီးကလည်း ရွှန်းရွှန်းမြမြ ၀င်းဝင်းပပ သာချိန်မှာတော့ ဆီမီးခွက်တွေအားလုံး မီးညှိပြီးဖြစ်လို့ ချောင်းရေထဲ ရောက်ကုန်ပါပြီ။ အဲဒီချိန်မှာတော့ ဥရုချောင်းထဲမှာ တစ်လက်လက် စီးမျှောနေတဲ့ အရောင်စုံ ဆီမီးခွက်ကလေးတွေ တစ်လုံးချင်းစီ သော်လည်းကောင်း အစုလိုက်သော်လည်းကောင်း လှပစွာ တွေ့ရပါပြီ။ မီးခွက်ရောင်စုံလေးတွေ ကြားမှာမှ ရှင်ဥပဂုတ် ဖောင်တော်က တအိအိနဲ့ ခန့်ထည်စွာ မျှောလာပါတော့တယ်.. ရွာအောက်ဘက် တံတားပေါ်ကနေ အဲဒီမီးခွက်ရောင်စုံ မျှောလာတဲ့ ရှုခင်းကို စောင့်ပြီးကြည့်သူတွေကလည်း တံတားတစ်ခုလုံး အပြည့်ပါဘဲ။  ချောင်းရေပြင်ကျယ်တစ်လျှောက်လုံး မီးရောင်စုံလေးတွေ စီကာတန်းကာ ဝေ့ကာဝိုက်ကာ စီးမျှောနေပုံက သီတင်းကျွတ်ရဲ့ အလှဆုံး ညသာ ဖြစ်ပါတော့တယ်. ကျွန်မ ဘယ်ဒေသ ဘယ်အရပ်ဘဲ ရောက်ရောက် မမေ့နိုင်တဲ့ မြင်ကွင်းလေးလည်း  ဖြစ်ပါတယ်။

ဒီလပြည့်ညမှာဘဲ ကျွန်မတို့ အရပ်ဒေသရဲ့ ဓလေ့စရိုက်က လူကြီးမိဘတွေကို ကန်တော့ကြခြင်းဘဲ ဖြစ်ပါတယ်.. ဦးဆုံး အိမ်က အဖေအမေ၊ အဖိုးအဖွားတွေကို ငွေကြေးဖြစ်စေ၊ မုန့်၊ ချိုချဉ်၊ သီးနှံစတဲ့ နှစ်သက်ရာတွေနဲ့ အရင် ကန်တော့ကြပြီး အမျိုးအဆွေတွေဖြစ်တဲ့ သက်ကြီးရွယ်ကြီးတွေ၊ ဦးလေးအဒေါ်တွေကိုလည်း သူတို့အိမ်တွေကို သွားရောက်လို့  ကန်တော့ကြရပါတယ်.. ကျွန်မတို့မိသားစုဆို မောင်နှမတွေများတော့ အားလုံး စုစုစည်းစည်းနဲ့ ပျော်ပျော်ပါးပါး လူကြီးတွေကို လိုက်ကန်တော့ရတာ ပျော်စရာ၊ စိတ်ချမ်းမြေ့စရာ ကောင်းလှပြီး နှစ်စဉ်နှစ်တိုင်း မပျက်ကွက်တဲ့ ဓလေ့ထုံးစံလေးလဲ ဖြစ်ပါတယ်.. ကန်တော့သူတွေရဲ့ မျက်နှာမှာလည်း ပီတိအပြုံးတွေ ခြုံလွှမ်းနေသလို၊ ကန်တော့ခံရသူတွေရဲ့ မျက်နှာပေါ်မှာလည်း အပြုံးပီတိတွေက ဂွမ်းဆီထိသလို ပြုံးပျော်နေတတ်ကြပါတယ်.. ကျွန်မတို့မိသားစုမှာ တစ်ယောက်ယောက်က အဝေးမှာ ရောက်နေရင်တောင် မိခင်ဖခင်တို့ကို ကိုယ်ထိလက်ရောက် မကန်တော့နိုင်ပေမဲ့ သီတင်းကျွတ် ကန်တော့ငွေများ ပေးပို့ပြီး ကျန်တဲ့မောင်နှမတွေက မိဘတွေကို စုစုရုံးရုံး ကန်တော့တဲ့အလေ့ကို ဆက်လက် ပြုလုပ်ကြပါတယ်.. ဒီအလေ့အထလေးကိုလည်း အဝေးမှာ ရောက်နေတဲ့ မိသားစုတစ်ယောက် အနေနဲ့ လွမ်းဆွတ်လှပါတယ်.. ချစ်ခင်ရပါသော မိခင်ဖခင်တို့ကိုလည်း အဝေးကနေ ရည်မှန်းလို့ ဦးချ ကန်တော့ပန်း ဆင်လိုက်ပါတယ်ရှင်။


 


ငါးခြောက်၊ ကြက်သွန်နီနဲ့ ငရုတ်သီးကို ကျွတ်နေအောင်ကြော်ထားတဲ့ ဘာလချောင်ကြော်

ဝက်သားနှင့် ရွှေဖရုံသီးချက်

ငါးကြင်းပေါင်း

ရွာလုံးကျွတ် မီးခိုးတိတ် အလှူ

အလှစားမဟုတ်၊ အဝစားရန် ချက်ထားသော ဟင်းများ

ထမင်းစားပြီး ရေနွေးကြမ်းနဲ့ လက်ဖက်သုပ်


သီတင်းကျွတ် လပြည့်ကျော်တစ်ရက်ကစလို့ ဟိုဘက်ရွာ၊ ဒီဘက်ရွာ အပြန်အလှန် ဘုန်းကြီးကန်တော့ လာရောက်ကြတာမို့ အကျွေးအမွေး ဧည့်ခံကြိုဆိုရေးတွေနဲ့ နောက် သုံးရက် လေးရက်ကြာအထိ ချက်ကြပြုတ်ကြ၊ ကျွေးမွေးကြနဲ့ မအားလပ်ကြတော့ပါဘူး။ ကျွန်မတို့ဆီမှာ အလှည့်ကျ ဘုန်းကြီးကန်တော့တဲ့ ရက်ကို သတ်မှတ်ပါတယ်.. ဒီနေ့ကိုယ့်မြို့ကိုယ့်ရွာကို တစ်ခြားရွာက လာရင် အိမ်ရှင် မြို့ခံက ထမင်းကျွေးရပါတယ်.. စက်လှေတွေ၊ ကားတွေနဲ့ ရောက်လာကြတဲ့ မြို့ရွာအသီးသီးက ဘုန်းကြီးကန်တော့ လာကြသူများ လူပေါင်း ထောင်သောင်းအုပ်ကြီးကို မလစ်ဟင်းရအောင် တစ်ရွာလုံးက ထောင့်စေ့အောင် ကျွေးမွေးဧည့်ခံရတာ ဖြစ်ပါတယ်။ အများအားဖြင့် ကျွေးမွေးကြတဲ့ ဟင်းတွေက အရည်သောက်ကတော့ မယ်ဇလီဆန်လှော်ချက်တာ များပါတယ်။ တောအုန်းဆန်လှော် ဟင်းချိုလည်း ကျွေးတတ်ပါသေးတယ်..  အခြားဟင်းတွေကတော့ ငါးချဉ်နဲ့ ရောနှယ်ကာ ညသိပ်ပြီး နှပ်ထားတဲ့ ငှက်ပျောအူသုပ်၊ ငါးပိချက်အတို့အမြုပ်၊ တစ်ခါတစ်ရံ ၀က်သားချည်းသက်သက်ဖြစ်စေ ဝက်သားနဲ့ ကျောက်ဖရုံသီးရောလို့ဖြစ်စေ ကျွေးတတ်ပါတယ်။ ကျွန်မတို့ဒေသမှာ စားလေ့ရှိတဲ့ ဟင်းပေါင်း၊ ဟင်းလှော်၊ မျှစ်ချဉ်လှော်၊ ငရုပ်သီးထောင်း၊ ဘာလချောင်ကြော် စသဖြင့် ဟင်းတွေကို ဘယ်လောက်များတဲ့ လူတွေဖြစ်ပါစေ.. နိုင်အောင် ကျွေးမွေးဧည့်ခံကြရပါတယ်.. ဆန်အိတ်ပေါင်း ၄၀လောက်အထိ ကျွေးရတဲ့ နှစ်တွေ ရှိခဲ့ပါတယ်။ ထမင်းကျွေးတဲ့ နေရာတွေကလည်း ဘုန်းကြီးကျောင်းရဲ့ ၇နေရာ ၈နေရာမှာ အုပ်စုတွေခွဲပြီး ပြင်ဆင်ကျွေးမွေးကြတာပါ။ ကျွေးမွေးတဲ့ နေရာတိုင်းမှာလည်း လက်မလည်အောင် လူတွေ စည်ကားနေတတ်ပါတယ်။ 

နောက်ရက်တွေမှာ အခြားမြို့ရွာကို ကျွန်မတို့မြို့က ဘုန်းကြီးကန်တော့ သွားကြရပါတယ်.. ဘုန်းကြီးကန်တော့ သွားရောက်ကြမဲ့ လူများအတွက် ရပ်ရွာက ကားစက်လှေ စတာတွေ စီစဉ်ပေးပါတယ်.. အဲဒီမှာလည်း လာသမျှ ပရိတ်သတ်ကို ထမင်းနဲ့ ဧည့်ခံကျွေးမွေးကြပါတယ်.. ထမင်းစားသောက်ပြီး မြို့ထဲ လျှောက်လည်ကြပတ်ကြ၊ အမျိုးတွေအိမ် သွားကြနဲ့ နေ့လည်တစ်နာရီလောက်မှာမှ ဘုန်းကြီးကျောင်းကို ပြန်လာကြပြီး ဘုန်းတော်ကြီးများကို ကန်တော့ကြပါတယ်.. လူများလွန်းတဲ့အတွက် အလွန်ကြီးမားတဲ့ ကျောင်းကြီးဟာ ပြည့်ကျပ်နေတာမို့ တစ်သုတ်ပြီးတစ်သုတ် ကန်တော့ကြရပါတယ်.. ဘုန်းကြီးတွေကလဲ အလှည့်ကျ တရားပေး၊ သီလပေးရပါတယ်.. ကျောင်းပေါ်မှာလည်း လှူတန်းထားကြတဲ့ လှူဖွယ်ပစ္စည်းတွေ တောင်ပုံရာပုံဖြစ်နေတာ မြင်ရတာ ကြည်နူးဖို့ ကောင်းလှပါတယ်.. မြန်မာလူမျိုးတွေရဲ့ အလှူအတန်းရက်ရောပုံကို အထင်းသားမြင်နိုင်တဲ့ ချိန်ခါလည်း ဖြစ်ပါတယ်.. ကန်တော့ပြီးတဲ့လူတွေက စောင့်ဆိုင်းနေတဲ့ စက်လှေများ၊ ကားများနဲ့ တစ်စီးပြည့်တိုင်း တစ်စီးပြည့်တိုင်း အလှည့်ကျ ထွက်ခွာလို့ ကိုယ့်မြို့ရွာကို ပြန်ကြပါတော့တယ်.. ညရောက်ချိန်မှာတော့ ဘုန်းတော်ကြီးကျောင်းမှာ မီးထွန်းသွားကြသူတွေက သွားကြသလို  အိမ်တိုင်းကလည်း မီးထွန်းကြပါတော့တယ်.. မီးအလှကြည့်ဖို့ လမ်းလျှောက်သူတွေ၊ ဗျောက်အိုးဖောက်သူနဲ့ မီးရှူးမီးပန်းလွှတ်ကြသူတွေ၊  ပွဲကြည့်သူတွေ၊ မီးအလှကြည့်သူတွေနဲ့ စည်ကားဆူညံနေတဲ့ သီတင်းကျွတ်ညတွေ ဖြစ်ပါတယ်..

အမျိုးသမီးတို့ တာဝန်


အားလုံး ပျော်ကြ၊ ရွှင်ကြသည်






ရှမ်းက နဲ့ ရှမ်းအိုးစည်ဝိုင်း



တောင်ကြီးက မီးပုံပျံနဲ့ နင်လား ငါလား :D


ဦးရွှေရိုး၊ ဒေါ်မိုး ကလေး၊ လူကြီး ကြိုက်ကြသည်


နောက်ရက်မှာတော့ အရင်ရက်က ဘုန်းကြီးကန်တော့ မလာရသေးတဲ့ ရွာတွေမြို့တွေက ကျွန်မတို့ရဲ့ ရွာကလေးဆီ ထပ်ရောက်လာကြပြန်ပါတယ်.. ဒီတော့လည်း မမောနိုင် မပန်းနိုင် အကျွေးအမွေးနဲ့ ပြန်ဧည့်ခံကြရပြန်ပါတယ်..  ဘုန်းကြီးကန်တော့ လာရောက်ကြသူတွေကလည်း အတီးအမှုတ်တွေ အိုးစည်ဒိုးပတ်တွေ၊ ရှမ်းအိုးစည်တွေ၊ ဦးရွှေရိုး ဒေါ်မိုး စတဲ့ အကအလှတွေ ရှမ်းရိုးရာ အက အလှတွေ စသဖြင့် စုံလင်လှပါတယ်.. ကျောင်းဝင်းထဲမှာ တီးသံမှုတ်သံတွေ ဆူညံနေပြီးတော့ လာတဲ့သူတွေလဲ ပျော်၊ ဧည့်ခံသူတွေမှာလည်း မောပေမဲ့ ပျော်ကြရပါတယ်.. တောင်ကြီး တန်ဆောင်တိုင်တို့လို မီးပုံးပျံ အကောင်းစားကြီးတွေနဲ့ မဟုတ်တောင် ကျန်ကျောင်းကျွတ်ကျွတ်အိတ်နဲ့ လုပ်ထားတဲ့ မီးပုံးပျံမျိုးတွေလည်း လွတ်တတ်ပါသေးတယ်။  ဘုန်းကြီးကျောင်းဝင်းထဲမှာလည်း လူတွေ ပြည့်ကြပ်ညှပ်နေအောင်ကို စည်ကားလှပါတယ်.. သီတင်းကျွတ်ပွဲတော်ရက် ဘယ်လောက်ကြာကြာ တစ်ရွာလုံးက ပျော်ပျော်ပါးပါးဆင်နွဲရင်း ဓလေ့ထုံးစံအလိုက် ကျင်းပကြတဲ့ ကျွန်မတို့ဒေသရဲ့ ချစ်စရာ မီးထွန်းပွဲတော် ရက်များဘဲ ဖြစ်ပါတယ်..


အကြောင်းအရာနဲ့ ပုံတွေကတော့  ကျွန်မရဲ့ မွေးဖွားရာ ဇာတိဒေသဖြစ်တဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသအနီးတစ်ဝိုက်က ကျေးရွာတွေရဲ့ သီတင်းကျွတ်ပွဲတော် အကြောင်းလေးပါ။ ဒီ သီတင်းကျွတ်အကြောင်းကို လွန်ခဲ့တဲ့ ၂နှစ်က တင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဓာတ်ပုံတွေ မရှိတာကြောင့် ပုံတွေ မပါခဲ့နိုင်ပါဘူး။ အခုတော့ ကျွန်မရဲ့ ညီမလေးက ဓာတ်ပုံတွေ ပို့လာတာကြောင့် ပုံလေးတွေနဲ့ တွဲပြီး ပြန်တင်လိုက်တာပါ။ ဓာတ်ပုံတွေက အရည်အသွေးတော့ သိပ်မကောင်းလှပေမဲ့ ရွာရဲ့ သီတင်းကျွတ်လေးကိုတော့ အတတ်နိုင်ဆုံး ပုံဖော်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မကိုယ်တိုင်က သတိရနေတာဖြစ်သလို အခြားသူများကိုလည်း ပြန်လည် မျှဝေချင်တာကြောင့် အမှတ်တရ ပြန်တင်ဖြစ်တာပါ။ အားလုံးလည်း သီတင်းကျွတ်မှာ ပျော်ရွှင်ကြပါစေ။ မိဘဆရာ ဘိုးဘွား လူကြီးသူမများကို ကန်တော့ပန်းဆင်နိုင်ကြပါစေရှင်။


အလှပဆုံး မင်္ဂလာနှစ်ပတ်လည် လက်ဆောင်

ငွေကြေးသိပ်မပြည့်စုံတဲ့ တစ်ခြားသော လူငယ်စုံတွေနဲ့ သိပ်မထူးခြားနားပါဘူး။ ကျွန်မတို့ နှစ်ယောက်ရဲ့ မင်္ဂလာဦး ကာလတွေဟာ ခြစ်ခြစ်ကုတ်ကုတ်နဲ့ ချွေတာပြီး နေနေရတဲ့ အချိန်တွေပါဘဲ။ ဒီနေ့ဟာ ကျွန်မတို့ နှစ်ယောက်ရဲ့ မင်္ဂလာတစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ပါ။ ဒါပေမဲ့ မင်္ဂလာနှစ်ပတ်လည် ရောက်လို့မှ နာမည်ကြီးဟိုတယ်တွေ၊ စားသောက်ဆိုင်တွေမှာ နှစ်ပတ်လည် အခမ်းအနားကို ဆင်နွဲဖို့ မပြောနဲ့ တစ်ယောက်နဲ့တစ်ယောက် အမှတ်တရအဖြစ် ပေးစရာလက်ဆောင် ခမ်းခမ်းနားနား၊ လှလှပပလေးတောင် မရှိခဲ့ပါဘူး။  ဈေးခပ်ပေါပေါ ပန်းစည်းလေးနဲ့ မင်္ဂလာနှစ်ပတ်လည် ကဒ်လေးသာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လက်ဆောင် ပေးလိုက်ကြပါတယ်။ မခမ်းနား မထည်ဝါလှတဲ့ အိမ်မှာ ရှိတာလေးနဲ့ ချက်ထားတဲ့ စားသောက်ဖွယ်ရာလေးတွေကို တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ပြီး ကြည်ကြည်နူးနူး စားသောက်ပြီးတော့မှ ပျော်ရွှင်ကြည်နူးစရာ အချစ်ဇာတ်ကားလေးကို အတူတူကြည့်ရင်း ကျွန်မတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်ပွဲကို အေးအေးချမ်းချမ်းဘဲ ဖြတ်သန်းလိုက်ကြတယ်။ ပကာသနမပါ၊ တန်ဖိုးကြီးလက်ဆောင်မပါတဲ့ မင်္ဂလာနှစ်ပတ်လည်လေးကို ကျွန်မတို့ နှစ်ယောက်လုံး ကျေနပ်ကြပါတယ်။ ကျွန်မတို့ နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက်အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာနဲ့၊ နှစ်ယောက်အတူတူ ရှိနေခွင့် ရတဲ့ ကံကောင်းမှုမျိုး ရှိနေမှတော့ ဘယ်လို လက်ဆောင်မှ မလိုတော့ဘူးပေါ့လေ။



ကျွန်မတို့နှစ်ယောက် အေးအေးချမ်းချမ်းနဲ့ တီဗီကြည့်နေစဉ်မှာဘဲ အိမ်ရှေ့က တံခါးခေါက်သံ ပေါ်ထွက်လို့ လာပါတယ်။ ဧည့်သည်တွေ ဘာတွေ မျှော်လင့်မထား၊ ဖိတ်လည်း ဖိတ်မထားတဲ့ ကျွန်မတို့ဟာ တံခါးခေါက်သံကို အနည်းငယ်တော့ ထူးဆန်းသွားမိပါတယ်။ တံခါးဖွင့်လိုက်တော့ စာပို့လုလင်လေးတစ်ယောက်က ကျွန်မတို့ နှစ်ယောက် နာမည်နဲ့ ရောက်လာတဲ့ ပါဆယ်ထုပ် တစ်ထုပ်လာပို့တာ ဖြစ်နေပါတယ်။ အရွယ် ခပ်လတ်လတ် ပါဆယ်ထုပ်လေးဟာ ကျွန်မရဲ့ အမေဆီကနေ ရောက်လာတဲ့ အထုပ်ကလေးပါ။ ကျွန်မတို့နှစ်ယောက်လုံးဟာ မမျှော်လင့်ဘဲ ရောက်လာတဲ့ ပါဆယ်ထုပ်လေးကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်နေမိကြပါတယ်။ အထဲမှာ ဘာလေးများ ရှိနေမှာပါလိမ့်ပေါ့။ သိချင်စိတ်တွေနဲ့ ပါဆယ်ထုပ်လေးကို အလျှင်အမြန် ဖြေကြည့်လိုက်တော့ အထဲက ပစ္စည်းလေးကိုလည်း မြင်လိုက်ရော ကျွန်မ မျက်ဝန်းမှာ မျက်ရည်တွေ စိမ့်အိုင်လာပါတော့တယ်။ အမေရဲ့ လက်ဆောင်လေးက ထူးထူးခြားခြားဖြစ်တာမျိုး၊ တန်ဖိုးကြီးမားတာမျိုးတော့လည်း မဟုတ်ပါဘူး။  ဂွမ်းကပ်နဲ့ သပ်သပ် ရပ်ရပ်လေး ချုပ်ထားတဲ့ အိပ်ရာဖုံးလေး တစ်ခုပါ။ သေချာတာကတော့ ဒီဂွမ်းကပ်အိပ်ရာဖုံးလေးဟာ အမေ ကိုယ်တိုင် သူ့လက်နဲ့ ချုပ်လုပ်ထားတာ ဖြစ်တယ် ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။




အဖြူရောင် အစပေါ်မှာ ဇာလေးတွေ အနားကွပ်ထားပြီး ရွှေရောင် ချည်မျှင်လေးတွေနဲ့ ယှက်ဖောက် ချုပ်လုပ် ထားပါတယ်။ အဖြူရောင် အစပေါ်မှာ ခရမ်းရောင် ပန်းပွင့်လေးတွေကို ပန်းထိုး ချည်လေးနဲ့ ခပ်ကျဲကျဲ ပုံဖော်ထားတာဟာ လွန်ခဲ့တဲ့ တစ်နှစ် ကျွန်မရဲ့ မင်္ဂလာပွဲနေ့မှာ ကိုင်ခဲ့တဲ့  သတို့သမီး လက်ကိုင်ပန်း ခရမ်းရောင် လေးကို အမှတ်ရစေပါတယ်။ လှပ ချစ်စရာ ဂွမ်းကပ်အိပ်ရာဖုံးလေးနဲ့အတူ မညီမညာ မလှမပသော်လည်း မေတ္တာ အပြည့်နဲ့ ရေးလိုက်တဲ့ အမေရဲ့ စာလေးတစ်စောင် ပါလာပါတယ်။




သမီးနဲ့ သားတို့ရေ




ပျော်ရွှင်စရာ မင်္ဂလာနှစ်ပတ်လည်လေး ဖြစ်ပါစေကွယ်… သမီးနဲ့ သားတို့အတွက် အမေ့ရဲ့ မင်္ဂလာနှစ်ပတ်လည် လက်ဆောင်လေးကို အမေကိုယ်တိုင် လုပ်ပြီး ထည့်ပေးလိုက်ပါတယ်။ ရွှေရောင် ချည်မျှင်လေးတွေကတော့ သားတို့ သမီးတို့ မင်္ဂလာနေ့က လှဲလှယ်ခဲ့ကြတဲ့ ရွှေလက်စွပ်လေးတွေကို ကိုယ်စားပြုပြီးတော့ ခရမ်းရောင် ပန်းပွင့်လေးတွေကတော့ သမီးနဲ့ သားတို့ရဲ့ မင်္ဂလာပွဲတုန်းက အရောင်လေးကို  ကိုယ်စားပြုပါတယ်။ အမေ့ရဲ့ လက်ဆောင် ဂွမ်းကပ် အိပ်ရာဖုံးလေးဟာ အေးချမ်းတဲ့ အချိန်တွေမှာ သားနဲ့ သမီးကို နွေးထွေးစေပြီးတော့ ဒီအိပ်ရာဖုံးလေးကို မြင်တိုင်း သားနဲ့ သမီးတို့ နှစ်ယောက်ရဲ့ မင်္ဂလာနေ့ရက်ကို အမှတ်ရစေလိမ့်မယ်လို့ အမေယုံကြည်ပါတယ်။



ချစ်ခြင်းများစွာနဲ့

အမေ


အမေရဲ့ မညီမညာလက်ရေးလေးတွေနဲ့ စာဟာ ကျွန်မတို့ နှစ်ယောက်လုံးရဲ့ နှလုံးသားကို ထိခိုက် လှုပ်ရှားစေခဲ့ပါတယ်။ ကျွန်မတို့ နှစ်ယောက်မှာ မင်္ဂလာနှစ်ပတ်လည်ကို ခမ်းခမ်းနားနား ကျင်းပဖို့ ငွေကြေးမရှိဘူး ဆိုတာ အမေက ကောင်းကောင်းကြီး သိနေပုံပါဘဲ။ အမေ့မှာလည်း မင်္ဂလာနှစ်ပတ်လည် လက်ဆောင် တန်ဖိုးကြီးကြီး၊ ကောင်းကောင်းပေးဖို့ ပိုက်ဆံသိပ်မရှိရှာတာ ကျွန်မကလည်း သိပြီးသားပါ။ ဒါကြောင့်လည်း အမေဟာ သူ့လက်နဲ့ ကိုယ်တိုင်ချုပ်တဲ့ ဂွမ်းကပ်လှလှလေးကို ကျွန်မတို့အတွက် ပို့လိုက်တာဖြစ်မှာပါဘဲ။ ဒီဂွမ်းကပ်လေးဖြစ်လာဖို့ အချိန်ယူပြီး စိတ်ရှည်လက်ရှည်နဲ့ ချုပ်လုပ်နေတဲ့ အမေ့ကို ကျွန်မရဲ့ အတွေးထဲမှာတင် တရေးရေး မြင်ယောင်လာမိပါတယ်။ ဒီဂွမ်းကပ်လေးပေါ်မှာ ပြေးလွှားနေမဲ့ အမေ့ရဲ့ လက်ချောင်းလေးတွေမှာ ချစ်ခြင်းမေတ္တာတွေ စီးမျှောနေလိမ့်မယ်… အမေ့ရဲ့ မျက်နှာဟာလည်း ချစ်ခြင်းတွေနဲ့ ပြုံးနေလိမ့်မယ်.. အမေ့ရဲ့ မျက်လုံးလေးတွေတောင် ချစ်ခြင်းတွေနဲ့ တောက်ပနေလိမ့်မယ်ဆိုတာ သိပ်သေချာတာပေါ့။ ဒီဂွမ်းကပ်လေးဟာ အမေ့ရဲ့ မေတ္တာတွေနဲ့ ယှက်ဖောက်ထားပြီး အမေ့ရဲ့ ချစ်ခြင်းတွေနဲ့ လှလှပပ ချုပ်လုပ်ထားတာပါ။

နှစ်တွေ တစ်နှစ်ပြီး တစ်နှစ် ကုန်လွန်သွားပေမဲ့  ကျွန်မတို့ နှစ်ယောက်ရဲ့ ပထမဦးဆုံးမင်္ဂလာနှစ်ပတ်လည် လက်ဆောင်လေးကို ဘယ်သူ ကမှ မမေ့ကြပါဘူး။ ကျွန်မရဲ့ ခင်ပွန်းဟာ “မင်းရခဲ့ဖူးတဲ့  အကောင်းဆုံး မင်္ဂလာ နှစ်ပတ်လည် လက်ဆောင်ဟာ ငါ့ဆီက မဟုတ်ဘဲ မင်းရဲ့ အမေဆီက ဖြစ်နေတာကို လုံးဝ မနာလိုဘူး” လို့ ပြုံးပြုံး ရယ်ရယ် ချစ်ခင်စွာနဲ့ ကျွန်မကို အမြဲတမ်း စနောက် တတ်ပါတယ်။

  

ဟုတ်ပါတယ်လေ.. မိခင်တစ်ယောက်ရဲ့ နွေးထွေးတဲ့မေတ္တာတွေ၊ သိမ်မွေ့တဲ့ ချစ်ခြင်းတရားတွေနဲ့ ချုပ်လုပ်ထားတဲ့ လက်ဆောင်လေးထက် ပိုမိုကောင်းမွန် ပြီးပြည့်စုံစေတဲ့ မင်္ဂလာ နှစ်ပတ်လည် လက်ဆောင်ဆိုတာ ဘယ်မှာများ သွားရှာရပါ့မလဲနော်။


The wedding quilt by Stephenie Speck ကို ဘာသာပြန်ပါသည်။