စတော်ဘယ်ရီ ဝက်သားချိုချဉ်ကြော်


ဒီတစ်ပတ်တော့ ချက်စားဖြစ်တဲ့ ဟင်းတွေထဲက ခုလို ဆောင်းရာသီမှာ ပေါပေါများများ တွေ့ရတဲ့ ရာသီပေါ်သီးနှံထဲက စတော်ဘယ်ရီသီးကို ဟင်းချက်စရာအဖြစ် ချက်နည်းကို ပြောပြချင်ပါတယ်။ စတော်ဘယ်ရီပေါ်တဲ့ ရာသီရောက်တိုင်း အရင်နှစ်တွေကလည်း ချက်နည်းတွေ တင်ခဲ့ဖူးပါတယ်။ စတော်ဘယ်ရီကို ဒီနှစ်တော့ ဝက်သားနဲ့ ကြော်စားဖြစ်ပါတယ်။ လိုအပ်တဲ့ အမည်တွေကလည်း ခပ်များများမဟုတ်တဲ့အတွက် အလွယ်တကူ ကြော်စားနိုင်တဲ့နည်းလည်း ဖြစ်ပါတယ်။  



စတော်ဘယ်ရီကိုဝက်သားနဲ့ကြော်ဖို့အတွက် ပထမဦးစွာ ဝက်သားများကို ပါးပါးလှီးပြီး ဂျင်းရည်၊ဆား၊ အရသာမှုန့်တို့နဲ့နယ်ပြီး ခဏထားလိုက်ပါမယ်။ 



စတော်ဘယ်ရီသီး လတ်လတ်ဆတ်ဆတ်တွေကို ရေစင်အောင်ဆေးပြီး နှစ်ခြမ်းခြမ်းထားလိုက်ပါတယ်




ဒါတွေကတော့ စတော်ဘယ်ရီ ဝက်သားချိုချဉ်ထဲ ထည့်မဲ့ အဆာပလာတွေပါ။ ကြက်သွန်ဖြူ ၃မွှာခန့်၊ ငရုပ်သီး ၃တောင့်၊ ကြက်သွန်နီတစ်ဥနဲ့ ဂျူးဖူး ၄ပင် ၅ပင်လောက်ကို လက်တစ်ဆစ်ခန့် ဖြတ်ထားတာ ဖြစ်ပါတယ်။ ဂျူးဖူးကိုတော့ ဟင်းထဲမှာ အစိမ်းရောင်လေး လိုချင်တဲ့အတွက် ထည့်တာဖြစ်ပါတယ်။ ဂျူးဖူးမရှိရင် ကြက်သွန်မြိတ်ကိုထည့်နိုင်ပါတယ်။ 


အိုးပူပူထဲ ဆီအနည်းငယ်ထည့်ပြီး ဝက်သားများကို ထည့်ကြော်ပါတယ်။ 



ဝက်သားအရောင်လှအောင် ပဲငံပြာရည်ကို ထည့်ပါတယ်။ ဝက်သားမကျက်မှာစိုးလို့ ရေနည်းနည်း ထည့်ပြီး ခဏလောက် ထပ်တည်ထားပါတယ်။ ထို့နောက် ဝက်သားကျက်ခါနီးရင် ကြက်သွန်ဖြူ၊နီကို ထည့်ကြော်ပါတယ်။ 


အသားကျက်ပြီဆိုရင် ဂျူးဖူးနဲ့ ငရုပ်သီးများကို ထည့်လိုက်ပါတယ်။ 
 
စတော်ဘယ်ရီကို နောက်ဆုံးမှ ထည့်ပါတယ်။ ထည့်ပြီးတာနဲ့ ချက်ခြင်းမွှေပေးပြီး အရသာအပေါ့အငံ မြည်းကာ လိုအပ်တာများ ထည့်ပြီးရင် ချနိုင်ပါပြီ။ စတော်ဘယ်ရီဟာ နူးညံ့တဲ့အသီးဖြစ်တာကြောင့် အပူနဲ့တွေ့ရင် ခဏချင်း အရည်ပျော်သွားတတ်ပါတယ်။ ဒါကြောင့် အသီးကို ထည့်ပြီးတာနဲ့ ချက်ခြင်း မီးပိတ်ပြီး ခူးခပ်လိုက်ဖို့ လိုပါတယ်။ 

Inline image 1

ပန်းကန်ထဲခူးပြီးတာနဲ့ အခြားသောဟင်းတွေနဲ့အတူ ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ။ စတော်ဘယ်ရီရဲ့ ချိုချဉ်အရသာလေးဟာ အသားရဲ့အရသာနဲ့ပေါင်းစပ်သွားပြီး စားလို့ အလွန်ကောင်းတဲ့ ဟင်းတစ်ခွက် ဖြစ်လာပါတယ်။ 



ခုလို ဆောင်းရာသီ စတော်ဘယ်ရီပေါ်ချိန်မှသာ စားလို့ရတဲ့ စတော်ဘယ်ရီ ဝက်သားချိုချဉ်ကြော်လေးဖြစ်ပါတယ်။ 


မိတ်ဆွေများအားလုံးအတွက် ပျော်ရွှင်သော ခရစ္စမတ် အားလပ်ရက်လေးကို ပိုင်ဆိုင်ကြပါစေရှင်...

 

သက်တန့်ရောင်စဉ် တောင်တန်းများ


ကျွန်မတို့ကမ္ဘာမြေကြီးရဲ့ အချို့သော နေရာတွေမှာ ထူးဆန်းတဲ့ မြေမျက်နှာသွင်ပြင်တွေ ဖွဲ့စည်း တည်ဆောက်ပုံတွေ ဖြစ်ပေါ်လို့ နေတတ်ပါတယ်။ အဲဒီလို ထူးဆန်းတာတွေ ထဲကမှ သက်တန့်ရောင် ထဲမှာ ပါဝင်တဲ့ ရောင်စဉ်များလိုပဲ အရောင်တွေ အတန်းလိုက် အစဉ်လိုက် ဖြစ်ပေါ်နေတဲ့ တောင်တန်းတွေအကြောင်း ပြောပြချင်ပါတယ်..


rainbow mountains

ရုတ်တရက်ကြည့်လိုက်ရင် အခြားသော ဂြိုလ်ကမ္ဘာတစ်ခုခုလို့ ထင်သွားရလောက်ပြီး တကယ်ရှိတာ မဟုတ်ပဲ ကွန်ပျူတာ နည်းပညာနဲ့ ဖန်တီးထားတာလို့ ထင်ရလောက်အောင် အံ့သြဖွယ် ထူးဆန်းတဲ့ အရောင်အသွေးတွေနဲ့ ဖြစ်ပေါ်နေတဲ့ သက်တန့် ရောင်စဉ် တောင်တန်းတွေဟာ တရုတ်နိုင်ငံ အနောက်မြောက်ဖက်ရှိ ကျန်းစူးပြည်နယ်က ထဲန်းရှ ဘူမိဗေဒဥယျာဉ်ထဲမှာ တည်ရှိနေတာပါ။ ၂၀၁၀ခုနှစ်မှာတော့ ယူနက်စ်ကိုရဲ့ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ဒေသအဖြစ် စာရင်းသွင်းခံခဲ့ရပါတယ်။
rainbow mountains



rainbow mountains



rainbow mountains

rainbow mountains


rainbow mountains

၎င်း သက်တန့်ရောင်စဉ် တောင်တန်းများဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၄သန်းခန့်က အနီရောင် သဲကျောက်လွှာတွေပေါ် သတ္တုဓာတ်တွေ တစ်လွှာပြီးတစ်လွှာ အနယ်ကျပြီးနောက် ရာသီဥတု၊ ရေ၊ လေတို့ တိုက်စားခံရပြီး ခုလို အလွှာအထပ်ထပ် ကိတ်မုန့်ပုံသဏ္ဍန် ရောင်စုံ တောင်တန်း တောင်ကုန်းတွေ ဖြစ်ပေါ်ခဲ့ရတာပါ။  သက်တန့်ရောင်စဉ် တောင်တန်းတွေကြားမှာပဲ သဘာဝရဲ့ ဖန်တီးမှုနဲ့ ဖြစ်ပေါ်နေတဲ့ တိုင်လုံးပုံသဏ္ဍန်တွေ၊ သဘာဝ မျှော်စင်တွေ၊ လျှိုမြောင် ချောက်ကမ်းပါး တောင်ချိုင့်ကြားတွေ၊ ရေတံခွန်တွေစသဖြင့် လေ့လာစရာ၊ သွားရောက်လည်ပတ် ကြည့်ရှုစရာ အများအပြား ရှိပါတယ်။


rainbow mountains



rainbow mountains

rainbow mountains

သက်တန့်ရောင်စဉ် တောင်တန်းတွေပေါ်မှာ သစ်ပင်တွေ ပေါက်ရောက်နေတာ မရှိသလောက်ဖြစ်ပြီးတော့ တောင်ကတုံးတွေ ဖြစ်နေတာကိုတာ တွေ့ရပါတယ်။ အချို့ တောင်စောင်းနဲ့ မြေပြန့် အနည်းငယ် လောက်မှာသာ မြက်ပင်၊ ချုံပင်လေးတွေ ကျို့တို့ ကျဲတဲ ပေါက်နေတတ်ပါတယ်။ သို့သော်ငြားလည်း အနီတစ်ကန့်၊ အပြာတစ်ကန့်၊ အဝါတစ်ကန့် အလီလီ အလာလာ စီခြယ် ထားပုံကတော့ဖြင့် မျက်စိပသာဒဖြစ်ဖွယ် ကောင်းလှပါတယ်။ ဒါကြောင့်လည်း ခရီးသွားအများအပြား လာရောက် လေ့လာ လည်ပတ်ကြတဲ့ နေရာအဖြစ် တစ တစ ထင်ရှားလာပြီ ဖြစ်ပါတယ်။

rainbow mountains

rainbow mountains

အချိန်ရလို့ လည်စရာပတ်စရာ ရွေးချယ်တဲ့အခါ အရောင်စုံ ကျောက်လွှာတွေနဲ့ ဖွဲ့စည်းထားတဲ့ သက်တန့်ရောင်စဉ် တောင်တန်းများ၊ မြေလွှာမှာ ရှိရာ ထဲန်းရှဘူမိဗေဒဥယျာဉ်ကိုလည်း အရောက် သွားကြည့်သင့်ပါတယ်။


rainbow mountains

rainbow mountains 

စာမရေးဖြစ်တာ ကြာသွားတဲ့အတွက် အားလုံး အားလုံးကို တောင်းပန်ပါတယ်။ အားလုံးလည်း ကိုယ်ရောစိတ်ပါ ကြည်လင်ရွှင်လန်းကြပါစေရှင့်..



ပုဇွန်ငရုပ်ကောင်း အစပ်ချက်


အစားအသောက်အကြောင်း ဘလောဂ့်ပေါ်မှာ မတင်ဖြစ်တာ ကြာပါပြီ။ ဒီနေ့တော့ ရိုးရိုးရှင်းရှင်းနဲ့ လွယ်လွယ်ကူကူ ချက်စားနိုင်တဲ့ ပုဇွန်ငရုပ်ကောင်း အစပ်ချက်နည်းလေး တင်ချင်ပါတယ်။ ဒီချက်နည်းဟာ အဆာပလာလည်း အများကြီး ရှိဖို့မလိုဘဲ လွယ်ကူစွာ ချက်စားနိုင်ပြီး အရသာလည်း ရှိပါတယ်။ ချက်နည်းကို အောက်မှာ ဖော်ပြပါမယ်နော်။ 



ပထမဦးစွာ ပုဇွန်အရွယ်တော်များကို အခွံခွာ၊ ရေစင်စင်ဆေးပြီး ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်၊ သကြား အနည်းငယ်တို့ဖြင့် နယ်ထားလိုက်ပါတယ်။


ထို့နောက် ပုံပါအတိုင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း (မိမိစားနိုင်သလောက်) ကို ပါးပါးလှီး၊ တောက်တောက်စင်းထားလိုက်ပါတယ်။

 
ဒယ်အိုးတစ်လုံးကို အပူပေးပြီးနောက် ဆီ ၂ကျပ်သားခန့် ထည့်ပါတယ်။ ဆီကျက်ရင် ကြက်သွန်ဖြူ၊ နီ တို့ကို ထည့်မွှေပါတယ်။ 
ကြက်သွန်များထည့်ပြီး မကြာခင်မှာ ငရုပ်သီးများကို ထည့်ကြော်ပါတယ်။ 

ပြီးလျှင်တော့ ပုဇွန်များကို ထည့်မွှေလိုက်ပါတယ်။ ဆား၊ အရသာမှုန့် တို့ကို လိုအပ်မယ်သလောက် ထည့်ပါတယ်။ ပုဇွန်များကို မချက်ခင်မှာလည်း အရသာဝင်အောင် နယ်ထားပြီဖြစ်လို့ အများကြီးထပ်ထည့်ဖို့ မလိုတော့ပါ။ 


ပုဇွန်များထည့်ပြီး မကြာမီ ငရုပ်ကောင်း ဇွန်းသေး တစ်ဇွန်းခန့် ထည့်ပါတယ်။ ပုဇွန်ဟာ ကျက်လွယ်သော ဟင်းဖြစ်သောကြောင့် မီးဖိုပေါ် အချိန်ကြာကြာထားရန် မလိုပါ။ ၃မိနစ် (သို့) ၅မိနစ်ခန့် ကြာလျှင် နံနံပင်များထည့်မွှေကာ ချနိုင်ပါပြီ။ 


ဆီပြန်ဟင်းစားရတာ ငြီးငွေ့နေသူများအတွက် ဆီနည်းနည်း ၊ ငရုပ်ကောင်းနံ့မွှေးမွှေး၊ အရသာစပ်စပ်လေးဖြင့် စားနိုင်သော အရသာရှိလှသည့် ပုဇွန်ငရုပ်ကောင်း အစပ်ချက် ရပါပြီ။ 

 

လျှာရင်းမြက်စေမဲ့ ပုဇွန်ငရုပ်ကောင်းချက်ပါ။

မိတ်ဆွေများအားလုံး စားကောင်းသောက်ဖွယ်များ စားရင်း ပျော်ရွှင်အေးချမ်းသော တနင်္ဂနွေနေ့ ဖြစ်ပါစေရှင်..

 

ဝါသနာ

သူနှင့် ဆုံဖြစ်ခဲ့သည့် ဇာတ်လမ်းမှာ ခပ်ဆန်းဆန်းတော့ဖြင့် မဟုတ်ခဲ့ပါ။ သိပ်မထူးခြားလှသော အကြောင်းအရာလေး တစ်ခုအဖြစ်နှင့် ဆုံဖြစ်ခဲ့ခြင်းသာ ဖြစ်လေသည်။ ထိုနေ့က စနေနေ့လည်းဖြစ်သည်။ မိုးကလေးတစိမ့်စိမ့်ဖြင့် အေးအေး ချမ်းချမ်း ရှိနေသော ရက်လည်း ဖြစ်လေသည်။ စနေနေ့မို့ အလုပ်ပါးသည့် အပြင်၊ အပြင်ထွက်ရန် အထူးအထွေ ကိစ္စလည်း မရှိသောကြောင့် သူမသည် မနက်စာကို စိတ်အေးလက်အေး ချက်ပြုတ်စားသောက်ပြီး၍ ကော်ဖီတစ်ခွက် ဖျော်ကာ ကွန်ပျူတာရှေ့တွင် ဇိမ်ကျနေလေသည်။ ထိုစဉ် လေပြင်းလေး တစ်ချက် ဝေ့ကနဲ တိုက်ခတ်လိုက်သည့် အတွက် သူမစားပွဲပေါ်ရှိ ပန်းအိုးကလေးထဲမှ ပန်းကလေးများ လှုပ်ခတ်သွားလေသည်။ ပန်းကလေးများသာမက စာရွက်တစ်ချို့ပင် တစ်ဖြတ်ဖြတ် ခါသွားလေသည်။ ထို့ကြောင့် ဖွင့်ထားသော ပြူတင်းတံခါးကို ပိတ်ရန် စားပွဲမှထလိုက်ပြီး ပြူတင်းပေါက်နားသို့ သူမ တိုးကပ်သွားမိသည်။

သည်အချိန်တွင် သူ့ကို တွေ့လိုက်ရခြင်း ဖြစ်လေသည်။ သူသည် ပုဇဉ်းတစ်ကောင်သာ ဖြစ်လေသည်။ အပြင်တွင် မိုးခပ်ဖွဲဖွဲ ရွာနေသောကြောင့် ဟိုဟိုသည်သည် ပျံသန်းဖို့ အခက်အခဲဖြစ်ဟန် တူပါသည်။ သူသည် သူမတို့အိမ် ပြူတင်းတံခါးဘောင်ပေါ်တွင် စိုက်ထားသော ပန်းအိုးလေးတစ်ခုရှိ အရွက်ကိုင်းလေး တစ်ခုပေါ်တွင် လာရောက် နားခိုနေခဲ့ခြင်းဖြစ်သည်။ တောင်ပံလေးများကို ဖြန့်ကားရင်း သစ်ရွက်ရှည်ရှည် တစ်ခုပေါ်တွင် ငြိမ်သက်စွာ နားခိုနေသော သူ့ကို ငေးကြည့်မိရင်း သူမစိတ်ထဲ အတွေးတစ်ခု ဝင်လာခဲ့သည်။ သူမ အမြဲတမ်းကြည့်လေ့ ရှိသော ဓာတ်ပုံ ဝဘ်ဆိုဒ်များတွင် ပုဇဉ်းကောင်လေးများ၏ ခန္ဓာကိုယ်ပေါ်၊ တောင်ပံများပေါ်နှင့် မျက်လုံးများပေါ်တွင် ရေစက်ကလေးများ သီးနေပုံ၊ နှင်းစက်ကလေးများ ဖုံးလွှမ်းနေပုံတို့ကို ဓာတ်ပုံဝါသနာရှင် တစ်ချို့က အနီးကပ် ရိုက်ပြကာ တင်ထားတတ်လေ့ရှိသည်။ သူမသည်လည်း ထို ဓာတ်ပုံဆရာများကို အားကျကာ ယခု မြင်နေရသော ပုဇဉ်ကောင်လေးကို အနီးကပ် ဓာတ်ပုံ ရိုက်ရကောင်းမည် ဟု စိတ်ကူး ရလိုက်မိခြင်း ဖြစ်လေသည်။


အပြင်တွင် မိုးရွာနေသော်လည်း ပုဇဉ်းကောင်လေး၏ ခန္ဓာကိုယ်နှင့် တောင်ပံဖျား ပေါ်တွင် ရေစက်လေး တစ်ပေါက် တစ်လေမှ ကပ်ငြိမနေပါ။ သို့ဆိုလျှင် သူမ လိုချင်သော ရေစက်လေးများ သီးနေသည့် ဓာတ်ပုံ ရိုက်ခွင့်မရတော့ဘဲ ပုဇဉ်းကောင် သက်သက်ကိုသာ ဓာတ်ပုံရိုက်ရတော့မည့် အခြေအနေ ဖြစ်လေသည်။ သို့သော် သူမက ရိုးရိုးပုဇဉ်းကောင်ကို မလိုချင်ဘဲ ရေစက်လေးတွေသီးနေသည့် ပုဇဉ်းကောင်ကိုသာ ဓာတ်ပုံ ရိုက်လိုခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ဘာလုပ်ရမည်ကို သူမ အကြံထုတ်ရတော့သည်။ ထိုစဉ် ပြူတင်းဘောင်တစ်နေရာတွင် တင်ထားသည့် အပင်များကို ရေဖြန်းသော spray ဘူးလေးကို သူမ မျက်စိများက လှမ်းမြင် လိုက်လေသည်။ လက်ဖျစ်တစ်ချက် တီးလိုက်ပြီးနောက် စပရေးဘူးလေးကို လှမ်းယူလိုက်ကာ ရေအပြည့် သွားဖြည့်လိုက်တော့သည်။ 

စပရေးဘူးလေး ကိုင်ပြီးနောက် ပြူတင်းပေါက်ဆီသို့ ပြန်လာကာ ပုဇဉ်းကောင်လေးကို အလျှင်အမြန် လှမ်းကြည့်လိုက်တော့ ပုဇဉ်းလေးက မူလနေရာတွင် ငြိမ်သက်စွာ ရှိနေဆဲ ဖြစ်လေသည်။ အခန်းထဲမှ ကင်မရာကို သွားယူလိုက်ပြီး ဘက်ထရီ၊ မဲန်မိုရီကဒ် စသည်တို့ကို စစ်ဆေးပြီးနောက် setting ကို စိတ်ကြိုက် ပြင်ဆင်ကာ အသင့်အနေအထားဖြင့် ထားထားလိုက်လေသည်။ ကံတရားက သူမဘက်ကို ပါနေပြီဖြစ်လေသည်။ သူမ ဓာတ်ပုံ ရိုက်ခွင့်ရတော့မည်။ ထို့နောက် သူမသည် လက်ထဲမှ စပရေးဘူးလေးဖြင့် ပုဇဉ်းကောင်လေးကို ရေ ပက်ဖြန်း လေတော့သည်။ ရေစက်ကလေးများမှာ အမှုန်အမွှားလေးများ အဖြစ်ဖြင့် ပုဇဉ်းကောင်လေး၏ ကိုယ်ခန္ဓာနှင့် တောင်ပံများပေါ်သို့ မြောက်မြားလှစွာ ကျရောက်သွားလေသည်။ သို့သော်လည်း အလွန် သဘောကောင်းလှသော ပုဇဉ်းကောင်လေး သည် ထပျံသွားခြင်း မရှိဘဲ သူမ စိတ်တိုင်းကျသာ လုပ်ပစေတော့ ဟူသော သဘောဖြင့် ပေကပ်၍သာ နားခိုနေဆဲဖြစ်လေသည်။

ပုဇဉ်းပေါ်မှ ရေစက်လေးများမှ သူမ စိတ်ကြိုက် အနေအထား ဖြစ်လာသည့်အခါ ဘေးနားက ကင်မရာကို ယူကာ တစ်ဖြတ်ဖြတ် ရိုက်ယူလေတော့သည်။ ကြီးမားလှသော မျက်လုံးကြီးပေါ်တွင် တင်နေသည့် ရေစက်လေးများကို ပုဇဉ်းကောင်လေးမှာ သူ့လက်တံများဖြင့် ဖယ်ရှားနေသည့်မြင်ကွင်းမှာ စိတ်ဝင်စားဖို့ ကောင်းလှသည်။ ထို့ပြင် သူ့လက်တံပေါ် တင်နေသော ရေစက်များကိုလည်း လက်နှစ်ဖက်ဖြင့် ပွတ်သပ် ဖယ်ရှားပြန်လေသည်။ ပြီးလျှင်တော့ ငြိမ်သက်စွာ နားခိုမြဲ ဖြစ်လေသည်။ သူမသည် ဓာတ်ပုံရိုက်ယူနေရင်း ပုဇဉ်းကောင်လေးဆီမှ ရေစက်လေးများ နည်းသွားလျှင် ကင်မရာကိုချလိုက်ကာ စပရေးဘူးဖြင့် ဆက်ဖြန်းပြန်သည်။ သူနားနေသည့် နေရာတွင် ရေစက် အကြီးကြီးတစ်ခု ဖြစ်လာသည့်အခါ ပုဇဉ်းကောင်လေးသည် ထပျံသွားခြင်းတော့ မရှိဘဲ သစ်ရွက်၏ အရှေ့ဘက်နားသို့ တိုးကပ် နေရာ ရွေ့လေတော့သည်။ သူမသည်လည်း ရေစက်လေးများနှင့် ပုဇဉ်းကောင်ကို စိတ်ကြိုက် အနေအထား အမျိုးမျိုးဖြင့် ဓာတ်ပုံရိုက်ပြန်လေသည်။



 photo 3_zps0c60e4e8.jpg

ဓာတ်ပုံရိုက်နေရင်း ပုဇဉ်းပေါ်မှ ရေစက်လေးများ နည်းသွားပြန်သဖြင့် စပရေးဘူးကို လှမ်းယူလိုက်ကာ ရေဖြန်းပြန် တော့သည်။ အပြင်တွင် မိုးစက်လေးများ ခပ်စိတ်စိတ် ကျနေလေသည်။ သို့သော် အပြင်က မိုးစက်ထက် သူမစပရေးဘူးမှ ရေစက်တို့၏ဒဏ်က ပို၍ ဆိုးဝါးလွန်းလှသည်ဟု ထင်ဟန်ရှိသည့် ပုဇဉ်းကောင်လေးမှာ ဘယ်လိုမှ ဆက်လက်သည်းခံနိုင်ဟန် မရှိတော့ဘဲ ပန်းအိုးပေါ်ရှိ သစ်ရွက်ဖျားဆီမှ ထပျံ သွားလေတော့သည်။ 

စပရေးဘူးကိုင်ရင်း မချင့်မရဲ ကျန်ခဲ့သော သူမ၏နားတွင် ပုဇဉ်းကောင်လေးဆီမှ တစ်စုံတစ်ရာသော အသံတစ်ခုကို သဲသဲကွဲကွဲ ကြားလိုက်မိသလို ရှိလေသည်။ ထိုအသံကို ဘာသာပြန်ရလျှင်မူ 

" မိုးရွာလို့ သူ့ပန်းအိုးပေါ် သွားနားမိပါတယ် ဓာတ်ပုံရိုက်ဖို့အတွက် မိုးရွာတာထက်တောင် ပိုဆိုးအောင် ရေတွေနဲ့ နင်းကန် ပက်နေတော့တာဘဲ။ ကိုယ်ချင်းစာစိတ်ကို မရှိဘူး။ နောက်များဆို ဓာတ်ပုံဝါသနာအိုးတွေ၊ ဓာတ်ပုံရူးတွေ နေတတ်တဲ့ အိမ်မျိုးမှာ ဘယ်တော့မှ မနားတော့ဘူး" ဟူ၍ ဖြစ်လေသည်။   


မိတ်ဆွေများအားလုံး ပြုံးပျော်ကြပါစေ.. 

 

စောမွန်လှ အလွမ်း

ရှမ်းပြည်မြောက်ပိုင်း ခရီးစဉ်ကနေအိမ်ကို ပြန်ရန်တော့ ကင်မရာထဲက မဲန်မိုရီစတစ်ကို ထုတ်ပြီး card reader ထဲထည့်ကာ  ကွန်ပျုတာနဲ့ချိတ်လိုက်ပြီး ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို ပြန်ကြည့်မိတော့ ပုံတိုင်းလိုလိုက စိမ်းစို မှိုင်းဝေနေတဲ့ရှမ်းပြည်ရဲ့ အလှကို ဖော်ပြနေတာမို့ ကျေနပ်စရာရယ်ပါ.. ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အနီးက စယ်လန့်ရွာလေးကို ရောက်ခဲ့ပြီး စောမွန်လှမွေးဖွားခဲ့တဲ့ အိမ်တော်ရာဟောင်း နေရာကိုလည်း ဒုတိယအကြိမ် ရောက်ခဲ့ပြန်ပါတယ်။ ပထမအကြိမ်ရောက်ပြီး နောက်ပိုင်းမှာလည်း စောမွန်လှအကြောင်း စာရေးဖြစ်ခဲ့သလို ခု ဒုတိယအကြိမ် ရောက်ပြန်တော့လည်း စောမွန်လှနဲ့ပတ်သက်ပြီး စာရေးချင်စိတ်က တားဆီးမရဖြစ်လာတာမို့ ရေးမိရပြန်ပါတယ်။ စောမွန်လှ မွေးဖွားရာဇာတိဖြစ်တဲ့ စယ်လန့် ရွာကလေးဟာ အလွန်သာယာလှပြီး ပန်းတွေလည်း စုံလင်လှပါတယ်။ ရိုးသားတဲ့ရှမ်းလူမျိုးတွေရဲ့ ရွာဖြစ်ပြီး စယ်လန့်သူတွေ ချောတယ် ဆိုတာကတော့ ခုချိန်ထိ နာမည်ကြီးတုန်းဖြစ်ပါတယ်။ ချောမောလှပတဲ့ စယ်လန့်ရွာသူ တစ်ယောက်အကြောင်း ပြောပြရမယ်ဆိုရင် ပုဂံရာဇဝင်တွေ ထဲမှာပါတဲ့ အနော်ရထာမင်းကြီးရဲ့ မိဖုရားတစ်ပါး ဖြစ်ခဲ့သူ ရှမ်းမင်းသမီး စောမွန်လှကို ညွှန်ပြရမှာဖြစ်ပါတယ်။

  
စောမွန်လှမွေးဖွားရာ နန်းတော်ဟောင်းနေရာလေးဟာ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နဲ့ မဝေးလှတဲ့ စယ်လန့်ရွာကလေးဆီက သာယာလှတဲ့ တောင်ကုန်းလေးပေါ် တည်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ် တစ်ထောင်ကျော်ခန့် ကတည်းက ကြီးကျယ် စည်ကားခဲ့တဲ့ မောရှမ်းဘုရင်တို့ စိုးစံခဲ့ရာ စယ်လန့်ရွာရှိ နန်းတော်ဟောင်းနေရာဟာ ခုချိန်မှာတော့ ဘုရားကျောင်းကန် စေတီပုထိုးတွေ တည်ထားပြီ ဖြစ်ပါတယ်။ မယ်ဇလီပင်တွေနဲ့ အုပ်ဆိုင်းညှို့မှိုင်းနေတဲ့ တောင်ကုန်းလေးဟာလည်း သာသာယာယာလည်း ရှိသလို လွမ်းစရာ ဆွေးစရာလည်း ကောင်းလှပါတယ်။ နန်းတော်ဟောင်းနေရာကနေ ဘေးပတ်ဝန်းကျင် ရှုခင်းတွေကို ဓာတ်ပုံတွေ ရိုက်ဖြစ်ရင်းက မိဖုရား စောမွန်လှကို ထူးထူးခြားခြား သတိရမိပါတယ်။ ကျွန်မ ဓာတ်ပုံ ရိုက်တဲ့နေရာမှာ ခုံတန်းလေးတစ်ခု ရှိပါတယ်။ အဲဒီမှာထိုင်ပြီး ကြည့်လိုက်ရင် ဟိုးခပ်ဝေးဝေးက မှိုင်းညှို့ရီဝေနေတဲ့ တောင်တန်းပြာပြာတွေကို လွမ်းမောစဖွယ် မြင်ရပါတယ်။ နန်းတော်နဲ့ မလှမ်းမကမ်းကနေ တိတ်ဆိတ်ညင်သာ ငြိမ်းချမ်းစွာ ရစ်ခွေစီးဆင်းနေတဲ့ ရွှေလီမြစ်ကြီးကိုလည်း နေရောင်အောက်မှာ ငွေရောင်တွေ တလက်လက် တောက်ပနေတာကို လှမ်းမြင်နိုင်ပါသေးတယ်။ မြစ်ရဲ့ ဘေးတစ်ဖက် တစ်ချက်မှာတော့ ကျယ်ဝန်းပြန့်ပြူးလှတဲ့ မြေနုလွင်ပြင်တွေရှိပြီး ရှမ်းတောင်သူတွေရဲ့ လယ်ခင်းတွေ စိုက်ခင်းတွေ မျက်စိတဆုံး ရှုမဆုံးနိုင်အောင် စိမ်းလန်းစိုပြေစွာ တည်ရှိနေပါတယ်။  

စောမွန်လှဟာ မောရှမ်းကိုးပြည်ထောင်ကို အစိုးရတဲ့ (ရှမ်းဘုရင်) ရှမ်းစော်ဘွားကြီး တစ်ဦးရဲ့ သမီးတော်ဖြစ်ပြီးတော့ အင်မတန် လှပချောမောကာ အမျိုးသမီးကောင်းတိုရဲ့ ကြန်အင်လက္ခဏာ  ကျက်သရေ အဖြာဖြာနဲ့ပြည့်စုံသူ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း တရုတ်ပြည်ကို စွယ်တော် သွားဖူးရာကနေ အပြန်မှာ စောမွန်လှတို့ နန်းတော်ရှိရာ ရွှေလီမြစ်အနီးက ရွာတစ်ရွာမှာ စခန်းချ နားနေတဲ့ အနော်ရထာ မင်းကြီးကို ရှမ်းစော်ဘွားကြီးက သွားရောက်တွေ့ဆုံပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး လက်ဆောင်အဖြစ် သမီးတော် စောမွန်လှကို ပဏ္ဏာဆက်လာခဲ့ပါတယ်။ ချောမောလှပ သိမ်မွေ့ပြီး အသားအရေ ညက်ညောဖြူစင်လှကာ သူမ မတ်တပ်ရပ်လိုက်ရင်တောင် အရပ်နဲ့ညီမျှအောင် ရှည်လျားလှတဲ့ ဆံနွယ်မည်းမည်း ခက်ခက်တွေကို ပိုင်ဆိုင်တဲ့ ရှမ်းမင်းသမီး စောမွန်လှကို အနော်ရထာမင်းကြီးက ရှမ်းစော်ဘွားကြီးရဲ့ လက်ဆောင်အဖြစ် မြတ်မြတ်နိုးနိုး သိမ်းပိုက်ပြီး ပုဂံရွှေနန်းတော်ဆီကို ခေါ်ဆောင် သွားခဲ့တာ ဖြစ်ပါတယ်။ ပဒေသရာဇ် ခေတ်များဆီက နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ပဏ္ဍာဆက်ခံရတဲ့ ဘုရင့်သမီးတော်များ၊ နန်းတွင်းသူလေးများမှာ ကိုယ်ပိုင် ခံစားချက်ဆိုတာကို လစ်လျူရှုလို့ နှင်းဆက်ခံရတဲ့ ဘုရင်ကိုသာ သခင်အဖြစ် သတ်မှတ်ပြီး လိုက်ပါသွားခဲ့ကြရပါတယ်။

အဲဒီလို မိမိ မွေးဖွားကြီးပြင်းလာရာ မောရှမ်းတောင်တန်းကြီးတွေကို စွန့်ခွာပြီး တစ်ပါးသူနောက်ကို လိုက်ပါသွားရတော့မယ် ဆိုတဲ့ စောမွန်လှရဲ့ ရင်ထဲမှာ ထိုခေတ် ထိုအခါက ဘယ်လိုများ ခံစားခဲ့ ရမှာပါလိမ့်လို့ ကျွန်မ သူ့ရင်ထဲကို ဝင်ကြည့်ချင်မိသလို၊ သူ့ကိုယ်စားလည်း အတွေးတွေ ပွားမိရပါတယ်။ သူ လိုက်ပါသွားရတော့မဲ့ ပုဂံပြည့်ရှင် အနော်ရထာမင်းဆိုတာ သူလုံးလုံး မတွေ့ဖူး မသိခဲ့ဖူးတဲ့သူ.. မသိတဲ့ သူနောက်ကို ယောင်နောက် ဆံထုံးပါ လိုက်ပါသွားရတော့မယ်။ မမြင်ဖူး မသိဖူးတဲ့ သူတစ်ယောက်ကို ချစ်ခင်နှစ်သက် မြတ်နိုးမှုတွေဟာ မင်းသမီး စောမွန်လှရဲ့ ရင်ထဲမှာ ရှိကောင်းမှ ရှိပါလိမ့်မယ်။ ကိုယ်တစ်သက်လုံး နေထိုင်ကြီးပြင်းရာ စယ်လန့် မောရှမ်းမြေနဲ့ မိသားစု ဆွေမျိုးသားချင်းတွေကို စွန့်ပြီး မွေးရပ်မြေနဲ့ ဝေးလံလှတဲ့ ပုဂံနန်းတော်ကြီးဆီကို လိုက်ပါသွားရတော့မဲ့ နုနယ် ငယ်ရွယ်သေးသူ မိန်းခလေး တစ်ယောက်ရဲ့ ရင်ထဲမှာ ဘယ်လောက်တောင်များ နာကျင် ကြေကွဲနေမလဲ ရယ်လို့လည်း ကျွန်မ ကိုယ်ချင်းစာမိပါသေးတယ်။

စောမွန်လှ နန်းတော်ရာမှ တွေ့မြင်ရသည့် လွမ်းမောဖွယ် ရွှေလီမြစ်
မင်းသမီး စောမွန်လှတစ်ယောက် အခု ကျွန်မ ဓာတ်ပုံရိုက်တဲ့နေရာလေးမှာ  ထိုင်ပြီး ဟိုဝေးဝေးက တောင်တန်း ပြာပြာကြီးတွေရယ်၊ ငွေရောင်တစ်လက်လက် ထနေတဲ့ ရွှေလီမြစ်ပြင်ရယ်၊ စိမ်းလဲ့ညီညာ နေတဲ့ လယ်ကွင်းပြင်ကြီးတွေဆီကို ငေးမောရင်း သူတစ်ခေါက်မှ မရောက်ဖူး မသွားဖူးတဲ့ ပုဂံနေပြည်တော် ခရီးအတွက် ရင်ခုန် စိတ်လှုပ်ရှားနေမလား၊ ဒါမှမဟုတ် သူချန်ထားရစ်ခဲ့ရတော့မဲ့ ဒီမြေ ဒီရေ ဒီတောတောင်တွေကို လွမ်းဆွတ်နှမြောနေမလား၊ သို့တည်းမဟုတ် မိသားစုတွေ ချစ်သူ ခင်သူတွေနဲ့ ခွဲခွာရမှာတော့မို့ ကြေကွဲ ဝမ်းနည်း နေမလားရယ်လို့ မှန်းဆ ကြည့်ချင်စရာရယ်ပါ။ ပုဂံဆိုတာလည်း မောရှမ်းတို့ရဲ့ တောင်တန်းကြီးတွေနဲ့က ဝေးကွာလွန်းလှတယ်မဟုတ်လား။ မွေးရပ်မြေကို ထားရစ်ခဲ့ရပြီး ပုဂံရွှေနန်းတော်ကြီးကို မိဖုရားတစ်ပါးအဖြစ် ရောက်သွားပြန်တော့ ဘုရင် အနော်ရထာမင်းက ရှမ်းမင်းသမီးလေး စောမွန်လှကို နှစ်သက်မြတ်နိုး ရှိလှပေမဲ့ နန်းတွင်းထဲက အခြားသော မိဖုရားကြီးနဲ့ မောင်းမမိဿံတွေကို စောမွန်လှကို မလိုလား မနှစ်သက် ရှိကြပြန်ပါတယ်။ အနော်ရထာမင်း အချစ်အခင် ပျက်အောင် အမျိုးမျိုး ဂုံးတိုက်ပြီး စောမွန်လှ မကောင်းကြောင်းကို ပြောကြဆိုကြ တိုင်ကြ တောကြ လုပ်တာကို ခံကြရပါတယ်။

နန်းတွင်းသူနဲ့ အခြားသော မိဖုရားတွေရဲ့ မလိုမုန်းထားကို ခံနေရရှာတဲ့ တစ်ပြည်သူ စောမွန်လှဟာ နန်းတော်ထဲမှာလည်း ကြည်သာရွှင်ပျ စိတ်နှလုံး ချမ်းမြနိုင်မယ် မထင်ပါဘူး။ အဲဒီအချိန်မှာ မိမိရဲ့ မွေးရပ်မြေနဲ့ မိဘတွေကို ဘယ်လောက်များ သတိရ တမ်းတနေမလဲဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ ပုဂံနန်းတော်ထဲ မရောက်ခင်ကတည်းက ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်ပြီးသူ စောမွန်လှဟာ နန်းတော်ထဲ ရောက်တော့လည်း ဘာသာတရားကို အလွန် အင်မတန်မှ ကိုင်းရှိုင်းသူ ဖြစ်ပါတယ်။ နန်းတော်ထဲမှာ စိတ်မချမ်းမြေ့တိုင်း ဘာသာတရားကိုသာ လိုက်စားပြီး တရားကို လက်ကိုင်ထား အေးချမ်းရာကို ရှာဖွေရင်း နေနေခဲ့ရသူပါ။ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက မိဘများရဲ့ ဆိုဆုံးမမှုကြောင့် တရားဓမ္မမှာ ပျော်မွေ့သူ ဖြစ်သလို သူမ မွေးရပ်မြေမှာ ကတည်းက ဝတ်ဆင်ခဲ့တဲ့ နားတောင်းထဲမှာလည်း ဗုဒ္ဓမြတ်စွာရဲ့ ဓာတ်တော်များကို ဌာပနာ ထားခဲ့ပါတယ်။ အဲဒီ ဓာတ်တော်တွေဟာ ညအချိန်မှာ ရောင်ခြည်တော် ကွန့်မြူးတောက်ပနေတာကို စုန်းတောက်စားတယ်ရယ်လို့ အနော်ရထာမင်းထံ ဂုံးတိုက်တဲ့အခါမှာတော့ အနော်ရထာမင်းက စောမွန်လှကို နေရပ်ကို ပြန်လိုက ပြန်ပါတော့လို့ ခွင့်ပြုလိုက်ပါတယ်။

နန်းတော်ထဲမှာ မိဖုရားစောမွန်လှ မပျော်ပိုက်တာကို သိလို့ ပြန်ခိုင်းလိုက်တာလား။ သို့မဟုတ် ဂုံးတိုက်စကားတွေကို ယုံစားလို့ ပြန်ခိုင်းလိုက်တာလား ဆိုတာကိုတော့ အနော်ရထာမင်းကြီး ကိုယ်တိုင်မှသာ သိမယ် ထင်ပါတယ်။ သို့ပေမဲ့ မိဖုရား စောမွန်လှဟာ စိတ်နှလုံး ပင်ပန်း ပူဆွေး ဝမ်းနည်းမှုတွေနဲ့ မွေးရပ်မြေ မောရှမ်းဌာနေကို ပြန်လာခဲ့တဲ့ အပြန်လမ်း တစ်လျှောက်မှာလည်း ယခု မန္တလေးမြို့အနီးက သူမနားမှာ ပန်ဆင်ထားတဲ့ နားတောင်းပြုတ်ကျရာ “နားတောင်းကျချောင်း” နားမှာ ရွှေစာရံစေတီကို တည်ထားခဲ့ပါသေးတယ်။ အဲဒီလို စေတီတည်တာကို သိတဲ့ အနော်ရထာမင်းကြီးဟာ မိဖုရားစောမွန်လှ တည်ထားခဲ့တဲ့ ရွှေစာရံစေတီ ဘေးပတ်လည်က မြေ တာပေါင်းများစွာကို ဘုရားဝတ္တကမြေအဖြစ် လှူဒါန်းပေးခဲ့တာကို ကြည့်ခြင်းအားဖြင့် အနော်ရထာမင်းကြီးဟာ မိဖုရား စောမွန်လှအပေါ်မှာ ယတိပြတ် စိတ်ပြတ်တာမျိုး မဟုတ်ဘဲ ချစ်ခင် နှစ်သက်မှု ရှိနေဆဲဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ လမ်းခရီးမှာ စိတ်နှလုံးကြေကွဲပြီး နေထိုင်မကောင်းဖြစ်ရှာတဲ့ စောမွန်လှဟာ မွေးရပ်မြေ စယ်လန့်နန်းတော်ကိုတောင် မရောက်နိုင်တော့ဘဲ လမ်းခရီးတစ်ဝက်ဖြစ်တဲ့ ရှမ်းတောင်တန်းပေါ်က သီပေါမြို့ကို ရောက်တဲ့ အချိန်မှာတော့  ကံတော်ကုန် ဆုံးပါးရပါတော့တယ်။ သီပေါမြို့မှာ စောမွန်လှရဲ့ အရိုးအိုး စေတီကိုလည်း တွေ့မြင်နိုင်ပါတယ်။

စောမွန်လှဟာ သီပေါမြို့မှာလည်း စေတီတစ်ဆူတည်ထားခဲ့ပြီး အဲဒီစေတီကို ဘော်ကြိုဘုရားလို့ ခေါ်တယ်လို့ (ဘော်ကြိုဆိုတာ စောမွန်လှရဲ့ အဖေလာကြိုတဲ့နေရာမို့ ဘော်ကြိုဘုရားလို့အမည်တွင်ကြောင်း) လူအများက ဆိုကြပေမဲ့ ဘော်ကြိုဘုရားဟာ သီရိဓမ္မာ သောကမင်းကြီး တည်ထားတဲ့ဘုရားသာ ဖြစ်ကြောင်းလည်း အချို့သော မှတ်တမ်းများက ဆိုပါတယ်။

ရွှေစေတီ၊ ငွေစေတီ
 

ငွေစေတီ

စောမွန်လှ ရုပ်တု
နှစ်ပေါင်း တစ်ထောင်နီးပါး ရှိပြီ ဖြစ်ပေမဲ့ စောမွန်လှဟာ ရာဇဝင်ထဲမှာ ထင်ရှားဆဲပါ။ ရှမ်းလူမျိုးတို့ရဲ့ ရင်ထဲ နှလုံးသားထဲမှာလည်း စောမွန်လှ တည်ရှိနေဆဲ ဖြစ်သလို ပုဂံရာဇဝင်တွေနဲ့ ရင်းနှီးသူများကလည်း စောမွန်လှကို သတိတရ ရှိနေကြဆဲပါ။ စောမွန်လှအတွက် ရည်စူးပြီး အလှူဒါနများ ၊ ပွဲလမ်းသဘင်များကိုလည်း ခုချိန်ထိ ကျင်းပနေဆဲဖြစ်ပါတယ်။ စောမွန်လှ မွေးဖွားရာ နန်းတော်ဟောင်း နေရာမှာလည်း စောမွန်လှအမှတ်တရ စေတီအပြင် စောမွန်လှအတွက် နန်းဆောင်နဲ့အတူ စောမွန်လှရဲ့ ရုပ်တုများကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပထမတစ်ခေါက် ရောက်စဉ်က မရှိသေးတဲ့ ရွှေစေတီ ငွေစေတီများကိုလည်း ဒုတိယအကြိမ်မှာ ဖူးတွေ့ရပါတယ်။ ပထမအကြိမ်ရောက်စဉ်က ရေးဖြစ်ခဲ့တဲ့ စောမွန်လှအကြောင်းနဲ့ စောမွန်လှ နန်းဦးစေတီများဓာတ်ပုံကိုတော့ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ စိမ်းစို ညှို့မှိုင်းနေတဲ့ စယ်လန့်မောရှမ်း နေပြည်တော် နန်းတော်ဟောင်းနေရာဟာ လွမ်းချင်စရာကောင်းလှသလို အတိတ်သမိုင်းကိုလည်း ပြန်ပြောင်းသတိရချင်စရာ ကောင်းလှပါတယ်။ ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း စောမွန်လှနန်းရှိရာ တောင်ကုန်းမို့မို့လေးပေါ်က ခုံတန်းလျားလေးမှာ ထိုင်ရင်း မြင်နေရတဲ့ ရွှေလီမြစ်ကြီးကို လွမ်းမောစွာ ငေးမောကာ အတွေးရေယဉ်တွေဟာ တစ်သွင်သွင်နဲ့ စီးဆင်းနေခဲ့မိပါတယ်။ 

(ကိုယ်ရေးကိုယ်တာ ကိစ္စတွေ၊ ရှောင်လွှဲလို့ မရတဲ့ ကိစ္စအဝဝတွေနဲ့ ဘလော့ဂ်မှာ စာမရေးဖြစ်တာ ကြာသွားတဲ့အတွက် စာဖတ်သူများနှင့် ဘလော့ဂ် မိတ်ဆွေများအားလုံးကို တောင်းပန်ပါရစေရှင်။)