ချက်လက်မှတ်လေးတစ်စောင်




စီးပွားရေးလုပ်ငန်း မျိုးစုံကိုလုပ်တဲ့ စီးပွားရေးသမားတစ်ယောက်ဟာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေ တဖြေးဖြေး ယိမ်းယိုင်လာပြီးနောက်မှာ ဘယ်လိုမှ ပြန်အဖတ်မဆယ်နိုင်တော့ဘဲ အကြွေးပင်လယ်ထဲ နှစ်မြုပ်ခဲ့ရပါတယ်။ သူ့ထံကို ကုန်ပစ္စည်း သွင်းပေးတဲ့ ဖောက်သည်တွေကလည်း အရင်ကြွေးတွေ ကြေအောင်ဆပ်မှ ပစ္စည်းသစ်ထပ်ပေးမယ်လို့ ပြောကာ သူ့ကို နောက်ထပ် ပစ္စည်းတွေ ထပ် မပေးတော့ဘဲ အဆက် ဖြတ်လိုက်ကြပါတယ်။ သူ့ဆီ ပစ္စည်းယူနေကျ ဖောက်သည်တွေကလည်း သူက ကုန်ပစ္စည်းတွေ မပေးနိုင်တော့တဲ့အခါ တစ်ခြား ကုန်သည်ဆီ ပြောင်းကုန်ကြပါတယ်။ နောက်ဆုံးတော့ သူဟာ မကြာခင်မှာ ဒေဝါလီ ခံရတော့မဲ့သူ ဖြစ်လာပါတော့တယ်။

တစ်နေ့တော့ သူဟာ ပန်းခြံတစ်ခုထဲက ခုံတန်းလျားပေါ်မှာ သူ့ဘဝအကြောင်းတွေကို တွေးတောစဉ်းစားရင်း စိတ်ပျက် လက်ပျက်နဲ့ ထိုင်နေပါတယ်။ မကြာခင် လူမွဲ လူဆင်းရဲ ဖြစ်ရတော့မဲ့ အခြေအနေကနေ ဘယ်လိုများ ရုန်းထွက်ရပါ့မလဲလို့ ခေါင်းပူမတတ် စဉ်းစားနေမိပါတယ်။ သူ့မျက်နှာဟာလည်း ဘဝကို စိတ်အပျက်ကြီး ပျက်နေတဲ့သူ တစ်ယောက်ရဲ့ ညှိုးငယ်မှုမျိုးနဲ့ မှုန်မှိုင်းနေပြီး မလှုပ်မရှက် ငေးမှိုင်လို့ နေပါတယ်။ အဲဒီအချိန်မှာ အသက်ကြီးကြီး အဖိုးအိုတစ်ယောက်က သူ့အနားကို ရောက်လာပါတယ်။ အဖိုးအိုက သူ့ကိုလည်း တွေ့ရော "မင်းကြည့်ရတာ ဒုက္ခရောက်နေတဲ့ ပုံစံဘဲ။ ဘာတွေများ ဖြစ်နေလို့တုန်း။ ငါ့ကို ပြောပြစမ်းပါဦးကွာ" လို့ သူ့အနားတွင် ဝင်ထိုင်ရင်း မေးလိုက်ပါတယ်။ အဖိုးအိုရဲ့ အမေးကိုကြားတော့ တစ်ယောက်တည်းနေတာထက်စာရင် တစ်ယောက်ယောက်နဲ့ စကားပြောတာက ပိုကောင်းမယ်လို့ တွေးမိပြီး သူကလည်း သူ့အခြေအနေ၊ သူ့ဘဝအကြောင်းတွေကို အဖိုးအိုကို ပြောပြလိုက်ပါတယ်။ သူ့အကြောင်းတွေကို နားထောင်ပြီးတဲ့နောက်မှာ အဖိုးအိုက "မင်းဒုက္ခတွေကို ငါကူညီနိုင်မယ် ထင်ပါရဲ့ကွာ" လို့ ပြောပြီး ချက်စာအုပ်တစ်အုပ်ကို သူ့အိတ်ထဲကနေ ဆွဲထုတ်လိုက်ပါတယ်။ ပြီးနောက် မင်းနာမည် ဘယ်လိုခေါ်တုန်း လို့ သူ့နာမည်ကို မေးပါတယ်။ စီးပွားရေးသမားကလည်း သူ့နာမည်ကို ပြောပြလိုက်တဲ့အခါ အဖိုးအိုက ချက်လက်မှတ် တစ်စောင်ပေါ်မှာ သူ့နာမည်ကို ရေးလိုက်ပြီးနောက် အဖိုးအိုက သူ့လက်မှတ်ကို ထိုးလိုက်ပါတယ်။ ထို့နောက်တော့ ချက်စာရွက်ကို သူ့လက်ထဲ လှမ်းပေးလိုက်ပြီး "ဒီချက်လက်မှတ်မှာ ရေးထားတဲ့ ငွေတွေက မင်းကို ငါကူညီတဲ့ ငွေတွေပါဘဲ။ မင်း ဒီငွေတွေကို ယူပြီး စီးပွားရေးလုပ်ငန်းတွေကို ပြန်လုပ်ပါ။ ဒီနေ့ကနေ စရေတွက်လို့ နောက်တစ်နှစ်တိတိ ပြည့်တဲ့နေ့မှာ ဒီနေရာကို ရောက်အောင်လာပြီး ငါ့ငွေတွေကို ပြန်ဆပ်နိုင်အောင် ကြိုးစားပါ" လို့ ပြောပြီးနောက် အဖိုးအိုဟာ သူ့လက်ထဲ ချက်စာရွက်ကို ထည့်ပြီး သူ ထိုင်နေတဲ့ ခုံတန်းလျားကနေ ထွက်ခွာသွားပါတယ်။

ဘယ်လိုမှ မျှော်လင့်မထားဘဲ သူ့လက်ထဲ ရောက်လာတဲ့ ချက်လက်မှတ်ကိုကြည့်ပြီး သူဟာ အံ့အားသင့်နေခဲ့ပါတယ်။ ချက်စာရွက်ပေါ် ရေးသွင်းထားတဲ့ ငွေကြေးပမာဏကို သူဖတ်ကြည့်လိုက်တော့ ဒေါ်လာ ၅သိန်း တိတိဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ပြီးတော့လည်း ချက်စာရွက် ပိုင်ရှင်ရဲ့ လက်မှတ်နေရာကို ကြည့်လိုက်တော့ ရော့ကဖဲလား ဆိုတဲ့ နာမည်ကို တွေ့လိုက်ပါတော့တယ်။ ဒီမှာတင်ဘဲ သူ့ကို ဒေါ်လာ ၅သိန်း ပေးသွားခဲ့တဲ့သူဟာ ကမ္ဘာ့အချမ်းသာဆုံး သူဌေး ရော့ကဖဲလား ဆိုတာ သိလိုက်ရပြီး အလွန် အံ့သြ တုန်လှုပ်သွားခဲ့ပါတယ်။ သူဟာ ရော့ကဖဲလားကို နာမည်ကြားဖူးရုံကလွဲလို့ အပြင်မှာ တစ်ခါမှ မမြင်ဖူးခဲ့ဘဲ ခုကျမှ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဖြစ်တဲ့ ကံကြမ္မာကိုလည်း အံ့သြလို့ နေရပါတယ်။ လက်ထဲကို ဒေါ်လာ ၅သိန်းရောက်လာတယ်ဆိုတဲ့ အသိဟာ သူ့စိတ်ထဲကို အင်မတန်မှ ပေါ့ပါးသွားစေခဲ့ပါတယ်။ မကြာခင်မှာ ဒေဝါလီခံရတော့မယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေဟာလည်း လျော့ပါးသွားခဲ့ပြီး သူဟာ စီးပွားရေးကို ကောင်းကောင်း ပြန်လုပ်နိုင်လိမ့်မယ်လို့လည်း သူ့ကိုယ်သူ ယုံကြည်မှုတွေ ရှိလာစေခဲ့ပါတယ်။သို့သော်လည်း လက်ထဲရောက်နေတဲ့ ချက်လက်မှတ်ထဲက ငွေတွေကို သူဟာ အရေးကြုံမှ သုံးမယ်၊ ကိစ္စတစ်ခုခု ဖြစ်လာရင်လည်း ဒီငွေတွေနဲ့ သူဖြေရှင်းနိုင်မယ်ဆိုတာ တွေးမိပြီး ချက်လက်မှတ်ထဲက ငွေတွေကို မထုတ်ဘဲ သိမ်းထားလိုက်ပါတယ်။

ထို့နောက်မှာတော့ ခွန်အားသစ်တွေ၊ မိမိကိုယ်ကို ယုံကြည်မှုတွေနဲ့ အတူ သူဟာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ကောင်းအောင် ကြိုးစားပါတော့တယ်။ ကုန်သည်တွေကို ယုံကြည်လောက်အောင် အကောင်းဆို ပြောဆိုပြီး ရေရှည် စာချုပ်များ ပြန်ချုပ်ပါတယ်။ သူ့ဖောက်သည်တွေကိုလည်း အကောင်းဆုံး ကုန်ပစ္စည်းတွေ ပေးသွင်းနိုင်အောင် သူဟာ ပြန်ကြိုးစားပါတယ်။ ၃လ ၄လ အကြာမှာ သူ့စီးပွားရေးဟာ တဖြေးဖြေး ပြန်လည် လည်ပတ်လာနိုင်ခဲ့ပြီး အကြွေးနွံထဲကနေ ပြန်ရုန်းထွက်လာနိုင်စ ပြုပါတယ်။ တစ်နှစ်တိတိပြည့်တဲ့အချိန်မှာ အဖိုးအိုနဲ့ ကတိရှိထားတဲ့အတိုင်း သူဟာ ငွေမထုတ်ရသေးတဲ့ ချက်လက်မှတ်ကို ကိုင်ပြီး ပန်းခြံထဲကို သူဟာ ထွက်လာခဲ့ပါတယ်။

ပန်းခြံထဲရောက်တဲ့အခါ ယခင် သူထိုင်ခဲ့တဲ့ ထိုင်ခုံလေးမှာထိုင်ပြီး အဖိုးအိုကို သူစောင့်နေခဲ့ပါတယ်။ မကြာခင်မှာ မနှစ်က သူ့ကို ချက်လက်မှတ်လေး ပေးခဲ့တဲ့ သူဌေးကြီးဟာ သူ့အနားကို ရောက်လာပါတယ်။ သူဟာ သူဌေးကြီးကို မြင်လိုက်တဲ့အခါ ဝမ်းသာအားရ နှုတ်ဆက်လိုက်ပြီး အိတ်ထဲမှာထည့်လာတဲ့ ချက်လက်မှတ်ကို ထုတ်ဖို့ ဟန်ပြင်လိုက်ချိန်မှာ သူနာပြုဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်က အပြေးလေးရောက်လာကာ အဖိုးအိုရဲ့ လက်တစ်ဖက်ကို တွဲလိုက်ပါတယ်။ "အမလေး အဖိုးရယ် ပျောက်သွားလို့ ရှာလိုက်ရတာ နှံ့နေတာဘဲ။ တော်ပါသေးရဲ့ ပြန်တွေ့တာ " လို့ ပြောလိုက်ပြီးနောက် သူနာပြုဟာသူ့ဘက်ကို လှည့်လာပြီး "အဖိုးက ရှင့်ကို တစ်ခုခုများ နှောက်ယှက်မိသေးလား မသိဘူးနော်။ သူက အဲဒီလို အိမ်ကနေ မကြာခဏ ထွက်ထွက်သွားတတ်တယ်။ ပြီးတော့လည်း တွေ့တဲ့သူတိုင်းကို သူ့ကိုယ်သူ သူဌေးကြီး ရော့ကဖဲလား လို့ အမြဲပြောတတ်တယ်။ ရှင့်ကို နောက်ယှက်မိတယ်ဆိုရင် ဆောရီးပါနော်"လို့ ပြောလိုက်ပြီးနောက် အဖိုးအိုကို တွဲခေါ်ကာ သူ့ရှေ့ကနေ ထွက်သွားပါတော့တယ်။

တစ်ယောက်တည်း ကျန်ခဲ့တဲ့သူဟာ ခုံတန်းရှေ့မှာ အတော်ကြာ မတ်တပ်ရပ်ပြီး ဆွံ့အလို့ နေမိပါတယ်။ သူ့လက်ထဲမှာ ဒေါ်လာ သန်းဝက် ရှိတယ် ဆိုတဲ့ယုံကြည်မှုတွေနဲ့ သူဟာ အလုပ်ကို တစ်နှစ်ပတ်လုံး အားကြိုးမာန်တက် လုပ်ခဲ့ပါတယ်။ ဖောက်သည်တွေနဲ့ အကောင်းဆုံး အဆင်ပြေအောင် ဆက်ဆံပြီး အရောင်း အဝယ်ကို ပြန်လုပ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့လက်ထဲမှာရှိနေတ်ာလို့ တစ်ချိန်လုံး ယုံကြည်နေမိတဲ့ ဒေါ်လာသန်းဝက်ဆိုတာ တကယ်တော့ ဘာမှ တန်ဖိုးမရှိတဲ့ စက္ကူလေးတစ်ရွက်သာ။ သူ သဘောပေါက်လိုက်မိတာက သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို အကောင်းဆုံး ပြန်လုပ်နိုင်အောင် တွန်းအား ပေးလိုက်တာက မိမိကိုယ်ကိုယ် ယုံကြည်မှုသာ ဖြစ်တယ်ဆိုတာ သူ နားလည်လိုက်မိပါတော့တယ်။

The Self Confidence (Author unknown)

မိန်းမတို့ဘုန်း ဆံထုံး လက်ကိုင်ထားကြသူများ


ဂင်းနစ်စံချိန်ဝင် ကမ္ဘာပေါ်က ဆံပင်အရှည်ဆုံး အမျိုးသမီးတွေ နေထိုင်တဲ့ရွာဟာ တရုတ်နိုင်ငံ ဟွမ်လုံရွာဖြစ်ပါတယ်။ ရွာရဲ့ ပတ်ပတ်လည်ဟာလည်း တောင်တန်းတွေ ဝိုင်းရံနေပြီး သာယာလှပတဲ့ သဘာဝပတ်ဝန်းကျင် တောင်တွေကို ထွင်းပြီး စိုက်ပျိုးထားတဲ့ လှေကားထစ် စိုက်ခင်းတွေရဲ့ အလှဟာ ရှုလို့မဆုံးအောင် သာယာလှပပြီးတော့ အဲဒီ ဟွမ်လုံရွာ ကလေးဟာလည်း ထူးဆန်းတဲ့ ဓလေ့ထုံးစံတွေ ရှိတာကြောင့် စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။   အဲဒီရွာမှာနေထိုင်ကြတဲ့ လူမျိုးစုကို ယောင် လူမျိုးစုလို့ခေါ်ကြပြီး အနီရောင်ယောင် လူမျိုးစုဆိုရင် ပိုပြီးလူသိများပါတယ်။ ဘာကြောင့်ဆိုရင် သူတို့ဟာ အဝတ်အစား အနီရောင်ကိုသာ ဝတ်ဆင်ကြတာမို့ပါ။ ပြီးတော့လည်း ရှည်လျား မည်းနက်ပြီး သန်မာလှတဲ့ ဆံပင်တွေကြောင့်လည်း နာမည်ကျော်ပါသေးတယ်။ အဲဒီရွာမှာ အိမ်ခြေ ၇၀ခန့်သာ ရှိတဲ့ လူနည်းစု ယောင် တိုင်းရင်းသားတွေ နေထိုင်တဲ့ရွာပေမဲ့ အိမ်တိုင်းမှာရှိတဲ့ အမျိုးသမီးတိုင်းဟာ ရှည်လျားလှတဲ့ ဆံပင်တွေကို ပိုင်ဆိုင်ထားကြပါတယ်။ သူတို့ ကိုယ်တိုင်ကလည်း ဆံပင်ရှည်ဟာ သူတို့ဘဝရဲ့ အစိတ်အပိုင်းလည်း ဖြစ်တယ်ဆိုပြီး မြတ်နိုး တန်ဖိုးထားကြတယ်လို့ ဆိုကြပါတယ်။  အမျိုးသမီးတိုင်းဟာ ဆံပင်ရှည်ရှည်တွေဖြစ်ပြီး အရှည်ဆုံး ဆံပင်ဟာ ၂မီတာ( ၆ပေခွဲ) လောက်ကို ရှိပြီး ဆံပင်တွေကို ဖြန့်ချလိုက်ရင် မြေပြင်နဲ့ ထိနေအောင်ကို ရှည်လျားသန်စွမ်းကြပါတယ် လို့ သိရပါတယ်။

Image Hosted by PicturePush - Photo Sharing


တောင်ပတ်လည်ဝိုင်း တိမ်တွေဆိုင်းတဲ့ လှေကားထစ်စိုက်ခင်းများ

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


photo

ဟွမ်လုံရွာက ယောင်အမျိုးသမီးတွေရဲ့ဘဝမှာ ဆံပင်ရှည်ဟာ အလွန်အရေးပါတဲ့ဘဝရဲ့ အစိတ်အပိုင်းအဖြစ် ခံယူကြတာကို တွေ့ရမှာပါ။ သူတို့ဟာ တစ်သက်မှာ တစ်ကြိမ်သာ ဆံပင်ဖြတ်ခွင့်ရှိကြပြီး အဲဒီအချိန်ဟာလည်း သူတို့အသက် ၁၆နှစ်ကနေ ၁၈နှစ်ကြား အိမ်ထောင်ပြုခါနီးအချိန် ဖြစ်ပါတယ်။ ဖြတ်လိုက်တဲ့ ဆံစုတွေကိုတော့ သူတို့ရဲ့ မိခင်ကို ပေးအပ်ပါတယ်. မိခင်တွေက အဲဒီဆံပင်စုတွေနဲ့ ဆံထုံးတုတွေ ဆံပင်အလှဆင် ဆံထုံးတွေ လုပ်ကြပြီး အမျိုးသမီးတွေရဲ့ ဆံပင်တွေကို ထုံးဖွဲ့ရာမှာ ထိုဆံထုံးတုလေးတွေ ထည့်သွင်းပြီး ထုံးနှောင်ကြပါတယ်။ တစ်ချို့တွေကတော့ မူလဆံပင်ရှည်တွေနဲ့သာ ထုံးကြပြီး အချို့ကတော့ ဆံပင်တုတွေနဲ့ ရောပြီး ထုံးဖွဲ့ကြပါတယ်။ ဟွမ်လုံရွာမှာ အမျိုးသမီးပေါင်း ၁၀၀ကျော်ခန့်ရှိပြီး သူတို့အားလုံးဟာ ရှည်လျားတဲ့ဆံပင်ရှည်တွေ ရှိပေမဲ့ နေ့ခင်းအလုပ်လုပ်ချိန်တွေမှာတော့ ဆံပင်တွေကို ခေါင်းပေါ်မှာ ထုံးထားလေ့ရှိပါတယ်။ အဲဒီလို ထုံးရာမှာလည်း အမျိုးသမီးတွေရဲ့ အိမ်ထောင်ရေး အခြေအနေအလိုက် ဆံပင်ကို ထုံးဖွဲ့ပုံ ကွဲပြားကြပါတယ်။
Image Hosted by PicturePush - Photo Sharing


photo

အိမ်ထောင်မရှိသူ အပျိုလေးများရဲ့ ဆံထုံး

အိမ်ထောင်မရှိသေးတဲ့ ငယ်ရွယ်သူ အမျိုးသမီးတွေကတော့ ခေါင်းပေါ်မှာ ထုံးထားတဲ့ ဆံပင်ကို အခြားသူတွေ မမြင်နိုင်ဖို့ အပြာရောင် ပုဝါလို အစ တစ်ခုခုနဲ့ ဖုံးအုပ်ထားတတ်ကြပြီး သူ့နဲ့ လက်ထပ်တဲ့သတို့သားဟာလည်း မင်္ဂလာဆောင်တဲ့နေ့မှသာ ဆံပင်ရှည်ကို ပထမဦးဆုံး မြင်တွေ့ခွင့် ရတယ်လို့ဆိုပါတယ်။ တကယ်လို့များ တစ်စိမ်းယောက်က်ျားလေး တစ်ယောက်ယောက်ဟာ လက်မထပ်ရသေးတဲ့ မိန်းမပျိုလေးရဲ့ ဆံပင်ကို တစ်စုံတစ်ခုသော အကြောင်းကြောင့် ပုဝါစနဲ့ ဖုံးထားခင်မှာ မြင်တွေ့လိုက်ပြီဆိုရင် အဲဒီ အမျိုးသမီးလေးရဲ့ မိဘတွေအိမ်မှာ သားမက်အဖြစ်နဲ့ ၃နှစ်လောက် နေထိုင်ကြရတယ်လို့ ထူးထူးဆန်းဆန်း ဓလေ့ထုံးစကို တွေ့ရပါတယ်။
Image Hosted by PicturePush - Photo Sharing

အိမ်ထောင်ရှိသူအမျိုးသမီးတို့ရဲ့ ဆံထုံးပုံ

အိမ်ထောင်ရှိသူတွေကတော့ ဆံပင်ရှည်တွေကို လင်ပန်းတစ်ချပ်လို ခေါင်းပေါ်မှာ ခပ်ပြားပြား အနေအထားနဲ့ ထုံးဖွဲ့ထားလေ့ရှိပါတယ်။ 

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


သားသမီးရှိပြီးသား အမျိုးသမီးတွေ ကတော့ ဆံထုံးရှေ့မှာ ပေါင်မုန့်လုံးလေးလို အလုံးလေး ဖြစ်နေအောင် ထုံးဖွဲ့လေ့ရှိကြပါတယ်

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

photo

နွေနဲ့ ဆောင်းရာသီတွေမှာ ယောင်မျိုးနွယ် အမျိုးသမီးတွေဟာ သူတို့ရဲ့ နက်မှောင်ရှည်လျားတဲ့ ဆံပင်တွေကို ဂျင်းဂျန်းမြစ်ထဲမှာ လျှော်ကြ ဆေးကြပါတော့တယ်။ သူတို့ရဲ့ ဆံပင်တွေကို လျှော်ကြရာမှာတော့ ခေတ်ပေါ် ခေါင်းလျှော်ရည်တွေနဲ့ ခေါင်းလျှော်ကြ တာမျိုး မဟုတ်ပါဘူး။ သူတို့အတွက် အကောင်းဆုံး ခေါင်းလျှော်ရည်ကတော့ ဆန်ဆေးရည်ကို ရက်အနည်းငယ်ထားပြီး အချဉ်ဖောက်ကာ အခြားသော ဆေးဘက်ဝင် ပစ္စည်းနဲ့ ပေါင်းစပ်ထားတဲ့ သဘာဝ ခေါင်းလျှော်ရည်သာဖြစ်ပါတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းကလည်း ဆန်ဆေးရည်နဲ့ ခေါင်းလျှော်ရင် ဆံပင်တွေ နက်မှောင် သန်စွမ်းတယ်လို့ ကြားခဲ့ဖူးတာဟာ ယောင်အမျိုးသမီးတွေ လက်တွေ့ သုံးတဲ့နည်းမှန်း ခုမှသာ သိခွင့်ရပါတော့တယ်။ သူတို့ကလည်း သူတို့ဆံပင်တွေ ရှည်လျားမည်းနက် လှပသန်စွမ်းရတဲ့ လျှို့ဝှက်ချက်ဟာလည်း ၂ရက် သို့မဟုတ် ၃ရက်တစ်ကြိမ်  ဆန်ဆေးရည်နဲ့ ခေါင်းလျှော်တာကြောင့်လို့ ဆိုကြပါတယ်။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing



အစောပိုင်းနှစ်တွေကတော့ ရွာရဲ့ ဓလေ့ထုံးစံအရ အိမ်ထောင်ရှိ အမျိုးသမီးတွေရဲ့ လင်ယောက်ျားနဲ့ သားသမီးတွေကလွဲလို့ သူတို့ရဲ့ ဆံပင်ရှည်တွေကို အပြင်လူတွေ မမြင်မတွေ့ရအောင် ထိမ်းသိမ်းထား ခဲ့ရတာကြောင့် အခြားသော ပြင်ပ တစ်စိမ်းသူတွေ ဘယ်သူကမှ အဲဒီအမျိုးသမီးတွေရဲ့ လွတ်လွတ်လပ်လပ် ဖြန့်ချထားတဲ့ ဆံကေသာအလှကို မမြင်တွေ့ခဲ့ကြဖူးပါဘူး။ ဒါပေမဲ့ ခုခေတ်မှာတော့ ဓလေ့ထုံးစံတွေ အနည်းငယ် လျော့ချလိုက်ပြီဖြစ်လို့ ဆံပင်တွေ ဖြန့်ချထားတာကို တစ်ခြားလူတွေကလည်း မြင်တွေ့ခွင့် ရလာတာနဲ့အတူ ဆံပင်ရှည်ရှည်နဲ့ အမျိုးသမီးတွေရဲ့ အလှကလည်း ပိုပြီး နာမည်ကျော်လာခဲ့ပါတယ်။ ကျော်ကြား လာတဲ့ဆံပင်ရှည်နဲ့အတူ အမျိုးသမီးတွေဟာ တစ်ခြားသူတွေရှေ့မှာ ဂုဏ်ယူစွာ ဓာတ်ပုံအရိုက်ခံ တတ်လာကြပါပြီ။ ဟွမ်လုံရွာသူတို့ သီချင်းဆိုပြီး ကခုန်ကြတဲ့အခါ လှပရှည်လျားတဲ့ ဆံပင်ရှည်တွေဟာ လေပေါ်မှာဝေ့ဝဲနေပြီး ပျံသန်းနေသတဲ့သို့ ရှိပါတယ်။ ဆံပင်ရဲ့အလှကျက်သရေ နာမည် ကျော်တာကြောင့် ကမ္ဘာလှည့်ခရီးသည်တွေဟာ အဲဒီရွာတွေကို မကြာခဏ သွားရောက်လေ့ ရှိပါတယ်။ သူတို့ နေထိုင်တဲ့ ရွာကိုလည်း ဆံပင်အရှည်ဆုံး အမျိုးသမီးတွေရဲ့ရွာလို့ ထူတိုင်းက အသိအမှတ်ပြု ခေါ်ဆိုလာကြပါတယ်။

photo


Image Hosted by PicturePush - Photo Sharing

ယောင် မျိုးနွယ်စု အမျိုးသမီးတွေဟာ ဆံပင်ရှည်ကို တမြတ်တနိုး တန်ဖိုးထားရခြင်း အကြောင်းထဲမှာ ဆံပင်ရှည်ဟာ သူတို့လူမျိုးတွေအတွက် အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ ချမ်းသာခြင်းနဲ့ ကံကောင်းခြင်းတွေကို ယူဆောင်ပေးနိုင်တယ်လို့ ယုံကြည်ကြ တာကြောင့်လည်း ဖြစ်ပါတယ်။ ဆံပင်ရှည်လာလေ ကံကောင်းလာလေလို့ ယုံကြည်ကြ ပါတယ်။ ဒါကြောင့်လည်း မိန်းမတို့ဘုန်း ဆံထုံးဆိုတာ ဟွမ်လုံရွာသူတွေ အတွက်တော့ လက်ကိုင်ထားစရာ စကား ဖြစ်နေမှာ အသေအချာပါဘဲရှင်။





တိုဖူးပေါင်း ဝက်သားအနှစ်ဆမ်း


ဒီတစ်ပတ် စားသောက်ဖွယ်ရာကဏ္ဍအတွက် လွယ်ကူလျင်မြန်ပြီး အရသာရှိစေမယ့် ဟင်းချက်နည်းတစ်မျိုးကို ဖော်ပြချင်ပါတယ်။ တိုဖူးဖြူ ခေါ် ပဲပြားကို ဝက်သားအနှစ်ဆမ်းထားတဲ့ ဟင်းတစ်ခွက်ပါ။ လိုအပ်တဲ့ အဆာပလာတွေနဲ့ ချက်နည်း အဆင့်ဆင့်ကို အောက်မှာ ဖော်ပြပါမယ်နော်။

Image Hosted by PicturePush - Photo Sharing

ပဲပြားခေါ် တိုဖူးဖြူ အရွယ်တော် အတုံးကို ခပ်ပါးပါးလှီးပါတယ်။ 

Image Hosted by PicturePush - Photo Sharing

၎င်းတိုဖူးအချပ်များကို ပန်းကန်ပြားပေါ် စီထည့်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ဝက်သားကို တောက်တောက်စင်းပြီး ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်အကြည်တို့နဲ့ နယ်ထားပါတယ်။

Image Hosted by PicturePush - Photo Sharing

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုပ်သီး၊ ကြက်သွန်မြိတ်တို့ကို ပြင်ဆင်ထားပါတယ်။


Image Hosted by PicturePush - Photo Sharing

အဆာပလာများ အဆင်သင့်ဖြစ်ပါပြီ။ 

Image Hosted by PicturePush - Photo Sharing

ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ဆီသတ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ကြက်သွန်နွမ်းရင် ဝက်သားကို ထည့်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

တရုတ်ပဲငပိခေါ် တိုကျန် ဖြစ်ပါတယ်။ အဲဒါကို တစ်ဇွန်းခန့်ထည့်ပါတယ်။ နိုင်ငံခြားမှာနေသူများ ပဲငပိ ရှာလိုပါက Chilli Bean Sauce လို့ ရှာဝယ်နိုင်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

 ပဲငပိထည့်ပြီး ရေအနည်းငယ်ထည့်ကာ ဝက်သားကျက်အောင်ချက်ပါ။ အသားကျက်ရင် ဆား၊ အရသာမှုန့် လိုအပ်သလိုထည့်ပါ။ 

Image Hosted by PicturePush - Photo Sharing

ထို့နောက် ငရုပ်သီး၊ ကြက်သွန်မြိတ်များထည့်ပြီး ချနိုင်ပါပြီ။ 



Image Hosted by PicturePush - Photo Sharing

ပါးပါးလှီးထားတဲ့ ပဲပြား (တိုဖူး)များကို ရေနွေးငွေ့ဖြင့် ၁၀မိနစ်ခန့် ပေါင်းပေးပါ။

Image Hosted by PicturePush - Photo Sharing

ထို့နောက် ဝက်သားအနှစ်ကို တိုဖူးပန်းကန်ပေါ် ဆမ်းပြီး ပူပူနွေးနွေး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။ 

Image Hosted by PicturePush - Photo Sharing

တိုဖူးမှာ ပရိုတိန်းဓာတ် များစွာပါဝင်ပြီး သံဓာတ်၊ ကယ်လ်စီယမ်နဲ့ မဂ္ဂနီစီယမ်တို့ ကြွယ်ဝလှပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်လို့ ဆိုကြပါပြီး ကယ်လိုရီပါဝင်မှု နည်းပါးပါတယ်။ တိုဖူးကြိုက်သူများအတွက် အမျိုးမျိုး ချက်ပြုတ်စားနိုင်ဖို့ ဟင်းတစ်မည်အဖြစ် တိုးဖို့ တိုဖူးပေါင်းဝက်သားအနှစ်ဆမ်း ဟင်းလျာလေးကို ဖော်ပြလိုက်ပါတယ်နော်။  မိမိတို့အိမ်မှာ ဧည့်သည်လာမယ်ဆိုရင်လည်း ပဲပြားဟင်း တစ်ခွက်ကို လှလှပပ တည်ခင်းဧည့်ခံနိုင်တဲ့အတွက် အဆင်ပြေပြီးလုပ်ရတာလည်း လွယ်ကူမယ်လို့ မျှော်လင့်ပါတယ်။ 


အားလုံးအတွက်  ပျော်ရွှင်သောနေ့ရက်များကို ပိုင်ဆိုင်ကြပါစေရှင်... 




ညှို့ငင်ဆွဲဆောင် အီမောဘွမ်တောင်


စာအုပ်လေးတစ်အုပ်ကို နာမည်ကြားတာနဲ့ ဖတ်ချင်နေခဲ့တယ်။ စာအုပ်ထဲမှာပါဝင်တဲ့ အကြောင်းအရာတွေဟာ ဘယ်လိုဟာတွေ ဖြစ်တယ်ဆိုတာ သိရတော့ အဲဒီစာအုပ်လေးက ကျွန်မကို ပိုလို့တောင် ဆွဲဆောင် ညှို့ငင်နိုင်စွမ်း ရှိစေခဲ့တယ်။ စာအုပ်နာမည်ကို စာရေးသူ ဆရာငြိမ်းအေးအိမ်က ညှို့ငင်တောင် လို့ အမည်ပေးထားခဲ့တယ်။ စာအုပ်ထဲမှာ ပါဝင်တဲ့ အီမောဘွမ်ဆိုတဲ့ လူသူ အရောက်အပေါက်နည်းပြီး လှပ အရိုင်းဆန်လွန်းတဲ့ ကချင်ပြည်နယ် အခေါင်အဖျား တောင်ပေါ်ဒေသရဲ့ ဓာတ်ပုံတွေကို FB ပေါ်မှာ မြင်ရတုန်းကလည်း အဲဒီဓာတ်ပုံတွေရဲ့ ဆွဲဆောင် စေ့ဆော်မှုကြောင့် "ဆရာ့ဓာတ်ပုံတွေနဲ့အတူ ပိုစ့်လေးတစ်ပုဒ်လောက် ရေးခွင့်ပြုပါ ဆရာ" လို့ ဆရာ့ကို ခွင့်တောင်းပြီး အိမ်မက်ထဲက ကချင်မြေ ဆိုတဲ့ နာမည်နဲ့ ပိုစ့်တစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ ခုလဲ ရင်သပ်ရှုမော လှပဆန်းကျယ်တဲ့ နေရာတစ်ခု ဖြစ်တဲ့ အီမောဘွမ်တောင်ကို ညှို့ငင်တောင်ရယ်လို့ လိုက်ဖက်လှပတဲ့ အမည်လေး ပေးထားတဲ့ စာအုပ်လေး ကျွန်မလက်ထဲ ရောက်လာတော့ စာအုပ်လေးကို ဖတ်ရင်း ဖတ်ရင်းက အဲဒီ စာအုပ်လေးအကြောင်းကို မဖတ်ရသေးတဲ့သူတွေကို မျှဝေချင်၊ သိစေချင် လာတာကြောင့်  ရေးဖို့ စေ့ဆော်လာတဲ့ စိတ်ဆန္ဒတစ်စုံကို ဘယ်လိုအရာကမှ တားဆီးလို့ မရနိုင်တော့တာကြောင့် ဒီပိုစ့်လေး တစ်ပုဒ်ကို ရေးဖြစ်ရပြန်ပါပြီ။


Image Hosted by PicturePush - Photo Sharing

ညှို့ငင်တောင်စာအုပ်ရဲ့ ရှေ့နောက် မျက်နှာဖုံး

ဆရာရဲ့ ညှို့ငင်တောင် ဆိုတဲ့ စာအုပ်လေးအကြောင်းကို Facebook က ဆရာ့ဝေါလ်ပေါ်က ပေါ်မှာ တွေ့ကတည်းက အရမ်းကို ဖတ်ချင်နေခဲ့တာ။ အဲဒါနဲ့ ထုံးစံအတိုင်း ကျွန်မရဲ့ အစ်မလို ချစ်ခင်ရပါတဲ့ မမြသွေးနီကို အပူကပ်ရပါတော့တယ်။ မမြသွေးနီကလည်း အဲဒီ စာအုပ်လေးကို မရမက ရှာဝယ်ပြီး ကျွန်မဆီကို လက်ဆောင်လေးအဖြစ် ပို့ပေးလိုက်တဲ့အခါမှာတော့ ဝမ်းသာကြည်နူးစိတ်တွေနဲ့ စာအုပ်လေးကို တယုတယ ကိုင်ကြည့်မိပါတယ်။ ကဒ်ထူအဖုံးလေးတွေနဲ့ သပ်ရပ်လှပစွာ ချုပ်ထားတဲ့ ဒီစာအုပ်လေးဟာ မဖတ်ခင်ကပင်လျှင် ဖတ်ချင်စိတ်တွေ တဖွားဖွားပေါ်လာအောင် ညှို့ငင်နိုင်စွမ်း လွန်းခဲ့ပါတယ်။ နှင်းဖုံးရေခဲတောင်ကြီးတစ်ခုရဲ့ ပုံရိပ်နဲ့အတူ အခြားသော ဓာတ်ပုံများစွာတို့ကလည်း အေးချမ်းတဲ့ တောတောင် သဘာဝပတ်ဝန်းကျင်ကို စိတ်ဝင်စားသူတွေ၊ လူသူ အရောက်အပေါက်နည်းတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေကို စိတ်ဝင်စားသူတွေ၊ သမိုင်းကြောင်းကို စိတ်ဝင်စားသူတွေ တကယ်ကို တန်ဖိုးထား ဖတ်ရှုချင်စရာပါ။ စာအုပ်ထဲက အကြောင်းအရာတွေဟာလည်း ကျွန်မ ဘယ်တုန်းကမှ မရောက်ခဲ့ဖူးသေးတဲ့ နေရာတစ်ခု၊ ဘယ်တော့မှ ရောက်နိုင်မယ်မှန်း မသိတဲ့ နေရာဒေသလေး တစ်ခုအကြောင်းပါ။ ကချင်ပြည်နယ်သူ ကျွန်မဟာ မြန်မာပြည်ရဲ့ နေရာ ဒေသ တော်တော် များများကို ရောက်ခဲ့ဖူးပေမဲ့ အီမောဘွမ်ဆိုတဲ့ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲပြီး တောတောင် ထူထပ်လှတဲ့ ဒီနေရာ ဒီဝန်းကျင် ဒီဒေသကိုတော့ နာမည်ကြားဖူးရုံကလွဲလို့ ဘယ်တုန်းကမှ မရောက်ခဲ့ ဖူးသေးပါဘူး။ တစ်ခြားသော သူတွေထဲမှာလည်း အစိုးရ ဝန်ထမ်းများလောက်သာ ရောက်ဖူးကြမှာဖြစ်ပြီး  သာမန်သူတွေ အနေနဲ့တော့ ရောက်ဖူးတဲ့သူ အလွန်ကို နည်းမယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါကြောင့်လည်း ခက်ခဲတဲ့ နေရာဒေသဖြစ်တာမို့ အဲဒီစာအုပ်ထဲက အကြောင်းအရာ တစ်ချို့ကို ပြန်လည် ဖော်ပြချင်စိတ်တွေ ဖြစ်လာမိတာပါ။

Image Hosted by PicturePush - Photo Sharing

အစ်မ မြသွေးနီရဲ့လက်မှတ်လေး ပါရှိတဲ့ ညှို့ငင်တောင် စာအုပ်လေးပါ။ ခုလည်း သူ့ ကျေးဇူးနဲ့ စာအုပ်ထွက်ပြီး မကြာမီမှာဘဲ ဖတ်ခွင့်ရတဲ့ စာအုပ်လေးမို့ တကူးတက ရှာဝယ်ပြီး အမြန်ဆုံး ပို့ပေးတဲ့ အစ်မကို ကျေးဇူးတင်ကြောင့် ဒီနေရာကနေ ပြောချင်ပါတယ်။ ကျွန်မ ဖတ်ချင်သမျှ၊ ပူဆာသမျှ စာအုပ်တွေကို လိုလိုလားလား ရှာဖွေပို့ပေးလေ့ရှိတဲ့ အစ်မရဲ့ ကျေးဇူးတွေကလည်း ကျွန်မထံရောက်နေတဲ့ များလှစွာသော စာအုပ်တွေနည်းတူ ကျေးဇူးများလှပါပြီ။ ကျေးဇူးကုဋေကုဋာပါ အစ်မရေ။


ညှို့ငင်တောင် စာအုပ်အကြောင်း ဆက်ပြောရမယ်ဆိုရင် စိတ်ကူးချိုချို စာပေကနေ ထုတ်ဝေပြီး စာမျက်နှာ ၂၅၈ မျက်နှာပါ စာအုပ်တန်ဖိုး ၅ဝဝဝ လို့ ဆိုပေမဲ့လို့ ၅ဝဝဝထက် မကသော ဗဟုသုတ အကြောင်းအရာတွေက တကယ်ကို တန်ဖိုး ဖြတ်လို့ မရခဲ့တာ စာအုပ်လေးကို ဖတ်မိသူတိုင်း လက်ခံရမှာ အသေအချာပါ။ စာအုပ်လေးထဲမှာလည်း စိတ်ဝင်စားဖွယ် ဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့ တကယ်ကို ကိုယ်တိုင်ရောက်သွားသလို ခံစားရတဲ့ ခံစားချက်မျိုး ပေးနိုင်တာကိုလည်း တွေ့ရပါလိမ့်မယ်ရှင်။ ပုံတွေ တော်တော်များများကလည်း အပြင်မှာ လွယ်လွယ်နဲ့ မြင်တွေ့နိုင်ဖို့ မလွယ်ကူတဲ့ လူမျိုးစုတွေရဲ့ လူမှုစရိုက်၊ ဒေသသဘာဝအလှ ဓာတ်ပုံတွေကို ဆေးရောင်စုံ ပုံတွေအဖြစ် ထည့်သွင်းထားတာကြောင့်လည်း စာရေးသူနဲ့ စာအုပ်ထုတ်ဝေသူတို့ရဲ့ စေတနာကိုလည်း တွေ့မြင်နိုင်ပါတယ်။ ဒီလောက်တောင် ဝေးလံခေါင်ဖျားပြီး ခက်ခဲလှတဲ့ နေရာဒေသ တစ်ခုရဲ့ အကြောင်းကို ဂဃနဏ နှိုက်နှိုက်ချွတ်ချွတ် သိမြင်နှံ့စပ် ရေးနိုင်စွမ်းတဲ့ ဆရာ ငြိမ်းအေးအိမ်ရဲ့ စိတ်အားထက်သန်မှု၊ လေ့လာအားထုတ်မှုနဲ့ ဒီမြေ  ဒီဒေသကို ချစ်မက်တွယ်တာမှုတို့ကိုလည်း စာအုပ်ဖတ်ရင်း ဖတ်ရင်းနဲ့ ပိုမို သဘောပေါက် နားလည်ခဲ့ရပါတယ်။


Image Hosted by PicturePush - Photo Sharing

စာအုပ်တွင် ပါဝင်သော လီဆူးမျိုးနွယ်တစ်စုတို့ရဲ့ နှစ်သစ်ကူးပွဲတော်ကျင်းပပုံ ပုံရိပ်တစ်ချို့

အီမောဘွမ်ဒေသဟာ ဆရာ့စာအုပ်ထဲမှာ ရေးသားဖော်ပြထားသလို စိတ်ဝင်စားဖွယ် အကြောင်းအရာတွေနဲ့ ပြည့်နှက်နေလိမ့်မယ်ဆိုတာလည်း ဘယ်တုန်းကမှ မတွေးခဲ့ မထင်ခဲ့မိတာကို ဝန်ခံမိပါတယ်။ စာအုပ်လေးကို ဖတ်မိတော့မှ ဒီတောင်တန်းဒေသတွေမှာ ဒီလိုစိတ်ဝင်စားဖွယ် သမိုင်းကြောင်းတွေ ၊ စိတ်ဝင်စားဖွယ် သစ်ပင်တွေ၊ လူနေမှု စရိုက်တွေ၊ သဘာဝ ပတ်ဝန်းကျင်တွေ ရှိနေပါလားဆိုတာ သိလာရပါတော့တယ်။ စာအုပ်ထဲမှာ ပါဝင်တဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတစ်ချို့ကို ကောက်နှုတ်ဖော်ပြရမယ်ဆိုရင် စာအုပ်ထဲ ပါဝင်တဲ့ အီမောဘွမ်တောင် ဝန်းကျင်ဆိုတာ လော်ဝေါ်၊ လာချိဒ်၊ လီဆူ၊ ရဝမ် သတဲ့ ကချင်မျိုးနွယ်စုမှာပါဝင်တဲ့ တိုင်းရင်းသားတွေ နေထိုင်တဲ့ ဒေသ တစ်ခု ဖြစ်ပြီး ထူးခြားတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ အယူအဆ ကိုးကွယ်ယုံကြည်မှုများနဲ့အတူ သက်တမ်းရှည်လှတဲ့ သမိုင်းကြောင်းများရှိပြီး ရှားပါး သစ်ပင်၊ သယံဇာတနဲ့ အင်းဆက်၊ သက်ရှိ ဇီဝမျိုးစိတ်များ ပေါကြွယ်ရာ ဒေသတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ တရုတ်ပြည်နယ်စပ်နဲ့ နီးကပ်နေပြီး ကချင်ပြည်နယ်ရဲ့ အရှေ့မြောက်ဖက်နားမှာ တည်ရှိတဲ့ အီမောဘွမ်တောင် ဒေသဟာ ဟိမဝန္တာတောင်စဉ် တောင်တန်းကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်သန်းပေါင် ၁၀၀ကျော်က ပင်လယ်ရေအောက်ကနေ ကုန်းမြေအဖြစ် ပေါ်ထွန်းလာတဲ့ ဟိမဝန္တာ တောင်တန်းကြီး ပေါ်ပေါက် လာပြီးနောက်မှာ မြန်မာ့မြေလွှာအဖြစ် အစောဆုံးပေါ်ထွန်းလာတဲ့ ဒေသတစ်ခုလည်း ဖြစ်တယ်လို့ ဆရာက အကိုးအကားများနဲ့ ပြဆိုထားပါတယ်။ ထိုသို့သော အစောဆုံးပေါ်ထွန်းလာတဲ့ မြေလွှာများဖြစ်တဲ့အပြင် ကောင်းမွန်တဲ့ မြေသြဇာနဲ့ ဆင်းကဲဖြစ်စဉ် ပြောင်းလဲတိုးတက်မှုတို့ကြောင့် ကမ္ဘာပေါ်မှာ မည်သည့်နေရာတွင်မျှ မတွေ့နိုင်ရနိုင်တဲ့ အပင်များ ပေါက်ရောက်ရာ နေရာဖြစ်တယ်လို့ ဖတ်ရတဲ့အချိန်မှာတော့ ဆရာနဲ့ ထပ်တူထပ်မျှ ဝမ်းသာလှိုက်လှဲခြင်း ပီတိကို ခံစားခဲ့ရပါတယ်။ အဲဒီလို အဖိုးတန် ဒေသဖြစ်လို့လည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက သဘာဝတရားမပျက် ဆက်လက် ရှိနေစေချင်ကြပြီး ထိန်းသိမ်းတန်ဖိုးထားသင့်တဲ့ နေရာတစ်ခု ဖြစ်ကြောင်း အသိအမှတ်ပြုထားကြတယ်လို့ ဆိုပါတယ်။ 


Image Hosted by PicturePush - Photo Sharing

အီမောဘွမ်တောင်အနီးက ဖီမော်ဒေသကို ဒုတိယကမ္ဘာစစ် မဖြစ်မီကပင် အစောဆုံးရောက်ရှိခဲ့တဲ့ နိုင်ငံခြားသား သဘာဝသိပ္ပံပညာရှင် Frank Kingdon Ward ဟာ အီမောဘွမ်ဒေသက တောင်ဇလပ်ပန်း အပါအဝင် ပန်းမျိုးစိတ်ပေါင်း တစ်ထောင်ကျောက်ကို ခက်ခက်ခဲခဲ စုဆောင်းပြီး အင်္ဂလန် တောင်ဝင် ရုက္ခဗေဒဥယျာဉ်ကို ပေးပို့နိုင်ခဲ့ကာ နှစ်ပေါင်း ၆၀အတွင်းမှာ တောင်ဇလပ် မျိုးစပ်ပေါင်း ၁ဝဝဝ ကျော်နဲ့ အခြားသော ပန်းမျိုးစပ်ပေါင်း များစွာ ဖန်တီးနိုင်ခဲ့တဲ့အတွက် မြန်မာ့ရေမြေပေါ်က သယံဇာတ ပန်းမျိုးကလေးတွေဟာ မြန်မာ့မြေမှာ ကျော်ကြားခွင့်မရခဲ့ဘဲ တိုင်းတစ်ပါးမှာ ရှင်သန်ပြီး ကိုယ့်မြေကိုယ့်ရေပေါ်က ပန်းတွေနဲ့ သူတစ်ပါးက နာမည်ကြီးသွားတာ၊ ကျော်ကြားခွင့် ရသွားခဲ့တာကို ဆရာက ရင်ထုမနာ ရေးသားထားတာကို ဖတ်ရတော့ တကယ်ကို  နှမြောတသ ဖြစ်ရပါတယ်။ ပြီးတော့လည်း အီမောဘွမ်တောင် တစ်ဝိုက်က ရှားပါးလိပ်ပြာတွေ ထိုင်းနိုင်ငံ ချင်းမိုင်ဈေးထဲ ရောင်းနေတာကို တွေ့ခဲ့ရတယ်လို့ ပြန်လည်ပြောပြသူက ကိုယ့်အိမ်က အဖိုးတန်ရတနာတွေကို အခိုးခံသွားရတာကို မသိလိုက်တဲ့ အိမ်ရှင် လူနုံ လူအ တစ်ယောက်ကို ကြည့်နေတဲ့ သနားကြည့် လို့ ဆရာက ဆိုထားပြန်တော့ လူနုံလူအထဲမှာ ကျွန်မတို့တွေ အပါအဝင်ဖြစ်ပြီး မိမိတို့ကိုယ်တိုင်က တန်ဖိုးထားသင့်တာတွေကို တန်ဖိုးထားရကောင်းမှန်း မသိခဲ့တဲ့ နုံအခြင်းမျိုးနဲ့ ကြီးပြင်းလာရသူတွေပါလားလို့ တွေးမိရပါတယ်။


Image Hosted by PicturePush - Photo Sharing


ငါ့ချန်းခ ထင်းရှူးပင် (ဒီပုံကိုတော့ အင်တာနက်က ရှာဖွေထည့်သွင်းထားတာပါ)

ညှို့ငင်တောင် စာအုပ်ထဲက နောက်ထပ် သိခွင့်ရလိုက်တဲ့ အပင်အကြောင်းကတော့ အမြင့်ပေ ၇ဝဝဝ ကနေ ၁၂ဝဝဝ ကျော်၊ အီမောဘွမ်တောင်ခြေက ခေါင်လန်ဖူး နဲ့ ထော့ဂေါ် ဒေသတို့မှာသာ ပေါက်ရောက်တဲ့ ငေါ့ချန်းခ ထင်းရှူးမျိုးနွယ် အကြောင်းပါ။ ( Taiwania Cryptomerioides) လို့ခေါ်တဲ့ ၄င်းထင်းရှူးမျိုးဟာ ထိုင်ဝမ် ( ဖော်မိုဆာ ကျွန်းမှာ) ပေါက်ရောက်ခဲ့ဖူးပေမဲ့ မျိုးတုန်းသွားခဲ့ပြီး ခုနေခါမှာတော့ တစ်ကမ္ဘာလုံးမှာမှ မြန်မာပြည် အီမောဘွမ်တောင်ခြေက ငေါ့ချန်းခ မြစ်ဝှမ်းတစ်လျှောက်မှာသာ ရှိတော့တယ်လို့ ဂုဏ်ယူဖွယ် သိရပါတယ်။ သို့ပေမဲ့လည်း အဲဒီထင်းရှူးတွေကို Coffin Tree လို့လည်းခေါ်ပြီး တရုတ်လူမျိုးတွေက  လူသေရင် ထည့်သွင်း မြှုပ်နှံဖို့ အခေါင်း ပြုလုပ်ရန်အတွက် ၁၈၉၀ ခန့် လမ်းဟူ၍ လုံးဝမရှိခင်ကတည်းက ပေတစ်သောင်းကျော်မြင့်ပြီး ခက်ခဲကြမ်းတမ်းလှတဲ့ တောင်ပေါ်ခရီးလမ်းကနေ သူတို့ရဲ့ တစ်ဖက်နိုင်ငံကို ထုတ်ယူနေခဲ့ကြတာဟာ ခုချိန်မှာတော့ အလွန်ရှားပါးနေပြီ ဖြစ်တယ်လို့ ဖတ်ရပါတယ်။ တရုတ် လူမျိုးတွေအတွက် လူသေခေါင်းတွေကို ဒီလို အဖိုးတန် ထင်းရှူးသားတွေနဲ့ ပြုလုပ်ကြကြောင်းနဲ့ ၄င်း ထင်းရှူးသား နဲ့ ပြုလုပ်တဲ့ ခေါင်းတွေဟာလည်း ဈေးအလွန် ကြီးကြောင်း စိတ်ဝင်စားဖွယ် ဖတ်ရသော်လည်း ဒီပိုစ့်မှာ အဲဒီထင်းရှူးပင်တွေရဲ့ အကြောင်းများကိုလည်း ဆက်ရေးမယ်ဆိုရင် ပိုစ့်က သိပ်ရှည်သွားမှာစိုးပါတယ်။ ဒါကြောင့် အဲဒီ အကြောင်းတွေကို စိတ်ဝင်စားတယ်ဆိုရင် ဒီ ညှို့ငင်တောင် စာအုပ်ထဲမှာ အသေးစိတ် ရေးထားတာကို ဆက်လက် ဖတ်ရှူနိုင်ပါတယ်။ တရုတ်လူမျိုးတွေရဲ့ အသုဘအတွက် အလွန် အဖိုးတန်ပါတယ် ဆိုတဲ့ အဲဒီ ထင်းရှူးပင် တွေဟာ ငေါ့ချန်းခ ဒေသမှာ ဘယ်နှစ်ပင်လောက်သာ ကျန်ရှိတော့မလဲ ဆိုတာကိုတော့ ကျွန်မ သိချင်စမ်းလှပါတယ်။


Image Hosted by PicturePush - Photo Sharing


Yew Tree ခေါ် ကျောက်ထင်းရှူး 

အဲဒီဒေသက နောက်ထပ် အဖိုးတန် အပင်တစ်မျိုးကတော့ Yew Tree လို့ခေါ်တဲ့ ကျောက်ထင်းရှူးပင်ပါ။ တရုတ်နဲ့ တိဘက်တိုင်းရင်းဆေးအရ ကင်ဆာရောဂါများ အထူးပျောက်ကင်းတယ်လို့ ဆိုပါတယ်။ အဲဒီ ကျောက်ထင်းရှူးနဲ့ လုပ်တဲ့ အိုးခွက်ပန်းကန်ခွက်ယောက်တွေကို သုံးစွဲခြင်းအားဖြင့် ခန္ဓာကိုယ်တွင်းက ရောဂါ ဘယတွေ ပျောက်ကင်းစေနိုင်လို့ ဆိုပါတယ်တဲ့။ ကျွန်မတို့ မြန်မာနိုင်ငံကြီးရဲ့ နယ်နမိတ်ထဲမှာ ပေါက်ရောက်ပေမဲ့ အဲဒီအိုးခွက်ပန်းကန် အသုံးအဆောင်တွေကို မြင်ဖူးသူ မရှိသလောက် ရှားမယ် ထင်ပါရဲ့။ သို့သော်လည်း တရုတ်ပြည်တွင်းက လူတွေကတော့ ၄င်းထင်းရှူးများကို ဈေးကြီးပေး ဝယ်သုံးကြတဲ့ ဈေးကွက်တစ်ခု ဖြစ်နေခဲ့ပါတယ်တဲ့။ ကိုယ့်မြေက ထွက်တဲ့ တန်ဖိုးကြီးရှားပါး အပင်တွေကို ထိမ်းသိမ်းဖို့မပြောနဲ့ သိတောင် မသိလိုက်၊ မြင်တောင် မမြင်ဖူးလိုက်ရဘဲ မကြာခင်မှာ မျိုးတုန်း ပျောက်ကွယ်သွားရတော့မှာကိုတော့ တကယ်ကို နှမြော သတ နောင်တ ရချင်စရာပါ။ စာအုပ်ထဲက စိတ်ဝင်စားဖွယ် နောက်ထပ် အကြောင်းအရာတစ်ခုက သစ်ခွပင်ကနေရတဲ့ အမျှင်တွေနဲ့ ရိုးရာဝတ်စုံတွေ၊ လွယ်အိတ်တွေ၊ ခေါင်းပေါင်း စတဲ့ အသုံးအဆောင်တွေမှာ အလှဆင်တဲ့ အတတ်ပညာအကြောင်းပါ။ ပြီးတော့လည်း မြို့ပြနဲ့ ဝေးလှတဲ့ နေရာဒေသမှာ နေထိုင်ကြတဲ့ တောင်ပေါ် တိုင်းရင်းသားတွေရဲ့ ဝတ်စုံတွေအတွက် အရောင်မျိုးစုံ ရအောင်လုပ်တဲ့ အပင်တွေ အကြောင်းကလည်း တကယ်ကို ဗဟုသုတရခဲ့ပါတယ်။ တောင်ပေါ်ဒေသသားတွေဟာ ဆန်းစပါးကို အဓိက စိုက်ပျိုးစားသုံးကြတာကြောင့် တောင်ပေါ်က မြေနေရာ ကျဉ်းကျဉ်းလေးတွေမှာဘဲ လှေကားထစ်လေးတွေ ခက်ခက်ခဲခဲ ပြုလုပ်ပြီး စိုက်ပျိုးကြပုံဟာ အခြားသူတွေ ကြည့်ရုံသာကြည့်ရင် မျက်စိ ပသာဒဖြစ်စရာရှုခင်း ဖြစ်နေနိုင်ပေမဲ့ ဒီလို လှေကားထစ် စပါးစိုက်ခင်းမျိုးဖြစ်လာဖို့ ဒေသခံတွေမှာ ဘယ်လောက်တောင် ကြိုးပမ်းအားထုတ်ခဲ့ရမယ်ဆိုတာ စဉ်းစားကြည့်ချင်စရာပါ။  လော်ဝေါ်တိုင်းရင်းသားတို့ဟာ ရာသီအလိုက်အော်မြည်တတ်တဲ့ ငှက်အော်သံကို နားထောင်ပြီး စပါးစိုက်ပျိုးခြင်း၊ တောင်ယာခုတ်ထွင်ခြင်း၊ တောင်ယာမီးရှို့ခြင်း စသည်တို့ကို လုပ်ကိုင်တတ်ကြကြောင်း ဖတ်ရတဲ့အခါမှာ တောတောင်ကျေးလက်နေ လူသားတွေရဲ့ ပတ်ဝန်းကျင် သဘာဝနဲ့ လိုက်လျောညီထွေ နေထိုင်တတ်ကြပုံကလည်း နှစ်သက်စဖွယ်ဖြစ်ရပြန်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


အီမောဘွမ်တောင် အနောက်တောင်အရပ်က ချီဖွေမြို့အနီး မေခမြစ်ကမ်းအနီးမှာရှိတဲ့ လာဗျူချောင် လိုဏ်ဂူ အကြောင်းကလည်း စာအုပ်အပေါ် ကျွန်မရဲ့ စိတ်ဝင်စားမှုကို ပိုပြီး မြှင့်တက် လာစေခဲ့ပါတယ်။ ၄င်း လာဗျူချောင်လိုဏ်ဂူဟာ မြန်မာနိုင်ငံမှာ တွေ့ရှိရတဲ့ ရှေးဟောင်းဂူတွေထဲမှာ အကြီးဆုံးဖြစ်နိုင်ပြီး အဲဒီဂူသွားလမ်းတစ်လျှောက်မှာတော့ နွား၊ လား၊ မြင်း၊ ဝက် စတဲ့ အကောင်ပုံသဏ္ဍန် ထွင်းထုထားတဲ့ ကျောက်တုံးမှာ ၊ ရူအတွင်း နံရံတွေပေါ်မှာ ရှေးဟောင်းလူသားတွေ ရေးဆွဲထားခဲ့တဲ့ တိရိစ္ဆာန်ရုပ်ပုံများနဲ့ ဂူအတွင်း မှာတော့  ကျောက်ဆုံ၊ ကျောက် ဒယ်အိုး၊ ဖိုခနောက်များနဲ့ ရှေးဟောင်း ရုပ်ကြွင်းများ တွေ့ရှိခဲ့ရဖူးတယ်လို့ သိရပါတယ်။ အထူးစိတ်ဝင်စားဖွယ် အချက်ကတော့ အဲဒီဂူထဲမှာ တွေ့ခဲ့ရတဲ့ စပါးစေ့တွေရဲ့ သက်တမ်းဟာ ကျောက်ခေတ်နှောင်းပိုင်း ကာလဖြစ်တယ်လို့ ခန်းမှန်းတွက်ချက်ထားတာကြောင့် မြန်မာပြည်မှာ အစောဆုံး စပါးစိုက်ပျိုးခဲ့တဲ့ နေရာဟာ ၄င်းနေရာ ဒေသ တစ်ဝိုက် ဖြစ်နိုင်ပြီးတော့ ရှေးခေတ်လူတွေအနေနဲ့ စပါးပင်အရိုင်းကနေ စားနိုင်တဲ့ စပါးစေ့ရရှိတဲ့ အပင်အဖြစ် ယဉ်ပါးလာအောင် စိုက်ပျိုးခဲ့တဲ့ ကမ္ဘာ့စပါး ပထမဦးဆုံး စပါးစိုက်ပျိုးရာနေရာလည်း ဖြစ်နိုင်တယ်လို့ အကိုးအကား အထောက်အထားများနဲ့ ဖော်ပြထားတာကြောင့် လာဗျူချောင် လိုဏ်ဂူထဲက တွေ့ရှိရတဲ့ ရှေးဟောင်းလူတွေရဲ့ အသုံးအဆောင်တွေနဲ့ ကျောက်ခေတ် စပါးစေ့တွေဟာ စပါးနဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်၊ ဂုဏ်ယူဖွယ်သမိုင်းကြောင်းတစ်ခု အဲဒီနေရာမှာ ရှိခဲ့တယ်လို့ ဖော်ပြနိုင်ခဲ့တာဟာလည်း ဝမ်းမြောက်စရာ ဖြစ်ရပါတယ်။ အဲဒါကြောင့်လည်း အီမောဘွမ်အနီးက လာဗျူချောင် ဂူဟာ လူသိနည်းပြီး မထင်ရှားသေးသော်လည်း သမိုင်းတန်ဖိုး အထောက်အထား ကြီးမားလှတယ်ဆိုတာ ထင်ရှားလှပါတယ်။ သို့သော်လည်း ယခုအခါ  ချီဖွေ ရေအားလျှပ်စစ် စက်ရုံတည်ဆောက်ရေး စီမံကိန်းအတွက် လုပ်ငန်းခွင် ဝင်နေသော စက်ယန္တရားများ၊ လူများ၊ လမ်းများကတော့ လဗျူချောင်ရှိရာ ဝန်းကျင်တစ်ဝိုက်တွင် တိုးတိုးလှုပ်လှုပ် ရှိနေကြသည်။  ခေတ်သည် မြန်ဆန်သော အဟုန်ဖြင့် ကမူးရှူးထိုး ပြေးလွှားပြောင်းလဲနေ၏။ သမိုင်းတန်ဖိုး မသိသော၊ ဥာဏ်ပညာနည်းသောသူတို့ မောင်းနှင်ကြမည့် ယန္တရားကြီးသည် ထိုဂူကို ဖောက်ထွင်း ဖြတ်မောင်းဝင်ချသွားမည်ကို စိုးရိမ်နေမိသည် လို့ ရေးသား ဖော်ပြထားတဲ့ အရေးအသားပေါ်မှာ ဆရာ့ရဲ့ အဲဒီဒေသကို တန်ဖိုးထား စိုးရိမ်စိတ်တွေကို အထင်းသား တွေ့မိရပါတယ်။ လာဗျူချောင်လိုဏ်ဂူနည်းတူ စိတ်ဝင်စားဖွယ် အခြားဂူတစ်ခုလည်း ရှိသေးတယ်လို့ဆိုပါတယ်။ ချီဖွေမြို့ အနီးက လင်းနို့ဂူလို့ခေါ်တဲ့ ရှေးဟောင်းဂူကြီးတစ်ခုထဲက ဂူနံရံမှာလည်း ရှေးခေတ်လူသားတွေ ရေးဆွဲခဲ့တဲ့ နံရံပန်းချီများစွာ ရှိနေတယ်လို့ ဖတ်ရပါတယ်။ အဲဒီရှေးဟောင်းလက်ရာတွေကို တာဝန်ရှိသူများက လေ့လာဖော်ထုတ်မှုပြုနေပြီလား၊ သိပင်မသိကြသေးဘူးလား ဆိုတာကတော့ ကျွန်မတို့ မသိနိုင်ခဲ့ပါ။ လေ့လာ မှတ်တမ်းတင်ခြင်း မပြုနိုင်ခင်မှာဘဲ ပျောက်ပျက်သွားခဲ့ရင်တော့ အလွန်ကို နှမြောစရာပါ။

Image Hosted by PicturePush - Photo Sharing

အီမောဘွမ်တောင်ဒေသမှာ နေထိုင်ကြတဲ့ လာချိဒ်၊ လော်ဝေါ်၊ လီဆူ စတဲ့လူမျိုးတွေရဲ့ ရှေးနှစ်ပေါင်းများစွာက ဆင်းသက်လာတဲ့ သမိုင်းကြောင်းများ၊ နေထိုင်စားသောက်မှု ဘဝများ၊ ရုန်းကန်လှုပ်ရှားမှုများ၊ ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ထုံးစံများ ၊ ဘာသာစကား၊  ရိုးရာပွဲတော်များ၊ အမဲလိုက်ခြင်း၊ စိုက်ပျိုးခြင်း အတတ်ပညာများ၊ နွားနောက်စတဲ့ ဒေသတွင်း တိရိစ္ဆာန်များနဲ့ ရှားပါးပန်ဒါနီ၊ တိဘက်နွား စသည်တို့နဲ့၊ ထိုဒေသမှာဖြစ်ပွားခဲ့သော စစ်ပွဲများ၊ အင်္ဂလိပ်ခေတ်မှာ အီမောဘွန်လို မြန်မာပြည်ရဲ့ နယ်နမိတ် အစွန်အဖျား ဝေးလံခေါင်ဖျား တောင်ပေါ်ဒေသအထိ ရောက်အောင် သွားရောက်ခဲ့တဲ့ ဗြိတိသျှစစ်တပ်များ၊ တရုတ်နဲ့ နယ်မြေကိစ္စ အချင်းများရပုံများ ၊ ဒေသခံ တိုင်းရင်းသားများမှ နယ်ချဲ့တို့ကို တွန်းလှန်တိုက်ခိုက်ခဲ့ပုံများ၊ KIA အဖွဲ့အစည်း စတင်ပေါ်ပေါက်လာပြီး ၄င်းဒေသကိုဖြတ်သန်းကာ တစ်ဖက်နိုင်ငံသို့ ရောက်ရှိသွားပုံများ၊ အင်အားကောင်းလာပုံများ စသည့် အကြောင်းအရာကိုလည်း ဓာတ်ပုံများ၊ အထောက်အထား အကိုးအကားများနဲ့ ထည့်သွင်းဖော်ပြထားတာဟာ မပျင်းမရိ ဖတ်ချင်စဖွယ် စိတ်ဝင်စားစဖွယ် ဖြစ်ရပါတယ်။ လာချိဒ်လူမျိုးတွေရဲ့ နာမည်ပေးပုံနဲ့ ရှေး ပုဂံခေတ်က ဘုရင်တွေရဲ့ နာမည် နောက်ဆုံးစာလုံးကို အဆင့်အဆင့် ယူဆောင် ထည့်သွင်းသွားကြပုံတို့ရဲ့ ( ဥပမာ- ပျူစောထီး၊ ထီးမင်းယဉ်၊ ယဉ်မင်းပိုက်၊ ပိုက်သေလည်၊ သေလည်ကြောင်၊ ကြောင်ဒူရစ် စသဖြင့်) တူညီ ဆက်စပ်မှုကိုလည်း ဗဟုသုတ ရလိုက်ရပြန်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing

နှင်းဖုံးတောင်ကို တစ်စွန်းတစ် လှမ်မြင်ရတဲ့ ဂိတ်စခန်းတစ်နေရာ

နယ်ချင်းဆက်စပ်နေတဲ့ တရုတ်ပြည်နဲ့  ခေတ်အဆက်ဆက် အငြင်းပွားခဲ့ရတဲ့ နယ်နမိတ်သတ်မှတ်ရေး ပြဿနာဟာလည်း အီမောဘွမ်ဒေသလေးကို သက်ရောက်မှု ရှိခဲ့ရပြန်ပါတယ်။  မြန်မာပြည် လွတ်လပ်ရေး ရပြီးနောက် ဦးနုခေတ်မှာ တရုတ်ပြည်နဲ့ နယ်နမိတ် အခိုင်အမာ ခွဲဝေ သတ်မှတ်ကြရာမှာ မြန်မာပြည်ရဲ့ အီမောဘွမ်ဒေသက ကချင်ရွာ သုံးရွာကို တရုတ်ဘက် ပေးလိုက်ရတယ်လို့ ပြောဆိုနေကြတဲ့ အကြောင်းရင်း အမှန်ကိုလည်း ဆရာရဲ့ စာအုပ်ထဲမှာ သေချာ အသေးစိတ် မြေပုံများနဲ့တကွ ရှင်းပြထားတာကြောင့် တော်တန်ရုံ မသိခဲ့တဲ့ ၊ လူအများ ဝေဝေဝါးဝါး သိထားခဲ့တဲ့ အကြောင်းအရာတွေကို သိလိုက်ရပြန်တာဟာ ဒီစာအုပ်ထဲက ရလိုက်တဲ့ တန်ဖိုးရှိ အကြောင်းအရာ တစ်ခု ဖြစ်ခဲ့ရပါသေးတယ်။  ရှေးကဖြစ်ပွားခဲ့တဲ့ ဒီအကြောင်းအရာတွေကို မသိမမီခဲ့တဲ့ နှောင်းခေတ် ကျွန်မတို့လို လူတွေနဲ့ အခြားသူတွေကို သိစေ၊ ဖတ်စေချင်မိပါတယ်။ မြန်မာ့ရေမြေ၊ မြန်မာ့သမိုင်းကြောင်းနဲ့တကွ အီမောဘွမ်ဆိုတဲ့ ဒေသဟာ ဝေးလံခေါင်ဖျား လူသူ အရောက်အပေါက်နည်းတဲ့ နေရာဖြစ်ပေမဲ့ ကျွန်မတို့ရဲ့ သွေးချင်း မြန်မာပြည် သားတွေ နေထိုင်တဲ့ နေရာ ဖြစ်တာကြောင့် သိထားသင့်တဲ့ အကြောင်းအရာတွေ ဆိုရင်လည်း မမှားပါဘူး။ ဒါကတော့ စာအုပ်ရဲ့ ပထမပိုင်းမှာ ပါဝင်တဲ့ အကြောင်းအရာများ ဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing

အပိုင်း (၂)မှာတော့ ဆရာက ဂျပန်နိုင်ငံသူ သူငယ်ချင်းတစ်ယောက်ရဲ့ အီမောဘွမ်တောင်ကို ဘယ်လိုလာရမလဲ ဆိုတဲ့ မေးတဲ့အီးမေလ်းကို ပြန်ဖြေတဲ့သဘောမျိုး၊ အသေးစိတ် အကြောင်းပြန်တဲ့ လမ်းညွှန်စာ သဘောမျိုးနဲ့ ရန်ကုန်ကနေ မြစ်ကြီးနား မြစ်ကြီးနားကနေမှတစ်ဆင့် အီမောဘွမ်တောင်ကို ဘယ်လိုလာရမယ်၊ လမ်းမှာ ဘာတွေ တွေ့ကြုံရမယ်၊ ဘာတွေရှိတယ်၊ အဲဒီဒေသခံတွေဟာ ဘယ်လိုရုန်းကန် လှုပ်ရှား သွားလာကြတယ်၊ ဘယ်လိုနေထိုင်အသက်မွေးကြတယ် ဆိုတာတွေကို ဒေသခံလူတွေရဲ့ ခံစားမှု တစ်စိတ်တစ်ပိုင်း ရောစွက်လို့ ရေးသားထားပုံကလည်း ကောင်းမွန်တဲ့ ဆရာ့ရဲ့ အရေးအသား ၊ စိတ်ဝင်စားဖွယ် အချက်များရဲ့ ဆွဲခေါ်မှုကြောင့် ကိုယ်တိုင်ကိုယ်ကျ ဒီခရီး ဒီလမ်းကို သွားလိုက်ရသလို ခံစားရစေပါတယ်။ 
 
ဆရာငြိမ်းအေးအိမ်ဟာ ဒီစာအုပ်ကို ရေးသားရာမှာ သေချာအချိန်ယူပြီး လေ့လာဆည်းပူးခဲ့တဲ့ အချက်အလက်များစွာ ၊ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့တဲ့ အတွေ့အကြုံများစွာ၊ ဆရာကိုယ်တိုင် ရိုက်ယူခဲ့တဲ့ ဓာတ်ပုံများစွာတို့နဲ့အတူ သမိုင်း အထောက်အထား၊ စာရွက်စာတမ်းများစွာတို့ကို ကိုးကားပြီး ရေးသားထားတယ်ဆိုတာ စာအုပ်ကို ဖတ်ကြည့်ရင် သိသာထင်ရှားလှပါတယ်။ ဒီစာအုပ်ကို ဖတ်ပြီးတာနဲ့ မကြာခဏ ပြန်ဖတ်ဖြစ်မဲ့ စာအုပ်၊ အခြားသူတွေကိုလည်း ဖတ်စေချင်တဲ့ စာအုပ်၊ ကိုယ့်ရဲ့စာအုပ်စင်လေးထဲမှာ သိမ်းဆည်းထားရမဲ့ စာအုပ်လို့ ကျွန်မအနေနဲ့ ခံစားမိပါတယ်။ ညှို့ငင်တောင် စာအုပ်အကြောင်း ဒီထက် ဆက်ရေးမယ်ဆိုရင် မူရင်းရသ ပျက်သွားမှာလည်း စိုးတာရယ်၊ စာအုပ်ဖတ်မဲ့သူတွေ အရှိန်ပျက်သွားမှာရယ် စိုးတာကြောင့် ဒီလောက်နဲ့ ရပ်ပါမယ်။ ကျွန်မ တတ်အားသလောက် ရေးထားတဲ့ ဒီစာအုပ်အညွှန်းလေးဟာ ဆရာ့စာအုပ်ထဲမှာပါဝင်တဲ့ အကြောင်းအရာတွေရဲ့ တန်ဖိုးနဲ့ စိတ်ဝင်စားဖွယ်ရာတွေကို ကုန်စင်အောင် ညွှန်မပြနိုင်ပေမဲ့ တစ်စိတ် တစ်ပိုင်းကိုတော့ အနည်းငယ်မျှလောက်ဖြစ်ဖြစ် ပေါ်လွင်စေလိမ့်မယ်လို့ ယုံကြည် မျှော်လင့်ပါတယ်။ စာအုပ်လေးကို ဖတ်ပြီးပေမဲ့ စာအုပ်ထဲက အကြောင်းအရာတွေက ကျွန်မရဲ့ အတွေးမျှင်တန်းကြီးက မပြတ်အောင် ဆွဲဆန့်ထားနိုင်ခဲ့ပါတယ်။ စာအုပ်ထဲက အကြောင်းတွေပေါ်မှာ တွေးစရာတွေ အများကြီး ကျန်ခဲ့ ရခဲ့ပါတယ်။  ဒီမြေဒီရေ ဒီတောင်တန်းပေါ်က ရှားပါးအကြောင်းအရာ၊ မသိသေးတဲ့ အကြောင်းအရာ၊ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ရေးသားခဲ့သူ ဆရာငြိမ်းအေးအိမ်ကိုလည်း ကျေးဇူးအထူး တင်ပါကြောင်း ချစ်ခင်စွာ ပြောကြားရင်း  စိတ်ဝင်စားဖွယ် အကြောင်းအရာတွေနဲ့ ပြည့်နှက်နေတဲ့ အီမောဘွမ်တောင်ခြေရဲ့ ရင်ခွင်ကို ခိုဝင်ရင်း တောင်ဇလပ်ပန်းတွေ ထင်းရှူးရနံ့တွေကို ရှူရှိုက်ဖို့၊ ဧရာဝတီမြစ်ကြီးထဲ စီးဝင်တဲ့ မေခမြစ်ရေ၊ မေခမြစ်ထဲ စီးဝင်တဲ့ ငေါ့ချမ်းခမြစ်ရေတွေကို သောက်သုံးဖို့ ၊ လော်ဝေါ်၊ လာချိဒ် တိုင်းရင်းသားတို့နဲ့ ထမင်းလက်ဆုံ စားနိုင်ဖို့ တစ်နေ့နေ့မှာတော့ ကျွန်မသည် အရောက်သွားနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။

လေးစားချစ်ခင်စွာ