နှင်းလွှာခြုံသည့် မြောက်ဦးမြို့မနက်ခင်း



မြောက်ဦးမြို့အကြောင်း ဆက်ရေးရမယ်ဆိုရင် ကျွန်မ ရောက်သွားခဲ့တဲ့ ၂လပိုင်းအချိန်ဟာ ဆောင်းရာသီသာ ရှိသေးတာမို့ တောင်တန်းတွေ ပတ်လည်ဝိုင်းနေတဲ့ မြောက်ဦးမြို့ရဲ့ ဆောင်းမနက်ခင်းဟာ စိမ့်စိမ့်လေးနဲ့ အေးချမ်းလှပါတယ်။ မြောက်ဦးမြို့ မသွားခင်မှာ အင်တာနက်ပေါ်ကနေ သူများတွေ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို မြင်ပြီး မြောက်ဦးရောက်ဖြစ်ခဲ့ရင် ကျွန်မလည်း အဲဒီလို ဓာတ်ပုံတွေ ရိုက်ဖြစ်အောင် ရိုက်မယ်လို့ ဆုံးဖြတ်မိပါတယ်။ မနက်ခင်း နှင်းမြူတွေအောက်မှာ မြောက်ဦးမြို့ရဲ့ ပတ်ဝန်းကျင်အလှနဲ့ အေးချမ်းမှုတို့ဟာ တကယ်ကို ရင်သပ်ရှုမော ဖြစ်ရလောက်ပါတယ်။ အဲဒီလို နှင်းမြူတွေနဲ့ ရှုခင်းကို ဓာတ်ပုံရိုက်ချင်တဲ့အတွက် ကျွန်မတို့ကို ကားမောင်းလိုက်ပို့တဲ့ ကားဆရာလေးကို ဘယ်နေရာက မနက်စောစော ရှုခင်းလှသလဲ၊ ဘယ်အချိန် အကောင်းဆုံးလဲ စသဖြင့် မေးလိုက်တာနဲ့ နိုင်ငံခြားသားတွေကို လိုက်ပို့နေကျ ကားဆရာက ဘယ်တောင်ပေါ်ကနေ ကြည့်ရင် အလှဆုံးရှုခင်းတွေကို မြင်ရတယ်၊ ဘယ်အချိန်ကောင်းတယ် စသဖြင့် ပြောပြပါတော့တယ်။ အဲဒါနဲ့ ကျွန်မတို့လည်း မနက်စောစော လာနိုးဖို့ ကားဆရာကို မှာထားလိုက်တော့ ကားဆရာက ကျွန်မတို့ တည်းခိုရာ ဟိုတယ်ကို မနက် ၅နာရီလောက်မှာ ဝိရိယကောင်းစွာ ရောက်လာပါတယ်။ ဟိုတယ်ကနေ ထွက်လာတဲ့အချိန်က မနက် ၅နာရီခွဲလောက် ရှိပါပြီ။ ခုတက်မဲ့ တောင်က ဦးမြဝါ တောင်ဖြစ်ပြီးတော့ ဟိုတယ်နဲ့ နီးတယ်ဆိုလို့ ကင်မရာလေး ယူပြီး လမ်းလျှောက်ဘဲ ထွက်လာခဲ့ကြပါတယ်။

တကယ်လဲ နီးနီးလေးပါဘဲ။ နဝရတ်ဟိုတယ်ကနေ လမ်းလျှောက်သွားတာ ၅မိနစ်တောင် မကြာဘူး ထင်ပါတယ်။ သျှင်မြဝါတောင် ခေါ် ဦးမြဝါတောင်ရှိရာနေရာကို ရောက်ပါတယ်။ နေထွက်တာ မမှီလိုက်မှာစိုးတဲ့အတွက် ကျွန်မက အရှေ့ဆုံးကနေ မောရမှန်း မသိအောင် အားစိုက်ပြီး လမ်းလျှောက် တက်ခဲ့ပါတယ်။ တောင်ထိပ်ရောက်တော့မှ အသက်ကို ဝအောင်ရှုရင်း မြင်လိုက်ရတဲ့ မြင်ကွင်းတွေက အသက်ရှုမှားချင်စရာ အေးချမ်းလှပပြီး မှိုင်းမှုန်ပြာရီလို့ နေပါတော့တယ်။ မြောက်ဦးမှာ ရှိနေတဲ့ ရက်တွေမှာ ကျွန်မဟာ ညနေတိုင်း၊ မနက်တိုင်း တောင်ပေါ်တက်ပြီး နေဝင်ချိန်နဲ့ နေထွက်ချိန် မြောက်ဦးမြို့ရဲ့ ရှုခင်းအလှအပများကို ဓာတ်ပုံရိုက်ဖြစ်ပါတယ်။ နေ့လည်နေ့ခင်းမြင်ရတဲ့ ရှုခင်းတွေနဲ့ မနက်ခင်း မြင်ရတဲ့ ရှုခင်းတွေဟာ မတူကွဲပြားကြောင်းကိုတော့ မနက်စောစောထကြည့်တဲ့ အခါ သိသာပါလိမ့်မယ်။ ပထမ မနက်မှာတော့ ဦးမြဝါ တောင်ပေါ်ကနေ ရိုက်တာပါ။ တောင်ပေါ်မှာ စေတီတစ်ဆူလည်း ရှိပါတယ်။ အဲဒီစေတီကိုလည်း သျှင်မြဝါ စေတီလို့ခေါ်ပါတယ်။ 

တောင်ပေါ်မှာ တည်ရှိနေတဲ့ သျှင်မြဝါ စေတီဆိုတာ တစ်ဦးတစ်ယောက်ကို ရည်စူးပြီး တည်ထားတဲ့ စေတီဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်ကတော့ သျှင်မြဝါဆိုတဲ့ ရသေ့ကြီးဖြစ်ပါတယ်။ သျှင်မြဝါဆိုတာ မြောက်ဦးမြို့ရဲ့ သမိုင်းမှာ ထင်ပေါ်သူ မင်းဆရာတစ်ဦးလို့လည်း ဆိုကြပါသေးတယ်။ မြောက်ဦးမြို့ရဲ့ နာမည်ကျော် ပုထိုးတော်ကြီးဖြစ်တဲ့ သျှစ်သောင်းပုထိုးတော်ကြီးရဲ့ ဒါယကာမင်းဗာကြီးနဲ့ဆို အမေ ညီအစ်မ ဖြစ်သောကြောင့် ညီအစ်ကိုတော်စပ်ကြတယ်လို့ ဆိုပါတယ်။ သက္ကရာဇ် ၈၇၀ခန့် အသက် ၁၆နှစ်မှာ အိန္ဒိယကို သွားရောက်ပြီး မိဂဒါဝုန်တောရှိ သီရိဗိဿနိုး ရသေ့ထံမှာပါ ၂၃နှစ်တိုင်တိုင် ပညာသင်ကြားပြီး  ရခိုင်ပြည်ကို ပြန်ရောက်တဲ့အခါ တောင်ညိုတောင်တိုက်မှာ ရသေ့ဝတ်ဖြင့် နမန္တာခေါ် ဓာတ်ကျမ်းကို ပြုစုပါတယ်။ ဘုရင်မင်းဗာကြီးအားလည်း ယခင်က ရခိုင်ပိုင်နက် ဖြစ်ခဲ့တဲ့ ဘင်္ဂလား၁၂နယ်ကို ပြန်လည်သိမ်းပိုက်ရန် အကြံပေးရာ ပြောသည့်အတိုင်း စစ်ချီခဲ့သဖြင့် ဘင်္ဂလား ၁၂မြို့ကို ရခိုင်တို့ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။   အစီအမံများကို တတ်ကျွမ်းတဲ့ သျှင်မြဝါဟာ မြောက်ဦးမြို့သက် အစဉ်သဖြင့် ရှည်ကြာစေရန် တွက်ချက်ရာ ကြာသပတေးသားကို စတေးပါက မြို့သက်ရှည်မယ်လို့ တွက်ကိန်းများက ပြဆိုရာ ကြာသာပတေးသား ဖြစ်သော သျှင်မြဝါက သူ့အသက်ကို သူ စတေးဖို့ ဆုံးဖြတ်လိုက်ပြီး မိမိဝမ်းဗိုက်ကို ဓါးနဲ့ထိုးကာ ထွက်လာသော အူများကို တိုင်တစ်တိုင်တွင်ချည်ကာ ခြေလှမ်းစလှမ်းပြီးနောက် သူသေဆုံးတဲ့နေရာမှာ မြုပ်နှံဖို့ မှာကြားခဲ့ပါတယ်။ သို့သော်လည်း ဘုရင်မင်းဗာကြီးက ပညာရှိတစ်ဦးကိုဖြစ်သလို သင်္ဂြိုလ်မြုပ်နှံခြင်း မပြုလိုတဲ့အတွက် အခမ်းအနားဖြင့် သဂြိုလ်ပြီးနောက် သျှစ်သောင်းဘုရား တောင်ဘက် ဘုရားပေါင်းတောင် တောင်စွယ်မှာ  အရိုးပြာကို ဂူသွင်းထားခဲ့ရာ ယခုတိုင် အရိုးဂူပေါ် ထပ်ဆင့်တည်ထားသော ဘုရားကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ 

သျှင်မြဝါ သေဆုံးပြီးနောက်မှာ ခရစ်က္ကရာဇ် ၁၅၈၇ခုနှစ်မှာ သျှင်မြဝါအတွက် ရည်စူးပြီး ဘုရင်မင်းဗာကြီးက သျှင်မြဝါအား အများသူငှာက လှူဒါန်းထားခဲ့သော ပစ္စည်းများနှင့် သျှင်မြဝါ၏ ကိုယ်ပိုင်ပစ္စည်းများကို ဌာပနာပြီး  စေတီကို တည်ထားခဲ့တယ်လို့ သိရပါတယ်။ သျှင်မြဝါအားရည်စူးပြီး တည်ထားခြင်းဖြစ်တဲ့အတွက် သျှင်မြဝါစေတီလို့ ခေါ်ပြီး စေတီရှိရာ တောင်ကိုလည်း သျှင်မြဝါတောင်လို့ ခေါ်တွင်ကြပါတယ်။ အချို့ကလည်း ဦးမြဝါတောင်လို့လည်း ခေါ်ကြပါတယ်။

Image Hosted by PicturePush - Photo Sharing

သျှင်မြဝါတောင်ပေါ်ရှိ သျှင်မြဝါ စေတီပါ။  
မနက်စောစောနေမထွက်ခင်  ဒီတောင်နဲ့ မြောက်ဦးမြို့မှာ အမြင်ဆုံးလို့ ဆိုကြတဲ့ ရွှေတောင် တောင်ပေါ်တွေကနေ ရိုက်ခဲ့တဲ့  မြောက်ဦးမြို့ရဲ့ မနက်ခင်းပုံများကို ဖော်ပြချင်ပါတယ်။

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

တောင်ပေါ်ရောက်ချိန်ဟာ မြို့ရဲ့ လျှပ်စစ်မီးတစ်ချို့တောင် မငြိမ်းသေးပါဘူး။ 
နမထွက်ခင် နှင်းမြူတွေကြားက ပုံရိပ်များပါ။ 






Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

အချမ်းဒဏ်ကို အံတုဖို့ သစ်ကိုင်းလေးတွေမီးရှို့ပြီး မီးလှုံနေတဲ့ ကိုရင်လေးတွေကိုတွေ့တာနဲ့ လိုက်ဖက်လှတဲ့မြင်ကွင်းလေးအတွက် ဓာတ်ပုံရိုက်ယူဖြစ်ခဲ့ပါတယ်၊

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

ကိုရင်လေး ဒီလိုလေး နေပေးပါနော်ဆိုပြီး  နှင်းမြူတွေဆိုင်းနေတဲ့ ရှေးဟောင်းစေတီပုထိုးနောက်ခံနဲ့အတူ ကိုရင်လေးတွေကိုဓာတ်ပုံထပ်ရိုက်ဖြစ်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

မြို့ဦးခေါင်းတောင်နဲ့ မြို့ဦးခေါင်းဘုရားဘက်ဆီသို့... 

Image Hosted by PicturePush - Photo Sharing

နေထွက်တော့မယ် ရောင်နီပျို့လာပြီ..


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

ဟော.. နေထွက်လာပြီ.. 

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

ရင်သပ်ရှုမော နေအထွက် ရှုခင်း


Image Hosted by PicturePush - Photo Sharing

ရွှေစေတီကိုလှမ်းမြင်နေရတဲ့ တောင်ထိပ်ကတော့ ရွှေတောင်လို့ခေါ်တဲ့ တောင်ပါ။ နောက်တစ်နေ့ မနက်မှာတော့ အဲဒီတောင်ပေါ် မိုးမလင်းခင် ရောက်အောင် သွားပြီး ဓာတ်ပုံရိုက်ဖြစ်ပါတယ်။ တောင်က တော်တော်လေးကိုမြင့်ပါတယ်။  တောင်ခြေထိ ဂျစ်ကားနဲ့သွားပေမဲ့ လူသွားလမ်းကလေးသာရှိတာကြောင့် ကားနဲ့ မတက်နိုင်ဘဲ ခြေလျှင်သာ တက်ရပါတယ်။ အေးစိမ့်နေတဲ့ မနက်ခင်းမှာ တောင်တက်ရတာကလည်း အရသာတစ်မျိုးလေး ထူးခြားလို့ နေပါတယ်။ အောက်က ပုံတွေကတော့ ရွှေတောင် တောင်ပေါ်ကနေ ရိုက်တဲ့ မြောက်ဦးဝန်းကျင်တစ်ဝိုက်ရဲ့ မနက်ခင်းပုံရိပ်များ ဖြစ်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

တောင်အောက်မှာ ဂျစ်ကားကို ရပ်ထားခဲ့ရ

ပြီးခဲ့တဲ့ မြောက်ဦးအကြောင်းမှာ ရွှေတောင်အကြောင်းကိုလည်း ထည့်သွင်းဖော်ပြခဲ့ပါသေးတယ်။ ရွှေတောင်ဆိုတာဟာ မြတ်စွာဘုရားရှင် နုစဉ်အခါက ဥဒေါင်းမင်းဘဝနဲ့ နေထိုင်ခဲ့တဲ့ တောင်ဖြစ်တယ်လို့ ဆိုပါတယ်။ ဓညဝတီခေတ် သူရိယစက္ကမင်းကြီးက မြတ်စွာဘုရားရှင် ဗျာဒိတ်ပေးခဲ့သည့်အတိုင်း ဦးခေါင်းတောင်ဓာတ်ကို ဌာပနာပြီး စေတီ တည်ထားခဲ့ပါတယ်။ မြောက်ဦးမြို့မှာတော့ အမြင့်ဆုံးတောင် တစ်ခုဖြစ်တယ်လို့ သိရပါတယ်။  မြောက်ဦးမြို့တည် ဘုရင်မင်းစောမွန်က ၁၄၃၀ခုနှစ်မှာ တည်ထားကိုးကွယ်ခဲ့ပါတယ်။ ရှေးဟောင်းမြေကတုတ်ကျင်းများကို တွေ့နိုင်ပြီး ၄င်းရွှေတောင်အနီးမှာ ပုဏ္ဍားတောင်ခံတပ်နှင့် မြတောင်ခံတပ်များရှိပြီး အင်္ဂလိပ်တို့ကို ၄င်းနေရာများမှ ခုခံတိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

တောင်ထိပ်တိုင်းမှာ စေတီပုထိုး အမျိုးအမျိုးတည်ရှိနေပုံက စိတ်ကြည်နူးဖွယ်ရာ..


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ဘာကိုလွမ်းလို့လွမ်းရမယ် မသိ.. 

Image Hosted by PicturePush - Photo Sharing

နှစ်ရက်ပေါင်း ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ တော်တော်လေးကို များပါတယ်။ ဒါပေမဲ့ ဒီလောက်ဘဲ တင်ပါတော့မယ်နော်။ 


မြောက်ဦးမြို့ရဲ့ မနက်ခင်း ပုံရိပ်များဟာ နှင်းငွေ့ နှင်းမှုန် နှင်းလွှာတွေ သိုင်းခြုံပြီး အေးချမ်းလှပ သာယာလှတာမို့ အားလုံးလည်း စိတ်ကြည်နူး အေးချမ်းကြမယ်လို့ မျှော်လင့်ပါတယ်ရှင်။ ချစ်ခင်ရပါသော မိတ်ဆွေများလည်း မြောက်ဦးမြို့ကို ရောက်ဖြစ်တယ်ဆိုရင်မြင့် မနက်ခင်း စောစောမှာ တောင်ပေါ်တွေကနေ တွေ့မြင်ရတဲ့ နှင်းမြူဆိုင်းနေတဲ့ သဘာဝ အလှတွေကို ခံစားဖြစ်အောင် ခံစားခဲ့ကြပါလို့..




ဝက်သားကီဝီသီးကြော်


ဆေးဘက်ဝင်တဲ့ အသီးတွေထဲမှာ ကီဝီသီးဟာလည်း အပါအဝင်ဖြစ်ပါတယ်။ အစိမ်းရောင် ကီဝီသီးဟာ သေးငယ်ပေမဲ့ အကျိုးလည်းများပါတယ်။ ကီဝီသီးမှာ  ပိုတက်ဆီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင် အီး နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါရှိတဲ့အပြင် လိမ္မော်သီးထက်ပင်  ဗီတာမင် စီ မှာ၂ဆ ပိုမို ပါဝင်မှု များပြားတယ်လို့ သိရပါတယ်။ ကီဝီသီးဟာ အသက်ရှူ အင်္ဂါအဖွဲ့အစည်းကို အားကောင်းစေတဲ့အတွက် ပန်းနာရင်ကြပ် ရောဂါရှိသူများ စားသုံးသင့်တဲ့ အသီးဖြစ်ပါတယ်.. သွေးထဲမှ အဆီများ ပိတ်ဆို့ခြင်းကို လျော့ချပေးနိုင်စွမ်း ရှိပါတယ်.. ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ကော့ပါး စသည့် သတ္တုဓာတ်များ ကြွယ်ဝစွာ ပါရှိခြင်းကြောင့် သွေးအားနည်းရောဂါ ဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်စွမ်း ရှိပြီး ခန္ဓာကိုယ်အတွင်း စီးဆင်း နေသော သွေးအပြစ်အကျဲကထိန်းညှိပေးနိုင်စွမ်း ရှိကြောင်း သိရပါတယ်.. အရေပြားကိုလည်း တင်းရင်းစေပြီး အရေးအကြောင်းများကို လျော့နည်းစေတာကြောင့် နုပျိုလှပလိုတဲ့ အမျိုးသမီးများလည်း စားသုံးသင့်ကြောင်း အကြံပေးထားပါတယ်။ ခန္ဓာကိုယ်အတွင်း ဇီဝရုပ်ဖြစ်ပျက်ခြင်းနဲ့ အာရုံကြောအဖွဲ့အစည်းများကို အားကောင်းစေနိုင်တယ်လို့ သိရပါတယ်။ သို့ပေမဲ့ ကီဝီသီးဟာ ဒီအတိုင်း စားသုံးမယ်ဆိုရင် သူ့အရသာက အနည်းငယ်တော့ ကသိကအောက်နိုင်ပါတယ်။ သူ့အနံ့ အရသာကို မကြိုက်တဲ့သူဆိုရင် လုံးဝကို မကြိုက်ပါဘူး။ 

Image Hosted by PicturePush - Photo Sharing

အချို့ကတော့ ကီဝီသီးကို ဖျော်ရည်အဖြစ်လည်း လုပ်သောက်ကြပါသေးတယ်။ ကီဝီသီး အစိမ်းကိုစားရတဲ့ အရသာဟာ သိပ်ပြီး နှစ်သက်ဖို့ မကောင်းပေမဲ့ ဟင်းအဖြစ် ချက်စားတဲ့အခါမှာတော့ ချဉ်ဖြုံးဖြုံးလေးနဲ့ အရသာ မဆိုးလှတာကြောင့် ကီဝီသီးတွေ လက်ဆောင်ရတိုင်း အလဟသ မဖြစ်စေအောင် မကြာခဏ ဟင်းချက်စားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ကီဝီသီးရယ် စတော်ဘယ်ရီသီးရယ်ကို ပုဇွန်လေးနဲ့ ချက်တဲ့နည်း ဖော်ပြခဲ့ပါတယ်။ ခုတစ်ပတ်မှာ ကီဝီသီးကို  ဝက်သားနဲ့ ကြော်တဲ့နည်း နောက်တစ်မျိုး ဖော်ပြချင်ပါသေးတယ်။ ဒီချက်နည်းကတော့ ညီမလေးတစ်ယောက်က လက်ဆောင်ပေးတဲ့ တရုတ် ဟင်းချက်နည်း စာအုပ်ထဲက ဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing

ကီဝီသီး ဝက်သားကြော်ဖို့အတွက် ဝက်သားကို ပါးပါးရှည်ရှည်လေး အချောင်းလေးတွေ လှီးပြီး ဆား၊ အရသာမှုန့်၊ ဟင်းချက်ဝိုင် အနည်းငယ်၊ ပဲငံပြာရည်တို့နဲ့ နယ်ပြီး ထားထားပါတယ်။ 


Image Hosted by PicturePush - Photo Sharing 


မမှည့်သေးတဲ့  ကီဝီသီး ခပ်မာမာ အစိမ်း၂လုံးကို အခွံနွာပြီး ပါးပါးလှီးပါတယ်။ အစေ့ပါတဲ့ အတွင်းသားဟာ ဟင်းချက်ရင် ပျော့အိသွားတတ်တာကြောင့် ၄င်းအပိုင်းကို ဖယ်ပြီး အစေမပါတဲ့ အသားတွေကို အချောင်းကလေးများ ဖြစ်အောင် လှီးပါတယ်။

Image Hosted by PicturePush - Photo Sharing

ငရုပ်ပွ အနီ ၁ခု (သို့) ၂ခုကိုလည်း ပါးပါးလှီးပြီး အချောင်းကလေးများ ဖြစ်အောင် လှီးထားပါတယ်။ အစိမ်းနဲ့ အနီရဲ့ တွဲဖက်မှုက ဟင်းခွက်ကို ပိုပြီး ဆွဲဆောင်မှု ရှိအောင် ငရုပ်ပွ အနီကို ရွေးချယ်ထားတာပါ။



Image Hosted by PicturePush - Photo Sharing

ကြက်သွန်ဖြူ ဓါးပြားရိုက်ပြီး အနည်းငယ် စင်းထားတာရယ်၊ ဂျင်းရယ်ကို အရင်ဆီသတ်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing

ထို့နောက် ဝက်သားကို ထည့်ပြီး ကြော်လိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ဝက်သားကျက်ပြီဆိုရင် ကော်မှုန့် အနည်းငယ်ကို ရေဖျော်ပြီး ထည့်လိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ကော်ရည်စေးပျစ်သွားရင် ငရုပ်ပွထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ကီဝီသီး ထည့်ပါတယ်။ ဆား၊ အရသာ လိုတာထပ်ထည့်ပါမယ်။ ပြီးတာနဲ့ကီဝီသီးတွေ အိသွားမှာ စိုးတာကြောင့် မီးပေါ်ကြာကြာမထားဘဲ ချက်ခြင်းချဖို့ ပြင်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

အစိမ်း အနီ စတဲ့ အရောင်များနဲ့ ဆွဲဆောင်မှုရှိတဲ့ ဟင်းတစ်ခွက်ရပါပြီ။ 

Image Hosted by PicturePush - Photo Sharing

အစာလည်း ဆေး၊ ဆေးလည်း အစာဆိုသလို ဆေးဘက်လည်းဝင် ဟင်းအဖြစ်လည်း အရသာရှိရှိ သုံးဆောင်နိုင်မဲ့ ဝက်သားကီဝီသီးကြော် ဖြစ်ပါတယ်။



အားလုံးအတွက် စိတ်ချမ်းသာ ပျော်ရွှင်သော နေ့ရက်များကို ဖြတ်သန်းနိုင်ကြပါစေရှင်....



ပင်လယ်ထဲက ဘုရားကျောင်းဆောင်

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာရှိတဲ့ ထင်ရှားကျော်ကြားတဲ့ လည်ပတ်စရာနေရာတွေထဲမှာ ပင်လယ်ထဲမှာ တည်ရှိနေတဲ့ ဘုရားကျောင်းတစ်ခုလည်း အပါအဝင် ဖြစ်ပါတယ်။ အဲဒီဘုရားကျောင်းနာမည်က Pura Tanah Lot ဖြစ်ပြီး ဘာလီကျွန်းသားတွေရဲ့ ဘာသာစကားနဲ့ ပင်လယ်ထဲက ဘုရားကျောင်းလို့ ခေါ်တယ်လို့ သိရပါတယ်။ ဘာလီကျွန်းရဲ့ Denpasar  မြို့ကနေ ကီလိုမီတာ ၃၀ခန့်ကွာဝေးတဲ့ ပင်လယ်ကမ်းစပ်နဲ့ မဝေးလှတဲ့ ကျောက်ဆောင်ငယ်ပ်ါမှာ တည်ဆောက်ထားတာ ဖြစ်ပြီး ရုတ်တရက်ကြည့်လိုက်ရင် သင်္ဘောတစ်စီးရဲ့ ပုံသဏ္ဍန်နဲ့ ဆင်ဆင်တူပါတယ်။ ဒီပင်လယ်ထဲက ဘုရားကျောင်းတည်ဆောက်မဲ့ ကျောက်ဆောင်ငယ်လေးဟာ ၃ဧက ခန့်သာ ကျယ်ဝန်းပြီး တကယ်တမ်းတော့ ပင်လယ်ကမ်းခြေနဲ့ တစ်ဆက်တည်း ဖြစ်ခဲ့ဟန်ရှိပြီး ပင်လယ်ဒီရေနဲ့ လှိုင်းများရဲ့ နှစ်ပေါင်းများစွာ တိုက်စားမှုကြောင့် ကမ်းစပ်က ကျောက်ဆောင်တွေနဲ့ မဆက်တော့ဘဲ ပင်လယ်ထဲမှာ သီးသန့်တည်ရှိနေသကဲ့သို့ ဖြစ်ပေါ်နေခဲ့တာပါ။ ကမ်းစပ်ကနေ မီတာ ၂၀ခန့်သာ ဝေးတာမို့ လမ်းလျှောက်သွားရင် မိနစ်အနည်းငယ်နဲ့ ရောက်သွားမှာဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ကျောက်ဆောင်ပေါ်မှာ တည်ဆောက်ထားတဲ့ ဘုရားကျောင်းကတော့ ၁၅ရာစုနှစ်က လက်ရာဖြစ်တယ်လို့ သိရပါတယ်။ ၁၅ရာစုနှစ်တုန်းက ဂျာဗာကျွန်းကနေ ရောက်ရှိလာတဲ့ ဟိန္ဒူဘုန်းတော်ကြီး Nirartha ဟာ ပင်လယ်ကမ်းခြေတစ်လျှောက် ခရီးသွားနေရင်း ဒီကျောက်ဆောင်ရှိရာ နေရာကို ရောက်ရှိလာခဲ့ပြီး ပင်လယ်ပြင်ထဲမှာ လှလှပပ အထီးတည်း တည်ရှိနေတဲ့ ကျောက်ဆောင်ကို တွေ့မြင်သွားပြီး ၄င်းကျောက်ဆောင်ပေါ်မှာ တစ်ညတာအိပ်စက်ဖို့ အနားယူနေခဲ့ပါတယ်။ အနီးနားက တံငါတွေက ဘုန်းတော်ကြီးကို တွေ့မြင်သွားကြပြီး ပူဇော်ဖွယ်ဝတ္ထုပစ္စည်းတွေ ယူဆောင်လာကြကာ ဘုန်းတော်ကြီးကို လာရောက်ပူဇော်ကြပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ဘုန်းတော်ကြီး Nirartha ဟာ ကျောက်ဆောင်ပေါ်မှာ တစ်ညတာ အိပ်စက်ပြီးတဲ့နောက် ဒီကျောက်ဆောင်ပေါ်မှာ ဘုရားကျောင်း ဆောက်သင့်တယ်။ ဒီကျောက်ဆောင်ဟာ မြင့်မြတ်တဲ့ နေရာဌာနတစ်ခုလို့ သူ့စိတ်ထဲ ခံစားမိပြီး ဒီနေရာကနေ ပင်လယ်နတ်ဘုရားတွေကို ရှိခိုးပူဇော်ဖို့ အကောင်းဆုံးနေရာဖြစ်တယ်လို့ တံငါတွေကို ပြောပြခဲ့ပြီးတဲ့နောက် အခုလက်ရှိ မြင်တွေ့နေရတဲ့ ဟိန္ဒူဘာသာလက်ရာများဖြင့် ကျောင်းကို တည်ဆောက်ခဲ့ပါတယ်။

ကျောက်ဆောင်ပေါ်မှာ တည်ဆောက်ထားတဲ့ ဘုရားကျောင်းကို မကောင်းဆိုးဝါးတွေ မကပ်နိုင်အောင် ၊ မဖျက်စီးနိုင်အောင် အနက်ရောင်နဲ့ အဖြူရောင်ရှိပြီး အဆိပ်ပြင်းတဲ့ မြွေတစ်မျိုးက စောင့်ကြပ်တယ်လို့ ဘာလီကျွန်းသားတွေက ယုံကြည်ကြပါတယ်။  ဘုရားကျောင်းဆောင်ကို စတင် တည်ဆောက်ခဲ့တဲ့ ဘုန်းတော်ကြီး Nirartha ရဲ့ပုဝါစကနေ မြွေကြီးတစ်ကောင်ကို  ဖန်ဆင်းခဲ့တာဖြစ်ပြီး  ၄င်းမြွေတွေက ဆင်းသက်လာတဲ့ မြွေတွေဟာ ကျောက်ဆောင်ရဲ့ ကျောက်ခေါင်းတွေကြားမှာ နေထိုင်ခဲ့ကြရင်း ဘုရားကျောင်းကို ဆက်လက် စောင့်ရှောက်ကြတယ်လို့ ယူဆကြပါတယ်။ မြွေတွေကို ကမ်းစပ်တစ်လျှောက်မှာ မကြာခဏတွေ့ရပေမဲ့ လူတွေကို ကိုက်တယ်ဆိုတာတော့ တော်တော်လေးရှားတယ်လို့ ဆိုပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

လှပတဲ့ ညနေဆည်းဆာ





ခုချိန်မှာတော့ ဘာလီကျွန်းရဲ့ အထင်ရှားဆုံး နေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဒီနေရာဟာ သွားရောက်လည်ပတ် ကြည့်ရှုရုံသာမက ကျောက်ဆောင်ကြီးရဲ့ ဘယ်နေရာ ဘယ်ဘက်ကနေ ကြည့်ကြည့် အလွန် လှပတဲ့ ရှုခင်းများကို တွေ့မြင်ခံစား ကြည့်ရှုနိုင်ပါသေးတယ်။ ကျွန်းရဲ့ အနီးအနားမှာလည်း အမှတ်တရ လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်လေးတွေ၊ ကော်ဖီဆိုင်ငယ်လေးတွေလည်း ရှိပါတယ်။ ၁၉၈၀ ပတ်ဝန်းကျင်လောက်မှာ ၄င်းကျောက်ဆောင်ပတ်ဝန်းကျင်နဲ့ ဘုရားကျောင်းအတွင်းနံရံတို့ဟာ ဆိုးဆိုးဝါးဝါး ပြိုကျပျက်စီးစ ပြုလာနေတာကို တွေ့ရတာကြောင့် ၄င်း ဘုရားကျောင်းနဲ့တကွ ဘာလီကျွန်း ပေါ်က ထင်ရှားတဲ့ ရှေးဟောင်းအဆောက်အဦးများကို ပြန်လည်ပြုပြင်စေရန် ဂျပန်အစိုးရက အင်ဒိုနီးရှား အစိုးရကို ဒေါ်လာ သန်း၁၃၀ခန့် ထုတ်ချေးပေးခဲ့ပြီး ပြုပြင်စေခဲ့ပါတယ်။ ဒါကြောင့်လည်း ယခုမြင်တွေ့ရတဲ့ ကျောက်ဆောင်နဲ့ ဘုရားကျောင်းရဲ့ သုံးပုံတစ်ပုံကျော်ဟာ မူလလက်ရာများ မဟုတ်တော့ဘဲ ပြန်လည်ပြုပြင်ပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။







ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုးနေတဲ့ ဘုရားကျောင်းဟာ လှပတဲ့ ပင်လယ်ကမ်းခြေ ရှုခင်းများကြောင့် စိတ်ချမ်းမြေ့ဖွယ် ကောင်းလှပြီး ညနေဆည်းဆာ ရှုခင်းကလည်း ရင်သပ်ရှုမော လှပလွန်းလှပါတယ်။ ဒါကြောင့်လည်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကိုရောက်ခဲ့ရင်ဖြင့် စိတ်ဝင်စားဖွယ် ကောင်းတဲ့ ပင်လယ်ထဲက ဘုရားကျောင်းကို သွားဖြစ်အောင် သွားခဲ့သင့်ပါတယ်လို့။ 





Ref: Pura Tanah - A Sea Temple in Bali