စောမွန်လှ အလွမ်း

ရှမ်းပြည်မြောက်ပိုင်း ခရီးစဉ်ကနေအိမ်ကို ပြန်ရန်တော့ ကင်မရာထဲက မဲန်မိုရီစတစ်ကို ထုတ်ပြီး card reader ထဲထည့်ကာ  ကွန်ပျုတာနဲ့ချိတ်လိုက်ပြီး ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို ပြန်ကြည့်မိတော့ ပုံတိုင်းလိုလိုက စိမ်းစို မှိုင်းဝေနေတဲ့ရှမ်းပြည်ရဲ့ အလှကို ဖော်ပြနေတာမို့ ကျေနပ်စရာရယ်ပါ.. ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အနီးက စယ်လန့်ရွာလေးကို ရောက်ခဲ့ပြီး စောမွန်လှမွေးဖွားခဲ့တဲ့ အိမ်တော်ရာဟောင်း နေရာကိုလည်း ဒုတိယအကြိမ် ရောက်ခဲ့ပြန်ပါတယ်။ ပထမအကြိမ်ရောက်ပြီး နောက်ပိုင်းမှာလည်း စောမွန်လှအကြောင်း စာရေးဖြစ်ခဲ့သလို ခု ဒုတိယအကြိမ် ရောက်ပြန်တော့လည်း စောမွန်လှနဲ့ပတ်သက်ပြီး စာရေးချင်စိတ်က တားဆီးမရဖြစ်လာတာမို့ ရေးမိရပြန်ပါတယ်။ စောမွန်လှ မွေးဖွားရာဇာတိဖြစ်တဲ့ စယ်လန့် ရွာကလေးဟာ အလွန်သာယာလှပြီး ပန်းတွေလည်း စုံလင်လှပါတယ်။ ရိုးသားတဲ့ရှမ်းလူမျိုးတွေရဲ့ ရွာဖြစ်ပြီး စယ်လန့်သူတွေ ချောတယ် ဆိုတာကတော့ ခုချိန်ထိ နာမည်ကြီးတုန်းဖြစ်ပါတယ်။ ချောမောလှပတဲ့ စယ်လန့်ရွာသူ တစ်ယောက်အကြောင်း ပြောပြရမယ်ဆိုရင် ပုဂံရာဇဝင်တွေ ထဲမှာပါတဲ့ အနော်ရထာမင်းကြီးရဲ့ မိဖုရားတစ်ပါး ဖြစ်ခဲ့သူ ရှမ်းမင်းသမီး စောမွန်လှကို ညွှန်ပြရမှာဖြစ်ပါတယ်။

  
စောမွန်လှမွေးဖွားရာ နန်းတော်ဟောင်းနေရာလေးဟာ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နဲ့ မဝေးလှတဲ့ စယ်လန့်ရွာကလေးဆီက သာယာလှတဲ့ တောင်ကုန်းလေးပေါ် တည်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ် တစ်ထောင်ကျော်ခန့် ကတည်းက ကြီးကျယ် စည်ကားခဲ့တဲ့ မောရှမ်းဘုရင်တို့ စိုးစံခဲ့ရာ စယ်လန့်ရွာရှိ နန်းတော်ဟောင်းနေရာဟာ ခုချိန်မှာတော့ ဘုရားကျောင်းကန် စေတီပုထိုးတွေ တည်ထားပြီ ဖြစ်ပါတယ်။ မယ်ဇလီပင်တွေနဲ့ အုပ်ဆိုင်းညှို့မှိုင်းနေတဲ့ တောင်ကုန်းလေးဟာလည်း သာသာယာယာလည်း ရှိသလို လွမ်းစရာ ဆွေးစရာလည်း ကောင်းလှပါတယ်။ နန်းတော်ဟောင်းနေရာကနေ ဘေးပတ်ဝန်းကျင် ရှုခင်းတွေကို ဓာတ်ပုံတွေ ရိုက်ဖြစ်ရင်းက မိဖုရား စောမွန်လှကို ထူးထူးခြားခြား သတိရမိပါတယ်။ ကျွန်မ ဓာတ်ပုံ ရိုက်တဲ့နေရာမှာ ခုံတန်းလေးတစ်ခု ရှိပါတယ်။ အဲဒီမှာထိုင်ပြီး ကြည့်လိုက်ရင် ဟိုးခပ်ဝေးဝေးက မှိုင်းညှို့ရီဝေနေတဲ့ တောင်တန်းပြာပြာတွေကို လွမ်းမောစဖွယ် မြင်ရပါတယ်။ နန်းတော်နဲ့ မလှမ်းမကမ်းကနေ တိတ်ဆိတ်ညင်သာ ငြိမ်းချမ်းစွာ ရစ်ခွေစီးဆင်းနေတဲ့ ရွှေလီမြစ်ကြီးကိုလည်း နေရောင်အောက်မှာ ငွေရောင်တွေ တလက်လက် တောက်ပနေတာကို လှမ်းမြင်နိုင်ပါသေးတယ်။ မြစ်ရဲ့ ဘေးတစ်ဖက် တစ်ချက်မှာတော့ ကျယ်ဝန်းပြန့်ပြူးလှတဲ့ မြေနုလွင်ပြင်တွေရှိပြီး ရှမ်းတောင်သူတွေရဲ့ လယ်ခင်းတွေ စိုက်ခင်းတွေ မျက်စိတဆုံး ရှုမဆုံးနိုင်အောင် စိမ်းလန်းစိုပြေစွာ တည်ရှိနေပါတယ်။  

စောမွန်လှဟာ မောရှမ်းကိုးပြည်ထောင်ကို အစိုးရတဲ့ (ရှမ်းဘုရင်) ရှမ်းစော်ဘွားကြီး တစ်ဦးရဲ့ သမီးတော်ဖြစ်ပြီးတော့ အင်မတန် လှပချောမောကာ အမျိုးသမီးကောင်းတိုရဲ့ ကြန်အင်လက္ခဏာ  ကျက်သရေ အဖြာဖြာနဲ့ပြည့်စုံသူ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း တရုတ်ပြည်ကို စွယ်တော် သွားဖူးရာကနေ အပြန်မှာ စောမွန်လှတို့ နန်းတော်ရှိရာ ရွှေလီမြစ်အနီးက ရွာတစ်ရွာမှာ စခန်းချ နားနေတဲ့ အနော်ရထာ မင်းကြီးကို ရှမ်းစော်ဘွားကြီးက သွားရောက်တွေ့ဆုံပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး လက်ဆောင်အဖြစ် သမီးတော် စောမွန်လှကို ပဏ္ဏာဆက်လာခဲ့ပါတယ်။ ချောမောလှပ သိမ်မွေ့ပြီး အသားအရေ ညက်ညောဖြူစင်လှကာ သူမ မတ်တပ်ရပ်လိုက်ရင်တောင် အရပ်နဲ့ညီမျှအောင် ရှည်လျားလှတဲ့ ဆံနွယ်မည်းမည်း ခက်ခက်တွေကို ပိုင်ဆိုင်တဲ့ ရှမ်းမင်းသမီး စောမွန်လှကို အနော်ရထာမင်းကြီးက ရှမ်းစော်ဘွားကြီးရဲ့ လက်ဆောင်အဖြစ် မြတ်မြတ်နိုးနိုး သိမ်းပိုက်ပြီး ပုဂံရွှေနန်းတော်ဆီကို ခေါ်ဆောင် သွားခဲ့တာ ဖြစ်ပါတယ်။ ပဒေသရာဇ် ခေတ်များဆီက နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ပဏ္ဍာဆက်ခံရတဲ့ ဘုရင့်သမီးတော်များ၊ နန်းတွင်းသူလေးများမှာ ကိုယ်ပိုင် ခံစားချက်ဆိုတာကို လစ်လျူရှုလို့ နှင်းဆက်ခံရတဲ့ ဘုရင်ကိုသာ သခင်အဖြစ် သတ်မှတ်ပြီး လိုက်ပါသွားခဲ့ကြရပါတယ်။

အဲဒီလို မိမိ မွေးဖွားကြီးပြင်းလာရာ မောရှမ်းတောင်တန်းကြီးတွေကို စွန့်ခွာပြီး တစ်ပါးသူနောက်ကို လိုက်ပါသွားရတော့မယ် ဆိုတဲ့ စောမွန်လှရဲ့ ရင်ထဲမှာ ထိုခေတ် ထိုအခါက ဘယ်လိုများ ခံစားခဲ့ ရမှာပါလိမ့်လို့ ကျွန်မ သူ့ရင်ထဲကို ဝင်ကြည့်ချင်မိသလို၊ သူ့ကိုယ်စားလည်း အတွေးတွေ ပွားမိရပါတယ်။ သူ လိုက်ပါသွားရတော့မဲ့ ပုဂံပြည့်ရှင် အနော်ရထာမင်းဆိုတာ သူလုံးလုံး မတွေ့ဖူး မသိခဲ့ဖူးတဲ့သူ.. မသိတဲ့ သူနောက်ကို ယောင်နောက် ဆံထုံးပါ လိုက်ပါသွားရတော့မယ်။ မမြင်ဖူး မသိဖူးတဲ့ သူတစ်ယောက်ကို ချစ်ခင်နှစ်သက် မြတ်နိုးမှုတွေဟာ မင်းသမီး စောမွန်လှရဲ့ ရင်ထဲမှာ ရှိကောင်းမှ ရှိပါလိမ့်မယ်။ ကိုယ်တစ်သက်လုံး နေထိုင်ကြီးပြင်းရာ စယ်လန့် မောရှမ်းမြေနဲ့ မိသားစု ဆွေမျိုးသားချင်းတွေကို စွန့်ပြီး မွေးရပ်မြေနဲ့ ဝေးလံလှတဲ့ ပုဂံနန်းတော်ကြီးဆီကို လိုက်ပါသွားရတော့မဲ့ နုနယ် ငယ်ရွယ်သေးသူ မိန်းခလေး တစ်ယောက်ရဲ့ ရင်ထဲမှာ ဘယ်လောက်တောင်များ နာကျင် ကြေကွဲနေမလဲ ရယ်လို့လည်း ကျွန်မ ကိုယ်ချင်းစာမိပါသေးတယ်။

စောမွန်လှ နန်းတော်ရာမှ တွေ့မြင်ရသည့် လွမ်းမောဖွယ် ရွှေလီမြစ်
မင်းသမီး စောမွန်လှတစ်ယောက် အခု ကျွန်မ ဓာတ်ပုံရိုက်တဲ့နေရာလေးမှာ  ထိုင်ပြီး ဟိုဝေးဝေးက တောင်တန်း ပြာပြာကြီးတွေရယ်၊ ငွေရောင်တစ်လက်လက် ထနေတဲ့ ရွှေလီမြစ်ပြင်ရယ်၊ စိမ်းလဲ့ညီညာ နေတဲ့ လယ်ကွင်းပြင်ကြီးတွေဆီကို ငေးမောရင်း သူတစ်ခေါက်မှ မရောက်ဖူး မသွားဖူးတဲ့ ပုဂံနေပြည်တော် ခရီးအတွက် ရင်ခုန် စိတ်လှုပ်ရှားနေမလား၊ ဒါမှမဟုတ် သူချန်ထားရစ်ခဲ့ရတော့မဲ့ ဒီမြေ ဒီရေ ဒီတောတောင်တွေကို လွမ်းဆွတ်နှမြောနေမလား၊ သို့တည်းမဟုတ် မိသားစုတွေ ချစ်သူ ခင်သူတွေနဲ့ ခွဲခွာရမှာတော့မို့ ကြေကွဲ ဝမ်းနည်း နေမလားရယ်လို့ မှန်းဆ ကြည့်ချင်စရာရယ်ပါ။ ပုဂံဆိုတာလည်း မောရှမ်းတို့ရဲ့ တောင်တန်းကြီးတွေနဲ့က ဝေးကွာလွန်းလှတယ်မဟုတ်လား။ မွေးရပ်မြေကို ထားရစ်ခဲ့ရပြီး ပုဂံရွှေနန်းတော်ကြီးကို မိဖုရားတစ်ပါးအဖြစ် ရောက်သွားပြန်တော့ ဘုရင် အနော်ရထာမင်းက ရှမ်းမင်းသမီးလေး စောမွန်လှကို နှစ်သက်မြတ်နိုး ရှိလှပေမဲ့ နန်းတွင်းထဲက အခြားသော မိဖုရားကြီးနဲ့ မောင်းမမိဿံတွေကို စောမွန်လှကို မလိုလား မနှစ်သက် ရှိကြပြန်ပါတယ်။ အနော်ရထာမင်း အချစ်အခင် ပျက်အောင် အမျိုးမျိုး ဂုံးတိုက်ပြီး စောမွန်လှ မကောင်းကြောင်းကို ပြောကြဆိုကြ တိုင်ကြ တောကြ လုပ်တာကို ခံကြရပါတယ်။

နန်းတွင်းသူနဲ့ အခြားသော မိဖုရားတွေရဲ့ မလိုမုန်းထားကို ခံနေရရှာတဲ့ တစ်ပြည်သူ စောမွန်လှဟာ နန်းတော်ထဲမှာလည်း ကြည်သာရွှင်ပျ စိတ်နှလုံး ချမ်းမြနိုင်မယ် မထင်ပါဘူး။ အဲဒီအချိန်မှာ မိမိရဲ့ မွေးရပ်မြေနဲ့ မိဘတွေကို ဘယ်လောက်များ သတိရ တမ်းတနေမလဲဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ ပုဂံနန်းတော်ထဲ မရောက်ခင်ကတည်းက ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်ပြီးသူ စောမွန်လှဟာ နန်းတော်ထဲ ရောက်တော့လည်း ဘာသာတရားကို အလွန် အင်မတန်မှ ကိုင်းရှိုင်းသူ ဖြစ်ပါတယ်။ နန်းတော်ထဲမှာ စိတ်မချမ်းမြေ့တိုင်း ဘာသာတရားကိုသာ လိုက်စားပြီး တရားကို လက်ကိုင်ထား အေးချမ်းရာကို ရှာဖွေရင်း နေနေခဲ့ရသူပါ။ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက မိဘများရဲ့ ဆိုဆုံးမမှုကြောင့် တရားဓမ္မမှာ ပျော်မွေ့သူ ဖြစ်သလို သူမ မွေးရပ်မြေမှာ ကတည်းက ဝတ်ဆင်ခဲ့တဲ့ နားတောင်းထဲမှာလည်း ဗုဒ္ဓမြတ်စွာရဲ့ ဓာတ်တော်များကို ဌာပနာ ထားခဲ့ပါတယ်။ အဲဒီ ဓာတ်တော်တွေဟာ ညအချိန်မှာ ရောင်ခြည်တော် ကွန့်မြူးတောက်ပနေတာကို စုန်းတောက်စားတယ်ရယ်လို့ အနော်ရထာမင်းထံ ဂုံးတိုက်တဲ့အခါမှာတော့ အနော်ရထာမင်းက စောမွန်လှကို နေရပ်ကို ပြန်လိုက ပြန်ပါတော့လို့ ခွင့်ပြုလိုက်ပါတယ်။

နန်းတော်ထဲမှာ မိဖုရားစောမွန်လှ မပျော်ပိုက်တာကို သိလို့ ပြန်ခိုင်းလိုက်တာလား။ သို့မဟုတ် ဂုံးတိုက်စကားတွေကို ယုံစားလို့ ပြန်ခိုင်းလိုက်တာလား ဆိုတာကိုတော့ အနော်ရထာမင်းကြီး ကိုယ်တိုင်မှသာ သိမယ် ထင်ပါတယ်။ သို့ပေမဲ့ မိဖုရား စောမွန်လှဟာ စိတ်နှလုံး ပင်ပန်း ပူဆွေး ဝမ်းနည်းမှုတွေနဲ့ မွေးရပ်မြေ မောရှမ်းဌာနေကို ပြန်လာခဲ့တဲ့ အပြန်လမ်း တစ်လျှောက်မှာလည်း ယခု မန္တလေးမြို့အနီးက သူမနားမှာ ပန်ဆင်ထားတဲ့ နားတောင်းပြုတ်ကျရာ “နားတောင်းကျချောင်း” နားမှာ ရွှေစာရံစေတီကို တည်ထားခဲ့ပါသေးတယ်။ အဲဒီလို စေတီတည်တာကို သိတဲ့ အနော်ရထာမင်းကြီးဟာ မိဖုရားစောမွန်လှ တည်ထားခဲ့တဲ့ ရွှေစာရံစေတီ ဘေးပတ်လည်က မြေ တာပေါင်းများစွာကို ဘုရားဝတ္တကမြေအဖြစ် လှူဒါန်းပေးခဲ့တာကို ကြည့်ခြင်းအားဖြင့် အနော်ရထာမင်းကြီးဟာ မိဖုရား စောမွန်လှအပေါ်မှာ ယတိပြတ် စိတ်ပြတ်တာမျိုး မဟုတ်ဘဲ ချစ်ခင် နှစ်သက်မှု ရှိနေဆဲဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ လမ်းခရီးမှာ စိတ်နှလုံးကြေကွဲပြီး နေထိုင်မကောင်းဖြစ်ရှာတဲ့ စောမွန်လှဟာ မွေးရပ်မြေ စယ်လန့်နန်းတော်ကိုတောင် မရောက်နိုင်တော့ဘဲ လမ်းခရီးတစ်ဝက်ဖြစ်တဲ့ ရှမ်းတောင်တန်းပေါ်က သီပေါမြို့ကို ရောက်တဲ့ အချိန်မှာတော့  ကံတော်ကုန် ဆုံးပါးရပါတော့တယ်။ သီပေါမြို့မှာ စောမွန်လှရဲ့ အရိုးအိုး စေတီကိုလည်း တွေ့မြင်နိုင်ပါတယ်။

စောမွန်လှဟာ သီပေါမြို့မှာလည်း စေတီတစ်ဆူတည်ထားခဲ့ပြီး အဲဒီစေတီကို ဘော်ကြိုဘုရားလို့ ခေါ်တယ်လို့ (ဘော်ကြိုဆိုတာ စောမွန်လှရဲ့ အဖေလာကြိုတဲ့နေရာမို့ ဘော်ကြိုဘုရားလို့အမည်တွင်ကြောင်း) လူအများက ဆိုကြပေမဲ့ ဘော်ကြိုဘုရားဟာ သီရိဓမ္မာ သောကမင်းကြီး တည်ထားတဲ့ဘုရားသာ ဖြစ်ကြောင်းလည်း အချို့သော မှတ်တမ်းများက ဆိုပါတယ်။

ရွှေစေတီ၊ ငွေစေတီ
 

ငွေစေတီ

စောမွန်လှ ရုပ်တု
နှစ်ပေါင်း တစ်ထောင်နီးပါး ရှိပြီ ဖြစ်ပေမဲ့ စောမွန်လှဟာ ရာဇဝင်ထဲမှာ ထင်ရှားဆဲပါ။ ရှမ်းလူမျိုးတို့ရဲ့ ရင်ထဲ နှလုံးသားထဲမှာလည်း စောမွန်လှ တည်ရှိနေဆဲ ဖြစ်သလို ပုဂံရာဇဝင်တွေနဲ့ ရင်းနှီးသူများကလည်း စောမွန်လှကို သတိတရ ရှိနေကြဆဲပါ။ စောမွန်လှအတွက် ရည်စူးပြီး အလှူဒါနများ ၊ ပွဲလမ်းသဘင်များကိုလည်း ခုချိန်ထိ ကျင်းပနေဆဲဖြစ်ပါတယ်။ စောမွန်လှ မွေးဖွားရာ နန်းတော်ဟောင်း နေရာမှာလည်း စောမွန်လှအမှတ်တရ စေတီအပြင် စောမွန်လှအတွက် နန်းဆောင်နဲ့အတူ စောမွန်လှရဲ့ ရုပ်တုများကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပထမတစ်ခေါက် ရောက်စဉ်က မရှိသေးတဲ့ ရွှေစေတီ ငွေစေတီများကိုလည်း ဒုတိယအကြိမ်မှာ ဖူးတွေ့ရပါတယ်။ ပထမအကြိမ်ရောက်စဉ်က ရေးဖြစ်ခဲ့တဲ့ စောမွန်လှအကြောင်းနဲ့ စောမွန်လှ နန်းဦးစေတီများဓာတ်ပုံကိုတော့ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ စိမ်းစို ညှို့မှိုင်းနေတဲ့ စယ်လန့်မောရှမ်း နေပြည်တော် နန်းတော်ဟောင်းနေရာဟာ လွမ်းချင်စရာကောင်းလှသလို အတိတ်သမိုင်းကိုလည်း ပြန်ပြောင်းသတိရချင်စရာ ကောင်းလှပါတယ်။ ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း စောမွန်လှနန်းရှိရာ တောင်ကုန်းမို့မို့လေးပေါ်က ခုံတန်းလျားလေးမှာ ထိုင်ရင်း မြင်နေရတဲ့ ရွှေလီမြစ်ကြီးကို လွမ်းမောစွာ ငေးမောကာ အတွေးရေယဉ်တွေဟာ တစ်သွင်သွင်နဲ့ စီးဆင်းနေခဲ့မိပါတယ်။ 

(ကိုယ်ရေးကိုယ်တာ ကိစ္စတွေ၊ ရှောင်လွှဲလို့ မရတဲ့ ကိစ္စအဝဝတွေနဲ့ ဘလော့ဂ်မှာ စာမရေးဖြစ်တာ ကြာသွားတဲ့အတွက် စာဖတ်သူများနှင့် ဘလော့ဂ် မိတ်ဆွေများအားလုံးကို တောင်းပန်ပါရစေရှင်။)


မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးမည့် သီပေါမြို့ရှိ သီတဂူစက္ခုဒါနဆေးရုံတော်

မကြာခင်မှာ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့ရဲ့ သီတဂူ စက္ခုဒါနဆေးရုံတော်ကြီးမှာ မျက်စိဝေဒနာ ခံစားနေရသူများကို အခမဲ့ စမ်းသပ် ကုသပေးတော့မှာဖြစ်ပါတယ်။ ယခုလာမဲ့ ဇွန်လ ၂ဝ၊ ၂၁၊ ၂၂၊ ၂၃ရက်နေ့များမှာ မျက်စိအထူးကု သမားတော်ကြီးများ ကိုယ်တိုင် ဆေးရုံကြီးကို ကြွရောက်လာပြီး လူနာများကို စမ်းသပ် ကုသပေးမှာ ဖြစ်ပါတယ်။ သီပေါမြို့ရဲ့ သီတဂူစက္ကုဒါန ဆေးရုံတော်ကြီးမှာ လူမျိုး ဘာသာမရွေး မျက်စိ ဝေဒနာရှင်တွေကို ကုသပေးလာတာ အခုဆိုရင် ၂၄ကြိမ်မြောက် ရှိပါပြီ။ သီပေါမြို့ရဲ့ သီတဂူ စက္ခုဒါနဆေးရုံအကြောင်းကို ဒီနေရာမှာ အနည်းငယ် ဖော်ပြချင်ပါတယ်။ “သီတဂူ စက္ခုဒါနဆေးရုံတော်” ကြီးဟာ သီပေါမြို့ မြို့ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးရဲ့ တောင်ဘက် ဘုရားပရ၀ုဏ် အတွင်းမှာ တည်ရှိပါတယ်။ ဆေးရုံတော်ကြီးကို စစ်ကိုင်းတောင်ရိုး သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ၏ လမ်းညွှန်သြ၀ါဒများနဲ့ တည်ဆောက် အကောင်အထည်ဖေါ်ခဲ့ပါတယ်။ သီတဂူဆရာတော်ကြီးမှ တိုင်းနှင့်ပြည်နယ်အနှံ့ မျက်စိဆေးရုံ ၂၀-ခန့် လှူဒါန်းဆောက်လုပ်ပေးခဲ့ရာ သီပေါမြို့ သီတဂူစက္ခုဆေးရုံသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။



သီတဂူစက္ခုဒါနဆေးရုံတော် 



ကုသခံရန်စောင့်ဆိုင်းနေသူများ 



ခွဲစိတ်လူနာများအား ဆက်လက်ကုသဆောင် 

သီတဂူဆရာတော်ကြီးမှ သီပေါမြို့သူ/သားများအား မြေနေရာနှင့် အဆောက်အဦးကိုသာ တာဝန်ယူစေပြီး မျက်စိဆေးရုံအတွက် လိုအပ်သော စက်ကရိယာ၊ ဆေးနှင့် ကျွမ်းကျင်ပညာရှင်များ၊ အခြားလိုအပ်သည်များကို ပံ့ပိုးကူညီခဲ့ပါတယ်။၂ဝဝ၇ ဖေဖေါ်ဝါရီလ ၁၉ရက်၊ တပေါင်းလပြည့်ကျော် ၁ရက်နေ့တွင် ဆရာတော် အရှင်ဦးဥာဏိဿရ ကိုယ်တော်တိုင် ကြွလာပြီး မြေနေရာအကွက်ချခြင်း၊ ပုံစံထုတ်ခြင်းနှင့် “ဒီပဒေါ ဟောတိ စက္ခုဒေါ” ဟူသော စက္ခုဒါနတရားတော်ကို ဟောကြားခဲ့ပါတယ်။ ၂၀၀၇ မတ်လ ၁၉ရက် နေ့ တွင် မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တပညာသိရီနှင့် မြို့ နယ်သံဃာ နာယကဆရာတော်များ ဦးဆောင်ပြီး ၁၃၅ပေ ×၆၀ပေ ရှိသော ဆေးရုံတော် ကြီးကို ခွဲစိပ်ခန်း၊ ပေါင်းတင်သန့် စင်ခန်း၊ ဆေးပေးခန်း၊ ဓာတ်ခွဲခန်း၊ မှတ်ပုံတင်ခန်း၊ လူနာဆောင်၊ လူနာနားနေဆောင် စသဖြင့် စနစ်တကျ အကွက်ချပြီး ပန္နက်တင် မင်္ဂလာကျင်းပခဲ့ပါတယ်။ 

ကျပ်သိန်း ၁၃၃၃သိန်းကျော် ကုန်ကျပြီးစီးသွားတဲ့ ဆေးရုံတော်ကြီးကို ကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ်မှ အဓိပတိဆရာတော် သီတဂူ ဆရာတော် အရှင်ဉာဏိဿရ (P.hd, D.litt) ဆေးရုံတော်ကို (၂၂-၃-၂၀၀၈) နေ့တွင် ဖွင့်လှစ်ပေးတော်မူခဲ့ပါတယ်။ ဖွင့်ပွဲကို သီတဂူ ဆရာတော်ကြီး၏ သြ၀ါဒအရ ခမ်းခမ်းနားနား ပြုလုပ်ခြင်းမဟုတ်ပဲ ပိတ်ထားသောတံခါးကို ဆရာတော်ကြီးကိုယ်တော်တိုင် တွန်းဖွင့်ပေးခြင်းဖြင့်သာ ပြုလုပ်ခဲ့ပြီး တံခါးကိုဖွင့်ပြီး သည်နဲ့ တပြိုင်နက် မျက်စိ သမားတော်ကြီးများ ဆရာဝန်ဆရာမများ စတင်၍လူနာများကိုစမ်းသပ် စစ်ဆေး ခွဲစိတ် ကုသပေးခဲ့ပါတယ်။ 




သီတဂူဆရာတော် အရှင်ဉာဏိဿရ (P.hd, D.litt) အဓိပတိဆရာတော် ကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ်မှ ဆေးရုံတော်ကို (၂၂-၃-၂၀၀၈) နေ့တွင် ဖွင့်လှစ်ပေးခြင်း

ယခုအချိန်မှာတော့ ဆရာတော်ဦးပညာသီရိက ဦးဆောင်ပြီး သီပေါမြို့သူမြို့သားများ၊ နိုင်ငံ မြို့ရွာအသီးသီးက အလှူရှင်များရဲ့ လှူဒါန်းမှုနဲ့ သီတဂူ စက္ခုဒါနဆေးရုံတော်ကြီးရဲ့ မျက်စိဝေဒနာကုသရေး အစီအစဉ်ကို ဆက်လက်ဆောင်ရွက်လျှက် ရှိရာ ရှမ်းပြည် တစ်ပြည်နယ်လုံးက လူနာများသာမက အခြားသော ဒေသများမှ လူနာများလည်း လာရောက် ကုသမှု ခံယူကြပါတယ်။ တစ်နှစ်ကို ၄ကြိမ် ကုသပေးနေတဲ့ သီတဂူ စက္ခုဒါနဆေးရုံတော်ကြီးဟာ မြို့ကြီးပေါ် မသွားနိုင်တဲ့ ကျေးလက်က မျက်စိ ဝေဒနာရှင်တွေ၊ ငွေကြေး မတတ်နိုင်တဲ့ ဆင်းရဲနွမ်းပါး သူတွေအတွက် အားကိုး အားထားရာဖြစ်ပြီး ခုချိန်မှာဆိုရင် ၂၄ကြိမ် မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်မ သီပေါမြို့ကို ရောက်တဲ့အခါ တိုက်တိုက်ဆိုင်ဆိုင် ၂၃ကြိမ်မြောက် မျက်စိ ကုသပေးနေချိန်နဲ့ တိုက်ဆိုင်နေခဲ့တဲ့ အတွက် ဆေးကုသနေတဲ့ ဆေးရုံကြီးထဲကို ဆရာတော် ကျေးဇူးနဲ့ ဝင်ရောက် လေ့လာခွင့်ရခဲ့ပါတယ်။ ဝေဒနာရှင်တွေအားလုံးကို အယုတ် အလတ် အမြတ်မရွေး လူတန်းစား မခွဲခြား၊ လူမျိုး ဘာသာ မရွေးဘဲ ကုသပေးနေတာတွေကို မြင်ရတော့ ကြည်နူးပီတိ လည်း ဖြစ်ခဲ့ရပါတယ်။ ၂၃ကြိမ်မှာတုန်းက လူနာ ၅၄၂ဦကို စမ်းသပ်စစ်ဆေးပေးခဲ့ပြီး ၄င်းတို့ထဲမှာ ခွဲစိတ်ကုသဖို့လိုအပ်သူ ၁၃၁ဦးကို အခမဲ့ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်။ အောက်မှာတော့ ၂၃ ကြိမ်မြောက်တုန်းက ကုသခဲ့တဲ့ မှတ်တမ်းဓာတ်ပုံများတစ်ချို့ကို ကြည့်ရှုသူများ ပီတိကုသိုလ် မျှဝေယူနိုင်ကြပါရန် ဖော်ပြပေးချင်ပါတယ်။


ဆရာတော် ဦးပညာသီရိမှ ခွဲစိတ်လူနာအား ကြည့်ရှုအားပေးစဉ် 


ရဟန်းတစ်ပါးအား စမ်းသပ်ပေးနေစဉ် 






လူမျိုးဘာသာ မရွေးပါ 


လူမျိုးဘာသာ မရွေးပါ 


မိသားစု


ခွဲစိတ်ကုသခံယူသူများ 



ခွဲစိတ်ဆောင် 


 ဝေဒနာရှင်အား စမ်းသပ်စဉ် 


ကြင်ကြင်နာနာ 



စမ်းသပ်ခံရန် စောင့်ဆိုင်းနေကြသူများ 

ကုသမှု မှတ်တမ်းများကို ကြည့်ရင် သီတဂူ စက္ခုဒါနဆေးရုံတော်ကြီးမှာ ဒေသအသီးသီးက လာရောက်ကုသမှု ခံယူကြသူများကို ဘာသာ လူမျိုးမခွဲခြားပဲ ကုသပေးနေတာကို ကြည်နူးဖွယ် တွေ့မြင်ရမှာဖြစ်ပါတယ်။ ၂၃ကြိမ်မြောက် မျက်စိကုသမှု အစီအစဉ်မှာ လာရောက်ပြီး လုပ်အားဒါန ကုသိုလ်ပြုပေးခဲ့ကြတဲ့ သမားတော်ကြီးများမှာ ဒေါက်တာ ဒေါ်ခင်အုန်းဟန် (ငြိမ်း) မျက်စိအထူးကု မန္တလေး၊ ဒေါက်တာဒေါ်ခင်အေးမူ မျက်စိအထူးကု ပြည်သူ့ဆေးရုံ ပြင်ဦးလွင်၊ ဒေါက်တာ ဦးဇေယျကျော်သူ မျက်စိအထူးကု အမှတ် ၁-တပ်မတော်ဆေးရုံ ပြင်ဦးလွင်မြို့၊ ဒေါက်တာ ဦးကျော်ကိုကိုဇော် မျက်စိအထူးကု အမှတ် ၁-တပ်မတော်ဆေးရုံ ပြင်ဦးလွင် လာရောက် သမားတော်များဖြစ်ပါတယ်။ ဆေးရုံကြီးရဲ့ လုပ်ငန်းဆောင်တာ တာဝန် တ္တေရားများကိုလည်း သီပေါမြို့က လူငယ် မောင်မယ်လေးများနဲ့ မြို့သူမြို့သားများက စေတနာထက်သန်စွာ ငွေကြေး၊ လုပ်အားဒါနများဖြင့် ပါဝင် ကူညီလျှက် ရှိကြပါတယ်။


မျက်စိရောဂါ ခံစားနေရသူတိုင်းကို လူမျိုး ဘာသာမရွေးကုသပေးနေတဲ့ သီပေါမြို့သီတဂူစက္ခုဒါနဆေးရုံရဲ့ ၂၄ကြိမ်မြောက် ကုသမှု အစီအစဉ်မှာ ဇွန်လ ၂၀ရက်မှ ၂၃ရက်နေ့ထိ ၄ရက်တိတိ ဖြစ်တာကြောင့် ဆေးကုသမှု ခံယူဖို့ ခက်ခဲနေတဲ့ မိမိအနီးအနားက မျက်စိဝေဒနာရှင်များကို လက်ဆင့်ကမ်း အကြောင်းကြားပေးခြင်းဖြင့်သော်လည်း၊ ဝေဒနာရှင်များ အခမဲ့ ကုသမှု ခံယူနိုင်ရန် အတွက် မိမိတတ်အားသမျှ စေတနာသဒ္ဒါသရွေ့ လှူဒါန်းကူညီပေးကြပါရန်သော်လည်းကောင်း တိုက်တွန်း နိုးဆော်ချင်တာကြောင့် ဒီပိုစ့်ကို ရေးဖြစ်တာပါ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလို့ ဆေးရုံကြီးတွေ မသွားနိုင်တဲ့ တောသူ တောင်သားများ၊ ငွေကြေး မပြည့်စုံ ချို့တဲ့သူများ၊ နိုင်ငံအနှံ့က မျက်စိဝေဒနာရှင်တွေကို တစ်နှစ်ကို ၄ကြိမ် အခမဲ့ ကုသပေးနေတာ ဖြစ်တာကြောင့် အလှူရှင်များလည်း လိုအပ်လျှက် ရှိနေပါသဖြင့် စက္ခုဒါန ပါရမီများ ဖြည့်ဆည်းနိုင်ပါရန် သဒ္ဒါယိုဖိတ် ကြည်လင်စိတ်တို့ဖြင့် ပါဝင်တော်မူကြပါလို့လည်း မေတ္တာရပ်ခံချင်ပါတယ်ရှင်။ ဓာတ်ပုံများကို ကိုဝင်းသောင်းရဲ့ ဖေစ့်ဘွတ်နဲ့ သီတဂူစက္ခုဒါနဆေးရုံဝက်ဆိုဒ်ကနေ ကူးယူဖော်ပြထားတာ ဖြစ်ပါတယ်။ ဓာတ်ပုံများ ပိုမိုပြည့်စုံစွာကြည့်လိုပါက အောက်က လင့်မှာ ဝင်ကြည့်နိုင်ပါတယ်။


https://www.facebook.com/photo.php?fbid=601278996566660&set=a.600787399949153.1073741833.100000536951103&type=3&theater

သီပေါမြို့ သီတဂူစက္ခုဒါန ဆေးရုံအကြောင်း အသေးစိတ် သိလိုပါကလည်း အောက်ပါ ဝက်ဆိုဒ်နဲ့ page များမှာ ဝင်ရောက် လေ့လာ ကြည့်ရှူနိုင်ပါတယ်။

-  http://hsipawsitagu.blogspot.com/



 မျက်စိဝေဒနာရှင်များကို ပါဝင်ကူညီ လိုဒါန်းလိုသူများ အနေဖြင့် ဆက်သွယ်လှူဒါန်းနိုင်ပါရန် ဆရာတော်ရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။


  •  ဦးပညာသိရီ (U Panna Siri) 
  •  မဟာမြတ်မုနိဘုရားကြီး သီပေါမြို့  ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာပြည် 
  •  ဖုန်း +၉၅-၈၂-၈၀၂၂၉ / +၉၅-၈၂-၈၀၄၉၁ 
  •  Email address: panna.hsipaw@gmail.com 


ဒီပိုစ့်လေးကို အခြားသော မိတ်ဆွေများလည်း ဖတ်ရှုနိုင်ဖို့ တတ်အားသမျှ share လုပ်ပေးခြင်းဖြင့်လည်း ကုသိုလ်ပါဝင်ကြဖို့ မေတ္တာ ရပ်ခံအပ်ပါတယ်။ သီပေါမြို့ကို ရောက်စဉ်မှာ ဆေးရုံကြီးအတွင်း လိုက်လံ ပြသပေးသော ဆရာတော် ဦးပညာသီရိ၊ အစစ အရာရာ လိုလေသေးမရှိ ကူညီပေးပါသော သီပေါမြို့မှ မိတ်ဆွေကြီး ကိုဝင်းသောင်းနဲ့ မိသားစု၊ ခင်မင်ရပါသော မနန်းလွင်လွင်အောင်နဲ့ အားလုံးသော သီပေါမြို့က မိတ်ဆွေများ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ မိတ်ဆွေများအားလုံး ကိုယ်စိတ်နှလုံး အေးချမ်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်။


အစိမ်းရောင်အုန်းနို့ကြက်သားဟင်း


ဘလောဂ့်ပေါ်မှာ ပိုစ့်မတင်ဖြစ်တာ ကြာပြီဖြစ်လို့ ဒီတစ်ပတ်အတွက်တော့ ဟင်းချက်စရာတစ်မျိုး တင်ချင်ပါတယ်။ အဲဒါကတော့ အစိမ်းရောင်အုန်းနို့ ကြက်သားဟင်းပါ။ အစိမ်းရောင်လွင်ပြင်ချက်လို့ အစိမ်းရောင်အုန်းနို့ကြက်သားဟင်း ခေါ်တာ မဟုတ်ပါဘူး။ အစိမ်းရောင်အနှစ်တွေနဲ့အုန်းနို့ရောပြီး ကြက်သားကို ချက်ထားတာမို့ အစိမ်းရောင်အုန်းနို့ ကြက်သားဟင်း ခေါ်တာပါ။ ဒီဟင်းချက်ဖြစ်တဲ့ အဓိက အကြောင်းကတော့ အစိမ်းရောင်အနှစ် ပုလင်းကို ကျွန်မရဲ့ ချစ်လှစွာသော အစ်မ မမြသွေးနီက ကျွန်မဆီရောက်အောင် ထည့်ပေးလိုက်တာကြောင့် ချက်နည်းကို အင်တာနက်ပေါ်ကနေ လိုက်ရှာပြီး ချက်ဖြစ်တာ ဖြစ်ပါတယ်။ တကယ်လို့ သင့်ထံမှာ ရယ်ဒီမိတ် အစိမ်းရောင်ဟင်းအနှစ် မရှိခဲ့ရင် မိမိဖာသာ လုပ်လို့လည်း ရပါတယ်။ ရန်ကုန်မှာတော့ City Mart တွေမှာ ရနိုင်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ဒါကတော့ အစိမ်းရောင် အနှစ်ပုလင်းဖြစ်ပါတယ်။ ထိုင်းက လာတာပါ။ 




ဒီပုံကတော့ Thaitable.com က ယူလာတာပါ။

အစိမ်းရောင်အနှစ်ကို မိမိဖာသာ ပြုလုပ်မယ်ဆိုရင် လိုအပ်တဲ့ ပစ္စည်းအမည်များကတော့ နံနံပင် အမြစ်၊ နံနံပင်၊ စမုံစပါးစေ့၊ ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်၊ ငရုပ်ကောင်း၊ ပုဇွန်ငပိ အနည်းငယ်၊ ရှောက်သီး၊ ဆား၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ပင်စိမ်းရွက် တို့ဖြစ်ပါတယ်။ အနှစ်ပြုလုပ်မယ်ဆိုရင် စမုံစပါးစေ့နဲ့ ငရုပ်ကောင်းစေ့တို့ကို အနည်းငယ် ကြွပ်လာအောင် လှော်ပါတယ်။ ကြွပ်လာရင် အအေးခံထားပါ။ ထို့နောက် နံနံမြစ်၊ စပါးလင်၊ ကြက်သွန်နီ၊ ဂျင်းတို့ကို ပါးပါးလှီးပါတယ်။ ရှောက်သီးကို အခွံနွာပြီး ၄င်းအခွံများကို ပါးပါးလှီးပါတယ်။ ထို့နောက် မွှေစက်(Blender) ထည့်ပြီး ၄င်းတို့အားလုံးကို ညက်အောင် ပြုလုပ်မှာဖြစ်ပါတယ် မွှေစက်မရှိရင်တော့ ငရုပ်ဆုံကို အသုံးပြုလို့လည်း ရပါတယ်။ ပထမဦးဆုံး စမုံစပါးစေ့နဲ့ ငရုပ်ကောင်းစေ့ကို မွှေစက်(Blender)ထည့်ပါတယ်၊ ညက်သွားရင် စပါးလင်နဲ့ ဂျင်းကို ထည့်ပါတယ်။ ပြီးနောက် ဆား၊ ကြက်သွန်ဖြူ၊ ရှောက်သီးအခွံ ၊ ပုဇွန်ငပိ၊ နံနံပင် အမြစ်တို့ကို ထည့်မွှေပါတယ်။ ငရုပ်သီးစိမ်း များများ ထည့်ပါတယ်. ကြက်သွန်နီ ထည့်ပါတယ်. အားလုံးကို ညက်ညက် မှုန့်မှုန့် ကြေသွားအောင် အချိန်ကြာ မွှေပေးပါမယ်။ ညက်သွားရင် အစိမ်းရောင် အနှစ်ကို ရပါပြီ။ အစိမ်းရောင်အနှစ်များနေခဲ့ရင် ရေခဲသေတ္တာထဲ ခဲထားပြီး မိမိလိုတဲ့အချိန် ထုတ်၍ ချက်စားနိုင်ပါတယ်။


Image Hosted by PicturePush - Photo Sharing

အစိမ်းရောင် ကြက်သားဟင်းချက်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ကြက်သားတွေကို အသားများများ ရွေးပြီး အတုံးသေးသေး တုံးထားပါတယ်။ မှိုကို အရွယ်တော် လှီးဖြတ်ထားတယ်။ ပြောင်းဖူးစေ့များကို ခြွေထားပါတယ်။ မုန်လာဥနီကို အတုံးငယ်များ တုံးထားပါတယ်။ အသီးအရွက်ကတော့ မိမိနှစ်သက်သလို ထည့်နိုင်ပါတယ်။ ပဲသီးရှိရင် ပဲသီး၊ ကဇော့သီး ရှိရင် ကဇော့သီး ထည့်နိုင်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ကြက်သွန်ဖြူနဲ့ စပါးလင်ပါးပါးလှီးထားတာကို ဆီသတ်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ထို့နောက် အစိမ်းရောင်အနှစ် ၂ဇွန်းခန့်ထည့်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

အုန်းနို့မှုန့်ကို ရေဖျော်ပြီး ထည့်ပါတယ်။ အနံ့ပိုမွှေးအောင် ပင်စိမ်းရွက်တွေကို စက်နဲ့ကြိတ်ပြီး ထည့်ထားပါတယ်။ 

Image Hosted by PicturePush - Photo Sharing


အုန်းနို့ရည်ဆူတဲ့အခါ ကြက်သားထည့်ပါတယ်။ ဆား၊ အရသာမှုန့်၊ ငံပြာရည်တို့ကို ထည့်ပါတယ်။ ရေ ခမ်းလိုက် ပြန်ထည့်လိုက်ဖြင့် ကြက်သား ကျက်အောင် ချက်ပါမယ်။ 

Image Hosted by PicturePush - Photo Sharing


ကြက်သားကျက်ရင် မှို၊ ပြောင်းဖူး၊ မုန်လာဥနီတို့ကို ထည့်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ဟင်းချခါနီးမှာ ငရုပ်သီး၊ ပင်စိမ်းရွက်တို့ကို ထည့်ပါတယ်။ အရသာမြည်းလို့ စိတ်ကြိုက်ဖြစ်ပြီဆိုရင် ချလို့ ရပါပြီ။ 

Image Hosted by PicturePush - Photo Sharing

အုန်းနို့အရသာ၊ ပင်စိမ်းနဲ့ စပါးလင်နံ့ မွှေးမွှေးနဲ့ အစိမ်းရောင် ကြက်သားဟင်းတစ်ခွက် ရပါပြီ။ 

Image Hosted by PicturePush - Photo Sharing

အစိမ်းရောင်အနှစ်ထဲမှာ ပါတဲ့ အမွှေးအကြိုင်တွေရဲ့ ရနံ့နဲ့ အရသာတို့က အုန်းနို့နဲ့ပေါင်းပြီး လျှာရင်းမြက်အောင် ကောင်းတဲ့ ဟင်းတစ်ခွက် ဖြစ်စေမှာ အမှန်မို့ အချက် အပြုတ် ဝါသနာပါရင် ချက်စားကြည့်ကြပါလို့နော်။ 


ချက်လက်မှတ်လေးတစ်စောင်




စီးပွားရေးလုပ်ငန်း မျိုးစုံကိုလုပ်တဲ့ စီးပွားရေးသမားတစ်ယောက်ဟာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေ တဖြေးဖြေး ယိမ်းယိုင်လာပြီးနောက်မှာ ဘယ်လိုမှ ပြန်အဖတ်မဆယ်နိုင်တော့ဘဲ အကြွေးပင်လယ်ထဲ နှစ်မြုပ်ခဲ့ရပါတယ်။ သူ့ထံကို ကုန်ပစ္စည်း သွင်းပေးတဲ့ ဖောက်သည်တွေကလည်း အရင်ကြွေးတွေ ကြေအောင်ဆပ်မှ ပစ္စည်းသစ်ထပ်ပေးမယ်လို့ ပြောကာ သူ့ကို နောက်ထပ် ပစ္စည်းတွေ ထပ် မပေးတော့ဘဲ အဆက် ဖြတ်လိုက်ကြပါတယ်။ သူ့ဆီ ပစ္စည်းယူနေကျ ဖောက်သည်တွေကလည်း သူက ကုန်ပစ္စည်းတွေ မပေးနိုင်တော့တဲ့အခါ တစ်ခြား ကုန်သည်ဆီ ပြောင်းကုန်ကြပါတယ်။ နောက်ဆုံးတော့ သူဟာ မကြာခင်မှာ ဒေဝါလီ ခံရတော့မဲ့သူ ဖြစ်လာပါတော့တယ်။

တစ်နေ့တော့ သူဟာ ပန်းခြံတစ်ခုထဲက ခုံတန်းလျားပေါ်မှာ သူ့ဘဝအကြောင်းတွေကို တွေးတောစဉ်းစားရင်း စိတ်ပျက် လက်ပျက်နဲ့ ထိုင်နေပါတယ်။ မကြာခင် လူမွဲ လူဆင်းရဲ ဖြစ်ရတော့မဲ့ အခြေအနေကနေ ဘယ်လိုများ ရုန်းထွက်ရပါ့မလဲလို့ ခေါင်းပူမတတ် စဉ်းစားနေမိပါတယ်။ သူ့မျက်နှာဟာလည်း ဘဝကို စိတ်အပျက်ကြီး ပျက်နေတဲ့သူ တစ်ယောက်ရဲ့ ညှိုးငယ်မှုမျိုးနဲ့ မှုန်မှိုင်းနေပြီး မလှုပ်မရှက် ငေးမှိုင်လို့ နေပါတယ်။ အဲဒီအချိန်မှာ အသက်ကြီးကြီး အဖိုးအိုတစ်ယောက်က သူ့အနားကို ရောက်လာပါတယ်။ အဖိုးအိုက သူ့ကိုလည်း တွေ့ရော "မင်းကြည့်ရတာ ဒုက္ခရောက်နေတဲ့ ပုံစံဘဲ။ ဘာတွေများ ဖြစ်နေလို့တုန်း။ ငါ့ကို ပြောပြစမ်းပါဦးကွာ" လို့ သူ့အနားတွင် ဝင်ထိုင်ရင်း မေးလိုက်ပါတယ်။ အဖိုးအိုရဲ့ အမေးကိုကြားတော့ တစ်ယောက်တည်းနေတာထက်စာရင် တစ်ယောက်ယောက်နဲ့ စကားပြောတာက ပိုကောင်းမယ်လို့ တွေးမိပြီး သူကလည်း သူ့အခြေအနေ၊ သူ့ဘဝအကြောင်းတွေကို အဖိုးအိုကို ပြောပြလိုက်ပါတယ်။ သူ့အကြောင်းတွေကို နားထောင်ပြီးတဲ့နောက်မှာ အဖိုးအိုက "မင်းဒုက္ခတွေကို ငါကူညီနိုင်မယ် ထင်ပါရဲ့ကွာ" လို့ ပြောပြီး ချက်စာအုပ်တစ်အုပ်ကို သူ့အိတ်ထဲကနေ ဆွဲထုတ်လိုက်ပါတယ်။ ပြီးနောက် မင်းနာမည် ဘယ်လိုခေါ်တုန်း လို့ သူ့နာမည်ကို မေးပါတယ်။ စီးပွားရေးသမားကလည်း သူ့နာမည်ကို ပြောပြလိုက်တဲ့အခါ အဖိုးအိုက ချက်လက်မှတ် တစ်စောင်ပေါ်မှာ သူ့နာမည်ကို ရေးလိုက်ပြီးနောက် အဖိုးအိုက သူ့လက်မှတ်ကို ထိုးလိုက်ပါတယ်။ ထို့နောက်တော့ ချက်စာရွက်ကို သူ့လက်ထဲ လှမ်းပေးလိုက်ပြီး "ဒီချက်လက်မှတ်မှာ ရေးထားတဲ့ ငွေတွေက မင်းကို ငါကူညီတဲ့ ငွေတွေပါဘဲ။ မင်း ဒီငွေတွေကို ယူပြီး စီးပွားရေးလုပ်ငန်းတွေကို ပြန်လုပ်ပါ။ ဒီနေ့ကနေ စရေတွက်လို့ နောက်တစ်နှစ်တိတိ ပြည့်တဲ့နေ့မှာ ဒီနေရာကို ရောက်အောင်လာပြီး ငါ့ငွေတွေကို ပြန်ဆပ်နိုင်အောင် ကြိုးစားပါ" လို့ ပြောပြီးနောက် အဖိုးအိုဟာ သူ့လက်ထဲ ချက်စာရွက်ကို ထည့်ပြီး သူ ထိုင်နေတဲ့ ခုံတန်းလျားကနေ ထွက်ခွာသွားပါတယ်။

ဘယ်လိုမှ မျှော်လင့်မထားဘဲ သူ့လက်ထဲ ရောက်လာတဲ့ ချက်လက်မှတ်ကိုကြည့်ပြီး သူဟာ အံ့အားသင့်နေခဲ့ပါတယ်။ ချက်စာရွက်ပေါ် ရေးသွင်းထားတဲ့ ငွေကြေးပမာဏကို သူဖတ်ကြည့်လိုက်တော့ ဒေါ်လာ ၅သိန်း တိတိဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ပြီးတော့လည်း ချက်စာရွက် ပိုင်ရှင်ရဲ့ လက်မှတ်နေရာကို ကြည့်လိုက်တော့ ရော့ကဖဲလား ဆိုတဲ့ နာမည်ကို တွေ့လိုက်ပါတော့တယ်။ ဒီမှာတင်ဘဲ သူ့ကို ဒေါ်လာ ၅သိန်း ပေးသွားခဲ့တဲ့သူဟာ ကမ္ဘာ့အချမ်းသာဆုံး သူဌေး ရော့ကဖဲလား ဆိုတာ သိလိုက်ရပြီး အလွန် အံ့သြ တုန်လှုပ်သွားခဲ့ပါတယ်။ သူဟာ ရော့ကဖဲလားကို နာမည်ကြားဖူးရုံကလွဲလို့ အပြင်မှာ တစ်ခါမှ မမြင်ဖူးခဲ့ဘဲ ခုကျမှ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဖြစ်တဲ့ ကံကြမ္မာကိုလည်း အံ့သြလို့ နေရပါတယ်။ လက်ထဲကို ဒေါ်လာ ၅သိန်းရောက်လာတယ်ဆိုတဲ့ အသိဟာ သူ့စိတ်ထဲကို အင်မတန်မှ ပေါ့ပါးသွားစေခဲ့ပါတယ်။ မကြာခင်မှာ ဒေဝါလီခံရတော့မယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေဟာလည်း လျော့ပါးသွားခဲ့ပြီး သူဟာ စီးပွားရေးကို ကောင်းကောင်း ပြန်လုပ်နိုင်လိမ့်မယ်လို့လည်း သူ့ကိုယ်သူ ယုံကြည်မှုတွေ ရှိလာစေခဲ့ပါတယ်။သို့သော်လည်း လက်ထဲရောက်နေတဲ့ ချက်လက်မှတ်ထဲက ငွေတွေကို သူဟာ အရေးကြုံမှ သုံးမယ်၊ ကိစ္စတစ်ခုခု ဖြစ်လာရင်လည်း ဒီငွေတွေနဲ့ သူဖြေရှင်းနိုင်မယ်ဆိုတာ တွေးမိပြီး ချက်လက်မှတ်ထဲက ငွေတွေကို မထုတ်ဘဲ သိမ်းထားလိုက်ပါတယ်။

ထို့နောက်မှာတော့ ခွန်အားသစ်တွေ၊ မိမိကိုယ်ကို ယုံကြည်မှုတွေနဲ့ အတူ သူဟာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ကောင်းအောင် ကြိုးစားပါတော့တယ်။ ကုန်သည်တွေကို ယုံကြည်လောက်အောင် အကောင်းဆို ပြောဆိုပြီး ရေရှည် စာချုပ်များ ပြန်ချုပ်ပါတယ်။ သူ့ဖောက်သည်တွေကိုလည်း အကောင်းဆုံး ကုန်ပစ္စည်းတွေ ပေးသွင်းနိုင်အောင် သူဟာ ပြန်ကြိုးစားပါတယ်။ ၃လ ၄လ အကြာမှာ သူ့စီးပွားရေးဟာ တဖြေးဖြေး ပြန်လည် လည်ပတ်လာနိုင်ခဲ့ပြီး အကြွေးနွံထဲကနေ ပြန်ရုန်းထွက်လာနိုင်စ ပြုပါတယ်။ တစ်နှစ်တိတိပြည့်တဲ့အချိန်မှာ အဖိုးအိုနဲ့ ကတိရှိထားတဲ့အတိုင်း သူဟာ ငွေမထုတ်ရသေးတဲ့ ချက်လက်မှတ်ကို ကိုင်ပြီး ပန်းခြံထဲကို သူဟာ ထွက်လာခဲ့ပါတယ်။

ပန်းခြံထဲရောက်တဲ့အခါ ယခင် သူထိုင်ခဲ့တဲ့ ထိုင်ခုံလေးမှာထိုင်ပြီး အဖိုးအိုကို သူစောင့်နေခဲ့ပါတယ်။ မကြာခင်မှာ မနှစ်က သူ့ကို ချက်လက်မှတ်လေး ပေးခဲ့တဲ့ သူဌေးကြီးဟာ သူ့အနားကို ရောက်လာပါတယ်။ သူဟာ သူဌေးကြီးကို မြင်လိုက်တဲ့အခါ ဝမ်းသာအားရ နှုတ်ဆက်လိုက်ပြီး အိတ်ထဲမှာထည့်လာတဲ့ ချက်လက်မှတ်ကို ထုတ်ဖို့ ဟန်ပြင်လိုက်ချိန်မှာ သူနာပြုဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်က အပြေးလေးရောက်လာကာ အဖိုးအိုရဲ့ လက်တစ်ဖက်ကို တွဲလိုက်ပါတယ်။ "အမလေး အဖိုးရယ် ပျောက်သွားလို့ ရှာလိုက်ရတာ နှံ့နေတာဘဲ။ တော်ပါသေးရဲ့ ပြန်တွေ့တာ " လို့ ပြောလိုက်ပြီးနောက် သူနာပြုဟာသူ့ဘက်ကို လှည့်လာပြီး "အဖိုးက ရှင့်ကို တစ်ခုခုများ နှောက်ယှက်မိသေးလား မသိဘူးနော်။ သူက အဲဒီလို အိမ်ကနေ မကြာခဏ ထွက်ထွက်သွားတတ်တယ်။ ပြီးတော့လည်း တွေ့တဲ့သူတိုင်းကို သူ့ကိုယ်သူ သူဌေးကြီး ရော့ကဖဲလား လို့ အမြဲပြောတတ်တယ်။ ရှင့်ကို နောက်ယှက်မိတယ်ဆိုရင် ဆောရီးပါနော်"လို့ ပြောလိုက်ပြီးနောက် အဖိုးအိုကို တွဲခေါ်ကာ သူ့ရှေ့ကနေ ထွက်သွားပါတော့တယ်။

တစ်ယောက်တည်း ကျန်ခဲ့တဲ့သူဟာ ခုံတန်းရှေ့မှာ အတော်ကြာ မတ်တပ်ရပ်ပြီး ဆွံ့အလို့ နေမိပါတယ်။ သူ့လက်ထဲမှာ ဒေါ်လာ သန်းဝက် ရှိတယ် ဆိုတဲ့ယုံကြည်မှုတွေနဲ့ သူဟာ အလုပ်ကို တစ်နှစ်ပတ်လုံး အားကြိုးမာန်တက် လုပ်ခဲ့ပါတယ်။ ဖောက်သည်တွေနဲ့ အကောင်းဆုံး အဆင်ပြေအောင် ဆက်ဆံပြီး အရောင်း အဝယ်ကို ပြန်လုပ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့လက်ထဲမှာရှိနေတ်ာလို့ တစ်ချိန်လုံး ယုံကြည်နေမိတဲ့ ဒေါ်လာသန်းဝက်ဆိုတာ တကယ်တော့ ဘာမှ တန်ဖိုးမရှိတဲ့ စက္ကူလေးတစ်ရွက်သာ။ သူ သဘောပေါက်လိုက်မိတာက သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို အကောင်းဆုံး ပြန်လုပ်နိုင်အောင် တွန်းအား ပေးလိုက်တာက မိမိကိုယ်ကိုယ် ယုံကြည်မှုသာ ဖြစ်တယ်ဆိုတာ သူ နားလည်လိုက်မိပါတော့တယ်။

The Self Confidence (Author unknown)

မိန်းမတို့ဘုန်း ဆံထုံး လက်ကိုင်ထားကြသူများ


ဂင်းနစ်စံချိန်ဝင် ကမ္ဘာပေါ်က ဆံပင်အရှည်ဆုံး အမျိုးသမီးတွေ နေထိုင်တဲ့ရွာဟာ တရုတ်နိုင်ငံ ဟွမ်လုံရွာဖြစ်ပါတယ်။ ရွာရဲ့ ပတ်ပတ်လည်ဟာလည်း တောင်တန်းတွေ ဝိုင်းရံနေပြီး သာယာလှပတဲ့ သဘာဝပတ်ဝန်းကျင် တောင်တွေကို ထွင်းပြီး စိုက်ပျိုးထားတဲ့ လှေကားထစ် စိုက်ခင်းတွေရဲ့ အလှဟာ ရှုလို့မဆုံးအောင် သာယာလှပပြီးတော့ အဲဒီ ဟွမ်လုံရွာ ကလေးဟာလည်း ထူးဆန်းတဲ့ ဓလေ့ထုံးစံတွေ ရှိတာကြောင့် စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။   အဲဒီရွာမှာနေထိုင်ကြတဲ့ လူမျိုးစုကို ယောင် လူမျိုးစုလို့ခေါ်ကြပြီး အနီရောင်ယောင် လူမျိုးစုဆိုရင် ပိုပြီးလူသိများပါတယ်။ ဘာကြောင့်ဆိုရင် သူတို့ဟာ အဝတ်အစား အနီရောင်ကိုသာ ဝတ်ဆင်ကြတာမို့ပါ။ ပြီးတော့လည်း ရှည်လျား မည်းနက်ပြီး သန်မာလှတဲ့ ဆံပင်တွေကြောင့်လည်း နာမည်ကျော်ပါသေးတယ်။ အဲဒီရွာမှာ အိမ်ခြေ ၇၀ခန့်သာ ရှိတဲ့ လူနည်းစု ယောင် တိုင်းရင်းသားတွေ နေထိုင်တဲ့ရွာပေမဲ့ အိမ်တိုင်းမှာရှိတဲ့ အမျိုးသမီးတိုင်းဟာ ရှည်လျားလှတဲ့ ဆံပင်တွေကို ပိုင်ဆိုင်ထားကြပါတယ်။ သူတို့ ကိုယ်တိုင်ကလည်း ဆံပင်ရှည်ဟာ သူတို့ဘဝရဲ့ အစိတ်အပိုင်းလည်း ဖြစ်တယ်ဆိုပြီး မြတ်နိုး တန်ဖိုးထားကြတယ်လို့ ဆိုကြပါတယ်။  အမျိုးသမီးတိုင်းဟာ ဆံပင်ရှည်ရှည်တွေဖြစ်ပြီး အရှည်ဆုံး ဆံပင်ဟာ ၂မီတာ( ၆ပေခွဲ) လောက်ကို ရှိပြီး ဆံပင်တွေကို ဖြန့်ချလိုက်ရင် မြေပြင်နဲ့ ထိနေအောင်ကို ရှည်လျားသန်စွမ်းကြပါတယ် လို့ သိရပါတယ်။

Image Hosted by PicturePush - Photo Sharing


တောင်ပတ်လည်ဝိုင်း တိမ်တွေဆိုင်းတဲ့ လှေကားထစ်စိုက်ခင်းများ

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


photo

ဟွမ်လုံရွာက ယောင်အမျိုးသမီးတွေရဲ့ဘဝမှာ ဆံပင်ရှည်ဟာ အလွန်အရေးပါတဲ့ဘဝရဲ့ အစိတ်အပိုင်းအဖြစ် ခံယူကြတာကို တွေ့ရမှာပါ။ သူတို့ဟာ တစ်သက်မှာ တစ်ကြိမ်သာ ဆံပင်ဖြတ်ခွင့်ရှိကြပြီး အဲဒီအချိန်ဟာလည်း သူတို့အသက် ၁၆နှစ်ကနေ ၁၈နှစ်ကြား အိမ်ထောင်ပြုခါနီးအချိန် ဖြစ်ပါတယ်။ ဖြတ်လိုက်တဲ့ ဆံစုတွေကိုတော့ သူတို့ရဲ့ မိခင်ကို ပေးအပ်ပါတယ်. မိခင်တွေက အဲဒီဆံပင်စုတွေနဲ့ ဆံထုံးတုတွေ ဆံပင်အလှဆင် ဆံထုံးတွေ လုပ်ကြပြီး အမျိုးသမီးတွေရဲ့ ဆံပင်တွေကို ထုံးဖွဲ့ရာမှာ ထိုဆံထုံးတုလေးတွေ ထည့်သွင်းပြီး ထုံးနှောင်ကြပါတယ်။ တစ်ချို့တွေကတော့ မူလဆံပင်ရှည်တွေနဲ့သာ ထုံးကြပြီး အချို့ကတော့ ဆံပင်တုတွေနဲ့ ရောပြီး ထုံးဖွဲ့ကြပါတယ်။ ဟွမ်လုံရွာမှာ အမျိုးသမီးပေါင်း ၁၀၀ကျော်ခန့်ရှိပြီး သူတို့အားလုံးဟာ ရှည်လျားတဲ့ဆံပင်ရှည်တွေ ရှိပေမဲ့ နေ့ခင်းအလုပ်လုပ်ချိန်တွေမှာတော့ ဆံပင်တွေကို ခေါင်းပေါ်မှာ ထုံးထားလေ့ရှိပါတယ်။ အဲဒီလို ထုံးရာမှာလည်း အမျိုးသမီးတွေရဲ့ အိမ်ထောင်ရေး အခြေအနေအလိုက် ဆံပင်ကို ထုံးဖွဲ့ပုံ ကွဲပြားကြပါတယ်။
Image Hosted by PicturePush - Photo Sharing


photo

အိမ်ထောင်မရှိသူ အပျိုလေးများရဲ့ ဆံထုံး

အိမ်ထောင်မရှိသေးတဲ့ ငယ်ရွယ်သူ အမျိုးသမီးတွေကတော့ ခေါင်းပေါ်မှာ ထုံးထားတဲ့ ဆံပင်ကို အခြားသူတွေ မမြင်နိုင်ဖို့ အပြာရောင် ပုဝါလို အစ တစ်ခုခုနဲ့ ဖုံးအုပ်ထားတတ်ကြပြီး သူ့နဲ့ လက်ထပ်တဲ့သတို့သားဟာလည်း မင်္ဂလာဆောင်တဲ့နေ့မှသာ ဆံပင်ရှည်ကို ပထမဦးဆုံး မြင်တွေ့ခွင့် ရတယ်လို့ဆိုပါတယ်။ တကယ်လို့များ တစ်စိမ်းယောက်က်ျားလေး တစ်ယောက်ယောက်ဟာ လက်မထပ်ရသေးတဲ့ မိန်းမပျိုလေးရဲ့ ဆံပင်ကို တစ်စုံတစ်ခုသော အကြောင်းကြောင့် ပုဝါစနဲ့ ဖုံးထားခင်မှာ မြင်တွေ့လိုက်ပြီဆိုရင် အဲဒီ အမျိုးသမီးလေးရဲ့ မိဘတွေအိမ်မှာ သားမက်အဖြစ်နဲ့ ၃နှစ်လောက် နေထိုင်ကြရတယ်လို့ ထူးထူးဆန်းဆန်း ဓလေ့ထုံးစကို တွေ့ရပါတယ်။
Image Hosted by PicturePush - Photo Sharing

အိမ်ထောင်ရှိသူအမျိုးသမီးတို့ရဲ့ ဆံထုံးပုံ

အိမ်ထောင်ရှိသူတွေကတော့ ဆံပင်ရှည်တွေကို လင်ပန်းတစ်ချပ်လို ခေါင်းပေါ်မှာ ခပ်ပြားပြား အနေအထားနဲ့ ထုံးဖွဲ့ထားလေ့ရှိပါတယ်။ 

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


သားသမီးရှိပြီးသား အမျိုးသမီးတွေ ကတော့ ဆံထုံးရှေ့မှာ ပေါင်မုန့်လုံးလေးလို အလုံးလေး ဖြစ်နေအောင် ထုံးဖွဲ့လေ့ရှိကြပါတယ်

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

photo

နွေနဲ့ ဆောင်းရာသီတွေမှာ ယောင်မျိုးနွယ် အမျိုးသမီးတွေဟာ သူတို့ရဲ့ နက်မှောင်ရှည်လျားတဲ့ ဆံပင်တွေကို ဂျင်းဂျန်းမြစ်ထဲမှာ လျှော်ကြ ဆေးကြပါတော့တယ်။ သူတို့ရဲ့ ဆံပင်တွေကို လျှော်ကြရာမှာတော့ ခေတ်ပေါ် ခေါင်းလျှော်ရည်တွေနဲ့ ခေါင်းလျှော်ကြ တာမျိုး မဟုတ်ပါဘူး။ သူတို့အတွက် အကောင်းဆုံး ခေါင်းလျှော်ရည်ကတော့ ဆန်ဆေးရည်ကို ရက်အနည်းငယ်ထားပြီး အချဉ်ဖောက်ကာ အခြားသော ဆေးဘက်ဝင် ပစ္စည်းနဲ့ ပေါင်းစပ်ထားတဲ့ သဘာဝ ခေါင်းလျှော်ရည်သာဖြစ်ပါတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းကလည်း ဆန်ဆေးရည်နဲ့ ခေါင်းလျှော်ရင် ဆံပင်တွေ နက်မှောင် သန်စွမ်းတယ်လို့ ကြားခဲ့ဖူးတာဟာ ယောင်အမျိုးသမီးတွေ လက်တွေ့ သုံးတဲ့နည်းမှန်း ခုမှသာ သိခွင့်ရပါတော့တယ်။ သူတို့ကလည်း သူတို့ဆံပင်တွေ ရှည်လျားမည်းနက် လှပသန်စွမ်းရတဲ့ လျှို့ဝှက်ချက်ဟာလည်း ၂ရက် သို့မဟုတ် ၃ရက်တစ်ကြိမ်  ဆန်ဆေးရည်နဲ့ ခေါင်းလျှော်တာကြောင့်လို့ ဆိုကြပါတယ်။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing



အစောပိုင်းနှစ်တွေကတော့ ရွာရဲ့ ဓလေ့ထုံးစံအရ အိမ်ထောင်ရှိ အမျိုးသမီးတွေရဲ့ လင်ယောက်ျားနဲ့ သားသမီးတွေကလွဲလို့ သူတို့ရဲ့ ဆံပင်ရှည်တွေကို အပြင်လူတွေ မမြင်မတွေ့ရအောင် ထိမ်းသိမ်းထား ခဲ့ရတာကြောင့် အခြားသော ပြင်ပ တစ်စိမ်းသူတွေ ဘယ်သူကမှ အဲဒီအမျိုးသမီးတွေရဲ့ လွတ်လွတ်လပ်လပ် ဖြန့်ချထားတဲ့ ဆံကေသာအလှကို မမြင်တွေ့ခဲ့ကြဖူးပါဘူး။ ဒါပေမဲ့ ခုခေတ်မှာတော့ ဓလေ့ထုံးစံတွေ အနည်းငယ် လျော့ချလိုက်ပြီဖြစ်လို့ ဆံပင်တွေ ဖြန့်ချထားတာကို တစ်ခြားလူတွေကလည်း မြင်တွေ့ခွင့် ရလာတာနဲ့အတူ ဆံပင်ရှည်ရှည်နဲ့ အမျိုးသမီးတွေရဲ့ အလှကလည်း ပိုပြီး နာမည်ကျော်လာခဲ့ပါတယ်။ ကျော်ကြား လာတဲ့ဆံပင်ရှည်နဲ့အတူ အမျိုးသမီးတွေဟာ တစ်ခြားသူတွေရှေ့မှာ ဂုဏ်ယူစွာ ဓာတ်ပုံအရိုက်ခံ တတ်လာကြပါပြီ။ ဟွမ်လုံရွာသူတို့ သီချင်းဆိုပြီး ကခုန်ကြတဲ့အခါ လှပရှည်လျားတဲ့ ဆံပင်ရှည်တွေဟာ လေပေါ်မှာဝေ့ဝဲနေပြီး ပျံသန်းနေသတဲ့သို့ ရှိပါတယ်။ ဆံပင်ရဲ့အလှကျက်သရေ နာမည် ကျော်တာကြောင့် ကမ္ဘာလှည့်ခရီးသည်တွေဟာ အဲဒီရွာတွေကို မကြာခဏ သွားရောက်လေ့ ရှိပါတယ်။ သူတို့ နေထိုင်တဲ့ ရွာကိုလည်း ဆံပင်အရှည်ဆုံး အမျိုးသမီးတွေရဲ့ရွာလို့ ထူတိုင်းက အသိအမှတ်ပြု ခေါ်ဆိုလာကြပါတယ်။

photo


Image Hosted by PicturePush - Photo Sharing

ယောင် မျိုးနွယ်စု အမျိုးသမီးတွေဟာ ဆံပင်ရှည်ကို တမြတ်တနိုး တန်ဖိုးထားရခြင်း အကြောင်းထဲမှာ ဆံပင်ရှည်ဟာ သူတို့လူမျိုးတွေအတွက် အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ ချမ်းသာခြင်းနဲ့ ကံကောင်းခြင်းတွေကို ယူဆောင်ပေးနိုင်တယ်လို့ ယုံကြည်ကြ တာကြောင့်လည်း ဖြစ်ပါတယ်။ ဆံပင်ရှည်လာလေ ကံကောင်းလာလေလို့ ယုံကြည်ကြ ပါတယ်။ ဒါကြောင့်လည်း မိန်းမတို့ဘုန်း ဆံထုံးဆိုတာ ဟွမ်လုံရွာသူတွေ အတွက်တော့ လက်ကိုင်ထားစရာ စကား ဖြစ်နေမှာ အသေအချာပါဘဲရှင်။